Skip to main content

သမဝါယမဟု အမည်နာမ ဖွင့်ဆိုခြင်း

ဆိုဖီယာ

သမဝါယမဝန်ကြီးဌာနကို ၁၉၅၁ ခုနှစ် ဧပြီ ၅ ရက်တွင် ပြည်ထောင်စုမြန်မာနိုင်ငံ သမဝါယမနှင့် ကုန်စည်ဖြန့်ဖြူးရေးဝန်ကြီးဌာနအမည်ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၆၂ ခုနှစ် မတ် ၁၉ ရက်နှင့် ၂၆ ရက်နေ့များတွင် ထောက်ပံ့ရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ထောက်ပံ့ရေးနှင့် သမဝါယမဝန်ကြီးဌာန ဖြစ်လာခဲ့သည်။ ၁၉၆၅ ခုနှစ် ဇွန်လ ၁၈ ရက်နေ့တွင် တော်လှန်ရေးကောင်စီ၏ ကြေညာချက် (၆၆) အရ ကုန်သွယ်ရေးဝန်ကြီးဌာန သီးခြားဖွဲ့စည်းတည်ထောင်သောအခါ သမဝါယမဝန်ကြီးဌာနအမည်ဖြင့် ဖွဲ့စည်းကျန်ရစ်ခဲ့ကြောင်း သမိုင်းအထောက်အထားများအရ လေ့လာခဲ့ရသည်။

မြန်မာနိုင်ငံသည် ရှေးယခင်က ပဒေသရာဇ်စနစ်ဖြင့်အုပ်ချုပ်သော ကိုယ့်မင်းကိုယ့်ချင်း နိုင်ငံဖြစ်ခဲ့ သည်။ ဗြိတိသျှမြန်မာစစ်ပွဲ သုံးကြိမ်ဖြစ်ပြီးနောက် ၁၈၈၅ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး ဗြိတိသျှ လက်အောက်ကျရောက်ခဲ့သည်။ ၁၈၉၇ ခုနှစ် မေလ ၁ ရက်နေ့မှစ၍ အိန္ဒိယနိုင်ငံဘုရင်ခံချုပ် လက်အောက်၌ လက်ထောက်ဘုရင်ခံအုပ်ချုပ်သော ပြည်နယ်တစ်နယ်အဖြစ် အိန္ဒိယအင်ပါယာအတွင်းသို့ သွတ်သွင်းခံခဲ့ရသည်။ အိန္ဒိယနိုင်ငံ၌ ၁၈၇၁ ခုနှစ် အလယ်ပိုင်းတွင် အရင်းရှင်မြေရှင်စနစ် ပိုမိုကြီးထွားလာပြီး ဆင်းရဲကျပ်တည်းမှုနှင့်အတူ မတန်တဆအတိုးနှုန်းများဖြင့် ငွေထုတ်ချေးသူအရင်းရှင်များပေါများလာခဲ့သည်။ ၁၈၇၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံအတွင်းရှိ ပြည်နယ်များနှင့် ဒက္ခိဏကုန်းပြင်မြင့်ဒေသတစ်ဝိုက်တွင် ကျပ်တည်းမှုများ ပိုမိုဖြစ်ပေါ်လာခဲ့ပြီး အိန္ဒိယနိုင်ငံ တောင်သူလယ်သမားဆင်းရဲသားများမှာ ငွေကြေးကျပ်တည်းမှုကြောင့် ငွေချေးခြင်း၊ မြေပေါင်ခြင်းပြုလုပ်ခဲ့ကြရသည်။ ငွေတိုးချေးစားသူများကယူသော ငွေတိုးနှုန်းမှာ ကြီးမြင့်လွန်းသဖြင့် တောင်သူလယ်သမားများ ကြွေးတင်ကျွန်ဖြစ်ရသည့်ဘဝ ဆိုက်ရောက်ခဲ့ရသည်။ ငွေရှင်၊ မြေရှင်၊ အရင်းရှင်များက ကြွေးမဆပ်နိုင်သည့် တောင်သူလယ်သမားများ၏ လယ်ယာမြေများကို ကြွေးနှင့် အဓမ္မသိမ်းယူသဖြင့် ဆင်းရဲသားလယ်သမားများ မြေမဲ့၊ ယာမဲ့ဘဝ ရောက်ခဲ့ရသည်။

