Skip to main content

ဗုဒ္ဓအကြောင်းသိကောင်းစရာမှတ်တမ်း

ဆရာကြည်

(၁၂-၈-၂၀၂၄ ရက်နေ့မှအဆက်)

ဒွန်းစဏ္ဍားမသည် သူ၏သားငယ်အရွယ်ရောက်သောအခါ ၎င်းအား ခွက်တစ်ခုလက်ထဲတွင် ထည့်၍ စွန့်ပစ်ထားခဲ့လေသည်။ ၎င်းသည် သာဝတ္ထိပြည်၌ လှည့်လည်တောင်းခံသော် ရှေးသူ့ဘဝဟောင်းက အိမ်ကိုမြင်လေပြီး ထိုအိမ်ထဲသို့ ဝင်သွားလေသည်။ ယင်းသို့ ဝင်သွားသောအခါ မူလသီရိသူဌေး၏ သားငယ်သည် ၎င်းကိုမြင်၍ ကြောက်လန့်ငိုလေသည်။ သူဌေး၏အလုပ်သမားများက သူ့ကိုရိုက်နှက်ဆွဲငင်ပြီး အမှိုက်စွန့်ရာအရပ်၌ စွန့်ပစ်ကြလေသည်။

ဘုရားရှင်သည် အရှင်အာနန္ဒာနှင့်အတူ သာဝတ္ထိမြို့သို့ဝင်၍ ဆွမ်းခံကြွသောအခါ ၎င်းသူငယ်ကို တွေ့လေသည်။ ဘုရားရှင်က အရှင်အာနန္ဒာအား မူလသီရိသူဌေးကို ခေါ်စေသည်။ ၎င်းသူဌေး ရောက်လာသောအခါ ဘုရားရှင်က ဤသူငယ်သည် ရှေးဘဝက သင်၏ဖခင်ဖြစ်ကြောင်း မိန့်မြွက်သည်။ ၎င်းကမယုံသဖြင့် ဘုရားရှင်က ထိုသူငယ်အား ရှေးယခင်ကထားခဲ့သော ရွှေအိုးကြီးရှိရာ ငါးနေရာကိုပြစေသည်။

ထိုအခါ မူလသီရိသူဌေးသည် ရွှေအိုးများရ၍ ဘုရားရှင် မိန့်ကြားသည်ကို လက်ခံလေသည်။ ဘုရားရှင်အားလည်း ကိုးကွယ်ဆည်းကပ်လေသည်။ ဘုရားရှင်က သူဌေးအား “လူမိုက်သည် ငါ့မှာသားသမီးများရှိသည်။ ငါ့မှာ ဥစ္စာပစ္စည်းများ ရှိသည် ဟူ၍ တဏှာစွဲဖြင့် စိုးရိမ်ပူပန်နေကြသည်။ အမှန်စစ်မိမိသည် မိမိကိုယ်ကိုမပိုင်သဖြင့် ၎င်းတို့မှာ ဘယ်ကဲ့သို့ပိုင်ဆိုင်ပါမလဲ”ဟူ၍ ဂါထာဖြင့် ဟောကြားလေသည်။

အင်္ဂုလိမာလ လူဆိုးကြီးကို ချွတ်ခြင်း

ပသေနဒီကောသလမည်သော မင်းကြီးသည် ကောသလတိုင်း သာဝတ္ထိပြည်၌ မင်းလုပ်နေသည်။ ၎င်း၌အန္တကမည်သော ပုရောဟိတ်တစ်ပါးရှိသည်။ ၎င်းတွင် မန္တာနီမည်သော ပုဏ္ဏားမဇနီးမယားရှိသည်။ တစ်နေ့သောအခါ၌ ပုဏ္ဏားမသည် အဆင်းအင်္ဂါနှင့် ပြည့်စုံသော သားတစ်ဦးကို ဖွားမြင်လေသည်။

