Skip to main content

စာမတတ်သူပပျောက်ရေးမှသည် စာမဖတ်သူပပျောက်ရေးဆီသို့

ဒေါက်တာမောင်သင်း

(ယမန်နေ့မှအဆက်)

မြန်မာ့စာတတ်မြောက်မှုအစ မိတ္ထီလာခရိုင်က

မြန်မာ့စာတတ်မြောက်မှုအစ မိတ္ထီလာကဆိုတာ သိကြသလားဟု မေးရာသိပါသည်တဲ့။ မြန်မာ့စာမတတ်သူပပျောက်ရေးလှုပ်ရှားမှုသည် ကမ္ဘာ့စာမတတ်သူပပျောက်ရေးဆောင်ရွက်မှုထက် နှစ်နှစ်စောသည်ကို သိပါသလား။ တကယ်တော့ “အ”သုံးလုံးကျေလုပ်ငန်း ဆောင်ရွက်ရာတွင် မြန်မာပြည်၌ မိတ္ထီလာက (၅)ကြိမ် “ပထမ”ဆွတ်ခူးခဲ့တာကိုရော သိကြလားဆိုတော့ အသံတိတ်သွားကြသည်။ တကယ်မသိတာလားဆိုတော့မှ “မသိပါ”တဲ့။

(က) ပထမဆုံး မြန်မာ့ “အ”သုံးလုံးကျေသင်တန်းကို မိတ္ထီလာသား ဆရာလောင်းလေးဦးဖြင့် အစပြုခဲ့တာပါ။ ၁၉၆၄ ခုနှစ်ကပါ။ နောင်နှစ်နှစ်ကြာ ၁၉၆၆ ခုနှစ်ကျမှ စာမတတ်သူပပျောက်ရေးနေ့ကို ယူနက်စကိုကသတ်မှတ်ပြီး ဆောင်ရွက်တာပါ။ ဒါကြောင့် မိတ္ထီလာက နိုင်ငံတကာထက် နှစ်နှစ်စောတယ်လို့ ဆိုရပါလိမ့်မည်။ ယင်းလေးဦးမှာ-

(၁) မောင်သန်းရှိန် (အလယ်တန်းဆရာဖြစ်သင်တန်းသား)

(၂) မူလတန်းဆရာဖြစ်သင်တန်းမှ သုံးဦး

(က) မောင်စန်းမောင်

(ခ) မောင်အောင်သန်း

(ဂ) မောင်သိန်းတို့ ဖြစ်ကြပါသည်။ အဆိုပါ ဆရာလောင်းလေးဦးသည် မြို့နယ်မှ တာဝန်ရှိသူ လူကြီးများနှင့်တွေ့ဆုံ၍ အစီအစဉ်ကို ရှင်းပြပြီး တာဝန်ရှိသူများနှင့် မြို့မိ၊ မြို့ဖ၊ ရပ်မိ၊ ရပ်ဖတို့၏ အကူအညီဖြင့် “သဖန်းစံပြကျေးရွာ”တွင် မြန်မာနိုင်ငံ၏ “အ”သုံးလုံးကျေသင်တန်းကို စတင်ဖွင့်လှစ်နိုင်ခဲ့ပါသည်။