ကျပ်တည်းနိမ့်ကျလှသော စီးပွားရေးအခြေအနေကို ဗြိတိသျှအစိုးရကဖြေရှင်းပေးရန် နည်းအမျိုးမျိုးကြံဆခဲ့သည်။ ၁၈၈၂-၁၈၈၃ ခုနှစ်တွင် ဆာဝိလျှံဝတ်ဒါဗန်းက ကျေးရွာဘဏ်ကလေးများ တည်ဆောက်ပေးရန် အဆိုပြုခဲ့သည်။ ၁၈၈၄ ခုနှစ်တွင် အိန္ဒိယနိုင်ငံဗဟိုအစိုးရက လယ်ယာလုပ်ကိုင်သူများသို့ အမတော်ငွေများ ချေးငှားရေး အက်ဥပဒေထုတ်ပြန်ခဲ့သည်။ သို့သော် လယ်သမားများ၏ ပြဿနာများဖြေရှင်းနိုင်စွမ်းမရှိခဲ့ပါ။ ၁၈၉၂ ခုနှစ် မဒရပ်ပြည်နယ်အစိုးရက လယ်သမားအကျိုးရှိမည့် စီမံကိန်းတစ်ရပ်ရေးဆွဲရန် မစ္စတာ ဖရက်ဒရစ်နီကိုလ်ဆန်အား တာဝန်ပေးခဲ့သည်။ ၁၈၉၅ ခုနှစ်တွင် နီကိုလ်ဆန်က အစီရင်ခံစာ တင်သွင်းခဲ့ရာ ၁၉၀၀ ပြည့်နှစ်တွင် မဒရပ်ပြည်နယ် အစိုးရလက်ဝယ်ရောက်ရှိခဲ့သည်။ မစ္စတာအမ်ချ်ဒူ ပါနက်စ်က အိန္ဒိယပြည်မြောက်ပိုင်း ပြည်သူ့ဘဏ်အကြောင်း စာအုပ်ထုတ်ဝေပြီး သမဝါယမအသင်း တချို့ကို စတင်တည်ထောင်ခဲ့ရာ သမဝါယမစနစ်ကို အိန္ဒိယဗဟိုအစိုးရက စိတ်ဝင်စားခဲ့သည်။ မစ္စတာဖရက်ဒရစ်နီကိုလ်ဆန်၏ အစီရင်ခံစာနှင့် မစ္စတာအမ်ချ်ဒူပါနက်စ်၏စာအုပ်ပါ အချက်အလက်များကို အိန္ဒိယဗဟိုအစိုးရက ၁၉၀၀ ပြည့်နှစ်တွင် ဆင်းမလားမြို့၌ အသေးစိတ်လေ့လာပြီး ၁၉၀၄ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် “သမဝါယမ ငွေစုငွေချေးအသင်းများဆိုင်ရာအက်ဥပဒေ” တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း လေ့လာခဲ့ရသည်။

သမဝါယမအက်ဥပဒေသည် အိန္ဒိယနိုင်ငံ၏ ပြည်နယ်ဖြစ်သော မြန်မာနိုင်ငံသို့ တရားဝင်ရောက်ရှိလာပြီး သမဝါယမအမည်နာမကို စတင်ခဲ့သည်ဟုဆိုပါသည်။

- “ကို”(Co) = အတူတကွ= သမဟု လည်းကောင်း၊

- “အော့ပရေးတစ်” = ဆောင်ရွက်သော = ဝါယမ ဟုလည်းကောင်း၊

- ထိုအချိန်မှစ၍“သမဝါယမ” ကို ဝေါဟာရပြုကာ ပါဠိဘာသာကို အကြောင်းပြု၍ မြန်မာများ အသုံးပြုခဲ့ရာ ယနေ့တိုင် ဖြစ်ကြောင်း၊

