စာမတတ်သူပပျောက်ရေးမှသည် စာမဖတ်သူပပျောက်ရေးဆီသို့
ဒေါက်တာမောင်သင်း
“တို့စာ”
လူဖြစ်ပါလျက်
စာမတတ်သူ၊ မောင်မင်းမူက
လူမပီသ၊ ဂုဏ်နိမ့်ကျ၏
လူလိုသိ၍၊ လူ၏ဂုဏ်ရောင်
ထွန်းလင်းပြောင်ဖို့
အမှောင်ကိုခွာ
ကျောင်းတော်သာတွင်
ပညာသင်ကြ၊ စာဖတ်ကြ။
တင်မိုး
လူနှင့်တိရစ္ဆာန်တို့၏ အဓိကကွာခြားချက်မှာ တိရစ္ဆာန်လောကတွင် ဆရာကြီးတင်မိုးရေးဖွဲ့သလို “တို့စာ” ဟု ညွှန်းရလောက်အောင် “စာပေ”ဟူသည်မရှိပေ။ စာပေမရှိ၍ စာလည်းမဖတ်တတ်ကြပေ။ လူသားမှန်လျှင် စာပေများရှိသဖြင့် စာပေတစ်မျိုးမျိုးကို ဖတ်တတ်ကြသည်။ လူဖြစ်ပြီး စာမဖတ်တတ်လျှင် လူ၏ရုပ်သဏ္ဌာန်သာရှိပြီး တိရစ္ဆာန်အသိဉာဏ်လောက်သာပိုင်ဆိုင်သည့် လူသားဖြစ်သွားပေလိမ့်မည်။
စာမတတ်၊ ပေမတတ် တိရစ္ဆာန်လိုလူသားများလာလျှင် လူ့အဖွဲ့အစည်းတွင် အမှားနှင့်အမှန်၊ ဓမ္မနှင့် အဓမ္မ၊ တရားမှုနှင့် မတရားမှု၊ တိုင်းကျိုးပြည်ပြုလား၊ တိုင်းဖျက်ပြည်ဆူလား ခွဲခြားနိုင်မှုလွန်စွာ အားနည်းသွားနိုင်ပြီး ပြောသမျှယုံ၊ မှိုင်းတိုက်သမျှအဟုတ်ထင်၍ “စာပေနှင့်မီဒီယာ အဆိပ်သင့်ဒဏ်” ခံကြရ၏။ ဤသည်ကို ဆရာကြီးက “လူလိုသိ၍ လူ၏ဂုဏ်ရောင်ထွန်းလင်းပြောင်ဖို့ အမှောင်ကိုခွာ၊ ကျောင်းတော်သာတွင်၊ ပညာသင်ကြ၊ စာဖတ်ကြ” ဖွဲ့ဆိုခဲ့ခြင်းဟု မြင်မိပါသည်။
စာသင်ရုံ၊ စာဖတ်တတ်ရုံအဆင့်တွင်၌သာ ရပ်ထား၍မရပေ။ စာဖတ်ခြင်းအလုပ်ကိုလည်း လူသား၏ ဘဝတစ်သက်တာ ဆက်လက်လုပ်ဆောင်ရမည့်အလုပ်ဟု တိုက်တွန်းထားပေသည်။ ဤသည်မှာ ကိုယ့်ကိုယ်ကိုယ်တိုးတက်ရန် အမြဲဖြည့်ဆည်းနေခြင်း (သို့) ဖြည့်ဆည်းသက်ဖြင့် အသက်ရှင်နိုင်အောင်ကြိုးစားနေသူသည် လူသားပီသသူပါ။ “စာဖတ်ခြင်း”ဖြင့် “မိမိကိုယ်ကို ဖြည့်ဆည်းခြင်း” ကိုလုပ်ဆောင်နေခြင်းသည် လူသားလောက၏ ဖွံ့ဖြိုးမှု၊ တိုးတက်မှုနှုန်းအရှိန်ကိုမြှင့်တင်ပေးလိုက်သဖြင့် အလျင်အမြန်တိုးတက်စေ၏။ စာဖတ်၍ မိမိကိုယ်ကိုယ် ဖြည့်ဆည်းခြင်း၏ ရလဒ်ဖြစ်ပေသည်။ စာတတ်ခြင်း၊ စာဖတ်တတ်ခြင်းသည် လူသား၏ ထူးခြားသည့်ဂုဏ်အင်္ဂါဖြစ်ပါ၍ လူသားအားလုံး စာဖတ်တတ်ရန် ဝိုင်းဝန်းလှုံ့ဆော်ကြသည်။
ပိုသာသော နောက်မျိုးဆက်များမို့ ဦးညွှတ်ရခြင်းပါ
