Skip to main content

အပြန်အလှန်နားလည်မှုနှင့် ငြိမ်းချမ်းရေးအတွက် စာတတ်မြောက်ရန်လိုအပ်လို့ ဘာသာစကားစုံပညာရေးကို မြှင့်တင်ကြပါစို့

မေတ္တာမိုးနှင်း(ပဲခူး)

လူအချင်းချင်း ပေါင်းသင်းဆက်ဆံရာတွင်လည်းကောင်း၊ အသက်ရှင်နေထိုင်ရေးအတွက် ဝမ်းစာရေးရှာဖွေရာတွင်လည်းကောင်း၊ လောကီလောကုတ္တရာ နှစ်ဖြာသောအကျိုးတရားများ ရှာဖွေအားထုတ်ရာတွင်လည်းကောင်း စာပေတတ်မြောက်မှုသည် အလွန်ပင်အရေးကြီးသည်။

စာပေတတ်မြောက်မှုအားနည်းခဲ့လျှင် အရာရာတိုင်း၌ မိမိမျှော်မှန်းသလောက်ခရီးမပေါက်ဘဲ ဖြစ်နေပေလိမ့်မည်။ စာပေတတ်မြောက်မှု လုံးဝမရှိပါက ထိုသူသည် ဆောင်ရွက်ရမည့်အရာရာတိုင်း၌ စမ်းတဝါးဝါးနှင့် ဗျာများနေပေလိမ့်မည်။ မည်သည့် အရာကိုမျှ ပန်းတိုင်ရောက်အောင် ကြိုးစားနိုင်မှုမရှိဘဲ တိုးတက်မှုကျန်ရစ်နေမည်သာ ဖြစ်ပေလိမ့်မည်။

စာပေတတ်မြောက်မှု အားနည်းသူများသည် ပေါင်းသင်းဆက်ဆံရေး၌လည်း အဆင်မပြေဖြစ်နေ တတ်ပေသည်။ စာတစ်လုံးကိုမဆိုထားနှင့် စကားတစ်ခွန်းကိုပင် သေချာစွာဆန်းစစ်နိုင်မှုနည်းပါးပြီး အလွဲလွဲအမှားမှားနှင့် အယူအဆမှား၊ အတွေးမှားများနှင့်သာ လူ့လောကအလယ်တွင် စီးမျောနေပေလိမ့်မည်။ လွဲမှားမှုများလာသည်နှင့်အမျှ လူ့ပတ်ဝန်းကျင်နှင့် အဆင်မသင့်မှုများဖြစ်ပေါ်လာပြီး အခက်အခဲများဖြင့် ရင်ဆိုင်နေရပေလိမ့်မည်။ တစ်ဦးတစ်ယောက်တည်း ခွဲထွက်နေထိုင်၍ မရသော လူ့ဘောင်လောကတွင် လူအများ၏ ရှောင်ဖယ်ခြင်း သို့မဟုတ် မိမိဘာသာ ခွဲထွက်နေထိုင်ခြင်းများ ပြုမူတတ်လာပြီး စိတ်ခံစားချက်များသည် အထီးကျန်လာပေမည်။ ထိုမှတစ်ဆင့် တခြားတစ်ပါးသောသူများကိုလည်း ရန်သူကဲ့သို့သာ မြင်နေပေလိမ့်မည်။ ငြိမ်းချမ်းမှုဟူသည်မှာလည်း ပျောက်ကွယ်နေပေလိမ့်မည်။ ထို့ကြောင့် လူသားတိုင်းအတွက် စာတတ်မြောက်မှုသည် အဓိကအရေးကြီးသည်ဟု ဆိုချင်သည်။