(ခ) “အ”သုံးလုံး “မျက်ဖွင့်သင်တန်း”အစ သဖန်းစံပြကျေးရွာက

“မျက်ဖွင့်သင်တန်း”ဆိုသည့် ဝေါဟာရကို တစ်လောက ကွယ်လွန်သွားသည့် ဆရာကြီးဒေါက်တာသန်းဦး (အတွင်းရေးမှူး၊ “အ”သုံးလုံးကျေသင်တန်း ကြီးကြပ်ညှိနှိုင်းဗဟိုကော်မတီ)က ရှင်းပြခဲ့ပါသည်။ ရှေးယခင်က ပညာရေးလုပ်ငန်းများကို အစိုးရ၏ပညာရေးဌာနကသာ ဦးစီးဆောင်ရွက်ခဲ့ပြီး ပြည်သူများပါဝင်ခြင်းမရှိပေ။ ယခု “သဖန်းစံပြ” ကျေးရွာတွင်ပြုလုပ်သည့် “အ”သုံးလုံးသင်တန်းသည် “ပြည်သူပူးပေါင်းပါဝင်မှု”ဖြင့် အကောင်အထည်ဖော်သည့် လုပ်ငန်းဖြစ်သဖြင့် “တစ်တိုင်းပြည်လုံးရှိပြည်သူများကို ငါတို့လည်းပါဝင်နိုင်ကြောင်း အသိပေးကာ ပြည်သူ့အမြင်ကို ဖွင့်ပေးလိုက်ခြင်းဖြစ်၍ “မျက်ဖွင့်သင်တန်း”ဟု သုံးစွဲရခြင်းဖြစ်ကြောင်း ပြောပြခဲ့ပါသည်။ ထိုမျက်ဖွင့် သင်တန်းတွင် သင်တန်းသား ၂၀၀ ရှိ၍ ဖွင့်ပွဲသို့ ရွာနီး ချုပ်စပ်မှ တစ်ထောင်ခန့် တက်ရောက်ခဲ့သည်။

(ဂ) ဝ၊ ထ၊ က၊ လ၊ သ သင်နည်းသစ်အစ သဖန်းကျေးရွာက

မိတ္ထီလာသားဆရာလောင်းလေးဦး၏ ဆရာမှာ ဦးသံဗျင် ဖြစ်ပါသည်။ ဆရာကြီးက “သက်ကြီးတွေဆိုတာ စားဝတ်နေရေးအတွက် အချိန်ပေးနေရတာကလေးတွေလို သမားရိုးကျသင်၍မဖြစ်နိုင်၊ သင်ကြားချိန်ကြာလျှင် အတန်းပျက်နိုင်၏။ ၁၅ မိနစ်အတွင်း “ဝ၊ ထ၊ က၊ လ၊ သ” ဗျည်းငါးလုံးရေးသားနည်းကို အရင်သင်၏။ ပြီးနောက် အသံထွက်ရာတွင်လည်း “ဝ”လုံးအစား “ဝ”ဟုသာ အသံထွက်စေရမည်။ ထို့အတူ ထဆင့်ထူးအစား “ထ”ဟု၊ ကကြီး အစား “က”ဟုသာ အသံထွက်စေ၏။ ခဏအတွင်းမှာ ဗျည်းငါးလုံးကို ရေးနိုင်သလို အသံလည်းထွက်တတ်လာ၏။ ပြီးနောက် ထိုငါးလုံးကို ရေးချ (-ာ)သရနှင့်တွဲ၍ ဝါ၊ ထာ၊ ကာ၊ လာ၊ သာဟု ရေးတတ်လာသည်။ ပြီးလျှင် တစ်ဆင့်တက်ကာ အား(-ား)သရနှင့် တွဲရေးတတ်၊ အသံထွက်ဖတ်စေရပါမည်။ ထိုအခါ ဝါး၊ ထား၊ ကား၊ လား၊ သား စသည်ဖြင့်ရေးတတ်လာသည်။ ယင်းနောက်စကားလုံး ဖြစ်အောင်

လသာသာ

က သလား

ဝ သလား

သားသားထ - - - စသည်ဖြင့် နေ့ချင်းဖတ်နိုင်အောင် သင်ပေးကြသည်။ နေ့စဉ်တစ်နာရီသင်၊ တစ်နာရီလေ့ကျင့်၍ နာရီ ၈၀ သင်ကြား၏၊ ဆရာလောင်းလေးဦးက တစ်လသင် ပြီးသောအခါ လူ ၁၀၀ ခန့် စာရေးတတ်၊ ဖတ်တတ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

(ဃ) ပထမဆုံး စာတတ်မြောက်မှုစစ်တမ်းအစ မိတ္ထီလာက နိုင်ငံတစ်ဝန်းလုံးတွင် “အ” သုံးလုံးကျေသင်တန်းအောင်မြင်ရန်အတွက် စာတတ်မြောက်မှုစစ်တမ်းကို ၁၉၆၉ ခုနှစ်တွင် ကောက်ယူခဲ့ပါသည်။ ကောက်ယူရာတွင်အသက်(၁၀)နှစ် အောက်နှင့် (၁၀) နှစ်အထက်ဟူ၍ အသက်ခွဲခြားကာ

