Skip to main content

နည်းပညာရေစီးကြောင်းနှင့် သတိပြုဖွယ် AI အန္တရာယ်

ရွှေစင်

ဉာဏ်ရည်တု AI (Artificial Intelligence) နည်းပညာက အရှိန်အဟုန်ဖြင့် တိုးတက်လာနေသည်။ သို့သော် AI ကို မကောင်းသည့်ရည်ရွယ်ချက်ဖြင့် အသုံးပြုသည့်လူက အများစုဖြစ်သည့်အတွက် လူသားတစ်ရပ်လုံးအတွက် စိုးရိမ်ဖွယ်ရာခြိမ်းခြောက်မှုများ တိုးပွားလာပြီး အန္တရာယ်သတိပေးသံများ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာနေသည်ကို သတိထားမိလာကြသည်။ AI နည်းပညာဖြင့် ဗီဒီယို၊ ဓာတ်ပုံအတုများက လူတို့၏ ထင်မြင်ယူဆချက်များကို ပြောင်းလဲလာအောင် လှည့်စားနိုင်သလို လူငယ်များ အထူးသဖြင့် မိန်းကလေးငယ်များအတွက် ကြီးမားသည့်အန္တရာယ်ကို ဖြစ်ပေါ်စေနိုင်သည့်အခါ အရာရာတိုးတက်မှုနှင့် စိန်ခေါ်မှုက ဒွန်တွဲစမြဲပင်ဖြစ်သည်ကို ဆင်ခြင်ရတော့မည်ဖြစ်ပါသည်။

AI ၏ သားကောင်ဖြစ်ခဲ့ရသည့် ကျွန်မမိတ်ဆွေ

ကျွန်မ၏ မိတ်ဆွေမိန်းကလေးတစ်ယောက်၏ ဖွင့်ဟချက်ကို နားထောင်ခံစားလိုက်ရသည်က သက်သေပင်ဖြစ်သည်။ ထိုမိတ်ဆွေက သူ့အခက်အခဲတစ်ခုကို စိုးရိမ်တကြီး ဖွင့်ဟလာခြင်းဖြစ်သည်။ ကံမကောင်းစွာဖြင့် ၎င်းသည် AI ၏ ပစ်မှတ်ဖြစ်ခဲ့ရသည်။ ၎င်း၏မျက်နှာကို အသုံးပြုပြီး လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုလုပ်သည့် ဓာတ်ပုံများကို ဖန်တီးထားကြောင်း၊ ၎င်းပုံများကို သူ့ထံ Messenger မှ ပေးပို့ပြီး Facebook ပေါ်တင်မည်၊ Facebook ပေါ်မတင်စေလိုပါက ငွေပေး ရမည်ဖြစ်ကြောင်း ခြိမ်းခြောက်လာခြင်းဖြစ်သည်။ ၎င်းပုံများသည် နည်းပညာနှင့် မကျွမ်းဝင်သည့် သာမန်လူတို့အဖို့ ယုံကြည်စဖွယ် လှည့်စားထားမှုများပင် ဖြစ်သည်။

သူက မိဘများထံ အကူအညီတောင်းခဲ့သော်လည်း နည်းပညာမကျွမ်းသည့် မိဘများကမယုံ။ မသမာသူများမှ ပေးပို့သော ဓာတ်ပုံများကိုပင် အမှန်ဟုပင် ယူဆပြီး အထင်အမြင်လွဲခံနေရကြောင်း ရင်ဖွင့်လာခြင်းဖြစ်သည်။ မိမိမလုပ်သည်ကို ငြိမ်မခံနေရန်နှင့် ပေးပို့သူ၏ Facebook Account နှင့်တကွ ပေးပို့ထားသော chat box မှ စာများကိုပါ Facebook ပေါ်မှာ ပြန်လည်တင်ပြီး ချက်ချင်းဖြေရှင်းရန် ကျွန်မက အကြံပြုခဲ့သည်။ မိတ်ဆွေ၏မိဘများကိုလည်း ကျွန်မကိုယ်တိုင် AI နှင့် မည်သို့မည်ပုံ ဓာတ်ပုံပြုလုပ်၍ရသည်ကို လက်တွေ့ပြသပြီး ပြန်လည်ဖြေရှင်းပေးခဲ့ရပါသည်။ ဤကား ကျွန်မသူငယ်ချင်း၏ အတွေ့အကြုံတစ်ခုပင် ဖြစ်သည်။