ကမ္ဘာပေါ်တွင် တစ်နေ့ထက်တစ်နေ့ နည်းပညာများ ပိုမိုထွန်းကားလျက်ရှိသည်။ တိုးတက်ပြောင်းလဲမှုသည် ကမ္ဘာတစ်ဝန်းလုံး၌ဖြစ်ပေါ်နေပေသည်။ ထိုသို့ခေတ်မီတိုးတက်လာသော နိုင်ငံများကို လေ့လာကြည့်မည်ဆိုပါက နိုင်ငံသားများ၏ စာတတ်မြောက်မှုနှုန်းကို လေ့လာတွေ့ရှိနိုင်ပေသည်။ စာပေတတ်မြောက်သော နိုင်ငံသားအများဆုံးရှိသောနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုအမြန်ဆုံးဖြစ်နေသည်ကို တွေ့ရှိရပေသည်။ သိပ္ပံပညာရပ်များသည် တစ်နေ့ထက်တစ်နေ့ တိုးတက်မှုများပြားလာသောကြောင့် လူသားတိုင်း စာတတ်မြောက်ရေးသည် အဓိကသော့ချက်ဖြစ်လာပေသည်။ ထို့ကြောင့်ပင် နိုင်ငံတကာစာတတ်မြောက်ရေး​နေ့ကို ကမ္ဘာတစ်ဝန်းလုံးကျင်းပနေကြခြင်းပင်ဖြစ်သည်။

နိုင်ငံတကာစာတတ်မြောက်ရေးကြိုးပမ်းမှုသည် အီရန်နိုင်ငံ တီဟီရန်မြို့တွင် ၁၉၆၅ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့မှစ၍ ၁၂ ရက်ကြာ ကျင်းပခဲ့သည့် ကမ္ဘာ့စာတတ်မြောက်ရေးညီလာခံကြီးမှ စတင်ခဲ့ပါသည်။ ထိုကမ္ဘာ့ညီလာခံကြီး ကျင်းပသည့်နေ့ကိုဂုဏ်ပြု၍ နှစ်စဉ် စက်တင်ဘာလ ၈ ရက်နေ့ကို “နိုင်ငံတကာစာတတ်မြောက်ရေးနေ့” ဟု ၁၉၆၆ ခုနှစ်တွင် ကျင်းပခဲ့သော ယူနက်စကို အထွေထွေညီလာခံကြီးမှ ပြဋ္ဌာန်းသတ်မှတ်ခဲ့သည်။ ယူနက်စကိုအဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံကလည်း နိုင်ငံတကာစာတတ်မြောက်ရေး ကြိုးပမ်းမှုလုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သည်။

မြန်မာနိုင်ငံသည် ရှေးပဝေသဏီကတည်းကပင် ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် နေထိုင်ခဲ့ကြသည်။ သူတစ်ပါးကိုလည်းမထိပါး၊ မိမိနိုင်ငံအား ထိပါးလျှင်လည်း လက်မခံသောဝါဒကို လက်ကိုင်ထား ကျင့်သုံးသောကြောင့် အသိဉာဏ်ပညာများ ထွန်းလင်းစေရန် စာတတ်မြောက်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည်။ မြန်မာ့လူ့အဖွဲ့အစည်းတွင် “စာမတတ်လျှင် အကန်း” ဟူသည့် အဆိုတစ်ရပ်ကိုလက်ခံကျင့်သုံးပြီး စာပေတတ်မြောက်မှုကို ကြိုးပမ်းခဲ့သည်။ ၁၉၄၇ ခုနှစ် ယူနက်စကို၏ အစီရင်ခံစာတွင် မြန်မာနိုင်ငံစာတတ်မြောက်မှုနှင့်ပတ်သက်၍ အစောဆုံးမှတ်တမ်းမှာ ၁၅၆၀ ပြည့်နှစ်တွင် ပဲခူးသို့လာရောက်သည့် ခရီးသွားတစ်ဦးက ရေးသားထားသည့် မှတ်တမ်းတွင်တွေ့ရှိရကြောင်း၊ ထိုမှတ်တမ်း၌ မြန်မာ့လူ့အဖွဲ့အစည်းတွင် မြန်မာတို့သည် ယောကျ်ားလေးများအား မြန်မာဘုန်းတော်ကြီးကျောင်းများသို့ စာသင်ကြားရန်စေလွှတ်လျက်ရှိသည့် အလေ့အကျင့်ကောင်းတစ်ရပ်ရှိကြောင်း၊ ထိုဘုန်းတော် ကြီးသင်ပညာရေးကျောင်းများသည် ယနေ့တိုင် သင်ကြားပေးလျက်ရှိသဖြင့် မြန်မာ့ပညာရေးသည် ဘုန်းတော်ကြီးကျောင်းပညာရေးတွင်အခြေခံပြီး ဖွံ့ဖြိုးလာခြင်းဖြစ်ကြောင်းနှင့် ဘုန်းတော်ကြီးကျောင်းများ၏ ကျေးဇူးကြောင့် မြန်မာတို့စာတတ်မြောက်မှုနှုန်း သိသိသာသာမြင့်မားနေကြောင်း ဂုဏ်ယူဖွယ်ရာ တွေ့ရှိရပေသည်။