(က) ဗျည်း(၃၃)လုံး ရေးတတ် ဖတ်တတ်သူများ

(ခ) ဗျည်း (၃၃)လုံးနှင့် သရ(၁၂)လုံး ရေးတတ်ဖတ်တတ်သူများ

(ဂ) စာလုံးဝမရေးတတ်၊ မဖတ်တတ်သူများဟူ၍ဖြစ်ပါသည်။ ဤသို့ကောက်ယူမှုကို အခြေခံ၍ သင်တန်းဖွင့်လှစ်ရာတွင်(က)(ခ)(ဂ)အုပ်စုခွဲ၍ သင်ကြားပေးနိုင်သဖြင့် “စာတတ်မြောက်မှုနှုန်း” လျင်မြန်ခဲ့သည်။ ၁၉၅၃-၅၄ သန်းခေါင်စာရင်းအရ မိတ္ထီလာခရိုင်တွင် စာမတတ်သူ ၃၆ ဒသမ ၇ ရာခိုင်နှုန်းရှိရာမှ နောင် ၁၀ နှစ်ကျော် ယခုစစ်တမ်းတွင် ၄၇ ဒသမ ၆ ရာခိုင်နှုန်းအထိ တိုးတက်လာပြီး ထိုအထဲတွင် အသက်(၅)နှစ်နှင့် (၁၀) နှစ်ကြားအရွယ် စာမတတ်သူများမှာ ၇၅ ဒသမ ၃၉ ရာခိုင်နှုန်းဖြစ်ကြောင်း တွေ့ရှိရသဖြင့် အလွန်စိုးရိမ်ရသည့်အခြေအနေဖြစ်ကြောင်း တာဝန်ရှိသူများ သတိပြုမိကြသည်။ ထိုအချက်များကြောင့် စာမတတ်သူပပျောက်ရေး ရှေ့ပြေးစမ်းသပ်ခရိုင်အဖြစ် မိတ္ထီလာခရိုင်ကို ရွေးချယ်ခဲ့သည်။

(င) ပထမဆုံးခရိုင်လုံးကျွတ် စာတတ်မြောက်မှုအောင်ပွဲအစ မိတ္ထီလာခရိုင်က

စမ်းသပ်ခရိုင် မိတ္ထီလာတွင် နှစ်လုံးပေါက် “အ”သုံးလုံးကျေ အခြေစိုက်စခန်းများ ကြပ်မတ်ဆောင်ရွက်နိုင်ခြင်းတို့ကြောင့် ခရိုင်လုံးကျွတ်စာတတ်မြောက်ခဲ့သည်။ ၁၉၇၁ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် ခရိုင်လုံးကျွတ်စာတတ်မြောက်မှုအောင်ပွဲကို မိတ္ထီလာမြို့နယ် ညောင်ကိုင်းကျေးရွာတွင် ကျင်းပနိုင်ခဲ့သည်။ ခရိုင်အတွင်းရှိ ကျေးရွာများမှ လူထုရှစ်သောင်းခန့် တက်ရောက်ခဲ့သည်။

ညောင်ကိုင်းရွာမှအောင်ပွဲသည် ရပ်တန့်မသွားခဲ့ပေ။ နှစ်လကျော်အကြာတွင် ပြင်သစ်နိုင်ငံ ပဲရစ်မြို့သို့ ခရီးဆက်ခဲ့သည်။ မြန်မာနိုင်ငံ စာတတ်မြောက်ရေးလှုပ်ရှားမှုအတွက် ယူနက်စကိုကချီးမြှင့်သော “မိုဟာမတ်ရေဇာပါလာဗီ” ဆုကို အတွင်းရေးမှူး ဦးသန်းဦးက သွားရောက်ယူခဲ့သည်။ ယင်းနောက် ၂၉၇ မြို့နယ်အထိတိုးချဲ့ခဲ့ရာ ၁၉၈၈ ခုနှစ်ရောက်သောအခါ စာတတ်မြောက်သူ ၉၂ ရာခိုင်နှုန်းရှိခဲ့သည်။ စစ်ပြီးခေတ် ၃၅ ရာခိုင်နှုန်းခန့်ရှိခဲ့ရာမှ နှစ် ၄၀ အကြာ ၉၂ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်။ မိတ္ထီလာသား ဆရာလေးဦးမှ အစပြုခဲ့သော စာတတ်မြောက်ရေးလှုပ်ရှားမှုကြောင့် မြန်မာနိုင်ငံသည် အာရှနှင့်ပစိဖိတ်ဒေသတွင် စာတတ်မြောက်မှုနှုန်းမြင့်မားသည့် (က)အုပ်စုဝင်နိုင်ငံ ဖြစ်လာသည်။