ကျွန်မသည် AI ကို စိတ်ဝင်စားသူပီပီ AI ၏ အသုံးဝင်ပုံများနှင့် အသုံးပြုနည်းများကို အဆက်မပြတ် လေ့လာနေသူတစ်ဦးဖြစ်သည်။ ထို့ကြောင့် နည်းပညာ၏ ကောင်းကျိုး၊ ဆိုးကျိုးများနှင့်အတူ အလားတူဖြစ်ရပ်မျိုးများစွာကို အင်တာနက်စာမျက်နှာများပေါ်တွင် မကြာခဏအကဲခတ်မိပါသည်။ ယနေ့ခေတ်တွင် နည်းပညာတိုးတက်မှုမြင့်မားလာသည်နှင့်အမျှ လူသားများ၏ လူနေမှုဘဝတွင် လွှမ်းမိုးထိခိုက်နိုင်သည့် အခြေအနေများ ကြုံတွေ့လာရသည်ကို မှန်းဆနိုင်ပါသည်။

ယနေ့ခေတ် အဆင့်အမြင့်ဆုံးနည်းပညာတစ်ခုဖြစ်နေသည့် AI သည် လူတို့၏ နေ့စဉ်ဘဝကို တိုးတက်ကောင်းမွန်အောင် အမြောက်အမြား ဖန်တီးပေးနေသော်လည်း သတင်းအချက်အလက်ခိုးယူမှု၊ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှု၊ ဆိုက်ဘာလုံခြုံရေး ခြိမ်းခြောက်မှု၊ တိုက်ခိုက်မှုများ ယခင်ကထက် ပိုများပြားလာသည်ကို သတိထားမိသည်။ AI သည် ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ အိပ်မက်ဆိုးများကိုပါ သယ်ဆောင်လာပြီဖြစ်သည်။ မကောင်းသည့်ရည်ရွယ်ချက်များတွင် အသုံးချမှု ကြောင့် ဖြစ်ပေါ်လာသည့်ဆိုးကျိုးများကို တင်ပြလိုပါသည်။

ဆိုရှယ်မီဒီယာမှာ ဘယ်လိုအသုံးချသလဲ

AI နည်းပညာသည် လူသားများ၏ နေ့စဉ်ဘဝတွင် များစွာတွင်ကျယ်လာနေသည်။ ယနေ့ခေတ် လူသုံးအများဆုံး Smart Phone နှင့် ကွန်ပျူတာများတွင် AI နည်းပညာက အဓိကကျကျ နေရာယူလာနေပြီဖြစ်သည်။ AI သည် အသုံးပြုသူ၏ စိတ်ဝင်စားမှု၊ အပြုအမူနှင့် ယုံကြည်ချက်များအပေါ် မူတည်၍ လူ့စိတ်ကို ထိန်းချုပ်နိုင်စွမ်းရှိသည်။ AI က အသုံးပြုသူကျင်လည်ရာ ဆိုရှယ် မီဒီယာအပေါ်တွင် ဘယ်အကြောင်းအရာများကို အများဆုံးကြည့်သလဲ၊ ဘယ်အရာကို အများဆုံး Like ပေးသလဲ၊ ဘယ်လို Comment ပေးသလဲစသည်တို့ကို မှတ်သားထားပြီး မိမိတွင် ဘယ်လိုအယူအဆ၊ ဘယ်လိုစရိုက်ရှိသည်ဆိုတာမျိုးအထိ ခွဲခြမ်းစိတ်ဖြာနိုင်သည်အထိ အဆင့်မြင့်လာနေသည်။

ဥပမာ မိမိနှစ်သက်ရာ အဝတ်အထည်၊ အစားအသောက်၊ အားကစား၊ နည်းပညာစသည့် တစ်မျိုးမျိုးကို အများဆုံးကြည့်ရှုသူဖြစ်ပါက မိမိ၏ဆိုရှယ်မီဒီယာတွင် ၎င်းအကြောင်းအရာများသာ အများဆုံးတွေ့မြင်ရမည်ဖြစ်သည်။ အကြောင်းကား မိမိနှစ်သက်ရာ သတင်းအချက်အလက်များကို စနစ်တကျသိမ်းဆည်းထားပြီး ကိုယ်က မသိလိုက်ခင်မှာပင် ဘယ်လိုအယူအဆရှိသည်ဆိုတာကို AI က ခွဲခြမ်းစိတ်ဖြာပေးထား ခြင်းကြောင့်ဖြစ်သည်။

