ကမ္ဘာ့ရှေးဦးပြုစုခြင်းအစ ဆိုဖာရီနိုက
သီဟစည်သူ
၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၄ ရက်သည် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ဖြစ်ပါသည်။ ယခုနှစ်အတွက် ဆောင်ပုဒ်မှာ “အားကစားအတွက် အမြဲကူညီရှေးဦးပြုစုခြင်းအသင့်ရှိသည် - First Aid and Sports Ready, Set, Respond” ဖြစ်သည်။ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ကို ရှေးဦးသူနာပြုစုခြင်း၏ အရေးပါပုံကို သတိပြုမိစေရန်၊ အခြေခံရှေးဦးသူနာပြုစုနည်းများကို လေ့လာရန်အတွက် အဖိုးတန်အရင်းအမြစ်များ ပိုမိုပံ့ပိုးပေးနိုင်ရန်နှင့် လူတစ်ဦးချင်းစီအား ၎င်းတို့၏ လူမှုအသိုင်းအဝိုင်းတွင် ရှေးဦးသူနာပြုစုသူများဖြစ်လာစေရန် လှုံ့ဆော်ပေးရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
ရှေးဦးပြုစုခြင်း
ရှေးဦးသူနာပြုစုခြင်းဆိုသည်မှာ ထိခိုက်ဒဏ်ရာရရှိသူ သို့မဟုတ် ရုတ်တရက်နေမကောင်းဖြစ်သူ၏ အသက်ကိုကယ်တင်ရန်နှင့် ထိခိုက်အန္တရာယ်များ ထပ်မံဖြစ်ပွားမှုကို ကာကွယ်ရန်အတွက် ကျွမ်းကျင်ဆေးဘက်ဆိုင်ရာအကူအညီများ မရောက်ရှိမီတွင် အရေးပေါ်လုပ်ဆောင်ပေးသည့် ပြုစုစောင့်ရှောက်မှုဖြစ်သည်။ ရှေးဦးသူနာပြုစုခြင်းသည် အသက်မဆုံးရှုံးစေရန်၊ အနာသက်သာစေရန်၊ နာမကျန်းမှုများ၊ ထိခိုက်မှုဒဏ်ရာရရှိမှုကို ကာကွယ်ရန်နှင့် ပြန်လည်နာလန်ထူလာမှုကို မြှင့်တင်ပေးရန် အဓိကထားဆောင်ရွက်သည်။ ရှေးဦးသူနာပြုစုခြင်း၏ အဓိကရည်ရွယ်ချက် လေးရပ်မှာ(၁) အသက်ကယ်ဆယ်ရန် (Preserve life)၊ (၂) နောက်ထပ်ထိခိုက်ဒဏ်ရာမရစေရန် (Prevent further injury)၊ (၃) လျင်မြန်စွာ ပြည်လည်ကောင်းမွန်လာစေရန် (Promote recovery)နှင့် (၄) မိမိကိုယ်ကို ကာကွယ်နိုင်ရန် (Protect yourself)တို့ဖြစ်ပြီး ယင်းသည် အရေးပေါ်အခြေအနေများကို ထိရောက်စွာတုံ့ပြန်ရန်အတွက် အရေးပါသော ကျွမ်းကျင်မှုတစ်ခုဖြစ်သည်။ ရှေးဦးသူနာပြုစုခြင်းအတတ်ပညာကို ကျွမ်းကျင်စွာ တတ်မြောက်ထားခြင်းဖြင့် အိမ်တွင်ဖြစ်စေ၊ လုပ်ငန်းခွင်တွင်ဖြစ်စေ အရေးပေါ်တုံ့ပြန်မှုစွမ်းရည်ကို မြှင့်တင်ပေးနိုင်ခြင်း၊ မိမိတို့မိသားစု၊ ရပ်ရွာ၊ လူမှုအသိုက်အဝန်းအတွင်း ထိခိုက်မှုများကို ရှေးဦးပြုစုကုသခြင်းများ၊ အသက်ကယ်ခြင်းများ ပြုစုလုပ်ဆောင်ပေးနိုင်ခြင်းကြောင့် ဘေးကင်းလုံခြုံမှုရှိသည့် လူမှုအသိုက်အဝန်းဆိုင်ရာ ယဉ်ကျေးမှုကိုပါ ဖော်ဆောင်ပေးနိုင်သည့်အတွက် လူတိုင်းတတ်မြောက်ထားသင့်သည့် အတတ်ပညာရပ်တစ်ခုဖြစ်သည်။