ကျောင်းသား ကျောင်းသူများကို တို့မိတ္ထီလာရဲ့ “ပထမ” ငါးကြိမ်ရသည့်အကြောင်းတွေကော သိကြသလားဟု မေးရာမဖြေကြပေ။ သို့ဖြစ်၍ ကျွန်တော်ကရော မိတ္ထီလာသားမဟုတ်ဘဲနဲ့ ဘာလို့သိသလဲဆိုတော့ “စာဖတ်လို့”ပါတဲ့။ ကိုယ့်နယ်၊ ကိုယ့်ဒေသအကြောင်း တခြားဒေသက လူကသိတာရော ဘာကြောင့်ပါလဲ “စာဖတ်လို့ပါ” ပဲတဲ့။ သူများပြောမှ ကိုယ့်အကြောင်းသိတာထက်၊ ကိုယ့်ဘာသာ ကိုယ်ကိုယ့်ရပ်၊ ကိုယ့်ရွာ၊ ကိုယ့်ဒေသအကြောင်းသိနေအောင် စာများများဖတ်ပေးကြပါ။

စာတတ်မြောက်မှုမှသည် စာဖတ်ရှိန်မြင့်မားရေးဆီသို့

တကယ်တော့ “အသုံးလုံးကျေသင်တန်း”သည် စာတတ်ရန် သင်ပေးရုံသက်သက်အဆင့်တွင် အဆုံးမသတ်သေးပါ။ ထိုစဉ်ကစာကို စတင်တတ်မြောက်သူများသည် အသက်ကြီးသူများဖြစ်၍ စာကိုဖတ်တတ်ရုံတတ်ပြီး ဆက်လက်မဖတ်ကြဘဲ နေသွားကြလျှင် မေ့သွားပြီး “စာမတတ်သူများဘဝပြန်လည်၍ ရောက်ရှိသွားနိုင်သည်” ဟူသောအချက်ကို ကြိုတင်မြင်ခဲ့ကြပါသည်။ သို့ဖြစ်၍ “အ”သုံးလုံးသင်တန်းပြီးလျှင် “စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်း”ကို ဆက်လက် အကောင်အထည်ဖော်ခဲ့ကြပါသည်။ ထို့အတွက် စာဖတ်ဝိုင်းများဖွဲ့စည်းစာဖတ်စေခဲ့ပါသည်။ သက်ကြီးစာတတ်သူများအတွက်လည်း သက်ကြီးဖတ်စာများ၊ စာပဒေသာများနှင့် လုံးချင်းစာစဉ်ထုတ်ဝေပေးခဲ့ပါသည်။ ဤကဲ့သို့ထုတ်ဝေနိုင်မှုကြောင့် ၁၉၈၄ ခုနှစ်တွင် ယူနက်စကိုမှပင် မြန်မာနိုင်ငံအား “နိုမာဆု” (The Norma Prize) ကို ထပ်မံချီးမြှင့်ခြင်းခံရပါသည်။

အဆိုပါ “အ”သုံးလုံးကျေသင်တန်းမှ စာပေတတ်မြောက်သွားသူများသည် စာတတ်မြောက်ရေးလုပ်ငန်း၏ နောက်ဆက်တွဲလုပ်ငန်းဖြစ်သည့် “စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်း”ကြောင့် စာဖတ်ဝါသနာပါလာကြကာ စာများများဖတ်ရာမှ အမြင်ကျယ်လာသဖြင့် မိသားစုစီးပွားရေးကို ပိုမိုချဲ့ထွင်လာနိုင်ကြောင်းနှင့် ရပ်ရေးရွာရေး၊ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများတွင်လည်း ပိုမိုပါဝင်လှုပ်ရှားလာနိုင်ကြောင်း “အ”သုံးလုံး သင်တန်းဆင်းများအား လေ့လာချက်စစ်တမ်းတစ်ခုတွင် တွေ့ရှိရပေသည်။