- အကယ်၍မြန်မာစကားအရ “အတူတကွ ဆောင်ရွက်သောအသင်း” ဟုအမည်တွင်ခဲ့ပါက အရိပ်မည်းဖြစ်ခဲ့သည့် “သားဝ မယားဝ” ဟူသောစကားလုံး မပေါ်ပေါက်ခဲ့နိုင်ကြောင်း စာရေးသူအတွေးပေါ်ခဲ့ပါသည်။

သမဝါယမ၏ အခြေခံသဘော

“သဘော” ဆိုသည်မှာ “ပါဠိဘာသာ” “သဘာဝ” မှ ဆင်းသက်လာသော စကားဖြစ်သည်။ “သဘာဝ” မှာ ဖြစ်ခြင်းဟူသော အနက်ရှိသည်၊ အလိုလိုဖြစ်ခြင်း သို့မဟုတ် ဖြစ်နေခြင်းကို “သဘာဝ” ဟု ခေါ်သည်။ သတ္တဝါများ-အစုလိုက်-အအုံလိုက် အသင်းအဖွဲ့ဖွဲ့စည်းပြီး နေလိုခြင်းသည် သတ္တဝါတို့၏ သဘာဝဖြစ်သည်။ သတ္တဝါများ အတူတကွနေထိုင်ရာတွင် တစ်ဦးကိုတစ်ဦးက ကူညီရိုင်းပင်း လိုခြင်းဖြစ်သည်လည်း သတ္တဝါတို့၏ သဘာဝတစ်ခုပင်ဖြစ်သည်။ မြန်မာ့ကျေးလက်ဒေသများတွင် ပူးပေါင်းဆောင်ရွက်ကြသည့် ဓလေ့ထုံးတမ်းများ တွေ့နိုင်ပါသည်။ ကျေးလက်တောင်သူ လယ်သမားများသည် အလှည့်ကျနွားကျောင်းခြင်း၊ လက်စားလိုက်၍ သီးနှံစိုက်ပျိုးခြင်း၊ စုပေါင်း ရိတ်သိမ်းခြင်း၊ စုပေါင်းတလင်းနယ်ခြင်း၊ စုပေါင်း၍ရေတွင်း၊ ရေကန်တူးဖော်ခြင်း၊ တံတားဆောက်ခြင်း၊ အိမ်ဆောက်ခြင်း၊ စာသင်ကျောင်းဆောက်ခြင်း၊ ဘုရားတည်ကျောင်းဆောက်ခြင်း စသည့် စီးပွားရေးလုပ်ငန်း၊ ဘာသာရေးလုပ်ငန်းနှင့် လူမှုရေး လုပ်ငန်းများ စုပေါင်းဆောင်ရွက်လေ့ရှိကြသည်။ ဤသို့ ဝိုင်းဝန်းဆောင်ရွက်ကြခြင်းသည် အများကောင်းစားရေးအတွက် တစ်ဦးစီက ဝိုင်းဝန်းဆောင်ရွက်ကြခြင်းဖြစ်သည်။ မြန်မာတိုင်းရင်းသားများ၌ ရွာထဲ၊ အရပ်ထဲ၌ အတူနေထိုင်သူတစ်ဦး၏ သာရေး၊ နာရေးကိစ္စပေါ်ပေါက်လျှင် ရပ်သူရွာသားများသည် ၎င်းသာရေးနာရေးကိစ္စများတွင် ဝိုင်းဝန်း ကူညီဆောင်ရွက်လေ့ရှိကြသည်။ ဤအလေ့အထသည် မြန်မာတို့၏ သဘာဝယဉ်ကျေးမှုတစ်ရပ် ဖြစ်သည်။ ဤသို့ တစ်ဦးစီ၏အကျိုးကို အများကဆောင်ရွက်အများ၏အကျိုးကို တစ်ဦးစီက ဆောင်ရွက်လိုခြင်း သဘောတရားသည် မြန်မာတို့၏စိတ်ရင်းတွင် ရှိပြီးဖြစ်သည်။ ထိုသဘောတရားကို အနောက်နိုင်ငံပညာရှိများက “ကိုအော့ပရေးရှင်း” ဟူ၍ အမည်ပေးကြသည်။ မြန်မာတို့က ပါဠိဘာသာ အကြောင်းပြု၍ “သမဝါယမ” ဟူ၍ ခေါ်ဝေါ်သုံးစွဲခဲ့ကြသည်။