၎င်းသား မွေးဖွားသည်နှင့်တစ်ပြိုင်နက် ပြည်သူ တို့၏ သုံးဆောင်နေသော လက်နက်တို့သည် အလျှံအဝါတောက်ပကုန်သည်။ နန်းတော်၌လည်း ဓား၊ လှံ၊ သန်လျက်၊ လက်နက်တို့သည် အရောင်တဝင်းဝင်း တောက်ပြောင်လာလေသည်။ ပုရောဟိတ်ပုဏ္ဏားအန္တကသည် သား၏ထူးခြားမှုကိုသိ၍ ကောင်းကင်မှ နက္ခတ်တို့ကြည့်ရှုကာ ဆင်ခြင်သုံးသပ်သောအခါ စောရနက္ခတ်နှင့် ယှဉ်မွေးဖွားသော သူ၏သားသည် ခိုးသူလူဆိုးကြီးဖြစ်လတ္တံ့ဟု သိလေသည်။

ပုရောဟိတ် အန္တကသည်ကောသလမင်းကြီး ထံသို့ သွားခစားသောအခါ “ပုရောဟိတ်...နန်းတော်ရှိ ဓား၊ လှံ၊ သန်လျက် လက်နက်အပေါင်းသည် အလျှံတောက်ပလျက်နေကုန်သည်။ အသက်အန္တရာယ်ရှိသလော၊ တိုင်းပြည်၏ အန္တရာယ်လော” ဟူ၍ မေးလေသည်။

အန္တကပုရောဟိတ်သည် “အရှင်မင်းကြီး မစိုးရိမ်ပါနှင့်။ မင်းကြီးမေးမြန်းသော အန္တရာယ်မရှိပါ။ ယနေ့ကျွန်ုပ်၏အိမ်၌ ဇနီးမှ သားတစ်ပါးဖွားမြင်ပါ၏။ သူသည် သူခိုးလူဆိုးကြီးဖြစ်မည့် ပုဗ္ဗနိမိတ်ဖြစ်ပါ၏။ သူတစ်ဦးတည်းဆိုးသွမ်းမည်။ ထို့ကြောင့် ကျွန်ုပ်၏သားကို သုတ်သင်လိုက သုတ်သင်ပေးပါမည်”ဟု ကြိုတင်အပြစ်မရှိအောင် လျှောက်ထားလေသည်။ ထိုအခါ မင်းကြီးက ဆရာပုရောဟိတ် သင့်၏သားသည် တစ်ဦးတည်းဆိုးသွမ်းသည်ဖြစ်၍မမှုပါ။ ၎င်းအား ပြုစုစောင့်ရှောက်မွေးဖွားပါဟု အမိန့်ပေးလိုက်လေသည်။

ပုဏ္ဏားကြီးသည် ကြောင့်ကြပေမယ့် မွေးမြူရလေသည်။ ၎င်းသည် သား၏အမည်ကို ငါတို့၏ မျိုးနွယ်ကို မညှဉ်းဆဲလတ္တံ့ဟူသော ပုဗ္ဗနိမိတ်ကိုယူ၍ အဟိံသကဟူ၍ အမည်ပေးလေသည်။ အဟိံသက အရွယ်ရောက်လာသောအခါ လူမွန်၊ လူချွန်ဖြစ်စေသောဆန္ဒဖြင့် တက္ကသိုလ်ပြည်သို့ စေလွှတ်ကာ ဒိသာပါမောက္ခဆရာကြီးထံ၌ အခကြေးငွေမပေးဘဲ ကျွန်ကဲ့သို့ ဆရာအား ပြုစုလုပ်ကျွေး၍ အတတ်ပညာများကို သင်ယူစေခဲ့ပါသည်။

အဟိံသကသည် ဆရာ၏အလိုကို လိုက်၍ လိုလေသေးမရှိအောင် အရာရာကိုဆောင်ရွက်ပေးသည်။ အခြားတပည့်များ ဆောင်ရွက်ပေးစရာမလိုအောင် လုပ်ပေးသည်။ ထို့ကြောင့် ဆရာကလည်း သားရင်းကဲ့သို့ထားပြီး အတတ်ပညာများကို သင်ကြားပေးလေသည်။ ၎င်းကလည်း ကြိုးစားသောကြောင့် ထူးချွန်တတ်မြောက်လေသည်။ ထိုသို့အားဖြင့် ဆောင်ရွက်သောကြောင့် အခြားတပည့်များက မနာလိုဖြစ်လာလေသည်။

