Skip to main content

လူငယ်များအတွက် ရွှေရောင်အနာဂတ်များ

လင်းလက်နေခြည်

အကျိုးရှိစွာ သုံးကြစို့

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံအတွင်းရှိ လူသားအရင်းအမြစ်များကို စနစ်တကျစီမံခန့်ခွဲကာ အကျိုးရှိရှိအသုံးချနိုင်ရေးက ပဓာနကျလှသည်။ သဘာဝသယံဇာတအရင်းအမြစ်များသည် ကုန်ခန်းတတ်သည့်သဘောရှိသည်။ ပထဝီအနေအထားအရ သဘာဝသယံဇာတအရင်းအမြစ်ဆိုသည်မှာ နိုင်ငံတိုင်းအတွက် လိုအပ်သလိုခွဲဝေချထားပေးနိုင်သည့် အရာမဟုတ်ပေ။ ကံတရားအရ သဘာဝကပေးထားသည့် အချိန်တန်သည့်အခါ ကုန်ခန်းနိုင်သော လက်ဆောင်များပင်ဖြစ်သည်။ သယံဇာတပေါကြွယ်ဝသည့် နိုင်ငံများသည်ပင် လူ့စွမ်းအားအရင်းအမြစ်များကို စနစ်တကျ အသုံးပြုနိုင်ခြင်းမရှိသည့်အခါ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ နောက်ကျရတတ်သည်။ သဘာဝသယံဇာတမရှိသော်လည်း နိုင်ငံတွင်းရှိ လူသားအရင်းအမြစ်များကို စနစ်တကျစီမံခန့်ခွဲကာ အသုံးချနိုင်သည့် နိုင်ငံများက ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်ကို ရောက်ရှိနိုင်ကြသည်။

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရာတွင် လူသားအရင်း အမြစ်များကို စနစ်တကျစီမံခန့်ခွဲ၍ ထိရောက်အကျိုးရှိစွာအသုံးချနိုင်မည့် အစီအမံများတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်သည့်နိုင်ငံများက ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်မြန်ကြသည်ဟု ပညာရှင်များက သုံးသပ်ကြသည်။ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက် ရေးဆောင်ရွက်ရာတွင် နိုင်ငံသားများကို ငယ်စဉ်ကတည်းက နိုင်ငံ့သားကောင်းပီသစွာဖြင့် နိုင်ငံတော်နှင့် ပြည်သူလူထုအကျိုးအတွက် သယ်ပိုးထမ်းရွက်သူများဖြစ်စေရေး လေ့ကျင့်ပေးရမည်ဖြစ်သည်။ ပြည်သူ့နီတိ၊ လောကနီတိနှင့် လူမှုကျင့်ဝတ်စံနှုန်းများကို စနစ်တကျ လေ့ကျင့်ပေးခြင်းဖြင့် နိုင်ငံတော်အတွက် အကျိုးရှိသည့် စွမ်းအားစုများ ဖြစ်လာမည်ဖြစ်သည်။

အနာဂတ်၏ ရွှေလက်ပိုင်ရှင်များ

“ယနေ့လူငယ် နောင်ဝယ်လူကြီး” ဆိုသည့် စကားနှင့်အညီ လူငယ်များသည် အနာဂတ်ကာလတွင် နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို အမျိုးသားရေးစိတ်ဓာတ်ဖြင့် ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြ ရမည့်သူများပင်ဖြစ်သည်။ ငယ်စဉ်ကတည်းက “ရိုးသားမှုရှိခြင်း၊ ဖြောင့်မတ်တည်ကြည်မှုရှိခြင်း၊ မျှတမှုရှိခြင်း၊ အများအကျိုး သယ်ပိုးဆောင်ရွက်လိုမှုရှိခြင်း၊ ဘက်လိုက်ခြင်းကင်းသည့်စိတ်ရှိခြင်း၊ လိမ်ညာပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ အဂတိလိုက်စားသည့် အပြုအမူများကို ရှောင်ကြဉ်ခြင်း” စသည့် စံနှုန်းများကို လက်ကိုင်ထားသူများဖြစ်စေရေး ပြုစုပျိုးထောင်ပေးရမည်ဖြစ်သည်။ “လောဘ၊ ဒေါသ၊ မာန်မာန” စသည့်မကောင်းသည့် စိတ်ထားများမရှိစေရေး အလေးထားဆောင်ရွက်ပေးရမည်ဖြစ်သည်။