စစ်ပြီးခေတ်နှင့် လွတ်လပ်ရေးအစဦးကာလ မြန်မာနိုင်ငံအစိုးရ၏ “ရှစ်နှစ်တာပညာရေးအစီရင်ခံစာ (၁၉၄၇-၄၈ မှ ၁၉၅၄-၅၅ ခုနှစ်ထိ)”တွင် မြန်မာနိုင်ငံသုတေသနအသင်းကို ဦးစီးတည်ထောင်ခဲ့သည့် မစ္စတာ ဖာနီဘယ် (Mr. J.S. Furnivall)သည် မြန်မာနိုင်ငံ၏ စာတတ်မြောက်မှုနှင့်ပတ်သက်၍ ၁၉၃၁ ခုနှစ်တွင် အစီရင်ခံခဲ့သည်မှာ မြန်မာတိုင်းလိုလိုစာရေး၊ စာဖတ်တတ်မြောက်ကြပါသည်။ သေချာသည့်အချက်တစ်ချက်မှာ မြန်မာတို့၏ စာရေး၊ စာဖတ်တတ်မြောက်မှုနှုန်းသည် အင်္ဂလန်နိုင်ငံသားတို့ထက် များစွာသာလွန်နေသည့် အချက်ပင်ဖြစ်ပါသည် ဟူ၍ပင်ဖြစ်သည်။ မြန်မာတို့၏ ကုန်းဘောင်ခေတ် စာတတ်မြောက်မှုနှုန်းမြင့်မားမှုသမိုင်းကို ပြဆိုနေခြင်းဖြစ်သည်။ မြန်မာတို့၏စာတတ်မြောက်မှုနှုန်းမှာ သူ့ကျွန်ဘဝကျရောက်ခဲ့ရသည့် ၁၈၂၄ ခုနှစ်မှစ၍ ပြန်လည်ကျဆင်းခဲ့ရပြန်သည်။ မြန်မာလူမျိုးတို့သည် ဉာဏ်ပညာကြီးမားသူများဖြစ်ကြသည်။ သူ့ကျွန်ဘဝ ကျရောက်ခဲ့ရသည့်တိုင် အသိပညာ၊ အတတ်ပညာများကို အသုံးချလျက်ရရာလက်နက်စွဲကိုင် တော်လှန်ခဲ့ကြသည်။ မြန်မာတို့၏တောတောင်ရေ​မြေသဘာဝများ၊ မြေပေါ်မြေအောက်သယံဇာတများကို မတရားရယူလိုသော တိုင်းတစ်ပါးသားတို့က မြန်မာလူမျိုးတို့ ပညာတတ်မြောက်မည်ကို မလိုလားကြပေ။ သူ့ကျွန်ဘဝဖြင့်သာ ဆက်လက်ထိန်းချုပ်ထားလိုသောကြောင့် ပညာရေးကဏ္ဍတွင် ကန့်သတ်မှုများ၊ ဖိနှိပ်ချုပ်ချယ်မှုများ ပြုလုပ်ခဲ့ကြပြန်သည်။ သို့သော်လည်း ဘုန်းတော်ကြီးသင် ပညာရေးလုပ်ငန်းစဉ်များကြောင့် တိုင်းတစ်ပါးသားတို့ မျှော်မှန်းသကဲ့သို့ မဖိနှိပ်နိုင်တော့ဘဲ မြန်မာနိုင်ငံအား လွတ်လပ်ရေးပေးခဲ့ရသည်အထိ မြန်မာလူမျိုးတို့၏ အသိပညာများ ပွင့်လန်းခဲ့သည်။