ရှေးဦးပြုစုခြင်းအစ ဆိုဖာရီနိုက
ကြက်ခြေနီလှုပ်ရှားမှုသည် ဆိုဖာရီနိုအရပ်၌ ဖြစ်ပွားခဲ့သော ပြင်သစ်-အီတလီတပ်များနှင့် ဩစတြီးယားတပ်တို့အကြား ဖြစ်ပွားခဲ့သည့်စစ်ပွဲမှစတင်ခဲ့ခြင်းဖြစ်သည်။ ၁၈၅၉ ခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံသား ဟင်နရီဒူးနန့်သည် ပြင်သစ်ဧကရာဇ် နပိုလီယံ(၃)ထံ သွားရောက်စဉ် ဆိုဖာရီနိုအရပ်၌ ဖြစ်ပွားသည့် စစ်ပွဲ၏ အနိဋ္ဌာရုံမြင်ကွင်းများကို မြင်တွေ့ခဲ့ရပြီးနောက် စစ်ပွဲအတွင်း ဒဏ်ရာရစစ်သည်များကို ဆိုဖာရီနိုရွာမှ ရွာသူရွာသားများနှင့်အတူ တတ်စွမ်းသမျှ ကူညီစောင့်ရှောက်ပေးခဲ့သည်။ စစ်ပွဲပြီးဆုံး၍ နေရပ်ပြန်ရောက်သည့်အချိန်တွင် “ဆိုဖာရီနိုအောက်မေ့ဖွယ်”အမည်ဖြင့် ၎င်း၏အတွေ့အကြုံများကို စာအုပ်ရေးသားထုတ်ဝေခဲ့သည်။ ထိုစာအုပ်တွင် စစ်မက်ဖြစ်ပွားချိန်တွင် ဒဏ်ရာရသူများအား ပြုစုစောင့်ရှောက်ရန်အတွက် နိုင်ငံတိုင်း၌ စေတနာလုပ်အားရှင်အဖွဲ့များ ဖွဲ့စည်းထားရန်နှင့် ထိုစေတနာလုပ်အားရှင်များအား အကာအကွယ်ပေးရန်အတွက် နိုင်ငံများ၏ သဘောတူညီချက်ရယူရန်ဆိုသည့် အချက်နှစ်ချက်ကို ရေးသားအဆိုပြုခဲ့သည်။ ထိုစာအုပ်ကို ရေးသားဖြန့်ဝေပြီးနောက် ၁၈၆၃ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (International Committee of the Red Cross-ICRC) ကို တည်ထောင်ခဲ့သည်။ ၎င်း၏ အဆိုပြုချက်များသည် ၁၈၆၄ ခုနှစ်တွင် ပထမဂျီနီဗာသဘောတူညီချက်ဖြစ်သော လက်နက်ကိုင်တပ်ဖွဲ့များမှ စစ်မြေပြင်တွင် ဒဏ်ရာရသူများနှင့် နာမကျန်းဖြစ်နေသူများအား ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ သဘောတူညီချက်အဖြစ် အတည်ပြုလက်ခံလိုက်ခြင်းဖြင့် စတင်အကောင်အထည်ပေါ်လာခဲ့သည်။ ထို့နောက် ၁၉၀၆ ခုနှစ်တွင် ဒုတိယဂျီနီဗာသဘောတူစာချုပ် ကိုချုပ်ဆိုခဲ့ပြီး ပင်လယ်သမုဒ္ဒရာပြင်တွင် နာမကျန်းသူ၊ ဒဏ်ရာရသူ၊ သင်္ဘောပျက်စဉ် စစ်ဘက်ဆိုင်ရာများအား ပြုစုစောင့်ရှောက်ရန် သဘောတူညီအတည်ပြုလက်ခံခဲ့ပါသည်။ ၁၉၂၉ ခုနှစ်တွင် တတိယဂျီနီဗာ သဘောတူညီချက်စာချုပ်ကို ချုပ်ဆိုခဲ့ပြီး စစ်သုံ့ပန်းများ၏ ထိန်းသိမ်းရေးစည်းကမ်းချက်များကို သဘောတူလက်ခံခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် စတုတ္ထဂျီနီဗာ သဘောတူညီချက်စာချုပ်ကိုချုပ်ဆိုခဲ့ကြပြီး အရပ်သားများအခွင့်အရေးနှင့် ၎င်းတို့အား အကာအကွယ်ပေးရေးတို့အတွက် သဘောတူညီခဲ့သည်။
ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ သတ်မှတ်
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၏ ဖခင်ကြီးဖြစ်သည့် လူ့အသက်ပေါင်းများစွာကို ကယ်တင်ပေးခဲ့သော ဆွစ်ဇာလန်နိုင်ငံသား ဟင်နရီဒူးနန့်သည် ၁၉၀၁ ခုနှစ်တွင် ပထမဆုံး ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုကို လက်ခံရရှိခဲ့သည်။ ထို့အတူ ၎င်းကိုဂုဏ်ပြုသည့်အနေဖြင့် ၎င်း၏ မွေးနေ့ဖြစ်သော မေလ ၈ ရက်နေ့ကို ကမ္ဘာ့ကြက်ခြေနီနေ့အဖြစ် သတ်မှတ်ပေးခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်းကြီးက ရှေးဦးပြုစုခြင်း အသိပညာများမြှင့်တင်ရန် ရည်ရွယ်၍ ၂၀၀၀ ပြည့်နှစ်က စတင်ကာ နှစ်စဉ် စက်တင်ဘာလ ဒုတိယပတ် စနေနေ့တိုင်းတွင် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ကို သတ်မှတ်ကျင်းပခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အဆိုပါအထိမ်းအမှတ်အခမ်းအနားကို ၂၀၀၃ ခုနှစ်မှသာ စတင်ကျင်းပနိုင်ခဲ့ရာ ယခုနှစ်တွင် (၂၂)ကြိမ်မြောက်သို့ ရောက်ရှိပြီဖြစ်ပါသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ စေတနာ့လုပ်အားရှင်များသည် ရှေးဦးပြုစုခြင်း၊ ပဏာမကျန်းမာရေးစောင့်ရှောက်မှုများနှင့် အများပြည်သူအတွက် လိုအပ်သည့် အရေးပေါ်အကူအညီများကို တစ်တပ်တစ်အားပါဝင်ဆောင်ရွက်ပေးသည့် သမိုင်းအစဉ်အလာကြီးမားသည့် လူမှုကရုဏာ အဖွဲ့အစည်းတစ်ရပ်အဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ကြက်ခြေနီလုပ်ငန်းများကို ၁၉၂၀ ပြည့်နှစ်မှစတင်ကာ အိန္ဒိယနိုင်ငံကြက်ခြေနီအသင်း၏ အသင်းခွဲအဖြစ် စတင်ဆောင်ရွက်ခဲ့သည်။ ထို့နောက် ၁၉၃၇ ခုနှစ်တွင် ဗမာနိုင်ငံကြက်ခြေနီအသင်းအဖြစ် သီးခြားရပ်တည်ခဲ့သည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းကို ၁၉၃၉ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (အိုင်စီအာစီ)က အသိအမှတ်ပြုခဲ့ပြီး ၁၉၄၆ ခုနှစ် တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း၏ အသင်းဝင်ဖြစ်လာခဲ့သည်။