ကျွန်တော်သည် “ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး” လှုပ်ရှားမှုအဖြစ် မိတ္ထီလာတွင် အခြေခံပညာ ကျောင်းသားကျောင်းသူများနှင့် ဆွေးနွေးခဲ့သည်ကို ပြန်လည်ဖောက်သည်ချလိုပါသည်။ ဆွေးနွေးပွဲစလျှင် ကျွန်တော်ကပရိသတ်ကိုသုံးနေရာခွဲ၍ ဦးညွှတ်ပါသည်။ ပြီးနောက် ကျွန်တော်က ဘာကြောင့်ဦးညွှတ်ရသည်ကို ရှင်းပြပါသည်။ ပုံမှန်အားဖြင့် တစ်ကြိမ်သာ ဦးညွှတ်လေ့ရှိပါသည်။
ဦးညွှတ်ရသည့်သူများမှာ “ကိုယ့်ထက် အသက်အားဖြင့်၊ ဝါအားဖြင့်၊ ဂုဏ်အားဖြင့်၊ သီလအားဖြင့်၊ ပညာအားဖြင့်ကြီးသူများ” ကို လေးစားရိုသေခြင်းဖြစ်ပါသည်။ ကျန်သည့် နှစ်ကြိမ်ကရော ဘာကြောင့် ဦးညွှတ်သလဲဟု မေးသောအခါ “အနာဂတ်အတွက် အားထားရမည့် နောက်မျိုးဆက်များမို့ သူတို့ကို ဦးညွှတ်တာပါ” တဲ့။ မှန်လိုက်လေ၊ နောက်မျိုးဆက်ဆိုတာ အရင်မျိုးဆက်ထက်ပိုတော်လို့ပါ။ တော်လည်းတော်ကြသလို၊ တော်လည်းပိုတော်ကြဖို့ နောက်မျိုးဆက်မှာ တာဝန်ရှိပါတယ်။ လူသားရဲ့နောက်မျိုးဆက်က ပိုတော်ခဲ့လို့သာ လူသားမျိုးနွယ်တွေ တစ်ဆက်ပြီးတစ်ဆက် တိုးတက်ခဲ့တာပါ။ ကိုယ့်ထက်သာသည့် နောက်မျိုးဆက်ဖြစ်၍ ဦးညွှတ်အလေးပြုရခြင်းပါ။ ဘာကြောင့် နောက်မျိုးဆက်က ပိုတော်ရပါသလဲဆိုတာကို မမေးဖြစ်ခဲ့ပါ။ “ဖြည့်ဆည်းသက်” များမှုကြောင့်ပါ။
ပညာရှိမျိုးဆက်များဖြစ်၍ ဦးညွှတ်ရခြင်းပါ
တတိယအကြိမ် ဦးညွှတ်ခြင်းကရောဟု မေးရာမဖြေကြပေ။ ဒါနဲ့ ကျွန်တော်က “မြန်မာ့သမိုင်းမှာ ပညာရှိအမတ်တွေ များစွာပေါ်ခဲ့ဖူးတယ်။ အဲဒီထဲကမှ မင်းလေးပါးအကိုးကွယ်ခံ အမတ်ကြီးတစ်ဦး ရှိခဲ့ဖူးတယ်။ ဘယ်သူလို့ထင်သလဲဟုမေးသော်လည်းမဖြေကြပေ။ ကျွန်တော်က မောင်တို့မယ်တို့ရဲ့အမျိုးဆိုမှ “ဝန်ဇင်းမင်းရာဇာ”တဲ့။ မင်းလေးပါးကိုးကွယ်ခံ ပညာရှိကြီး၏ မျိုးဆက်သစ်များမို့ “ဘုရားသား၊ ဘုရင့်သား၊ မြွေသားပေါက်အား သေးငယ်သည်ဟု မလေးမစား မပြုအပ်ဆိုထားတာမို့” ယခုပွဲသို့ရောက်လာကြသည့် မျိုးဆက်သစ်များအနက် တစ်မူထူးသည့် စာပေလေ့လာလိုက်စားသူ၊ စာဖတ်သူ၏ “ပညာရှိမျိုးဆက်များ” ဖြစ်၍ ဦးညွှတ်ဂုဏ်ပြုရခြင်းဖြစ်ပါသည်။
စာဖတ်သည့်အကျင့်ကောင်းကြောင့် ပညာရှိအမတ်ကြီးဘဝရောက်ရတာ
