Skip to main content

ရေရှည်ကောင်းမွန်တည်တံ့သော အနာဂတ်အတွက် စာတတ်မြောက်ရေး

ကိုဘုန်း(ထုတ်လုပ်)

နှစ်စဉ် စက်တင်ဘာလ ၈ ရက်နေ့သည် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ဖြစ်သည်။ လူတစ်ဦးချင်းနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသောအစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း မီးမောင်းထိုးပြသည့် ကမ္ဘာလုံးဆိုင်ရာအခမ်းအနားတစ်ခုဖြစ်သည်။ ဤနေ့သည် စာတတ်မြောက်ရေး၏ အရေးပါမှုနှင့်ပတ်သက်၍ အသိပညာများမြှင့်တင်ရန်နှင့် ကမ္ဘာတစ်ဝန်း စာတတ်မြောက်မှုနှုန်း မြင့်မားရေးအတွက် ကြိုးပမ်းအားထုတ်မှုများ အရှိန်မြှင့်တင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါသည်။

နိုင်ငံတကာစာတတ်မြောက်ရေးနေ့ ဖြစ်ပေါ်လာပုံ

၁၉၆၅ ခုနှစ်တွင် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO)က ကြီးမှူး၍ အီရန်နိုင်ငံ တီဟီရန်မြို့၌ နိုင်ငံပေါင်း ၈၉ နိုင်ငံမှ ပညာရေးဝန်ကြီးများ၊ ဝန်ကြီးဌာနကိုယ်စားလှယ်များ၊ စီးပွားရေး၊ လူမှုရေးပညာရှင်များစုံညီစွာဖြင့် ကမ္ဘာ့စာတတ်မြောက်ရေးကွန်ဂရက် (A World Literacy Congress) ကို စက်တင်ဘာ ရက်မှ ၁၉ ရက်အထိ ၁၂ ရက်တိုင် ကျင်းပခဲ့ကြသည်။ ထိုကွန်ဂရက်တွင် ကမ္ဘာတစ်ဝန်းလုံး၌ အကြောင်းအမျိုးမျိုးကြောင့် စာမတတ်သူများ၏ အခြေအနေ၊ စာမတတ်မြောက်သောဘဝသို့ ရောက်ရှိရသည့် အကြောင်းတရားများနှင့် တိုက်ဖျက်နိုင်မည့် နည်းလမ်းများ၊ အထူးသဖြင့် ဆင်းရဲနွမ်းပါးပြီး ဖွံ့ဖြိုးမှုနောက်ကျသည့်နိုင်ငံများတွင် စာမတတ်မှုနှင့် နောက်ဆက်တွဲပြဿနာများ၊ စာမတတ်သူဦးရေ တိုးပွားမှုမရှိစေရေးနှင့် စာမတတ်သူ တစ်စတစ်စ ကျဆင်းသွားစေမည့် အထောက်အကူပြုနည်းလမ်းများစသည့် အကြောင်းအရာများကို ကမ္ဘာ့နိုင်ငံများက ဝိုင်းဝန်းအဖြေရှာဆွေးနွေးညှိနှိုင်းဆုံးဖြတ်ခဲ့ကြသည်။ ထိုသို့ စာမတတ်သူပပျောက်ရေးလှုပ်ရှားမှုများကို အင်တိုက်အားတိုက် ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ကမ္ဘာ့စာတတ်မြောက်ရေးကွန်ဂရက် ကျင်းပခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့ကို အကြောင်းပြု၍ ၁၉၆၆ ခုနှစ်တွင် ယူနက်စကိုအထွေထွေညီလာခံကြီးက စက်တင်ဘာ ၈ ရက်ကို နိုင်ငံတကာစာတတ်မြောက်ရေးနေ့အဖြစ် သတ်မှတ်ပြဋ္ဌာန်း၍ နှစ်စဉ်ကျင်းပခဲ့ရာ လာမည့်စက်တင်ဘာ ၈ ရက်တွင် ၅၈ နှစ်တိုင်တိုင် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