စာမတတ်သူပပျောက်ရေးမှသည် စာမဖတ်သူများလုံးဝပပျောက်ရေးသို့

ကျွန်တော်သည် ကျောင်းသား ကျောင်းသူများအားဒါဆိုရင် မြန်မာ့စာမတတ်သူပပျောက်ရေးအစ မိတ္ထီလာကလို့ ဆိုခဲ့ပြီးပြီ။ ဘာလို့အောင်မြင်ခဲ့သလဲသိလား မဖြေကြပါ။ မိတ္ထီလာနယ်သူနယ်သားတွေရဲ့ လူတိုင်းစာတတ်စေချင်တဲ့စေတနာကြောင့် “အ”သုံးလုံးကျေ သင်တန်းမှာ ပူးပေါင်းပါဝင်လို့ပါ။ နိုင်ငံတော်ကတော့ “ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်မှု”တဲ့။ မိတ္ထီလာခရိုင်ကို ၁၉၆၉ ခုနှစ်တွင် စာတတ်မြောက်မှု စစ်တမ်းကောက်ယူရန် ရွေးချယ်ရတဲ့အကြောင်းရင်းထဲမှာလည်း ၁၉၆၄ ခုနှစ်က ဆရာလေးယောက်ဖြင့် စတင်ဖွင့်လှစ်ပြီး တစ်လအတွင်းမှာ လူ ၁၀၀ စာတတ်မြောက်ရတဲ့အကြောင်းရင်းက “ဒေသခံတွေရဲ့ ထက်သန်တဲ့အားပေးမှုနဲ့ ပူးပေါင်းပါဝင်လို့”တဲ့။ “ကိုယ့်ဒေသသားတွေ စာတတ်စေချင်၍ ထီလာသားတွေပူးပေါင်းခဲ့လို့”တဲ့။

အဲဒီဒေသခံပြည်သူတွေ ပူးပေါင်းပါဝင်အကောင်အထည်ဖော်မှုနည်းဟာ မိတ္ထီလာမှသည် ကမ္ဘာပတ်ခဲ့တာရော သိကြရဲ့လားဆိုတော့မဖြေကြပါ။ စာတတ်မြောက်ရေးမှာ ထီလာသားတွေ ပူးပေါင်းပါဝင်မှုကိုပြလိုက်တော့ အစိုးရ၏လုပ်ဆောင်ချက်အောင်မြင်ချင်လျှင် “ပြည်သူပူးပေါင်းပါဝင်မှု” (Social mobilization)သည် အဓိကဆိုတာ သတိပြုမိပြီး တစ်တိုင်းပြည်လုံး ဒီနည်းသုံးပြီး အကောင်အထည်ဖော်လိုက်တာ ၁၉၈၈ ခုနှစ်မှာ ၂၉၇ မြို့နယ်လုံးကျွတ် (တစ်တိုင်းပြည်လုံး ၉၂ ရာခိုင်နှုန်းကျော်) စာတတ်မြောက်ခဲ့လို့ အာရှပစိဖိတ်ဒေသမှာ စာတတ်မြောက်မှုအမြင့်ဆုံး (က)အဆင့်ရခဲ့တာကို ပြောခဲ့ပြီးပါပြီ။ အဲဒီ“ပြည်သူလူထုပူးပေါင်းပါဝင်မှု” နည်းလမ်းကို ကမ္ဘာ့ကလေးများ ရန်ပုံငွေအဖွဲ့ ညွှန်ကြားရေးမှူးဖြစ်သူ ဒေါက်တာညီညီ (ယခင်က “အ”သုံးလုံးသင်တန်းကြီးကြပ်ညှိနှိုင်းမှုဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ)က “တစ်နှစ်အောက်ကမ္ဘာ့ကလေးများ ကာကွယ်ဆေးထိုးလုပ်ငန်းမှာ” အသုံးချခဲ့သည်။