deepfake ဟုခေါ်သည့် AI နည်းပညာတစ်မျိုးသည် ဗီဒီယို၊ ဓာတ်ပုံများသာမက ဗီဒီယို call များမှာပါ အသုံးပြုခံရသူ၏ မျက်နှာနှင့်အသံကိုပါ အစားထိုးအသုံးပြုနိုင်သည့် နည်းပညာတစ်မျိုးဖြစ်သည်။ ၎င်းနည်းပညာကိုအသုံးပြုပြီး သတင်းအမှားများ၊ လိမ်လည်မှုများ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များခိုးယူ၍ မသမာမှုများပြုလုပ်နိုင်ပြီး လူအများ၏ ထင်မြင်ယူဆချက်များနှင့် လူမှုဘဝအပေါ် ကြီးမားသောဆိုးကျိုးများ သက်ရောက်စေသည်။ အသုံးပြုသူ လိုလားရာ ဆန္ဒမဲပေးခြင်းနှင့် နိုင်ငံရေးယူဆချက်များကိုလည်း ထိန်းချုပ်နိုင်စွမ်းရှိလာသည်။ ဥပမာ နိုင်ငံရေးဝါဒဖြန့်မှုများတွင် ပြိုင်ဘက်နှင့် သက်ဆိုင်သည့် သတင်းအမှားများဖြန့်ဝေရာတွင် ရည်ရွယ်ချက်ရှိရှိ အသုံးပြုခြင်းဖြစ်သည်။

အသုံးပြုသူများသည် ၎င်းတို့ကို အမှန်ဟု ယူဆလိုက်ခြင်းကြောင့် ရွေးကောက်ပွဲတွင် ဆန္ဒမဲအပြောင်းအလဲကို ဖြစ်ပေါ်စေနိုင်သည်။ ဥပမာ အမေရိကန်နိုင်ငံ၊ နယူးဟမ်းရှိုင်းယားပြည်နယ်ရှိ မူလတန်းကျောင်းသို့ သမ္မတဘိုင်ဒင်အယောင်ဆောင်ကာ ဒီမိုကရက်များကို မဲမပေးရန် AI က ဖန်တီးထားသော ဖုန်းခေါ်ဆိုမှုမျိုးရှိခဲ့သည်။ သမ္မတဟောင်းထရမ့်ကိုယ်တိုင် AI ဖန်တီးထားသော ဆိုဗီယက်ယူနီယံကွန်မြူနစ်တံဆိပ်ပါသော အလံနှင့်အတူ လူထုကြားတွင် မိန့်ခွန်းပြောနေသည့် ဒုတိယသမ္မတဟဲရစ်၏ပုံကို ၎င်း၏ X အကောင့်တွင် ဖော်ပြထားသည်။ ထို့ကြောင့် ၂၀၂၄ အမေရိကန်ရွေးကောက်ပွဲကို “အမေရိက၏ ပထမဆုံး AI ရွေးကောက်ပွဲ” ဟူ၍ပင် တင်စားပြောစမှတ်ပြုလာကြသည်။

AI နည်းပညာဖြင့် ပုဂ္ဂိုလ်တစ်ဦး၏ အသံကိုပွားယူပြီး ဗီဒီယိုများဖန်တီးနိုင် ခြင်းကြောင့် နိုင်ငံရေးသမားများ သို့မဟုတ် ထင်ရှားကျော်ကြားသူများ၏ အသံများ၊ ရုပ်ပုံများသည် ပစ်မှတ်များ အလွယ်တကူဖြစ်လာကြသည်။ ရုရှား-ယူကရိန်းစစ်ပွဲတွင် ယူကရိန်းဘက်မှ ထောက်ခံမည့်မူကြမ်းကို သမ္မတဂျိုးဘိုင်ဒင်က ထုတ်ပြန်ကြေညာသည့် ဗီဒီယိုအတုတစ်ခုထွက်လာခဲ့ဖူးသည်။ ကမ္ဘာကျော်အနုပညာရှင်များ၏ မျက်နှာနှင့် အသံများကို အသုံးပြုကာ လူမျိုးရေးခွဲခြားသည့် ဗီဒီယိုတစ်ခုကို ဆိုရှယ်မီဒီယာပေါ်တွင် ဖော်ပြထားသည်ကို သိခဲ့ရဖူးသည်။

