Skip to main content

ငါးဆယ့်ရှစ်နှစ်တည်ကာစေ့ နိုင်ငံတကာစာတတ်မြောက်ရေးနေ့

စိန်ဌေးလှိုင်(ဟိုပုံးမြေ)

“သု၊ စိ၊ ပု၊ ဘာ၊ ဝိ၊ လိ၊ သိ၊ ဓာ၊ အက္ခရာစွဲသုံး ဤရှစ်လုံးကို၊ သီကုံးပန်းသွင်နေ့တိုင်းဆင်လော့”လို့ ဆိုကာ ရှင်မဟာရဋ္ဌသာရက ဧကပိုဒ်ရတုနဲ့ရေးသားခဲ့ပါတယ်။ စာရှစ်လုံးမှာ ပါဠိစကားတို့ရဲ့ အစစာလုံးတွေဖြစ်ကြပြီး သုဏေယျ၊ စိန္တေယျ၊ ပုစ္ဆေယျ၊ ဘာသေယျ၊ ဝိစာရေယျ၊ လိခေယျ၊ သိက္ခေယျနဲ့ ဓာရေယျတို့ဖြစ်ကြပါတယ်။ မြန်မာမှုအဓိပ္ပာယ်မှာ “ကြားနာရာ၏၊ ကြံစည်ရာ၏၊ မေးမြန်းရာ၏၊ ပြောဆိုဆွေးနွေးရာ၏၊ စူးစမ်းဆင်ခြင်ရာ၏၊ ရေးမှတ်ရာ၏၊ လေ့ကျင့်ရာ၏။ နှုတ်တက်ဆောင်ရာ၏”တို့ ဖြစ်ကြပါတယ်။ ဆရာတော်က စာသင်သားတပည့်တို့ စာသင်ရာမှာ လိုက်နာရမယ့်အချက်တွေကို ညွှန်ပြထားတာဖြစ်ပါတယ်။ ဒီရတုမှာ စာတတ်မြောက်မှုဆိုတာက ဘယ်လောက်အထိ အရေးပါတယ်ဆိုတာကို ဖော်ပြနေပါတယ်။ စာတတ်မြောက်မှုဆိုသည်မှာ ဖတ်ရှုတာနဲ့ အရေးအသားစွမ်းရည်ကိုခေါ်ဆိုပါတယ်။ ကမ္ဘာပေါ်ရှိလူမျိုးအသီးသီးမှာ ကိုယ်ပိုင်စာရှိကြပါတယ်။ စာဆိုတာက စကားရဲ့သင်္ကေတဖြစ်တဲ့ အက္ခရာတွေကို စုပေါင်းပြီးစနစ်တကျ စီစဉ်ရေးသားထားတဲ့ အမှတ်အသားကို ခေါ်ဆိုပါတယ်။ ပေရွက်၊ ကျောက်စာ၊ ရွှံ့ပြား၊ ကြေးပြားနဲ့ စက္ကူတို့မှာ ရေးခြစ်တာ၊ ပုံဆွဲတာ၊ ရေးထွန်းတာ၊ အစက်အပြောက်အကြောင်းချတာ စတဲ့လုပ်‌ဆောင်မှုကနေ ယနေ့စာအရေးအသား ကွန်ပျူတာစာလုံးအထိ ပေါ်ပေါက်လာပါတယ်။ မျက်မမြင်တို့ လက်ဖျားနဲ့စမ်းပြီးဖတ်ရတဲ့ အမှတ်ဖုလေးကိုလည်း စာလို့ ခေါ်ဆိုနိုင်ပါတယ်။