လူ့ဘဝခရီးတစ်လျှောက်လုံးတွင် အေးချမ်းတည်ငြိမ်စွာဖြင့် ကိုယ်ကျိုးမဖက်သည့် စိတ်ဓာတ်များဖြင့် လျှောက်လှမ်းနိုင်ရေးတွင် ပညာသည် အဓိကပင်ဖြစ်သည်။ မျိုးဆက်သစ်လူငယ်များအနေဖြင့် ပညာကို တန်ဖိုးထားသူများဖြစ်လာစေရေးအတွက် လူတိုင်းလက်လှမ်းမီနိုင်သည့် ပညာရေးစနစ်များကို ဖန်တီးပေးခြင်းဖြင့် ပညာတတ်လူငယ်များကို မွေးထုတ်ပေးရမည်ဖြစ်သည်။ ထို့အပြင်လူငယ်များအတွက် သင့်တင့်မျှတသည့် အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးခြင်းဖြင့်လည်း လူငယ်များကို နိုင်ငံတော်၏သွင်းအားစုများ ဖြစ်လာစေရေး ဆောင်ရွက်ပေးရမည်ဖြစ်သည်။ ပညာရေးကို ဆုံးခန်းတိုင်အောင် လေ့လာသင်ယူနိုင်ရန်အတွက် အခက်အခဲရှိသည့် လူငယ်များအတွက်လည်း သက်မွေးပညာသင်တန်းကျောင်းများ ဖွင့်လှစ်၍ အသက်မွေးဝမ်းကျောင်းပညာရပ်များကို သင်ကြားပေးနိုင်ရေးအတွက်လည်း ကြိုးစား ဆောင်ရွက်ရမည်ဖြစ်သည်။

ဗလငါးတန်ဖွံ့ဖြိုးဖို့

United Nations Conference on Trade and Development က ထုတ်ပြန်ထားသည့် စာရင်းအချက် အလက်အရ ၂၀၂၁ ခုနှစ်တွင် ကမ္ဘာပေါ်၌ လူဦးရေ ၇ ဒသမ ၅ ဘီလီယံခန့်ရှိသည့်အနက် အသက် ၁၀ နှစ်မှ ၂၄ နှစ်အကြား လူငယ် ၄၂ ရာခိုင်နှုန်းခန့်ရှိသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံ၌ ၂၀၁၉ ခုနှစ်တွင် ကောက်ယူခဲ့သည့် ကြားဖြတ်လူဦးရေသန်းခေါင် စာရင်းရှေ့ပြေးရလဒ်ထုတ်ပြန်ထားမှုအရ လူဦးရေ ၅၁ ဒသမ ၁၄ သန်းခန့်ရှိသည့်အနက် အသက် ၁၀ နှစ်မှ ၂၄ နှစ်အကြား လူငယ် ၂၆ ဒသမ ၉ ရာခိုင် နှုန်းခန့်ရှိသည်ကို တွေ့ရသည်။ ထိုလူငယ်များ၏ စွမ်းအားဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉) ရပ်၊ လူမှုရေးဦးတည်ချက် (၃) ရပ်တွင် “နိုင်ငံ၏ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဆိုသည့် ဦးတည်ချက်ကို ချမှတ်ထားပြီးဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) အခန်း(၁)နိုင်ငံတော်အခြေခံမူများ၊ ပုဒ်မ(၃၃)တွင် “နိုင်ငံတော်သည် လူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေးနှင့် ဗလငါးတန်တိုးတက် ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရမည်”ဟု ပြဋ္ဌာန်းထားပြီးဖြစ်သည်။

လူငယ်ရေးရာဦးစီးဌာန

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၂) အရ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာကိစ္စရပ်များအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် လူငယ်ရေးရာဦးစီးဌာနကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၏ လက်အောက်တွင် စတင်ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။ လူငယ်ရေးရာဦးစီးဌာန၏ အဓိကလုပ်ငန်း တာဝန်များမှာ အောက်ဖော်ပြပါအတိုင်းဖြစ်သည်-

(က)    နိုင်ငံတကာအသိုက်အဝန်းတွင် မြန်မာလူငယ်များ၏ အဆင့်အတန်းမြင့်မားစေရေးအတွက် ဖော်ဆောင်ပေးရေး၊