ထို့ကြောင့် သားကောင်ဖြစ်ရရှာသော အနုပညာရှင်များအနေဖြင့် သူတို့၏ ကိုယ်ပိုင်အကောင့်များမှ ချက်ချင်းပြန်လည်ဖြေရှင်းမှုများ ပြုလုပ်ခဲ့ရသည်။ ထိုကဲ့သို့ AI ကို တလွဲအသုံးချမှုများက ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်နှင့် အများပြည်သူ၏ ထင်မြင်ယူဆချက်နှင့် ယုံကြည်မှုကို များစွာထိခိုက်စေပါသည်။ ထို့ပြင် AI အခြေပြု ဆိုက်ဘာတိုက်ခိုက်မှုများကြောင့် နိုင်ငံ၏လုံခြုံရေးစနစ်များကိုပင် ထိခိုက်စေနိုင်ပြီး အချို့သောနိုင်ငံများအကြား ပဋိပက္ခများကိုပင် ဖြစ်နိုင်သည်အထိ ဆိုးကျိုးများကိုလည်း တွေ့လာရသည်။ (ဥပမာ- ရုရှား-ယူကရိန်းစစ်ပွဲတွင် AI ဖြင့်လှည့်စားခြင်း)

ဓာတ်ပုံ၊ ဗီဒီယိုအတုပြုလုပ်၍ စီးပွားရေးတွင် နစ်နာဆုံးရှုံးမှုများ

ဘဏ္ဍာရေးကုမ္ပဏီများတွင် Deepfake နည်းပညာကို အသုံးပြု၍ လိမ်လည်မှုများ ဖြစ်ပွားခဲ့ပုံကို တင်ပြလိုပါသည်။ ငွေကြေးလိမ်လည်သူများသည် ဟောင်ကောင်ကုမ္ပဏီ၏ ဘဏ္ဍာရေးအရာရှိချုပ်အပါအဝင် အရာရှိများအဖြစ် ဟန်ဆောင်ကာ ကုမ္ပဏီ၏ ငွေစာရင်းကိုင်ဝန်ထမ်းထံ အွန်လိုင်းအစည်းအဝေးတက်ရောက်မည့် အီးမေးလ်ကို ကြိုတင်ပေးပို့ခဲ့ပြီး အစည်းအဝေးတွင် Deepfake နည်းပညာ အသုံးပြု၍ ဘဏ္ဍာရေးအရာရှိချုပ်နှင့် အခြားအရာရှိများ၊ ဝန်ထမ်းများ၏ မျက်နှာပုံစံနှင့် အသံတို့ကို အစစ်အတိုင်း ဖန်တီးပြီး စာရင်းကိုင်ဝန်ထမ်းအား ၎င်းတို့၏ ဘဏ်အကောင့်ထဲသို့ ငွေကြေးများကို လွှဲပြောင်းပေးရန် ညွှန်ကြားခဲ့သည်။

ဝန်ထမ်းက အတုကို အစစ်ထင်ခဲ့ပြီး လိမ်လည်သူများခိုင်းသည့်အတိုင်း USD$ ၂၅.၆ သန်းနီးပါးကို လွှဲပြောင်းပေးလိုက်သည်။ အချို့သောဟက်ကာများသည် ကုမ္ပဏီအရာရှိကြီးများ၏ အီးမေးလ်အကောင့်များကို ရယူပြီး အီးမေးလ်မှတစ်ဆင့် ကုမ္ပဏီ၏ လျှို့ဝှက်စီမံကိန်းများ၊ ကုမ္ပဏီဝန်ထမ်းနှင့် အရာရှိကြား နှစ်ဦးသာသိရှိရန် လျှို့ဝှက်ပြောကြားစေပြီး ၎င်းထံ ငွေလွှဲစေခြင်းများဖြစ်သည်။ အစီရင်ခံစာများအရ AI နည်းပညာနှင့် ဆက်စပ်သောလိမ်လည်မှုများကြောင့် နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၄၂၀ နီးပါး ဆုံးရှုံးနစ်နာမှုများရှိနေကြောင်း သိရှိလိုက်ရသည်။ ၎င်းအချက်က AI နည်းပညာအသုံးပြုမှုအပေါ် ပိုပြီးသတိရှိရန်နှင့် လုံခြုံရေးစနစ်များကို ပိုမိုခိုင်မာစွာကျင့်သုံးရန် လိုအပ်ပုံကို ပြသနေပါသည်။