ထိုနည်းကိုသုံး၍ ၁၉၈၄ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်ရောက်သောအခါ “တစ်နှစ်အောက်ကမ္ဘာ့ကလေးများ ၈၀ ရာခိုင်နှုန်းကျော် ကာကွယ်ဆေးခြောက်မျိုးထိုးနိုင်ခဲ့သည်။ ၁၉၈၄ ခုနှစ်မတိုင်မီက တစ်နှစ်အောက်ကလေးများ ကမ္ဘာတစ်လွှားတွင် ၁၅ ရာခိုင်နှုန်းသာ ကာကွယ်ဆေးထိုးနိုင်သဖြင့် အသေအပျောက်နှုန်းများခဲ့သည်။ ကမ္ဘာ့ကလေးများ အသက်ရှင်နှုန်းမြင့်တက်လာခဲ့သည်။ ထီလာမြေတွင် ထီလာသားဆရာလောင်းလေးဦးဖြင့် သူတို့ဆရာ ပညာရေးအထူးအရာရှိ ဦးသံဗျင် မြေစမ်းခရမ်းပျိုးအောင်မြင်မှု၏ အသီးအပွင့်ကြောင့် မြန်မာ့စာတတ်မြောက်မှုနှုန်းမြင့်မားလာခဲ့ရုံသာမဟုတ် ကမ္ဘာ့ကလေးများ၏ အသက်ရှင်နှုန်းပါ မြင့်တက်စေမှုကိုလည်း စွမ်းဆောင်ခဲ့ပေသည်။

ကျွန်တော်က မြန်မာပြည်မှာ “အ”သုံးလုံးကျေသင်တန်းတုန်းက ပထမငါးကြိမ်ရခဲ့သည့်လုပ်ငန်းထဲမှ “မြန်မာ့စာမတတ်သူပပျောက်ရေးအစ မိတ္ထီလာက”ကို တို့ရဲ့မိတ္ထီလာသားလူကြီးတွေက သူတို့ခေတ်၊ သူတို့အခါမှာ ခေတ်ကပေးအပ်လာတဲ့ သမိုင်းပေးတာဝန်ကို ကျေခဲ့ပြီးပါပြီ၊ ကမ္ဘာသိအောင် သမိုင်းမော်ကွန်းလည်းထိုးခဲ့ကြပြီးပြီ။ “အခုမောင်တို့ မယ်တို့ခေတ်မှာရော မော်ကွန်းမထိုးချင်ကြဘူးလား”ဟုမေးရာ “မော်ကွန်းထိုးချင်ကြပါတယ်”တဲ့။ ဒါဆို “အ” သုံးလုံးရဲ့အဆက်လည်းဖြစ်ပြီး “စာဖတ်ရှိန်မြှင့်တင်ရေး” အလုပ်ဖြစ်သည့် “စာမဖတ်သူပပျောက်ရေးအစ မိတ္ထီလာက” လို့ဖြစ်သွားအောင် “ပိုသာပိုတော်သည့် နောက်မျိုးဆက်တွေအဖြစ်” သမိုင်းဆက်ရေးကြမလားဟုမေးရာ ရေးကြပါမည်ဟုဖြေပါသည်။ ထီလာသားများသမိုင်း ငါတို့ခေတ်ကြမှ မရိုင်းရလေအောင် ဆက်ရေးကြမယ်။ အောင်မြင်အောင်လုပ်ကြ မလားဟုမေးရာ “လုပ်ပါမည်”ဟု အော်ဖြေကြပါသည်။

စာဖတ်ရှိန်မြှင့်တင်ရေးဆိုတာ စာတတ်မြောက်ရေး၏ နောက်ဆက်တွဲလုပ်ငန်းပါ

တကယ်တော့ စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်မှုသည် စာတတ်မြောက်ရေးလုပ်ငန်း၏ နောက်ဆက်တွဲလုပ်ငန်းဖြစ်ကြောင်း ရှေ့တွင်ဖော်ပြခဲ့ပါသည်။ ဤသည်ကို နိုင်ငံတော်အကြီးအကဲများကသိ၍ အကောင်အထည်ဖော်နေခြင်းဖြစ်ပါသည်။ လူသားသည်“စာတတ်” ရုံဖြင့်မပြီးသေးပါ။ စာတတ်ပြီးနောက် ဆက်လက်လေ့လာဆည်းပူးရန်၊ လူသားပီသစွာ “ဖြည့်ဆည်းသက်”၊ “ရင့်ကျက်သက်” တို့ဖြင့် တိရစ္ဆာန်နှင့်မတူအောင်၊ ကွဲပြားခြားနားစွာ အသက်ရှင်နိုင်ရန် “တစ်သက်တာစာဖတ်ခြင်းအလုပ်”ကို လုပ်နေရပါမည်။