မောင်တို့မယ်တို့ခင်ဗျာ၊ မောင်ညိုတို့ရွာလေးနဲ့ သူ့ဘဝအစကို ပြန်ပြောင်းကြည့်ရအောင်။ သူ့ရွာလေးမှာ အာဏာအရှိဆုံးက သူ့ယောက္ခမသူကြီး၊ ရွာမှာအချမ်းသာဆုံးက တောသူဌေး၊ တစ်ရွာလုံးက ကုန်သွယ်၊ လယ်လုပ်၊ ဓားမခုတ်ဘဝဖြင့် လုပ်ကိုင်စားသောက်နေကျပါ။ မောင်ညိုကိုယ်တိုင်လည်း လယ်သမားပါ။ သူ့မှာ တစ်ပါးသူတွေထက် ထူးခြားတာရှိတယ်။ အားတဲ့အချိန်မှာ မောင်ညို ဘာလုပ်သလဲဟုမေးရာ “စာဖတ်ပါတယ်” တဲ့။ ဟုတ်ပါသည်၊ စာပေလေ့လာ မှတ်သားခြင်း၊ စာဖတ်ခြင်းပါ၊ လေ့လာမှတ်သားထားသမျှ စာတို၊ ပေတိုများကို ခေါင်မိုးမှာထိုးထားသဖြင့် “စာတိုငညို” ဟု တစ်ရွာလုံးက ခေါ်တွင်ခဲ့ကြသည်။
အချိန်တန်၍ မိတ္ထီလာကန်ပေါင်ပေါ်ရှိ “နတ်ကွန်း” အကြောင်း ဘုရင်ကမေးမြန်းရာမှ နတ်ကွန်းမဟုတ်ကြောင်း၊ အရှင့်ဘိုးဘေး ဘုရင်တစ်ပါး၏မိဖုရားသည် ဤနေရာတွင် ကံတော်ကုန်သဖြင့် အမှတ်တရရွှေရုပ်တုလုပ်၍ထားခဲ့ကြောင်း၊ တူးဖော်ပါက သိနိုင်ကြောင်း လျှောက်ထားသည်ကို တူးဖော်ကြည့်ရာ “မိဖုရားရုပ်တု”ကို တွေ့ရသဖြင့် ဘုရင်ကနန်းတော်သို့ ပညာရှိအဖြစ်ခေါ်ဆောင်သွားရာမှ “မင်းလေးဆက် အကိုးကွယ်ခံ ပညာရှိအမတ်” အဖြစ် သမိုင်းမှာ ပေါ်ထွန်းလာခဲ့ပါသည်။
အကယ်၍ မောင်ညိုသည် တစ်ရွာလုံးမှာ အာဏာအရှိဆုံးဖြစ်သည့် သူ့ယောက္ခမ၏ သူကြီးအလုပ်ကိုသာ ဝါသနာပါခဲ့လျှင် ဒါမှမဟုတ် ရွာမှာအချမ်းသာဆုံးဖြစ်သော တောသူဌေးလောက်သာ ရည်မှန်းပြီး ပိုက်ဆံလောက်သာရှာခဲ့လျှင် “မင်းလေးဆက် ကိုးကွယ်ခံပညာရှိ အမတ်ကြီး ဝန်ဇင်းမင်းရာဇာ”ဆိုတာ မြန်မာ့သမိုင်းမှာ ရှိခဲ့မှာမဟုတ်ပါ။
သူဝါသနာပါတာက “စာဖတ်တာ၊ ကိုယ့်အရည်အချင်းကို အမြဲဖြည့်ဆည်းတာပါ” အဲဒီအခါမှာ ရွာက သူ့ယောက္ခမ အိပ်မက်တောင်မမက်နိုင်သည့် အမတ်ကြီး၏ အာဏာ၊ ရွာက တောသူဌေးများ ဘယ်လိုမျှလိုက်မမီသည့် ရွှေနန်းတော်ကအမတ်ကြီး၏ စည်းစိမ်ကိုခံစားခဲ့ရသည်။ နိမ့်ကျသောပတ်ဝန်းကျင်မှ “စာဖတ်ခြင်း”၊ “ကိုယ့် ကိုယ်ကိုယ် ပညာအမြဲ ဖြည့်ဆည်းခြင်း” ဖြင့် ရုန်းထွက်နိုင်ခဲ့၍သာ ရွှေနန်းတော်တွင် ဘုရင်လေးဆက် အကိုးကွယ်ခံဘဝဖြင့် ပျော်စံနိုင်ခဲ့ ရခြင်းဖြစ်ပါသည်။