သမဝါယမ၏အဓိပ္ပာယ်

“အတူတကွဆောင်ရွက်မှု ” ကို သမဝါယမဟူ၍ ခေါ်ဝေါ်ကြသည်၊ တစ်ဦးစီ၏ အကျိုးကို အများက ဆောင်ရွက် အများ၏အကျိုးကိုတစ်ဦးစီက ဝိုင်းဝန်းဆောင်ရွက်လိုသော ဓမ္မတာသည် သမဝါယမသဘောပင်ဖြစ်သည်။ ဗြိတိန်နိုင်ငံသား မစ္စတာကိုးလ်အုပ်အမည်ရှိ ပုဂ္ဂိုလ်ကြီးက “ရော့က ဒေးလ်ရှေ့ဆောင်များ (Radhcale Pioneers) အမည်ရှိစာအုပ်တွင် “ ရောင်းဝယ်ဖောက်ကားရေး လုပ်ငန်းတစ်ခုတွင် သက်ဆိုင်သူအားလုံးတို့သည် သာတူညီမျှစွာ စီမံအုပ်ချုပ်အလုပ်လုပ်ကြခြင်းဖြင့် ဖြစ်ပေါ်လာသော အကျိုးအပြစ်ကိုခံစားကြရန် ညီညွတ်ကြလျှင် ထိုညီညွတ်မှုသည် သမဝါယမ ဖြစ်သည်” ဟု ရေးသားဖော်ပြသည်။

“မစ္စတာကားလ်ဗတ်” အမည်ရှိပုဂ္ဂိုလ်ကြီးက “လူ့ဘဝကိုအခြေပြု၍ လူတန်းစားမခွဲခြားဘဲ လူသားအချင်းချင်း ပေါင်းသင်းဆက်ဆံခြင်းဖြင့် မိမိတို့စီးပွားရေးအခြေအနေများကို တိုးတက်အောင် မြှင့်တင်ရန်အလို့ငှာ ဖြစ်ပေါ်လာသော အကျိုးအပြစ်များကို သာတူညီမျှခံစားကြလျက် မိမိတို့ဆန္ဒအလျောက် အတူတကွ ဆောင်ရွက်ကြသော လူတို့၏အစည်းအရုံးကို သမဝါယမဟု ခေါ်သည်” ဟု အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့မှထုတ်ဝေသော သမဝါယမစီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှု ပညာစာအုပ်တွင် “သမဝါယမဆိုသည်မှာ ငွေကြေးချို့တဲ့သော လူတစ်စုသည် ၎င်းတို့၏ ဆန္ဒ အလျောက်တူညီသော စီးပွားရေးရလဒ်ကိုရရှိရန်မျှော်ကိုး၍ အများစုပေါင်းထိန်းချုပ်ထားသော စီးပွားရေးအဖွဲ့အစည်းအားဖွဲ့စည်းပြီး ယင်းအဖွဲ့အစည်းအတွက်လိုအပ်သော ရင်းနှီးငွေရရှိရန် တူညီသောအစုငွေများ ထည့်ဝင်ရန် ပေါ်ထွက်လာသော အကျိုးအမြတ်နှင့် ဆုံးရှုံးမှုများကို တရားမျှတစွာလက်ခံခြင်းကို ဆိုလိုသည်” ဟု အဓိပ္ပာယ် ဖွင့်ဆိုခဲ့သည်။

အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ် (ICA) မှ ၁၉၉၅ခုနှစ်တွင် ကျင်းပခဲ့သည့် (၃၁) ကြိမ်မြောက် ကမ္ဘာ့သမဝါယမညီလာခံကြီးမှ အဖွဲ့ဝင်များသဘောတူညီမှုဖြင့် “သမဝါယမဆိုသည်မှာ ဆန္ဒအလျောက်ပူးပေါင်းကြသူများက မိမိတို့၏ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာလိုအပ် ချက်နှင့် လိုအင်ဆန္ဒများဖြည့်ဆည်းရန်အလို့ငှာ ပူးပေါင်းပိုင်ဆိုင်ပြီး အများဆန္ဒနှင့်အညီ စီမံခန့်ခွဲ ဆောင်ရွက်သည့် အဖွဲ့အစည်းဖြစ်သည်” ဟု အဓိပ္ပာယ်ဖွင့်ဆိုခဲ့ရာ ယနေ့အချိန်အထိ ကျင့်သုံး လျက်ရှိသည်။