စာမတတ်လျှင် အကန်းနှင့်တူသည်

“စာမတတ်လျှင် အကန်းနှင့်တူသည်”ဆိုတဲ့ စကားဟာမှန်လှပါတယ်။ စာမတတ်ရင် ဘဝမှာကြုံလာရမယ့် အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိတော့ပါ။ ဗဟုသုတနည်းပါးကာ အသိအလိမ္မာလျော့နည်းလာပါမယ်။ ပေါင်းသင်းဆက်ဆံရေးမှာ အဆင်မပြေဖြစ်ပြီး တခြားသူရဲ့ ခေါင်းပုံဖြတ်တာကို ခံရတတ်ပါတယ်။ လူမှုရေးဝင်ဆံ့ရာမှာ ခက်ခဲလာပါမယ်။ ဆင်းရဲမိုက်မဲရမှုရဲ့ အခြေခံအချက်ကို ဆန်းစစ်ကြည့်မယ်ဆိုရင် ပညာရေးနိမ့်ပါးတာ၊ အခြေအနေမှန်ကိုမသိတာ၊ စဉ်းစားဉာဏ်နိမ့်ပါးတာ စတဲ့အချက်တွေကို တွေ့ရှိရပါတယ်။ ဒါ့အပြင် စာမတတ်သူမှာ သူများတကာရဲ့ လိမ်ညာပြောဆိုတာကိုယုံလွယ်ပြီး ဆွဲဆောင်ရာနောက်ကို လိုက်ပါတတ်ပါတယ်။ ရှေ့နောက်အမြော်အမြင်လည်း နည်းကြပါတယ်။

အသိအလိမ္မာရှိဖို့နဲ့ လူအချင်းချင်း အဆင်ပြေပြေပေါင်းသင်းဆက်ဆံနိုင်ဖို့ လူတိုင်းစာတတ်ရပါမယ်။ စာပေဖတ်တာဟာ အာရုံစူးစိုက်မှုကို မြင့်မားစေတာကြောင့် ကိုယ့်အလုပ်ကို အောင်မြင်စေပါတယ်။ “စာအုပ်စာပေလူ့မိတ်ဆွေ”ဆိုတဲ့စကားအတိုင်း စာကောင်းပေမွန်ကိုဖတ်မယ်ဆိုရင် အသိအမြင်ကြွယ်ဝလာပါမယ်။ စကားကြွယ်တာ၊ မှတ်ဉာဏ်ကောင်းတာ၊ သတိကောင်းတာနဲ့ စိတ်ဖိစီး မှုလျော့ကျစေတာစတဲ့အကျိုးတွေရရှိပါမယ်။ အသက်အရွယ်ကြီးရင့်လာတဲ့အခါ သင်ယူနိုင်စွမ်း၊ မှတ်မိနိုင်စွမ်းနဲ့ ဆုံးဖြတ်နိုင်စွမ်းတို့ ကျဆင်းလာတတ်ကာ စာဖတ်မယ်ဆိုရင် ဒီစွမ်းရည်တွေကို ထိန်းထားနိုင်ကြောင်း သိပ္ပံပညာဆန်းစစ်ချက်အရ သိရှိရပါတယ်။ ဒါကြောင့် လူသားတိုင်းမှာ သက်ဆိုင်ရာဘာသာအလိုက်၊ လူမျိုးအလိုက်၊ နိုင်ငံအလိုက် စာကိုကျွမ်းကျွမ်းကျင်ကျင် ရေးတတ်၊ ဖတ်တတ်ဖို့ လိုအပ်ပါတယ်။ တစ်နည်းပြောရရင် စာတတ်ရပါမယ်။