၂ဝ၂၄ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့၏ ဆောင်ပုဒ်သည် “အပြန်အလှန်နားလည်မှုနှင့် ငြိမ်းချမ်းရေးအတွက် စာတတ်မြောက်ရန် လိုအပ်လို့ ဘာသာစကားစုံပညာရေးကို မြှင့်တင်ကြပါစို့” (Promoting multillngual education Literacy for mutual understanding and peace) ဖြစ်ပါသည်။ အပြန်အလှန်နားလည်မှုနှင့် ငြိမ်းချမ်းရေးကို မြှင့်တင်ရန်အတွက် ဘာသာစကားမျိုးစုံ ပညာရေးနှင့် စာတတ်မြောက်ရေးတို့ကို မြှင့်တင်ခြင်းသည် သိသာထင်ရှားသောအကျိုးကျေးဇူးများကို ရရှိစေပါသည်။ ဘာသာစကားမျိုးစုံကို သင်ယူခြင်းသည် လူတစ်ဦးချင်းစီ၏ မတူညီသောယဉ်ကျေးမှုများကို နားလည်သဘောပေါက်စေပြီး ယဉ်ကျေးမှုဆိုင်ရာ အသိအမြင်နှင့် စာနာနားလည်မှုကို တိုးပွားစေကာ မလိုမုန်းထားမှုများကို လျှော့ချပေးပါသည်။

ဘာသာစကားမျိုးစုံပညာရေးသည် လူ့အဖွဲ့အစည်းများအား ၎င်းတို့၏ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းနိုင်စေခြင်း၊ မတူညီသောဘာသာစကားနောက်ခံမှ လူများအကြား ထိရောက်သော ဆက်သွယ်မှုကို လွယ်ကူချောမွေ့စေပြီး ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ခြင်း၊ နားလည်မှုလွဲမှားမှုများကို လျှော့ချခြင်းဖြင့် ပဋိပက္ခများကို ဖြေရှင်းရာတွင် အထောက်အကူဖြစ်စေနိုင်ခြင်း၊ ပိုမိုကောင်းမွန်သော ပြဿနာဖြေရှင်းနိုင်မှုစွမ်းရည်နှင့် သိမြင်မှုပြောင်းလွယ် ပြင်လွယ်ရှိနိုင်ခြင်း၊ ကွဲပြားသောအမြင်များနှင့် ပြဿနာဖြေရှင်းနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိနိုင်ပါသည်။

စာတတ်မြောက်ရေး၏ အရေးပါမှု

စာတတ်မြောက်ခြင်းသည် လူတစ်ဦးချင်းစီအား ၎င်းတို့၏ အသိုင်းအဝိုင်းများနှင့် အပြည့်အဝထိတွေ့ဆက်ဆံရန်၊ သတင်းအချက်အလက်ရယူရန်နှင့် ဆုံးဖြတ်ချက်များကိုချမှတ်ရန် အရေးပါပါသည်။ စာတတ်မြောက်ခြင်းသည် ပုဂ္ဂိုလ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အဓိကမောင်းနှင်အားဖြစ်ပြီး လူများသည် ၎င်းတို့၏အခွင့်အရေးများကို ပိုမိုနားလည်သဘောပေါက်နိုင်စေရန်၊ ကျန်းမာရေးစောင့်ရှောက်မှု ရယူရန်၊ ပညာရေးကို လိုက်စားရန် အထောက်အကူပြုပါသည်။ နိုင်ငံတကာစာတတ်မြောက်ရေးသည် ဆယ်စုနှစ်များအတွင်း သိသာထင်ရှားသော တိုးတက်မှုများရှိသော်လည်း ကမ္ဘာတစ်ဝန်း လူသန်းပေါင်းများစွာသည် အခြေခံစာတတ်မြောက်မှုစွမ်းရည်များ ချို့တဲ့နေဆဲဖြစ်ပြီး ပထဝီဝင်အနေထား၊ ကျား၊ မနှင့် လူမှုစီးပွား အခြေအနေများအပေါ်အခြေခံ၍ ကွာဟမှုများမှာ ဆက်လက်တည်ရှိနေပါသည်။ ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များကို အကောင်အထည်ဖော်ရာတွင် စာတတ်မြောက်ရေးအခန်းကဏ္ဍကို အလေးပေးလုပ်ဆောင်လျက်ရှိသည်။ သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများကို လူတစ်ဦးချင်းစီနှင့် လူမှုအသိုက်အဝန်းတစ်ခုလုံးကို နားလည်သဘောပေါက်ပြီး ဖြေရှင်းနိုင်ရန် ကူညီပေးသောကြောင့် ရေရှည်တည်တံ့ခိုင်မြဲမှုကို မြှင့်တင်ရန်အတွက် စာတတ်မြောက်မှုသည် အရေးကြီးပါသည်။