သမဝါယမ သဘောတရားများ

လူသည် မိမိဘဝရပ်တည်မှုအတွက် မိမိကဲ့သို့သော အခြားလူများနှင့် ဆက်ဆံပေါင်းသင်း လုပ်ကိုင်ကြရသည်။ ထိုသို့ဆက်ဆံပေါင်းသင်းလာရသောအခါတွင် မိမိအပေါင်းအသင်း၏ အကျိုးစီးပွားရေးတည်းဟူသော ပရဟိတကိစ္စများကိုလည်း မလွှဲမရှောင်သာ ဆောင်ရွက်လာရသည်။ ထို့ကြောင့် လူသည်မိမိအကျိုးအတ္တဟိတအတွက် လုပ်ဆောင်ရသကဲ့သို့ အများ၏အကျိုး ပရဟိတအတွက်လည်း လုပ်ဆောင်ကြရသည်။ လူအသီးသီးတို့တွင် ကိုယ်စီကိုယ်ငရှိကြသော လိုအင်ဆန္ဒပြည့်ဝမှုအတွက် အချင်းချင်းရိုင်းပင်းကူညီမှုနှင့် အတူတကွပူးပေါင်း ဆောင်ရွက်တတ်သည့် ဓလေ့ထုံးတမ်းသည် သမဝါယမစနစ်မပေါ်မီကတည်းကပင် ရှိခဲ့သော သမိုင်းအစဉ်အလာတစ်ခုဖြစ်သည်။ အတူတကွ ပူးပေါင်းဆောင်ရွက်ကြရာတွင် တစ်ရပ်တည်း၊ တစ်ရွာတည်းနေ လူတို့၏ရပ်ရေးရွာရေးနှင့် သာသနာရေးကိစ္စများတွင် ဓလေ့ထုံးစံအရ တစုတဝေးတည်း၊ တညီတညွတ်တည်းစုပေါင်း၍ ဆောင်ရွက်ကြ သကဲ့သို့ ရွာလမ်း၊ ရွာတံတားပျက်၍ စုပေါင်း ပြင်ဆင်ခြင်း၊ သုံးရေ၊ သောက်ရေမလုံလောက်၍ ရေတွင်းရေကန်စုပေါင်းတူးကြခြင်း၊ ဆည်မြောင်းဖောက်ခြင်း၊ ရေကာတာများဆောက်လုပ်ခြင်း၊ လမ်းများဖောက်ခြင်းစသည့် မြို့ရွာစည်ပင်သာယာရေးလုပ်ငန်းများ၊ ရောဂါအန္တရာယ် စုပေါင်းကာကွယ်ခြင်းစသည့် အကြောင်းပေါ်ပေါက်ပါက စုပေါင်းဆောင်ရွက်ခြင်းများလည်း ရှိခဲ့ကြသည်။ ဓလေ့ထုံးစံအရ အတူတကွ ပူးပေါင်းဆောင်ရွက်မှုတွင်ဖြစ်စေ အကြောင်းပေါ်၍ အတူတကွပူးပေါင်းဆောင်ရွက် မှုတွင် သူတစ်ပါးအား မလိုမုန်းထားသောစိတ်မထားဘဲ သန့်ရှင်းမွန်မြတ်သည့် စေတနာသည် အရင်းခံဖြစ်သကဲ့သို့ စီးပွားရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်သော သမဝါယမလုပ်ငန်းသည်လည်း ဤစေတနာမျိုးပေါ်မှာပင် အခြေတည်ခဲ့သည်။