ဖြည့်ဆည်းသက်ဖြင့် အသက်ရှင်နိုင်မှလူပီသမှာ
ကျောင်းသားလူငယ်များနှင့်တွေ့တိုင်း လူနှင့်တိရစ္ဆာန် ဘာကွာသလဲလို့ မေးကြည့်သည့်အခါ “အသိဉာဏ်ကွာတယ်” ဟုသာ ဖြေကြသည်၊ ယခုပွဲမှာလည်း အဆိုပါအဖြေမျိုးကိုသာရကြသည်၊ သမားရိုးကျအဖြေပါ။ ခေတ်တွေ၊ အမြင်တွေ၊ အတွေးအခေါ်တွေပြောင်းသော်လည်း “သင်ပြောင်းမမြင်လျှင်၊ ပြောင်းမတွေးတတ်သေးလျှင်၊ သင်လည်းမပြောင်းလဲနိုင်သေးပါ။ ထို့အတူ လူ့အဖွဲ့အစည်းလည်း မပြောင်းလဲနိုင်ပါ။
ဥပမာ- ခွေးလည်း အသိဉာဏ်ရှိ၏၊ သခင်ကို မကိုက်၊ မဟောင်ပါ၊ ထို့အတူ သိနေသောလူကိုလည်း မဟောင်ပါ။ ထို့အတူ လေ့ကျင့်ပေးထားသောခွေးများသည် မိုင်းရှိ၊ မရှိသိ၏။ မူးယစ်ဆေးဝါးဟုတ်၊ မဟုတ် ရှာတတ်၏။ တိရစ္ဆာန်မိဘများက အစာရှာရန်၊ အန္တရာယ်ရှောင်ကွင်းရန်၊ သားသမီးများကို စောင့်ရှောက်ရန်သာ သင်ပေး၏၊ သူတို့၏ တစ်ဘဝစာအသိနှင့် အတွေ့အကြုံလောက်ကိုသာ သူတို့၏ နောက်မျိုး ဆက်တစ်ဆက်လောက်ကိုသင်ပေး၏၊ တစ်ဘဝစာ အသိထက်မပိုပေ။
လူသားမှာကား ထိုသို့မဟုတ်ချေ၊ မိမိ၏အသိဉာဏ်ကို သူတို့တစ်ဘဝစာလောက်သာ အသုံးချရန်မဟုတ်ပေ။ လူသားနောက်မျိုးဆက်များအတွက် မှတ်တမ်းထားခဲ့၏၊ သူတို့၏ဘဝအတွေ့အကြုံမှ သိသမျှ၊ မှတ်သားသမျှကို နောက်မျိုးဆက်များအား ဆောင်ရန်၊ ရှောင်ရန်၊ ဓမ္မနှင့်အဓမ္မခွဲခြားတတ်ရန် လူ့အဖွဲ့အစည်းအကျိုးပြုမှုနှင့် ဖျက်ဆီးမှုဆိုတာ ဆုံးဖြတ်တတ်ရန် တိုင်းကျိုးပြည်ပြုလား၊ တိုင်းဖျက်ပြည်ဆူလား မိမိကိုယ်ပိုင်ဉာဏ်ဖြင့် ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိရန် မှတ်တမ်းထားခဲ့၏။ ဤသည်ကို “စာပေ” ဟုခေါ်သည်။ နောက်မျိုးဆက်များက “ထိုမှတ်တမ်းကို ဖော်ထုတ်နိုင်စွမ်းရှိ၏” အဘယ်ကြောင့်ဆိုသော် စာဖတ်တတ်၍၊ စာဖတ်နိုင်စွမ်းရှိသောကြောင့်ဖြစ်သည်။ ထိုအခါ ဘိုးဘွားဘီဘင်တို့ ထံမှ၊ ထို့အတူ မိမိနှင့်ခေတ်ပြိုင်များထံမှ သူတို့၏အတွေ့အကြုံ၊ အောင်မြင်မှု၊ ကျရှုံးမှု၊ ဆောင်ရန်၊ ရှောင်ရန်တို့ကို မိမိကိုယ်တိုင်မကြုံ တွေ့လိုက်ရဘဲ စာပေမှတစ်ဆင့် သိခွင့်၊ နားလည်ခွင့်၊ အသုံးချခွင့်ရခဲ့သည်။