မြန်မာနိုင်ငံ၏ စာတတ်မြောက်မှုသမိုင်း

မြန်မာနိုင်ငံ၏ စာတတ်မြောက်မှုမှာ ရှေးဘုရင်များလက်ထက်တွင် ဘုန်းတော်ကြီးသင် စာပေသင်ကြားမှုအကျိုးကျေးဇူးများကြောင့် ကျေးလက်ပြည်သူများပါမကျန် စာတတ်မြောက်ကြပြီး စာတတ်မြောက်မှုနှုန်း ၈၅ ရာခိုင်နှုန်းအထိ မြင့်မားခဲ့သည်ကို လေ့လာသိရှိရသည်။ မြန်မာနိုင်ငံသည် ကိုလိုနီ နယ်ချဲ့လက်အောက် သူ့ကျွန်ဘဝကျရောက်ခဲ့စဉ် မြန်မာလူမျိုးတို့၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးများ အဘက်ဘက်မှ နိမ့်ကျချို့ယွင်းခဲ့ပြီး စာတတ်မြောက်နှုန်းမှာလည်း ၃၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ရသည်။ ၁၉၄၈ ခုနှစ်တွင် သူ့ကျွန်ဘဝမှ လွတ်မြောက်၍ လွတ်လပ်ရေးရရှိသည့်ကာလမှ အစပြု၍ စာမတတ်သူပပျောက်ရေးလုပ်ငန်းကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။

၁၉၄၈ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် လူထုပညာရေးအက်ဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့ပါသည်။ ၁၉၄၉ ခုနှစ် မတ်လမှစ၍ လူထုပညာရေးကောင်စီက လူထုပညာရေးသင်တန်းနှင့် “အ” သုံးလုံးကျေသင်တန်းများကို ပထမလေးနှစ်စီမံကိန်း (၁၉၅၂-၁၉၅၆)နှင့် ဒုတိယလေးနှစ်စီမံကိန်း (၁၉၅၆-၁၉၆ဝ)တို့ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြသည်။ စာတတ်မြောက်ရေး ကြိုးပမ်းအားထုတ်မှုအနေဖြင့် ၁၉၆၄-၁၉၈၈ ခုနှစ်အတွင်း အခြေခံပညာကို လူတိုင်းသင်ယူခွင့်ရရှိရန် ကြိုးပမ်းခဲ့ကြသည်။ အခြေခံပညာရေး၏ အဓိကအရင်းခံမှာ စာတတ်မြောက်ရေးဖြစ်သောကြောင့် စာတတ်မြောက်ရေးကို အထူးအားထုတ်ကြိုးပမ်းခဲ့ကြသည်။