သမိုင်းစာမျက်နှာများကို ပြန်လည်သုံးသပ်သည့်အခါ စာတတ်မြောက်မှုသည် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းသာယာရေးတို့အတွက် အရေးပါဆုံးသော ကဏ္ဍတစ်ရပ်ဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်သည်။ သမိုင်းအမွေဆိုးကြောင့် စာတတ်မြောက်မှုနှုန်းကျဆင်းခဲ့ရသည်ကိုလည်း​ တွေ့မြင်ကြရပေမည်။ စာတတ်မြောက်မှု နည်းပါးသည်နှင့်အမျှ ဉာဏ်ပညာနည်းပါးပြီး တွေးခေါ်မှုလည်းမှန်ကန်မှု နည်းပါးပေမည်။ အတွေးမှားအမြင်မှားတို့ကြောင့် သူတစ်ပါးတို့၏ သွေးထိုးစကားများကို ယုံမှားလွယ်ကြသည်။ ပြည်ပအားကိုးပုဆိန်ရိုးများ၏ စကားများကို ယုံကြည်မှုလွဲမှားလျက် သူတစ်ပါးစကားဖြင့် လမ်းဆုံးကြရသည့်ဘဝသို့ ရောက်ကြရသည်။ ထို့ကြောင့် သူ့ကျွန်ဘဝတွင် နှစ်ကြာရှည်စွာ ခံစားခဲ့ကြရသည်။ အကျိုးရလဒ်အားဖြင့် ဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးကြန့်ကြာခြင်း၊ စီးပွားရေးကျပ်တည်းခြင်း၊ အနာရောဂါခံစားရခြင်း စသော နောက်ဆက်တွဲအမွေဆိုးများကိုလည်း ကြုံတွေ့ကြရပေသည်။

ယနေ့ခေတ်သည် ခေတ်မီဖွံ့ဖြိုးမှု လျင်မြန်သောခေတ်ဖြစ်ပြီး နည်းပညာများသည်လည်း အချိန်နှင့်တစ်ပြေးညီ ထွန်းကားနေပြီဖြစ်သည်။ စာတတ်မြောက်မှုမရှိပါဘဲ နည်းပညာနောက်သို့ လိုက်ပါစီးမျောနိုင်မည်မဟုတ်ပေ။ ခေတ်မီတိုးတက်လာသည်နှင့်အမျှ နည်းပညာ၏ဆန်းပြားမှုတို့သည် အဆမတန်များပြားလာသည်။ နည်းပညာကို တစ်စွန်းတစ်မျှပင်မချဉ်းကပ်နိုင်ပါက သူတစ်ပါး၏ စကားကိုသာ ယုံမှားသံသယဖြစ်နေရမည်သာဖြစ်သည်။ နည်းပညာကို ချဉ်းကပ်နိုင်သော စာပေတတ်မြောက်မှုမရှိခဲ့လျှင် ခေတ်နောက်ကျသည်ထက် ခေတ်၏ ဝဲဂယက်ထဲတွင် ချာချာလည်ပြီး ဘဝ၏နစ်နာဆုံးရှုံးမှုများကို ရင်ဆိုင်ရမည်သာဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက် ပထမအချက်အနေဖြင့် “တစ်နိုင်ငံလုံးအသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး”ဟူ၍ ချမှတ်ထားသည်။ တိုင်းပြည်တစ်ပြည်ဖွံ့ဖြိုးတိုးတက်ရန် ပညာတတ်များ ပေါကြွယ်ဝရန်လိုအပ်သည်။ ထို့ကြောင့် လူသားအရင်းအမြစ်များဖြစ်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များ မွေးထုတ်ပေးနိုင်ရန် အခြေခံပညာအထက်တန်းကျောင်းများ၌ ဝိဇ္ဇာ/သိပ္ပံဘာသာရပ်များအပြင် စိုက်ပျိုး၊ မွေးမြူရေး၊ စက်မှုပညာရပ်များကို တွဲဖက်သင်ကြားပေးလျက်ရှိပေသည်။ အခြေခံပညာ၊ ဒီပလိုမာသင်တန်းများမှတစ်ဆင့် အဆင့်မြင့်ပညာရပ်များသို့ အဆင့်ဆင့်တက်ရောက်နိုင်ရေး စီမံဆောင်ရွက်ပေးလျက်ရှိပြီး ဘက်စုံပညာရေးစနစ်ကို ဦးတည်ဆောင်ရွက်လျက်ရှိပေသည်။