အတူတကွပူးပေါင်းဆောင်ရွက်သည့် သမဝါယမလုပ်ငန်းဟု အဓိပ္ပာယ်ရသော ကိုအော့ပရေးရှင်း (Co-operation)ဟူသော ဝေါဟာရကို တီထွင်သူမှာ အင်္ဂလန်ပြည် ဝေလနယ်သား ရောဘတ်အိုဝင် (Rebert Owner) (၁၇၇၁-၁၈၅၈) ဖြစ်သည်။ လူတစ်စု၏ စီးပွားရေးအောက်တန်းကျအောင် ဖန်တီးနေသော စီးပွားရေးစနစ်ကိုမူ ရောဘတ်အိုဝင်က “ကွန်ပီတီးရှင်း-(Competition)” ဟု ခေါ်ခဲ့ သည်။ မြန်မာဘာသာအားဖြင့် “အပြိုင်အဆိုင်စီးပွားရေးစနစ်” ဖြစ်သည်။ ထို့ကြောင့် လူများ အလုပ်လက်မဲ့ဖြစ်ကြခြင်း၊ အလုပ်ရှိသောလူများရရှိသော အခကြေးငွေမှာလည်း အလွန်နည်းပါးခြင်း၊ နေ့စား ကလေးများရနိုင်ရန် တစ်နေ့ ၁၇ နာရီ အလုပ်လုပ်ရခြင်း၊ အလုပ်လုပ်သူများနေထိုင်ရန် သန့်ရှင်းလုံခြုံသော နေရာထိုင်ခင်းမရှိခြင်း၊ အလုပ်ခွင်ကျန်းမာရေး ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် အလုပ်ရှင်က တစ်စုံတစ်ရာစီမံထားမှုမရှိခြင်း၊ အစာရေစာများမှာ မသန့်ရှင်းသည့်အပြင် ဈေးနှုန်းကြီးမြင့်ခြင်း၊ ဝတ်ဆင်ရန်လည်း လုံလောက်သော အဝတ်အထည် မရှိခြင်းစသည့် အလွန့်အလွန် လူတန်းစေ့အောင် ချို့တဲ့စေသည့်စနစ်မှာ တစ်ကိုယ်ကောင်းကျိုး အတွက် တစ်ဦးနှင့်တစ်ဦးပြိုင်ဆိုင်ပြီး တစ်ဦးထက်တစ်ဦးက ပိုမိုချမ်းသာအောင် လုပ်ကိုင်ဆောင်ရွက် နေကြသော “ကွန်ပီတီးရှင်း” စီးပွားရေးစနစ်ဖြစ်ကြောင်း ရောဘတ်အိုဝင်က ယူဆခဲ့သည်ဟု ဆိုသည်။ ယင်းစနစ်ကိုအတူတကွ ပူးပေါင်း ဆောင်ရွက်မှု “ကိုအော့ပရေးရှင်း”နှင့် အစားထိုးရမည်ဟု ရောဘတ်အိုဝင်က ယူဆခဲ့သည်။