အလုပ်အကိုင်အခွင့်အလမ်းအပေါ် သက်ရောက်မှု

Space X နှင့် Tesla ကုမ္ပဏီပိုင်ရှင် အီလွန်မက်နှင့် အခြားသောနည်းပညာရှင် ၁၀၀၀ ကျော်က AI နည်းပညာစမ်းသပ်မှုများကို နှောင့်နှေးအောင် လုပ်ဆောင်ရတော့မည်ဖြစ်ကြောင်း ၂၀၂၃ ခုနှစ်တွင် ပြောကြားခဲ့ဖူးပါသည်။ အကြောင်းကား AI နည်းပညာ၏ တစ်ဟုန်ထိုးကျယ်ပြန့်မှုနှင့် ဘယ်လောက် အထိ အန္တရာယ်ရှိနိုင်သလဲဟူသည့် အတိုင်းအတာပမာဏကို မသိရှိနိုင်ခြင်းကြောင့် နည်းပညာသစ်တစ်ခု ထွက်ပေါ်လာတိုင်း လုပ်သားဈေးကွက်အပေါ် ကြီးစွာသော သက်ရောက်မှုများကို ကြုံနေကြရခြင်းကြောင့် ဖြစ်သည်။

ဥပမာ ထုတ်လုပ်ရေးတွင် AI သုံး စက်ရုပ်များကို အစားထိုးအသုံးပြုခြင်းကြောင့် ထရပ်ကားမောင်းသူ သန်းပေါင်း များစွာ အလုပ်လက်မဲ့ဖြစ်ရသည်။

ယခုလည်း AI ကြောင့် ဂရပ်ဖစ်ဒီဇိုင်နာများ အလုပ်အကိုင်အခွင့်အလမ်းများ နစ်နာဆုံးရှုံးကြရပါပြီ။ ထို့နည်းတူ ပန်းချီ၊ ကဗျာ၊ ဂီတ၊ စာရေးသားခြင်းစသည့် နယ်ပယ်များမှာ AI ကြောင့် အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးနစ်နာရသည်။ ထို့ကြောင့်လည်း မိမိတို့မှာ AI ၏ အသုံးချခံမဖြစ်စေဘဲ AI ကို ကျွမ်းကျင်လိမ္မာပါးနပ်စွာ အသုံးချနိုင်သည့် အရည်အသွေးရှိရန် လိုအပ်လာပြီဖြစ်ကြောင်း ယူဆမိပါသည်။

၂၁ ရာစု လူသားများအတွက် မရှိမဖြစ်လိုအပ်သော Skill များအနက် နည်းပညာကျွမ်းကျင်မှုသည် တစ်ခုအပါအဝင်ဖြစ်သည်။ အနာဂတ်ကာလတွင် AI နည်းပညာကို ကျွမ်းကျင်စွာ အသုံးချနိုင်မှသာ အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရရှိလာနိုင်မည်ဖြစ်ပြီး စတုတ္ထစက်မှုတော်လှန်ရေးနှင့်အတူ အလုပ်အကိုင်ရှာဖွေသူများအကြား AI နည်းပညာကို ကောင်းမွန်အကျိုးရှိစွာ အသုံးချနိုင်သူများကသာ နေရာသစ်တစ်ခုကို ပိုင်ဆိုင်ကြတော့မည်ဖြစ်ပါသည်။ အနာဂတ်မှာ နည်းပညာကျွမ်းကျင်သူနှင့် နည်းပညာအားနည်းသူများအကြား အလုပ်အကိုင်အခွင့်အလမ်းကွာဟမှုမှာ ကြီးမားလာတော့မည်ဖြစ်ပါသည်။