ထို့ပြင် အသိပညာများတိုးပွားလာစေရန်  စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာ​ပေးဟောပြောပွဲများ၊ စာကြည့်တိုက်များ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ပြည်သူတစ်ရပ်လုံး အသိပညာဗဟုသုတ တိုးပွားရေးတို့ကို ရှေးရှုလျက် စာအုပ်စာပေလှူဒါန်းပေးအပ်ပွဲများကို နိုင်ငံတစ်ဝန်းလုံး၌ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ပညာတတ်သူနည်းပါးပြီး ပညာရေးကဏ္ဍနိမ့်ကျခဲ့သည်ကို လေ့လာတွေ့ရှိရသည်။ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းမည်ဆိုပါက နိုင်ငံသားတိုင်း အသိပညာ၊ အတတ်ပညာများနှင့် ပြည့်စုံရန်လိုအပ်သည်။ ထို့ကြောင့် အစိုးရအနေဖြင့် လူငယ်များကို အခြေခံသည့်အနာဂတ်ကို ဖန်တီးပေးရန်နှင့် ပညာရေးကဏ္ဍတိုးတက်မြင့်မားအောင် ဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် ဘာသာစကားစုံပညာရေးကိုလည်း မြှင့်တင်ကြရပေမည်။ မြန်မာနိုင်ငံတွင် ၁၃၅ မျိုးသော တိုင်းရင်းသားလူမျိုးများစုပေါင်းနေထိုင်ကြခြင်းကြောင့် ဘာသာစကားသည်လည်း အရေးပါသော လူမှုရေးကဏ္ဍတစ်ခုပင်ဖြစ်ပေသည်။ ဘာသာစကားဆိုသည်မှာ လူသားတို့၏ ပတ်ဝန်းကျင်၌ နေ့စဉ်မရှိမဖြစ် သုံးစွဲကြသည့် နည်းပညာတစ်ခုဟုပင် ပြောရပေမည်။ မိမိတို့အကြောင်း၊ မိမိစိတ်ထဲမှ အတွေး၊ အပြန်အလှန် ဆက်သွယ်နားလည်ရေး၊ မိမိပတ်ဝန်းကျင်ကမ္ဘာလောက၌ နေ့စဉ်သွားလာလှုပ်ရှားရန်အဆင်ပြေလွယ်ကူရေး စသည်တို့အတွက် နေ့စဉ်သုံးစွဲနေသည့် နည်းပညာ၊ ကိရိယာတစ်ခုဟုလည်း ယူဆနိုင်ပေသည်။