အလားတူ ရွာများ၊ မြို့များသည် နိုင်ငံအတွင်း အနှံ့အပြားအထမြောက်ခဲ့သော် တစ်နိုင်ငံလုံး၏ အခြေအနေသည် အလွန်သာယာစည်ပင်လျက် လူအများလည်း ငြိမ်းချမ်းပျော်ရွှင်စွာ နေထိုင်ကြ လိမ့်မည်ဟု မျှော်မှန်းခဲ့သည်။ ၁၉ ရာစု ကုန်ခါနီးမှစ၍ သမဝါယမခေါင်းဆောင်များသည် သမဝါယမ သဘောတရားများကို လက်တွေ့အဖြစ်အပျက်များတွင်သာ အခြေတည်ခဲ့သည်။ သမဝါယမဖြစ်ပေါ် မှုကို အရင်းခံ၍ ပေါ်ပေါက်လာသော လူထုလုပ်ငန်း တစ်ရပ်ဖြစ်ကြောင်း ထင်ရှားစွာတွေ့ရသည်။ အလုပ်သမားလူတန်းစားများ ကြုံတွေ့ခံစားနေကြသည့် အလုပ်လုပ်သလောက် တန်ရာတန်ဖိုး၊ လုပ်ခမရကြသည့်ဒုက္ခ၊ ပင်ပန်းကြီးစွာ လုပ်ကိုင်ရသဖြင့် ကျန်းမာရေးနှင့် စိတ်ဓာတ်ရေး ထိခိုက်လာသည့် ဒုက္ခစသည့် လူမှုရေးနစ်နာချက်ဒုက္ခများကို ကိုယ်တိုင်မြင်တွေ့ကြရသဖြင့် ရောဘတ်အိုဝင်ကဲ့သို့ ကိုယ်ချင်းစာတရားရှိသော ကမ္ဘာ့သမဝါယမ သမိုင်းဝင်ပုဂ္ဂိုလ်ကြီးများဖြစ်သည့် ဗြိတိန်နိုင်ငံမှ ဒေါက်တာဝီလျှံကင်းနှင့် ရော့ခ်ဒေးလ်ရှေ့ဆောင်လမ်းပြများ၊ ပြင်သစ်နိုင်ငံမှ ရှားလ်ပူရီယေ-စိန့်စီမွန်နှင့် ဖိလစ်ဘူချေး၊ ဂျာမနီနိုင်ငံမှ ရဖိုက်ဆင်နှင့် ရှူးလ်(စ်)တို့အပြင် အီတလီနိုင်ငံမှ လူဇာတ္တိတို့သည် ထင်ရှားသောအဖွဲ့အစည်းများ ပေါ်ပေါက်ခဲ့သည်။ ကမ္ဘာ့သမဝါယမသမိုင်းတွင် အောင်မြင်မှုအများဆုံးနှင့် အထင်ရှားဆုံးမှာ အင်္ဂလန်နိုင်ငံမှ ရော့ခ်ဒေးရှေ့ဆောင်လမ်းပြများဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။

ရော့ခ်ဒေးလ်သမဝါယမအသင်းသည် စက်ရုံ၊ အလုပ်ရုံ အလုပ်သမားများ လက်တွေ့ခံစားနေရသော ပြဿနာများအနက် အဓိကပြဿနာများကိုဦးစားပေး၍ ဖြေရှင်းနိုင်ရန်ချမှတ်ခဲ့သော ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရာတွင် အသင်းက လိုက်နာဆောင်ရွက်ရမည့် အခြေခံမူဝါဒများကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ ရော့ခ်ဒေးလ်သမဝါယမ အသင်း၏ အခြေခံမူရှစ်ချက်သည် ထိုခေတ်အခြေအနေကိုသုံးသပ်၍ ချမှတ်ခဲ့သောမူများ ဖြစ်သော်လည်း ယနေ့အချိန်တွင် အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်မှ အခြေခံမူခုနစ်ချက်ကို ချမှတ်၍ ဆောင်ရွက် လျက်ရှိပါကြောင်းနှင့် မြန်မာနိုင်ငံရှိ သမဝါယမအသင်းများအနေဖြင့် အခြေခံမူ ၁၀ ချက် ချမှတ်၍ ဆောင်ရွက်နေပါကြောင်း သိရှိရပါသည်။

အချုပ်ဆိုရသော် “ကို(Co)” စကားလုံးသည် (အတူတကွ) တစ်ဖြစ်လဲ (သမ) ဟု လည်းကောင်း၊ “အော့ပရေးတစ်” စကားလုံးသည် (ဆောင်ရွက်သော) တစ်ဖြစ်လဲ (ဝါယမ) ဟု လည်းကောင်း “သမဝါယမ” ကို ဝေါဟာရပြုကာ ပါဠိဘာသာကို အကြောင်းပြု၍ ပေါ်ပေါက်လာပါကြောင်း အမည်နာမသည် အဓိကမဟုတ်ဘဲ ပူးပေါင်းဆောင်ရွက်ခြင်းသည် အောင်မြင်ရာ၏ ဆိုသည့်အတိုင်း တစ်ဦးစီ၏အကျိုးကို အများကဆောင်ရွက်အများ၏အကျိုးကို တစ်ဦးစီက ဆောင်ရွက်လိုခြင်း သဘောတရားအတိုင်း “အတူတကွဆောင်ရွက်သောအသင်း” ဟု သဘောပေါက်နားလည်စေချင်ကြောင်း ထပ်လောင်း၍ တင်ပြလိုက်ရပါသည်။ ။