ကောင်းကျိုးများ

နည်းပညာတစ်ရပ်သည် လူ့အဖွဲ့အစည်းတွင် များစွာအသုံးဝင်သော်လည်း ဆိုးကျိုးများရှိသလို ကောင်းကျိုးလည်း များစွာရှိနေသည်။ AI သည်လည်း ထို့အတူပင်။ ကောင်းကျိုးများအနေဖြင့် စက်ရုံ၊ အလုပ်ရုံ၊ မောင်းသူမဲ့ကားနှင့် ဒရုန်းများ၊ သက်ကြီးရွယ်အိုစောင့်ရှောက်ခြင်း၊ အိမ်အကူ၊ အန္တရာယ်များသော ကယ်ဆယ်ရေးနှင့် သုတေသနလုပ်ငန်းများစသည့် ကဏ္ဍများတွင် အောင်မြင်မှု များမှာ AI နည်းပညာကြောင့်လည်း ပါဝင်သည်။ ကျန်းမာရေးကဏ္ဍတွင် ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေရှိသူကို AI နည်းပညာကို အကျိုးရှိစွာ အသုံးချခြင်းဖြင့် ကင်ဆာရောဂါအဆင့်ကို ကြိုတင်သိရှိရပြီး ဖြစ်ပွားမှုကို ထိန်းချုပ်ကုသနိုင်သည့်အတွက် ကင်ဆာကြောင့် သေဆုံးမှုပမာဏ နည်းလာသည်ကို တွေ့ရသည်။

လူသားများတွင် လုပ်နိုင်သည့် ပမာဏနှင့် လုပ်နိုင်စွမ်းအကြား ရှိနေသည့်အကန့်အသတ်ကို ကျော်လွှားရန် လိုအပ်သည့်အခါ AI သည် အသုံးဝင်လာသည်။ မီးလောင်၊ မြေပြို၊ ငလျင်ဒဏ် များကြောင့် အဆောက်အအုံအပျက်အစီးများကြားတွင် ကူရာမဲ့လူနှင့် အိမ်မွေးတိရစ္ဆာန်များ ဘယ်နေရာတွင် ကျန်ရှိနေသလဲဆိုသည်ကို AI သုံးအဆင့်မြင့်စက်ရုပ်များဖြင့် ရှာဖွေကယ်ဆယ်နိုင်လာခြင်းက ဝမ်းသာစရာဖြစ်သည်။

ယနေ့ခေတ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် စွမ်းဆောင်ရည်မြှင့်တင်ရန်၊ ကုန်ကျစရိတ်လျှော့ချရန်နှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေရန် အတွက် AI သည် အလွန်ပင်အသုံးတည့်လှသည်။ ကောက်ပဲသီးနှံများကို စောင့်ကြည့်ခြင်း၊ မြေဆီလွှာခွဲခြမ်း စိတ်ဖြာခြင်း၊ သီးနှံအတွက် လိုအပ်သည့် ရေပမာဏကို အချိန်နှင့်တစ်ပြေးညီ တွက်ချက်ပေးနိုင်ခြင်း၊ ဆည်မြောင်းစနစ်များကို ပိုမိုကောင်းမွန်အောင် စီမံခန့်ခွဲ နိုင်ခြင်းနှင့် ရေချွေတာခြင်းများတွင် AI က အကူအညီပေးနိုင်ပါသည်။ AI စနစ်ပါသော အာရုံခံကိရိယာများ၊ ဒရုန်းများနှင့် စက်ရုပ်များက ပိုးသတ်ဆေးဖျန်းခြင်း၊ ဓာတ်မြေဩဇာကျွေးခြင်းနှင့် ပေါင်းနုတ်ခြင်းများတွင် လူ့ကျန်းမာရေး မထိခိုက်စေဘဲ ကာကွယ်ပေးနိုင်ပါသည်။