ထိုအခါ မိမိက သူတစ်ပါး၏ အတွေ့အကြုံကိုယူ၍ မိမိတစ်ဦးချင်းနှင့် လူ့အဖွဲ့အစည်း၏ အောင်မြင်မှု၊ ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အသုံးချ၏။ လူ့ဘောင်လူ့အဖွဲ့အစည်းသည် ရာစု၊ ဆယ်စုနှစ်တစ်ခု အတွင်းမှာပင် ပြောင်းလဲဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ အခြားသက်ရှိ လောက၊ တိရစ္ဆာန်လောကသည် ထောင်စု၊ သောင်းစုနှစ်များတိုင်အောင် မထူးခြားခဲ့ပေ။ အဓိကကွာခြားချက်မှာ လူတွင်စာပေရှိ၏၊ စာရေး တတ်၊ စာဖတ်တတ်၍မှတ်တမ်းထားနိုင်ခြင်း၏ အကျိုးကျေးဇူးပင်ဖြစ်၏။
“အချိန်သက်” တွေ (စက္ကန့်၊ မိနစ်၊ နာရီ၊ ရက်လ၊ နှစ်) မြင့်လာသည်နှင့်အပြိုင် လူတွင် “ဖြည့်ဆည်းသက်” များလည်း ရင့်လာရမည်။ ဖြည့်ဆည်းသက်များလာလျှင် “ရင့်ကျက်သက်” ဖြင့် အသက်ရှင်သည့် လူသားဘဝရောက်လာတော့သည်။ ဖြည့်ဆည်းသက်များများနှင့် မြန်မြန်ရနိုင်သည့် နည်းလမ်းမှာ “စာဖတ်ခြင်း” (သို့) “သူတစ်ပါး၏ အတွေ့အကြုံမှတ်တမ်းကို ဖော်ထုတ်နိုင်စွမ်း မြင့်မားလာခြင်း” ပင် ဖြစ်သည်။ လူမှာသာစာပေရှိ၍ စာရေးတတ်ပြီး မှတ်တမ်းထားနိုင်ကာ မှတ်တမ်းကို ဖော်ထုတ်နိုင်သည့် “စာဖတ်နိုင်သည့် စွမ်းရည်” ရှိမှုကြောင့် တိရစ္ဆာန်လောကတွင် မရှိသည့် ဖြည့်ဆည်းသက်ရှိလာသည်။ ဖြည့်ဆည်း သက်များလာသောအခါ “ရင့်ကျက်သက်” ဖြင့် အသက်ရှင်နေသည့် သက်ရှိဖြစ်လာသည်။
ဤအရည်အချင်းကိုပိုင်ဆိုင်၍သာ အခြားသောသက်ရှိလောကကို လွှမ်းမိုးလာနိုင်သည်။ မြန်မာ့လူ့အဖွဲ့အစည်းတွင် “လူကြီးပြီး အချိန်မစီးသူ” ဟူသည့်ဆိုစကားသည် “ဖြည့်ဆည်းသက် မရှိသူ” (သို့) “စာမတတ်သူ စာမဖတ်ကြသူ” များသာဖြစ်ပေသည်။ ဘယ်နွား၊ ဘယ်ကြောင်၊ ဘယ်ခွေးလောကတွင်မှ စာပေမရှိ၊ စာမရေးတတ်၊ စာမဖတ်ကြပေ။ သို့ဖြစ်၍ လူဖြစ်ပြီး စာမဖတ်၊ ပေမဖတ်ဘဝသည် ရင့်ကျက်သက်ကင်းသော ဖြည့်ဆည်းသက်မရှိသည့် “တိရစ္ဆာန်သက်”တစ်မျိုး တည်းဖြင့် အသက်ရှင်နေသူဖြစ်ပေသည်။ စာဖတ်သည့် “မောင်ညို” ၏မျိုးဆက်သည် ထီလာမြို့သား များမို့ ထီလာသားများသည်လည်း ဖြည့်ဆည်းသက်ဖြင့်အသက်ရှင်နေသူ တစ်နည်းအားဖြင့် စာဖတ်သည့်မျိုးဆက်မို့ လူသားပီသသည့်မျိုးဆက်များဖြစ်ပါသည်။
(ဆက်လက်ဖော်ပြပါမည်)