၁၉၆၄ ခုနှစ်တွင် “အ” သုံးလုံးကျေသင်တန်းများကို စေတနာ့ဝန်ထမ်းများဖြင့် ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ ၁၉၆၉ ခုနှစ်တွင် မိတ္ထီလာခရိုင်ကို ခရိုင်လုံးကျွတ် စာတတ်မြောက်လာသည်အထိ သတ်မှတ်ကြိုးပမ်းခဲ့ရာ ၁၉၇၁ ခုနှစ်တွင် မိတ္ထီလာခရိုင်သည် တစ်နိုင်ငံလုံး၌ ပထမဆုံးခရိုင်လုံးကျွတ် စာတတ်မြောက်သည်အထိ အောင်ပွဲခံခဲ့သည်။ ၁၉၆၉ ခုနှစ်မှ ၁၉၈၃ ခုနှစ်အတွင်း ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်းနှင့် မွန်ပြည်နယ်တို့တွင် တိုင်းလုံးကျွတ်စာတတ်မြောက်ရေးအောင်ပွဲများ ကျင်းပနိုင်ခဲ့ပါသည်။ “စာတတ်မြောက်ရေး လူ့အခွင့်အရေး၊ စာမတတ်သူ တို့ဝိုင်းကူ” ဟူသည့် ကြွေးကြော်သံဆောင်ပုဒ်များဖြင့် မြို့နယ်လုံးကျွတ်၊ ခရိုင်လုံးကျွတ်၊ တိုင်းလုံးကျွတ် စာတတ်မြောက်ရေးအောင်ပွဲများကို ကျင်းပနိုင်ခဲ့ကြပါသည်။ ထိုသို့စာတတ်မြောက်ရေးကို ပြည်သူများ၏ ပါဝင်လှုပ်ရှားမှု (The mass literacy movement)အဖြစ် ကမ္ဘာသိ ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့မှုကြောင့် ယူနက်စကိုအဖွဲ့က စာတတ်မြောက်ရေး အထိမ်းအမှတ်ဆုများ အဖြစ် ၁၉၇၁ ခုနှစ်တွင် မိုဟာမက်ရီဇာပလာဗီဆုနှင့် ၁၉၈၃ ခုနှစ်တွင် နိုမာဆုများကို ချီးမြှင့်ခဲ့ပါသည်။

၁၉၈၈ ခုနှစ်တွင် တစ်ယောက်မကျန် စာတတ်ရန်ဟု ကြွေးကြော်လျက် သက်ကြီးစာမတတ်သူများကို ဝိုင်းဝန်းကူညီသင်ကြားပေးခဲ့ရာ မြန်မာနိုင်ငံ၏ စာတတ်မြောက်မှုနှုန်းသည် ၁၉၈၈ ခုနှစ်တွင် ၈ဝ ဒသမ ၀၄ ရာခိုင်နှုန်းအထိ တိုးတက်မြင့်မားခဲ့သည်။ နိုင်ငံတော်မှ စာတတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ၁၉၈၈ ခုနှစ်တွင် သက်ကြီးစာတတ်မြောက်မှုမှာ ၉၁ ရာခိုင်နှုန်းအထိ အောင်မြင်ခဲ့ပါသည်။ ၂၀၀၅ ခုနှစ်တွင် ၉၄ ဒသမ ၁ ရာခိုင်နှုန်း၊ ၂၀၀၆ ခုနှစ်တွင် ၉၄ ဒသမ ၃၅ ရာခိုင် နှုန်း၊ ၂၀၀၇ ခုနှစ်တွင် ၉၄ ဒသမ ၇၅ ရာခိုင်နှုန်း၊ ၂၀၁၁ ခုနှစ်တွင် ၉၅ ဒသမ ၀၁ ရာခိုင်နှုန်း၊ ၂၀၁၂ ခုနှစ်တွင် သက်ကြီးစာတတ်မြောက်နှုန်း ၉၅ ဒသမ ဝ၈ ရာခိုင်နှုန်းအထိ တိုးတက်မြင့်မားလာခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉) ရပ် လူမှုရေးကဏ္ဍတွင် ပါဝင်သော “တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး” ဟူသော ဦးတည်ချက်အတွက် ပညာရေးဝန်ကြီးဌာနမှ ပညာရေးတွင် လူတိုင်းပါဝင်သင်ကြားနိုင်အောင် ကျောင်းသင်ပညာရေး (Formal Education) နှင့် အတူ ကျောင်းပြင်ပပညာရေး (Non-Formal Education) တို့ဖြင့်ပါ ဆောင်ရွက်လျက်ရှိသည်။