ကမ္ဘာတစ်ဝန်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွင် AI နည်းပညာကို အမေရိကန်၊ တရုတ်နှင့် အစ္စရေးတို့မှ ဦးဆောင်နေသည်ဖြစ်ရာ လယ်ယာစိုက်ပျိုးရေးကိုအခြေခံသော ဖွံ့ဖြိုးဆဲမြန်မာနိုင်ငံအနေဖြင့် AI ကို ၎င်းကဏ္ဍ၌ တွင်တွင်ကျယ်ကျယ်အသုံးချနိုင်ရန် လိုအပ်မည်ဟု ယူဆပါသည်။ မွေးမြူရေး လုပ်ငန်းများတွင်လည်း AI အကူအညီဖြင့် တိရစ္ဆာန်များ၏ လှုပ်ရှားသွားလာမှု၊ ကျန်းမာရေးနှင့် အခြားသောအပြုအမူများကို စောင့်ကြည့်နိုင်ပြီဖြစ်သည်။ လုပ်ငန်းရှင်များသည် ယခင်သုံးရက် အတွင်း တိရစ္ဆာန်တစ်ကောင်၏ ရေသောက်သုံးမှုပမာဏ၊ အစာစားသုံးမှုနှုန်းတို့ကို AI ဖြင့် ခန့်မှန်းလာနိုင်သည့်အတွက် တိရစ္ဆာန်ကောင်ရေအလိုက် လိုအပ်သည့် အစာသိုလှောင်မှုတွင် နေရာ အလုံအလောက်ရရှိရန် ကူညီပေးနိုင်ပါသည်။

AI ၏ လုပ်ဆောင်နိုင်စွမ်းက အံ့မခန်းဖြစ်သလို ဆိုးကျိုးများကား ထိတ်လန့်ဖွယ်ဖြစ်သည်မှာ သံသယဖြစ်စရာမလိုပါ။ ယခင်က Photoshop ကို အသုံးပြုပြီး အစစ်နှင့်တူသည့် ဓာတ်ပုံများကို နာရီပေါင်းများစွာ ပြုလုပ်ခဲ့ရသည်။ ယခု AI မှာတော့ အစစ်နီးပါး ခွဲခြားမရသည့် ပုံအတုပုံများကို စက္ကန့်ပိုင်းအတွင်း ရရှိလာနိုင်ပါပြီ။ Click တစ်ချက်နှိပ်ရုံဖြင့် မိမိလိုသလို ပြင်ဆင်လာနိုင်သည့်အခါ မကောင်းဘက်မှာ အားသန်သူများအဖို့ AI က အခွင့်အရေးဖြစ်သွားသည်။ AI ကို ကောင်းစွာ အသုံးချလိုသူများအတွက်မူ လက်ထောက်ကောင်းတစ်ယောက် ရလိုက်သည့်နှယ်ဖြစ်သည်။

ဥပမာ Chat GPT ကို အသုံးပြု၍ အင်္ဂလိပ်စာလေ့လာနိုင်ခြင်း၊ Assignment များ ရေးသားနိုင်ခြင်းဖြစ်သည်။ သို့သော် မိမိ၏ ကြိုးစားအားထုတ်မှုမပါဘဲနှင့်တော့ ဘာသာရပ်များကို အသေအချာ နားလည်တတ်မြောက်မည်မဟုတ်ပါ။ AI သည် လေ့လာလိုသည့်ဘာသာရပ်၏ Concept ကို ရှင်းပြသည့်အခါတွင် ပိုမိုကောင်းမွန်ပြီး အချက်အလက်များကို တစုတစည်းတည်း စုံလင်စွာရရှိနိုင်ခြင်းက အားသာချက်ဖြစ်သည်။ ဤသို့ဖြင် စာပေလေ့လာရာတွင် အကူအညီ ဖြစ်စေသလို အီးမေးလ်များကို အလိုအလျောက်စာပြန်ခြင်းကဲ့သို့သော နေ့စဉ်လုပ်ငန်းဆောင်တာများကိုပါ လုပ်ဆောင်နိုင်သဖြင့် အလုပ်ဝန်နှင့် နေ့စဉ်ဘဝကို AI က ထိန်းညှိပေးနိုင်သည်။

နည်းပညာမှန်သမျှ ကောင်းကျိုးရှိသလို ဆိုးကျိုးလည်းရှိသည်။ အသုံးပြုသူ၏ ရည်ရွယ်ချက်နှင့် စေတနာအပေါ်မူတည်၍ ကောင်းကျိုး၊ ဆိုးကျိုး ကွဲပြားသွားပါသည်။ AI နည်းပညာသည် ကဏ္ဍပေါင်းစုံတွင် အရေးပါလာသည်ကို တွေ့ရှိရမည်ဖြစ်သည်။ AI ကို အလွဲသုံးစားပြုသူများကြောင့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဖျော်ဖြေရေးကဏ္ဍမှသည် နိုင်ငံရေးလောကနှင့် အမျိုးသားလုံခြုံရေးအထိပါမကျန် နယ်ပယ်အားလုံးတွင် ခြောက်လှန့်မှုတစ်ခုဖြစ်လာနေသည်ကို သတိပြုကြရမည်ဖြစ်ပါသည်။ ဖွံ့ဖြိုးပြီးနိုင်ငံအချို့တွင် နည်းပညာကုမ္ပဏီများ၏ အသစ်အသစ်သော ဆန်းသစ်တီထွင်မှုများမှ AI နည်းပညာဆိုင်ရာ ခြိမ်းခြောက်မှုအတိုင်းအတာကို စဉ်ဆက်မပြတ်စောင့်ကြည့်နေပြီး ယင်းနှင့်သက်ဆိုင်သည့် မူဝါဒ၊ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများပြဋ္ဌာန်း၍ ထိန်းကျောင်းရန် ကြိုးစားလာကြသည်ကို လေ့လာမိပါသည်။