စာတတ်မြောက်ရုံသာမက ဘာသာစကားများကို ထမင်းစားရေသောက်လောက် နားလည်အောင်လည်း လေ့လာထားသင့်သည်။ အချင်းချင်းပေါင်းသင်းဆက်ဆံရာ၌ အနည်းငယ်မျှသော နားလည်မှုမှသည် ငြိမ်းချမ်းသော လူ့ဘောင်ဖြစ်ရန်အတွက် ဘာသာစကားကို အတတ်နိုင်ဆုံးလေ့လာနိုင်အောင် ပညာရေးကဏ္ဍ၌ မြှင့်တင်ပေးရန် လိုအပ်ပေသည်။ ဘာသာစကားကို စာပေနှင့်သာမကအမူအရာဖြင့်ပါ အလွယ်တကူ နားလည်သဘောပေါက်နိုင်ရန် လေ့လာမှုပြုနိုင်ပါက ပိုမို၍ထိရောက်ပေလိမ့်မည်။ ဘာသာစကားတိုင်းသည် ပြောတတ်နေရုံမျှဖြင့် မလုံလောက်ပေ။ တချို့သော စကားသံမတူညီသည့်နေရာများ၌ အမူအရာနှင့်ဆက်သွယ်၍ နားလည်အောင် ပြုလုပ်ကြရမည်ဖြစ်သည်။

ငြိမ်းချမ်းရေးဟူသည် လူသားတိုင်း လိုလားတောင့်တသော အဖိုးတန်သည့် အရာတစ်ခုပင်ဖြစ်သည်။ ငြိမ်းချမ်းသော လူ့ဘောင်တစ်ခုအဖြစ်ရပ်တည်နိုင်ရန် လူသားတို့အကြားအပြန်အလှန် နားလည်မှုရှိကြရပေမည်။ တစ်ဦး၏ စိတ်ဆန္ဒကိုတစ်ဦးက အတတ်နိုင်ဆုံးနားလည်နိုင်ရန် လေ့လာရမည်ဖြစ်သည်။ ထိုသို့နားလည်နိုင်ရန် ဘာသာစကားစုံ ပညာရေးသည်လည်း လိုအပ်သောအခန်း ကဏ္ဍတစ်ခုပင်ဖြစ်သည်။ အသိဉာဏ်ပညာဖွံ့ဖြိုးရန် စာတတ်မြောက်အောင် သင်ကြားကြရမည်ဖြစ်ပြီး လူသားအချင်းအချင်း အပြန်အလှန်နားလည်မှုရရှိစေရန် ဘာသာစကားစုံပညာရေးကဏ္ဍကို မြှင့်တင်ပေးကြရပေမည်။ မိမိကိုယ်ပိုင်ဉာဏ်ဖြင့် သုံးသပ်နိုင်မှသာ အဆိုးအကောင်းကို ခွဲခြားသိမြင်ပြီး ဝေဖန်ပိုင်းခြားနိုင်ပေလိမ့်မည်။ သို့မှသာ ‘‘သံသယပျောက်၍ အမှန်ဘဝရောက်ကြရမည်’’ဖြစ်ပြီး ငြိမ်းချမ်းသော လူ့ဘောင်သစ်တစ်ခုကို ပြန်လည်ဖော်ဆောင်နိုင်မည်ဖြစ်ပေသည်။ သို့မှသာ ပညာရေးကိုအခြေခံသော နားလည်မှုဖြင့် လူ့ဘောင်လောကငြိမ်းချမ်းမှုကို ရရှိနိုင်မည်သာဖြစ်ပေသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးပန်းတိုင်ဆီသို့ စုပေါင်းညီညာစွာချီတက်နိုင်ရန် ပြည်သူအားလုံးစာတတ်မြောက်ရေး​ ဆောင်ရွက်ချက်များကို ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းရေးသားအပ်ပါသည်။ ။

ကျမ်းကိုး-

-ဦးဘသင်(၁၉၅၈)ယူနက်စကိုမစ်ရှင်အဖွဲ့၏ ၁၉၅၁ ခုနှစ် အစီရင်ခံစာ၊ အစိုးရပုံနှိပ်တိုက်။