သို့မှသာ ယခု ၂၀၂၄ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် “အပြန်အလှန်နားလည်မှုနှင့် ငြိမ်းချမ်းရေးအတွက် စာတတ်မြောက်ရန်လိုအပ်လို့ ဘာသာစကားမျိုးစုံပညာရေးကိုမြှင့်တင်စို့” တွင်ပါဝင်သည့် “အပြန်အလှန်နားလည်မှု”ဆိုသည်ကို “စာဖတ်တတ်ရုံအဆင့်”ဖြင့် မရနိုင်သေးကြောင်း၊ စာဖတ်တတ်ပြီးလျှင် စာဖတ်နာသူဘဝထိ ဆက်လက်တက်လှမ်းရပါလိမ့်မည်။ စာဖတ်၍ ဖြည့်ဆည်းသက်များလာမှ အသိဉာဏ်ကြွယ်ဝလာကာ ရင့်ကျက်သက် ရလာသည့်လူသား၊ ဉာဏ်ရည်မြင့်သည့်လူသား ဖြစ်လာပေလိမ့်မည်။ သို့မှသာ သူ့ဘက်၊ ကိုယ့်ဘက် ကြည့်တတ်၊ မြင်တတ်၊ တွေးတတ်၊ စာနာတတ်ပြီး ကိုယ်ချင်းစာနာတတ်သူဖြစ်လာကြမှာ။ ထိုသို့ ရင့်ကျက်သက်ကို ပိုင်ဆိုင်သည့်လူသားသည် ငြိမ်းချမ်းမှုကို မြတ်နိုးခုံမင်စောင့်ရှောက်သူဖြစ်လာပေမည်။ ငြိမ်းချမ်းရေးကို မြတ်နိုးသည့် လူ့အဖွဲ့အစည်းတွင် ဖွံ့ဖြိုးမှု၊ တိုးတက်မှုတို့သည်လည်း ကျွဲကူးရေပါ ဆိုသလို ပေါ်ထွန်းလာပါလိမ့်မည်။

သို့ဖြစ်၍ ငြိမ်းချမ်းသည့်လူ့အဖွဲ့အစည်းအမြဲရှိနေရန် စာဖတ်တတ်ဖို့ အခြေခံအကျဆုံးဖြစ်ပြီး ဆက်လက်၍ မိမိကိုယ်ကို ဖြည့်ဆည်းသည့် စာဖတ်နာပြီး “ရင့်ကျက်သက်ရှိလာမှု”က ပဓာနကျကာ လူသား တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြန်အလှန်နားလည်မှုကို ဖြစ်ထွန်းစေပါသည်။ ဤသို့ဆိုလျှင် လူတစ်ဦးချင်းမှသည် လူ့အဖွဲ့အစည်း၊ နိုင်ငံတော်သည်လည်း ဖွံ့ဖြိုးလာပါလိမ့်မည်။ ဤသည်ကို ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်(ငြိမ်း) ဦးသန့်က “စာဖတ်သည့်လူမျိုးသည် တိုးတက်၍၊ တိုးတက်သော လူမျိုးတိုင်းသည် စာဖတ်ကြသည်”နှင့် “စာဖတ်တာအမြင့်ကိုပျံသန်းချင်လို့ တောင်ပံတပ်တာပါ”တဲ့။ စာမတတ်၊ ပေမတတ်ဘဲအမြင့်ကို တက်ချင်၍မရပါ။ စာတတ်ပေတတ်၊ စာဖတ်မှုကို ဝါသနာထုံကြပြီး အပြန်အလှန်နားလည်နိုင်ကြ၊ ငြိမ်းချမ်းမှုကိုမြတ်နိုးကြဟု ဦးသန့်က တိုက်တွန်းခဲ့ဟန် တူပေသည်။