၁၉၅၉ ခုနှစ်တွင် ဗမာနိုင်ငံကြက်ခြေနီအသင်း အက်ဥပဒေကိုပြဋ္ဌာန်းခဲ့ပြီး အမြဲတမ်းလူမှု ကရုဏာအသင်းအဖြစ် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့၍ အဆိုပါ အက်ဥပဒေကို ၁၉၆၄ ခုနှစ်၊ ၁၉၇၁ ခုနှစ်နှင့် ၁၉၈၈ ခုနှစ်တို့တွင် ထပ်မံပြင်ဆင်ခဲ့သည်။ အဆိုပါ အက်ဥပဒေအရ စိန့်ဂျွန်းသူနာပြုတပ်ဖွဲ့အား ကြက်ခြေနီသူနာပြုတပ်ဖွဲ့အဖြစ် ဗမာနိုင်ငံကြက်ခြေနီအသင်းတွင် ထည့်သွင်းဖွဲ့စည်းခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် နိုင်ငံတော်ဥပဒေပြဋ္ဌာန်းချက်အရ ဗမာနိုင်ငံကြက်ခြေနီအသင်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်းဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ ၂၀၁၅ ခုနှစ် သြဂုတ်လတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥပဒေကို အတည်ပြုပြဋ္ဌာန်းကာ ယင်းဥပဒေနှင့်အညီ ရှေးဦးပြုစုခြင်းနှင့် လူမှုကရုဏာလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည်။
ရှေးဦးပြုစုခြင်းဝန်ဆောင်မှုစတင်
မြန်မာနိုင်ငံတွင် ၁၉၇၂ ခုနှစ်ကတည်းက ကြက်ခြေနီအသင်း၏ ကျောရိုးမဏ္ဍိုင်ဖြစ်သည့် ရှေးဦးပြုစုခြင်းဝန်ဆောင်မှုများကို စိန့်ဂျွန်းသူနာပြု ဝန်ဆောင်မှုအဖြစ် မြန်မာနိုင်ငံကြက်ခြေနီအသင်းက စတင်အကောင်အထည်ဖော်ခဲ့သည်။ အစပိုင်းတွင် ရှေးဦးပြုစုခြင်းသင်တန်းများကို ကြက်ခြေနီတပ်ဖွဲ့ဝင်များအတွက်သာ ဆောင်ရွက်ခဲ့ပြီး နောက်ပိုင်းတွင် ပြည်သူလူထုအတွက် ရှေးဦးပြုစုခြင်းသင်တန်းများကိုပါ ဖွင့်လှစ်လာခဲ့သည်။ ယနေ့အချိန်တွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် နိုင်ငံတစ်ဝန်းရှိ ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ ကျောင်းဆရာ ဆရာမများ၊ ရပ်ရွာစေတနာလုပ်အားရှင်များနှင့် ရပ်ရွာလူထုအတွင်း ရှေးဦးပြုစုခြင်းနည်းစနစ်များကို သိရှိစေရန်နှင့် အရေးပေါ်အခြေအနေများ၊ ပဋိပက္ခများနှင့် နေ့စဉ်လူမှုဘဝတွင် ဘေးဒုက္ခကျရောက်နေသူများကို ရှေးဦးပြုစုပေးနိုင်ရန်နှင့် လိုအပ်ပါက ဆေးရုံဆေးခန်းများသို့ ညွှန်းပို့ပေးနိုင်ရန်အတွက် ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ သင်တန်းများဖြစ်သည့် ရှေးဦးပြုစုခြင်း၊ မိုင်းအန္တရာယ်ကင်းရှင်းရေး၊ လူထုအခြေပြုရှေးဦးပြုစုခြင်း၊ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီခြင်းနှင့် ရေပြင်အသက်ကယ်ခြင်း၊ အိမ်တွင်းမတော်တဆဖြစ်ပွားမှုကာကွယ်ရေးနှင့် လမ်းအန္တရာယ် မတော်တဆဖြစ်ပွားမှုကာကွယ်ရေး