နိုင်ငံတစ်ခုမှာ စာတတ်သူများပြားလာမယ်ဆိုရင် ပိုမိုတိုးတက်ဖွံ့ဖြိုးနိုင်ပါတယ်။ နိုင်ငံသားတိုင်းစာတတ်မြောက်ဖို့ အရေးကြီးလှပါတယ်။ ကမ္ဘာစစ်ကြီး နှစ်ကြိမ်ဖြစ်ပွားခဲ့တာ၊ ကိုလိုနီလက်အောက် ကျရောက်ခဲ့တာနဲ့ ဆင်းရဲနွမ်းပါးတာတို့ကြောင့် နိုင်ငံအသီးသီးမှာ စာမတတ်သူတွေရှိခဲ့ပါတယ်။ ဒါကြောင့်စာတတ်မြောက်ရေးလုပ်ငန်းကို သက်ဆိုင်ရာနိုင်ငံတွေအလိုက် ဆောင်ရွက်ကြပါတယ်။ အီရန်နိုင်ငံတီဟီရန်မြို့မှာ ကမ္ဘာ့စာတတ်မြောက်ရေးကွန်ဂရက် (A World Literacy Congress) ကို ၁၉၆၅ ခုနှစ် စက်တင်ဘာလ ၈ ရက် နေ့ကနေ ၁၉ ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။ နိုင်ငံပေါင်း ၈၉ နိုင်ငံက ပညာရေးဝန်ကြီးတွေ၊ ကိုယ်စားလှယ်တော်တွေ၊ စီးပွားရေးပညာရှင်တွေ၊ လူမှုရေးပညာရှင်တွေနဲ့ ပါရဂူတွေ စုံစုံညီညီတက်ရောက်ခဲ့ပါတယ်။ ၁၉၆၆ ခုနှစ်မှာ ကျင်းပတဲ့ ယူနက်စကိုအထွေထွေညီလာခံကြီးကနေ ကမ္ဘာ့စာတတ်မြောက်ရေးကွန်ဂရက် စတင်ကျင်းပခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့ကို “နိုင်ငံတကာစာတတ်မြောက်ရေးနေ့” ရယ်လို့ ဆုံးဖြတ်သတ်မှတ်ပေးခဲ့ပါတယ်။

မိမိနိုင်ငံအလိုက် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ ကျင်းပဖို့နဲ့ ပညာရေးလုပ်ငန်းကို ကြိုးပမ်းလုပ်ဆောင်ကြဖို့ ယူနက်စကိုအဖွဲ့ချုပ်က မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံတွေကို နှိုးဆော်တိုက်တွန်းနေပါတယ်။ ယခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ ဆောင်ပုဒ်မှာ “အပြန်အလှန်နားလည်မှုနှင့် ငြိမ်းချမ်းရေးအတွက် စာတတ်မြောက်ရန်လိုအပ်လို့၊ ဘာသာစကားစုံပညာရေးကို မြှင့်တင်ကြပါစို့။” (Promoting multilingual education’; Literacy for mutual understanding and peace) ဖြစ်ပါတယ်။ ကမ္ဘာကြီးငြိမ်းချမ်းဖို့ရာ လူသားတွေဟာ နားလည်မှုအပြန်အလှန်ရှိရပါမယ်။ စာတတ်သူများလာမယ်ဆိုရင် ငြိမ်းချမ်းမှုကို ပိုမိုရရှိနိုင်ပါတယ်။ စာတတ်ဖို့ဆိုရာမှာလည်း ဘာသာစကားစုံ တတ်ကျွမ်းမှုဟာ အဓိကကျပြီး ကောင်းကျိုးကိုခံစားရကာ ဆင်ခြင်တုံတရားရရှိစေပါတယ်။