ယနေ့ကမ္ဘာ့နိုင်ငံအသီးသီးတွင် “စာဖတ်တတ်လျှင်ပြီးပြီ”ဟု မှတ်ယူကြကာ ထိုအဆင့်လောက်သာ အကောင်အထည်ဖော်နေကြသည်။ စာတတ်မြောက်ရေးလုပ်ငန်း၏ နောက်ဆက်တွဲလုပ်ငန်းဖြစ်သည့် “စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်း”ကို ဆောင်ရွက်မှုအားနည်းနေကြောင်း နှစ်စဉ် ကမ္ဘာ့ပညာရေးအစီရင်ခံစာများတွင် တွေ့ရပေသည်။ ကျွန်တော်တို့နိုင်ငံကား အဆိုပါလုပ်ငန်းနှင့် အစဉ်အလာကောင်းရှိခဲ့၏။ စာတတ်မြောက်ပြီးသူများအတွက် “စာဖတ်ရှိန်မြှင့်တင်ရေးအစီအစဉ်”နှင့် “စာဖတ်ဝိုင်းများ”ဖွဲ့စည်းကာ ဆောင်ရွက်ခဲ့ပါသည်။ စာကြည့်တိုက်ဖွံ့ဖြိုးအောင်လည်း ဆောင်ရွက်ခဲ့ပေသည်။

သို့အတွက် ၁၉၈၄ ခုနှစ်တွင် ယူနက်စကိုကချီးမြှင့်သည့် “နိုမာဆု”ပင် ထပ်မံရရှိခဲ့သေးသည်။ ထိုကောင်းမြတ်သည့် အစဉ်အလာကို ဆက်လက်ထိန်းသိမ်းသည့်လုပ်ငန်းအဖြစ် ယနေ့“စာဖတ်ရှိန် မြှင့်တင်ရေးနှင့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း”ကိုလည်း အရှိန်အဟုန်ဖြင့် နိုင်ငံအနှံ့ဆောင်ရွက်နေပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် “ပြည်သူလူထုပူးပေါင်းပါဝင်မှု” “Social Mobilization” နည်းလမ်းကိုသုံး၍ “စမ်းသပ်ခရိုင်”မှသည် တဖြည်းဖြည်း တိုးချဲ့ဆောင်ရွက်သွားလျှင် “နိုင်ငံသားအားလုံး စာတတ်သူဘဝမှ စာမဖတ်သူလည်းပပျောက်သည့် နိုင်ငံဘဝကိုရောက်ရှိနိုင်မည်”ဟု မြင်မိပါသည်။

ထိုအခါ ပညာတတ်နိုင်ငံတော်ဘဝ (Educated Nation)သို့ရောက်ရှိပြီး နိုင်ငံသည်လည်း အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအဖြစ် ကျွဲကူးရေပါရောက်ရှိပါလိမ့်မည်ဟု ယုံကြည်ပါကြောင်းနှင့် ယနေ့ နိုင်ငံတော်က ဖော်ဆောင်လျက်ရှိသော “စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်သည် “စာတတ်မြောက်ရေးလုပ်ငန်း၏ နောက်ဆက်တွဲလုပ်ငန်းကို ဆက်လက်အကောင်အထည်ဖော်နေခြင်းသာဖြစ်ကြောင်း” ပြည်သူများသတိပြုစေချင်၊ မြင်စေချင်ပါသည်။

ထို့အတူ မြန်မာ့“အ”သုံးလုံးမှသည် ကမ္ဘာ့ကလေးများ အသက်ရှင်သန်ရေးထိ ကမ္ဘာပတ်ခဲ့သော မြန်မာ့မူရင်း “ပြည်သူလူထု ပူးပေါင်းပါဝင်မှုနည်းလမ်း” အစဉ်လာကောင်းကို ဆက်လက်ထိန်းသိမ်းသည့်အနေဖြင့် နိုင်ငံ့အရေးပေမို့ နိုင်ငံသားများမနှေးပူးပေါင်းပါဝင်စေလို၍ ဆောင်းပါးတစ်နေရာတွင် ဖော်ပြခဲ့သည့် ဆရာကြီး ဒေါက်တာဦးသန်းဦး ပြောခဲ့သည့် “မျက်ဖွင့်သင်တန်း”ကို အတုယူ၍ ပြည်သူသို့ “မျက်ဖွင့်ရေးသားမှု”ကိုပြုကာ ဆော်ဩလိုက်ရပါသည်။ ။