စသည့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ သင်တန်းများဖွင့်လှစ်ကာ ရှေးဦးပြုစုခြင်း အသိပညာများ ဖြန့်ဝေပေးလျက်ရှိသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းက ကြီးမှူး၍ ဖွင့်လှစ်လျက်ရှိသော သင်တန်းများတွင် ကျောင်းဆရာ ဆရာမများအတွက် ရှေးဦးပြုစုခြင်း နည်းပြသင်တန်း၊ သင်ထောက်ကူပစ္စည်းများ ဖြန့်ဝေခြင်း၊ ရှေးဦးပြုစုခြင်းဆေးသေတ္တာများနှင့် လက်တွေ့သရုပ်ပြပုံစံများ ထောက်ပံ့ခြင်း၊ အခြေခံရှေးဦးပြုစုခြင်း (ဆင့်ပွား)သင်တန်းများပို့ချခြင်း၊ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပခြင်း၊ ဝင်ငွေရ ရှေးဦးပြုစုခြင်းသင်တန်းများ ဖွင့်လှစ်ခြင်း၊ ရေပြင်သက်ကယ်သင်တန်းများ ဖွင့်လှစ်ခြင်းနှင့် လမ်းအန္တရာယ်နှင့် အိမ်တွင်းမတော်တဆ ကာကွယ်ရေးသင်တန်းများ ဖွင့်လှစ်ခြင်းတို့ကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ၂၀၂၃ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာအရ မြန်မာနိုင်ငံ၌ ၂၀၂၃ ခုနှစ်အတွင်း ထောက်ပံ့ငွေကျပ် ၁ ဒသမ ၇၆၆ ဘီလီယံ၊ စားနပ်ရိက္ခာ ၄၂၁၁၅ မျိုးနှင့် ထောက်ပံ့ပစ္စည်း ၁၇၈၁၄၁ မျိုးတို့ကို ထိခိုက်လွယ်သော ပြည်သူများအား ဖြန့်ဝေပေးနိုင်ခဲ့သည်။ ထို့အတူ မိုဘိုင်းဆေးခန်းများအပါအဝင် ပြန်လည်ထူထောင်ရေးဝန်ဆောင်မှုများ၊ ငှက်ဖျားရောဂါ ကာကွယ်ရေး၊ သွေးလှူဒါန်းခြင်း၊ ရှေးဦးသူနာပြုစုခြင်းနှင့် လူနာတင်ယာဉ်ဝန်ဆောင်မှုများ စသည့်ဝန်ဆောင်မှုများဖြင့် လူပေါင်း ၁၀၂၀၀၅ ဦးကို ထိရောက်စွာ ကူညီဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
တစ်အိမ်တစ်ယောက်တတ်မြောက်ရမည်
ကြက်ခြေနီစေတနာ့လုပ်အားရှင်များသည် ရှေးဦးပြုစုခြင်းအတတ်ပညာရပ်များကို ရပ်ရွာလူထုအတွင်း ပြန့်ပွားစေခြင်းနှင့် မတော်တဆထိခိုက်မှုများကြောင့် ဒဏ်ရာရရှိသူများကို ရှေးဦးပြုစုခြင်း ပညာရပ်များဖြင့် ရှေးဦးပြုစုစောင့်ရှောက်ခြင်းတို့အပြင် သဘာဝဘေးအန္တရာယ်၊ ပဋိပက္ခဘေးအန္တရာယ်များနှင့် အခြားလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာကိစ္စများတွင် လူအများဆင်းရဲဒုက္ခ နည်းပါးသက်သာစေရန်အတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများနှင့် ဘေးအန္တရာယ်ကျရောက်ချိန်များတွင် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်လျက်ရှိသည်။ ကြက်ခြေနီစေတနာ လုပ်အားရှင်များသည် ရှေးဦးပြုစုပေးခြင်းကဲ့သို့သော လူမှုကရုဏာလုပ်ငန်းများကို ရပ်ရွာလူထုအကျိုးအတွက် အခြေခံမူများနှင့်အညီ ဆောင်ရွက်ပေးနေသည့်အပြင် ရှေးဦးပြုစုခြင်းပညာရပ်ကို တစ်အိမ်တစ်ယောက် တတ်မြောက်ရမည်ဆိုသည့် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ အန္တိမရည်မှန်းချက်နှင့်အညီ ရှေးဦးပြုစုခြင်းသင်တန်းများကို ရပ်ရွာလူထုအတွင်း ဖွင့်လှစ်သင်ကြားပေးလျက် ရှိသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းက ၂၀၂၃ ခုနှစ် တစ်နှစ်တည်းအတွင်းမှာပင် နိုင်ငံတစ်ဝန်းလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် သင်တန်းအကြိမ်ရေပေါင်း ၆၈၀ ဖွင့်လှစ်ပြီး လူဦးရေ ၃၈၉၁၆ ဦးအတွက် ရှေးဦးပြုစုခြင်းဆိုင်ရာ အတတ်ပညာများ မျှဝေပေးနိုင်ခဲ့ကြောင်း သိရသည်။
ထို့အတူ မိမိတို့မြန်မာနိုင်ငံတွင် ပညာရေးဝန်ကြီးဌာန၏ စနစ်သစ်မူလတန်းအဆင့် စတုတ္ထတန်းနှင့် ပဉ္စမတန်းတို့၏ ဘဝတွက်တာ ကျွမ်းကျင်စရာ ဘာသာရပ်သင်ရိုးညွှန်းတမ်းများတွင်လည်း ရှေးဦးပြုစုခြင်းဘာသာရပ်ကို သင်ခန်းစာတစ်ခုအနေဖြင့် ထည့်သွင်းပြဋ္ဌာန်းပြီးဖြစ်ရာ အများပြည်သူ လူငယ်လူရွယ်မျိုးဆက်သစ်များအနေဖြင့် ရှေးဦးပြုစုခြင်းပညာရပ်များကို လက်လှမ်းမီသင်ယူရရှိနိုင်ကြပြီဖြစ်သည်။
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့် နိုင်ငံအတွင်းတွင် လူမှုကရုဏာဆိုင်ရာ အကူအညီလိုအပ်သူများအတွက် အကူအညီများပေးခြင်း၊ သဘာဝဘေးအန္တရာယ်အမျိုးမျိုး ကြုံတွေ့လာချိန်တွင် ကူညီဆောင်ရွက်ပေးခြင်း၊ စေတနာသွေးလှူရှင်လုပ်ငန်းများ၊ အရေးပေါ်လူနာတင်ယာဉ် ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ကျရာကဏ္ဍမှ စွမ်းစွမ်းတမံ အသက်စွန့်ပါဝင်ဆောင်ရွက်ပေးလျက်ရှိပေရာ ကြက်ခြေနီအခြေခံမူ ခုနစ်ရပ်ပါ ခွဲခြားမှုမရှိခြင်းမူအတိုင်း ကြက်ခြေနီစေတနာ လုပ်အားရှင်များ၏ ရှေးဦးပြုစုခြင်းဆိုင်ရာ အတတ်ပညာဖြင့် နိုင်ငံ့အကျိုးပြု၊ ပြည်သူ့အကျိုး၊ လူမှုကရုဏာလုပ်ငန်းများကို ယခုထက်ပို၍ စွမ်းစွမ်းတမံဆောင်ရွက်နိုင်ကြပါစေကြောင်း ဆန္ဒပြုရင်း စက်တင်ဘာ ၁၄ ရက်(စနေနေ့)တွင် ကျရောက်သည့် “ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့”ကို ဂုဏ်ပြုဖော်ပြအပ်ပါသည်။ ။
ကိုးကား -
(၁) မြန်မာနိုင်ငံကြက်ခြေနီအသင်း
(၂) Annual Reports 2023 (MRCS)