( ခ )   လူငယ်များ နိုင်ငံ့သားကောင်းပီသစွာ နေထိုင်ပြီး လေးစားစွာ လိုက်နာဆောင်ရွက်ရေး၊

( ဂ )   လူငယ်တို့၏ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ နိုင်ငံရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး၊

(ဃ)    အားကစားကဏ္ဍတွင် မသန်စွမ်းအားကစားသမားများ အပါအဝင် လူငယ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေး၊

( င )   မသန်စွမ်းလူငယ်များ၏ အခွင့်အရေးကာကွယ်ရေးနှင့် မသန်စွမ်းလူငယ်များ ဘဝမြှင့်တင်ပေးရေး၊

( စ )   လူငယ်များ အသက်မွေးဝမ်းကျောင်းဆိုင်ရာ လေ့ကျင့်သင်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေးတို့ ဖြစ်သည်။

ပညာသည်သာ အခရာ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံ့စွမ်းအားဖြစ်သည့် မျိုးဆက်သစ်လူငယ်များကို အသိပညာ၊ အတတ်ပညာနှင့်အတူ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များတိုးပွားစေပြီး အမှန်အမှား၊ အကောင်းအဆိုးတို့ကို ပိုင်းခြားဝေဖန်နိုင်စွမ်းရှိသည့် စွမ်းဆောင်ရည်မြင့်မားသော အနာဂတ် သားကောင်းရတနာများဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးလျက်ရှိသည်ကို တွေ့ရသည်။ အနာဂတ်နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နိုင်သော မျိုးဆက်သစ်လူငယ်များ ဖြစ်လာစေရေးအတွက် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ခြင်းတည်းဟူသော ကာယဗလ၊ အသိဉာဏ်ပညာတည်းဟူသော ဉာဏဗလ၊ ကိုယ်ကျင့်သီလကောင်းမွန်ခြင်း တည်းဟူသော စာရိတ္တဗလ၊ မိတ်ကောင်းဆွေကောင်းနှင့် ပေါင်းသင်းခြင်းတည်းဟူသော မိတ္တဗလ၊ ပစ္စည်းဥစ္စာပြည့်စုံကြွယ်ဝခြင်းတည်းဟူသော ဘောဂဗလ ပြည့်ဝစေရေး ဆောင်ရွက်ပေးနေသည်။

နိုင်ငံတော်အစိုးရက လူငယ်များကို အနည်းဆုံးအလယ်တန်းအဆင့် တတ်မြောက်နိုင်ရန် လိုအပ်သဖြင့် KG +9 ပညာရေးကို မဖြစ်မနေသင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက်ပေးနေသကဲ့သို့ KG+9 အောင်မြင်သူများကိုလည်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် စက်မှုအထက်တန်းကျောင်းများတွင် ဆက်လက်ပညာလေ့လာသင်ယူနိုင်ရေးအတွက် စနစ်တကျစီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

မြန်မာလူငယ်များက ငယ်စဉ်ကတည်းက မိဘ၊ ဆရာနှင့် ဘာသာတရား၏ အဆုံးအမများဖြင့် ကြီးပြင်းလာကြသူများဖြစ်သဖြင့် ကိုယ်ကျိုးရှာအမြတ်ထုတ်လိုသည့် စိတ်ဓာတ်များမရှိဘဲ နိုင်ငံနှင့် လူမျိုးအကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်သွားမည့် လူငယ်များသာဖြစ်သည်။ ထိုလူငယ်များကို ငယ်စဉ် ကတည်းက စာရိတ္တနှင့် ပြည်သူ့နီတိသင်ခန်းစာများကို ပြုစုပျိုးထောင်ပေးခဲ့ပြီး ကြီးပြင်းလာသည့် အခါတွင်လည်း ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်လေ့ကျင့် သင်ကြားပေးနေပြီဖြစ်သဖြင့် မျိုးဆက်သစ်လူငယ်များကလည်း စဉ်ဆက်မပြတ် လေ့လာသင်ယူခြင်းဖြင့် နိုင်ငံတော်၏ စွမ်းအားပြည့် အားမာန်များဖြစ်နိုင်ကြပါစေကြောင်း ရည်ရွယ်တင်ပြလိုက်ရသည်။          ။