၂၄ နှစ်တာကာလမှာ မြို့နယ် ၂၉၇ မြို့နယ်မှာ လုပ်အားပေး လေးသိန်းကျော်

မြန်မာနိုင်ငံဟာ အင်္ဂလိပ်လက်အောက်ကျရောက်စဉ်က စာတတ်မြောက်မှုနှုန်း ကျဆင်းခဲ့ပါတယ်။ ဒါကြောင့် ယူနက်စကိုအဖွဲ့ရဲ့ကူညီမှုနဲ့ စာတတ်မြောက်ရေးလုပ်ငန်းတွေကို တက်တက်ကြွကြွလုပ်ဆောင်ခဲ့ပါတယ်။ ၁၉၄၈ ခုနှစ်မှာ “လူထုပညာသင်ကြားရေးကောင်စီ အက်ဥပဒေ (၁၉၄၈ ခုနှစ်)” (Mass Education Council ACT,1948) ကို ပြဋ္ဌာန်းခဲ့ပြီး ၁၈၄၈ ခုနှစ်ကနေ ၁၉၅၈ ခုနှစ်အထိ သက်ကြီးစာတတ်မြောက်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပါတယ်။ အသက် ၁၆ နှစ်နဲ့အထက် စာမတတ်သူတွေကို အခြေခံစာတတ်မြောက်စေဖို့ အရေး၊ အဖတ်၊ အတွက်ဆိုတဲ့ “အသုံးလုံး”ကျေ စာသင်ပေးမှုလုပ်ငန်းကို ၁၉၆၄ ခုနှစ်ကနေ ၁၉၆၈ ခုနှစ်အထိ စွမ်းစွမ်းတမံလုပ်ဆောင်ခဲ့ပါတယ်။ ၁၉၆၉ ခုနှစ်မှာ “အ” သုံးလုံးကျေ အခြေခံစာတတ် မြောက်ရေးလုပ်ငန်းကို မိတ္ထီလာ၊ သာစည်၊ ဝမ်းတွင်းနဲ့ မလှိုင်မြို့နယ်တို့မှာ လူထုလှုပ်ရှားမှုအသွင်နဲ့ ဆောင်ရွက်ခဲ့ပါတယ်။ တက္ကသိုလ်ကောလိပ်က ဆရာ ဆရာမနဲ့ ကျောင်းသား ကျောင်းသူတွေ၊ အစိုးရကျောင်းမှ ဆရာ ဆရာမတွေက ပါဝင်လုပ်အားပေးကြပါတယ်။ ၁၉၇၁ ခုနှစ်မှာ မိတ္ထီလာကို တစ်ခရိုင်လုံး စာတတ်မြောက်တဲ့ခရိုင်အဖြစ် ကြေညာနိုင်ခဲ့ပါတယ်။ ၁၉၆၉ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကို မလှိုင်မြို့မှာ ပထမဦးဆုံး ကျင်းပနိုင်ခဲ့ပါတယ်။ ၁၉၆၄ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိ ၂၄ နှစ်တာကာလမှာ မြို့နယ် ၂၉၇ မြို့နယ်မှာ လုပ်အားပေးပေါင်း ၄၉၀၃၉၈ ဦး (လေးသိန်းကျော်)တို့နဲ့ သင်ကြားခဲ့ပါတယ်။ လူဦးရေ ၂၄၁၀၉၇၉ (နှစ်သန်းကျော်)ကို စာတတ်မြောက်အောင် သင်ကြားပေးခဲ့လို့ မြန်မာ့ဂုဏ်ကိုဆောင်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ယူနက်စကိုအဖွဲ့က မြန်မာနိုင်ငံကို ၁၉၇၁ ခုနှစ်မှာ “မိုဟာမက်ရီဇာပါလာဗီဆု”နဲ့ ၁၉၈၃ ခုနှစ်မှာ “နိုမာ”ဆုတို့ ချီးမြှင့်ခဲ့ပါတယ်။ အီရန်နဲ့ ဂျပန်နိုင်ငံတို့က ဆုတန်ဖိုးလှူဒါန်းကြပါတယ်။ ဆက်လက်ပြီး စာတတ်မြောက်ရေးလုပ်ငန်းကို ၂၀၁၃ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ လုပ်ဆောင်ရာမှာ နှစ်စဉ်နှစ်တိုင်း မြို့နယ် ၃၀ ရွေးချယ်ပါတယ်။ တစ်မြို့နယ်ကို စာသင်ဝိုင်း ၂၀၀ နှုန်းနဲ့ ဧပြီလ ၁ ရက်နေ့ကနေ မေလ ၁၅ ရက်နေ့အထိ သင်ကြားခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံစာတတ်မြောက်ရေးအထောက် အကူပြုပင်မဌာန(MLRC)ကို ၂၀၀၀ ပြည့်နှစ် မတ်လမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံဖြစ်တာနဲ့အညီ နှစ်စဉ်စက်တင်ဘာ လ ၈ ရက်နေ့ရောက်တိုင်း နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနား ကျင်းပခဲ့ပါတယ်။ ယူနက်စကို ညွှန်ကြားရေးမှူးချုပ်က ပေးပို့တဲ့သဝဏ်လွှာကို ဖတ်ကြားပြီး အထိမ်းအမှတ်စာပေပြိုင်ပွဲနဲ့ ဟောပြောပွဲတွေကို ပြုလုပ်ပါတယ်။ လှုပ်ရှားမှုဆိုင်ရာဓာတ်ပုံပြပွဲနဲ့ ပြခန်းတို့ကိုလည်း ခင်းကျင်းပြသပါတယ်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ အသက် ၁၅ နှစ်နဲ့အထက် စာမတတ်သူဦးရေ ၃ ဒသမ ၅ သန်းရှိပြီး အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာဆုံးခန်းတိုင်အောင် မသင်ကြားနိုင်တဲ့ ကလေးသူငယ် ၂ ဒသမ ၇ သန်းရှိပါတယ်။ ပညာရေးဝန်ကြီးဌာနအနေနဲ့ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) အတိုင်း ကျောင်းပြင်ပ၊ ပညာရေးလုပ်ငန်းကို တိုးချဲ့ဆောင်ရွက်နေပါတယ်။ အခြေခံပညာဦးစီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ဆေးပညာဦးစီးဌာနနဲ့ စက်မှုသက်မွေးပညာဦးစီးဌာနတို့က တာဝန်ယူဆောင်ရွက်နေပါတယ်။ သင်ကြားပြီးတဲ့အခါ လုပ်ငန်းခွင်ချိတ်ဆက်ပေးတာ၊ အခြေခံပညာရေးအတန်း ကူးပြောင်းတက်ရောက်စေတာတို့ ဆောင်ရွက်ပေးပါတယ်။ ဒါ့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ KG+9 ဖြစ်တဲ့ အခြေခံပညာအလယ်တန်းအဆင့်ပညာပြီးမြောက်ရေးလုပ်ငန်းနဲ့ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတို့ကို နှစ်စဉ်ဆောင်ရွက်နေပါတယ်။ ၂၀၂၄ ခုနှစ် ဧပြီလမှ မေလအတွင်း စာသင်ဝိုင်း ၄၈၆၄ ဝိုင်းမှာ ကြီးကြပ်သူနည်းပြဦးရေ ၆၂၆၈ ဦးနဲ့ သင်ယူသူဦးရေ ၆၉၆၅၇ ဦးတို့ကို စာတတ်မြောက်အောင် သင်ကြားပေးနိုင်ခဲ့ပါတယ်။ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနရဲ့ နည်းပညာပံ့ပိုးမှုအရ စာသင်သားနဲ့ နည်းပြတွေရဲ့ လက်ကိုင်ဖုန်းတွေမှာ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း သင်ကြားမှုဆိုင်ရာ Mobile Application တီထွင်နိုင်ခြင်းဟာ မြန်မာနိုင်ငံ စာတတ်မြောက်ရေးဆောင်ရွက်မှုလုပ်ငန်းမှာ ဂုဏ်ယူစရာကောင်းလှပါတယ်။

အချုပ်အားဖြင့်ဆိုရရင် စာတတ်မြောက်မှုဟာ အကောင်းအဆိုး၊ အကြောင်းအကျိုးတို့ကို ဝေဖန်ဆန်းစစ်နိုင်တဲ့ အသိဉာဏ်ပဲဖြစ်ပါတယ်။ စာကောင်းစွာတတ်မြောက်တဲ့ လူ့အဖွဲ့အစည်းနဲ့ စာဖတ်တဲ့ လူ့အဖွဲ့အစည်းတို့မှာ တိုးတက်ယဉ်ကျေးကြပါတယ်။ စာတတ်မြောက်မယ်ဆိုပါက မိမိကောင်းကျိုးမှတစ်ဆင့် အများကောင်းကျိုး၊ နိုင်ငံ့ကောင်းကျိုး၊ လောကကောင်းကျိုးအထိ ဆောင်ရွက်နိုင်မှာဖြစ်ပြီး လူ့ဘောင်အဖွဲ့အစည်းကြီးကလည်း ဖွံ့ဖြိုးတိုးတက်လာမည်မှာ ဧကန်အမှန်ပင်ဖြစ်ပါကြောင်း ၂၀၂၄ ခုနှစ် (၅၈)ကြိမ်မြောက် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ရေးသားလိုက်ရပါတယ်။ ။

ကိုးကား- ပြန်ကြားရေးဝန်ကြီးဌာနဝက်ဘ်ဆိုက်မှ။