စင်ကာပူနိုင်ငံတွင် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ထိရောက်အောင်မြင်ရန် AI နှင့် ဒေတာအသုံးပြုမှုကျင့်ဝတ်ဆိုင်ရာ အကြံပေးကောင်စီကို ၂၀၁၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး အဓိကတာဝန်မှာ AI နည်းပညာဆိုင်ရာ ကျင့်ဝတ်၊ မူဝါဒနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအတွက် အစိုးရအား အကြံပေးရန်ဖြစ်သည်ဟု ဆိုပါသည်။ ယင်းအဖွဲ့၏ အကြံပြုချက်ကြောင့် ၂၀၁၉ ခုနှစ်တွင် အမျိုးသားဉာဏ်ရည်တုမဟာဗျူဟာတစ်ရပ်ကို ထုတ်ပြန်နိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း AI နည်းပညာ၏ ဆိုးကျိုးများကို ကြိုတင်ကာကွယ်ဖြေရှင်းရန်အတွက် ဆိုက်ဘာလုံခြုံရေးမူဝါဒကို ၂၀၂၃ ခုနှစ် မတ်လတွင် ထုတ်ပြန်ထားပြီးဖြစ်ပါသည်။ သက်ဆိုင်ရာနယ်ပယ်အလိုက် ထုတ်ပြန်ထားသည့် ဆိုက်ဘာလုံခြုံရေးအချက်အလက်များကို သိရှိနားလည်ပြီး တိတိကျကျ လိုက်နာဆောင်ရွက်ကြရန်သာ လိုအပ်ပါသည်။

နိဂုံးချုပ်အနေဖြင့် AI ၏ သားကောင်များ မဖြစ်ကြရလေအောင် တစ်ဦးနှင့် တစ်ဦး ကိုယ်ချင်းစာနာ၊ ညှာတာထောက်ထားမှုဖြင့် ကူညီလက်တွဲဖေးမကြရန် လိုအပ်နေပါသည်။ အထူးသဖြင့် နည်းပညာရှင်များ၊ လုံခြုံရေးဆိုင်ရာပုဂ္ဂိုလ်များ၊ ပေါ်လစီချမှတ်သူများနှင့် တရားဥပဒေပြဋ္ဌာန်းသူများအကြား ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကြရန်ဖြစ်ပါသည်။ တစ်ဦးတစ်ယောက်ချင်းအနေဖြင့်လည်း မိမိဖုန်းတွင် မလိုအပ်ဘဲ တည်နေရာဖွင့်ထားခြင်းနှင့် မိုဘိုင်းဒေတာ သို့မဟုတ် ဝိုင်ဖိုင်ဖွင့်ထားခြင်း၊ အများပြည်သူသုံး free ဝိုင်ဖိုင်များကို လွယ်လွယ်အသုံးမပြုခြင်း၊ မလိုအပ်ဘဲ အက်ပလီကေးရှင်းများ ထည့်သွင်းမှုမှ ရှောင်ကြဉ်ခြင်း၊ အခြားသူများ၏ အချက်အလက်နှင့် လုံခြုံရေးကို အလေးထားတန်ဖိုးထားခြင်းများအပြင် နည်းပညာနှင့်ပတ်သက်သည့် အခြားသောစံတန်ဖိုးများကိုလည်း လေးစားလိုက်နာကာ AI ကို တာဝန်သိသိ အကျိုးရှိရှိနှင့် ဘေးမဖြစ်အောင် အထူးသတိထားအသုံးပြုကြရမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။