ကျောင်းပြင်ပပညာရေးဆိုသည်မှာ နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် ပြည်သူများသည် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းနေအရွယ်တွင် မူလတန်းပညာကို ပြီးဆုံးအောင်မသင်ကြားခဲ့ရသူများ၊ ကျောင်းမနေခဲ့ဖူးသူများနှင့် စာမတတ်သူများအတွက် အသက်အုပ်စုများ ခွဲခြားသတ်မှတ်ပြီး စာတတ်မြောက်ရေး၊ စဉ်ဆက်ပညာရေးအစီအစဉ်ဖြင့် သင်ကြားပေးခြင်းဖြစ်သည်။ အဆိုပါစဉ်ဆက်ပညာရေးအစီအစဉ်၌ ပါဝင်သည့် တန်းညှိပညာရေး အစီအစဉ်တွင်ကျောင်းပြင်ပ မူလတန်းပညာရေး အစီအစဉ်နှင့် ကျောင်းပြင်ပအလယ်တန်းပညာရေးအစီအစဉ်များကို သင်ကြားပေးပြီးနောက် လုပ်ငန်းခွင်များသို့ ချိတ်ဆက်ပို့ဆောင်ခြင်း၊ ကျောင်းသင် ပညာရေးဖြစ်သည့် အခြေခံပညာရေးသို့ အတန်းသို့ ကူးပြောင်း၍ တက်ရောက်စေခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

စာတတ်မြောက်ခြင်းသည် တစ်ဦးချင်းစီ၏အကျိုးကျေးဇူးများ ရရှိရုံသာမက မိမိတို့၏ဒေသတွင်း နိုင်ငံတွင်း လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးများကို ရရှိစေသောကြောင့် နိုင်ငံတော်ဝန်ကြီးချုပ် လမ်းညွှန်ထားသည့်အတိုင်း ကျေးလက်ဒေသများနှင့် အစွန်အဖျားဒေသများပါမကျန် ကျောင်းသင်ပညာရေးနည်းလမ်းများအပြင် ကျောင်းပြင်ပပညာရေးနည်းလမ်းများဖြင့် ပြည်သူများအတွက် အတန်းပညာတတ်မြောက်ရေး၊ စာတတ်မြောက်ရေး၊ စဉ်ဆက်မပြတ်ပညာရေးနှင့် တန်းညှိပညာရေးအစီအစဉ်များပါဝင်သော ကျောင်းပြင်ပမူလတန်းပညာရေး၊ ကျောင်းပြင်ပအလယ်တန်းပညာရေးအစီအစဉ်များနှင့် ဘဝတစ်သက်တာသင်ယူမှုများ ရရှိနိုင်အောင် ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက စေတနာရှင် အလှူရှင်များ၏ ပါဝင်မှုတို့ဖြင့် လူတိုင်းအတွက် ပညာရေးကို ဝိုင်းဝန်းဖော်ဆောင်ပေးလျက်ရှိပါသည်။

ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသန္တရလုပ်ဆောင်မှုများ

နိုင်ငံတကာ စာတတ်မြောက်ရေးနေ့တွင် ညီလာခံများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ပညာရေးဆိုင်ရာအစီအစဉ်များနှင့် ရပ်ရွာလှုပ်ရှားမှုများအပါအဝင် အခမ်းအနားအမျိုးမျိုးဖြင့် ကျင်းပကြသည်။ ဤပွဲများတွင် သုတေသနဆောင်ရွက်ထားခြင်းများကို ဆွေးနွေးကြခြင်း၊ အောင်မြင်သော စာတတ်မြောက်ရေးအစီအစဉ်များကို မျှဝေခြင်း၊ ကျွမ်းကျင်သူများက အတတ်ပညာဆိုင်ရာ ပံ့ပိုးကူညီမှုနှင့် အရင်းအမြစ်များကို မြှင့်တင်ပေးသည့် ဟောပြောမှုများပြုလုပ်ခြင်းနှင့် ဒေသန္တရ လုပ်ဆောင်မှုများတွင် စာတတ်မြောက်ရေးအလုပ်ရုံဆွေးနွေးပွဲများ၊ ပုံပြင်ပြောခြင်းများနှင့် စာဖတ်ဝိုင်းအသွင် စာဖတ်ခြင်းများကို ပြုလုပ်ကြသည်။

စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ

စာတတ်မြောက်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုများရှိသော်လည်း သိသာထင်ရှားသော စိန်ခေါ်မှုများ ရှိနေဆဲဖြစ်သည်။ ယူနက်စကို၏ အဆိုအရ ကမ္ဘာတစ်ဝန်းရှိ အရွယ်ရောက်ပြီးသူ ၇၇၃ သန်းခန့်သည် အခြေခံစာတတ်မြောက်မှုစွမ်းရည်ချို့တဲ့ကြပြီး ကလေးသန်း ၂၅၀ ကျော်သည် အနိမ့်ဆုံးစာတတ်မြောက်မှုအဆင့်ကို မရရှိကြကြောင်း သိရသည်။

ယနေ့အချိန်တွင် ဒစ်ဂျစ်တယ်သင်ကြားရေးကိရိယာများနှင့် အွန်လိုင်းအရင်းအမြစ်များကဲ့သို့သော နည်းပညာတိုးတက်မှုများသည် စာတတ်မြောက်ရေးနှင့် ပညာရေးတွင် ကွာဟချက်ကို ပေါင်းကူးပေးနိုင်သည်။ ဆန်းသစ်တီထွင်သောအစီအစဉ်များနှင့် အစိုးရများ၊ အစိုးရမဟုတ်သော လူမှုအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍများအကြား ပူးပေါင်းဆောင်ရွက်မှုများသည် အဆိုပါစိန်ခေါ်မှုများကို ဖြေရှင်းရန်နှင့် ထိရောက်သော စာတတ်မြောက်ရေးဆိုင်ရာ ဖြေရှင်းချက်များကို ဖန်တီးပေးနိုင်သည်။ ပြည်သူတစ်ဦးချင်းစီသည် စာတတ်မြောက်ရေး ပညာပေးလှုံ့ဆော်ခြင်းနှင့် စာတတ်မြောက်မှုနှုန်းတိုးတက်စေရန် လုပ်ဆောင်သော အဖွဲ့အစည်းများမှတစ်ဆင့် ပံ့ပိုးပေးနိုင်ပါသည်။ စာအုပ်များ လှူဒါန်းခြင်း၊ စာတတ်မြောက်ရေးအစီအစဉ်များတွင် စေတနာ့ဝန်ထမ်းလုပ်ဆောင်ခြင်း (သို့မဟုတ်) လူမှုမီဒီယာတွင် အသိပညာဖြန့်ဝေခြင်းကဲ့သို့သော ရိုးရှင်းသော လုပ်ဆောင်ချက်များသည် စာတတ်မြောက်မှုမြှင့်တင်ရန် ပိုမိုကျယ်ပြန့်သော ကြိုးပမ်းအားထုတ်မှုကို အထောက်အကူဖြစ်စေပါသည်။

အနာဂတ်အတွက် စာတတ်မြောက်ရေး

၂၀၂၄ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့မှသည် လူတိုင်းစာတတ်မြောက်၍ ၎င်းတို့၏ စာဖတ်ခြင်းနှင့် အရေးအသားစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေခြင်းဖြင့် ဘာသာစကားစုံပညာရေးကို မြှင့်တင်ပြီး အပြန်အလှန်နားလည်မှုနှင့် ငြိမ်းချမ်းရေးအတွက် ရေရှည်တည်တံ့မည့် ကမ္ဘာကြီးကို တည်ဆောက်ရမည်ဖြစ်ပါကြောင်းကို တိုက်တွန်းရေးသားလိုက်ရပါသည်။