အခြားတပည့်များက အဟိံသကကို မကောင်းကြံကြလေသည်။ အုပ်စုခွဲ၍ ဆရာ့ထံသို့ဝင်ပြီး အဟိံသကသည် ဆရာ့ဇနီးနှင့်ရည်ငံ၍ ဖောက်ပြန်ကြောင်း ကုန်းတိုက်ကြလေသည်။ ဤသို့ဖြင့် ယင်းတပည့်များသည် ပထမ၊ ဒုတိယဖွဲ့ကာ ဆရာထံသို့ အဟိံသကအား ဆရာမုန်းတီး သွားအောင်ကုန်းချောစကား ပြောကြသည်။ ပထမ၊ ဒုတိယဖွဲ့ ကုန်းချောသော်လည်း ဆရာက မယုံကြည်ပါ။ နောက်ဆုံးအဖွဲ့က ကုန်းချောစကားပြောသောအခါ ဆရာသည် သံသယဝင်လာလေသည်။ ထို့ကြောင့် ဆရာသည် အဟိံသက၏ အမူအရာကို အကဲခတ်လာသည်။

အဟိံသကကလည်း ဆရာ့မိသားစုနှင့်ချစ်ခင်စွာ အရောတဝင်နေထိုင်လေသည်။ ဆရာသည် ယင်းသို့တွေ့ရှိသဖြင့် အဟိံသက ကို မုန်းတီးလာသည်။ ၎င်းအား သူတစ်ပါးက အပြစ်ပြောမည်ကိုလည်း လွတ်အောင်ဖျက်ဆီးရန် ဆရာသည် ကြံလေသည်။ ဆရာသည် အကြံရလျှင် အဟိံသကကိုခေါ်၍ “ချစ်သားအဟိံသက သင်ကဲ့သို့သော ပညာထက်မြတ်၍ တပည့်ဝတ်ကျေပွန်သူ တပည့်ကောင်းရဖို့ ခဲယဉ်းသည်။ ထို့ကြောင့် သင့်အား ငါတတ်သော အတတ်အားလုံးကို သင်ပေးလတ္တံ့။ သို့သော် သင်သည် ငါ့အား ပူဇော်ထူးဖြင့်ပူဇော်မှ သင်ပေးမည်။ သင်ပူဇော်နိုင်အံ့နည်း”ဟု ဆိုလေသည်။ အဟိံသကလည်း “ဆရာက ဘယ်လိုပူဇော်ရမည်ကို ပြောပါ သူပူဇော်ပါမည်” ဟု ပြောလေသည်။ ဆရာက “ငါ့အား လက်ညှိုးတစ်ထောင်ဖြင့် ပူဇော်ရမည် ဖြစ်ကြောင်း” ဆိုလေသည်။

အဟိံသကသည် ဆရာအား ပြည့်စုံရစေမည်ဆိုကာ ဆရာကိုရှိခိုးပြီး သန်လျက်၊ လှံ၊ လေး၊ မြား၊ မီးဖောက်ဟူသော လက်နက်ငါးမျိုးကို ယူဆောင်၍ မြို့မှ ထွက်ခွာသွားလေသည်။ အဟိံသကသည် တောအုပ်တစ်ခု၌နေပြီး ဖြတ်သွားဖြတ်လာကြသော ယောက်ျား၊ မိန်းမတို့ကိုသတ်လျက် တစ်ဦးကို လက်ညှိုးနှစ်ချောင်းဖြတ်ယူပြီး သစ်ရွက်များ ဖုံးအုပ်ထားလေသည်။ အလွန်ပညာဉာဏ်ကြီးမားသော်လည်း လူများကို သတ်ရဖန်များလှသော် စိတ်သည်မဖြောင့်ဘဲဤသို့အားဖြင့် လက်ညှိုးများထားလျှင် ပျောက်ကုန်မည် မစဉ်းစားဘဲ ထားခဲ့မိသည်။ ထို့ကြောင့် ၎င်းဖြတ်ပြီး လက်ညှိုးများသည် ပျောက်ဆုံးကုန်လေသည်။ ထိုအခါ သူသည် လက်ညှိုးများကို ဤသို့ထားရန် မသင့်ဟုကြံ၍ နောင်တွင် ရသမျှ လက်ညှိုးများကို ပန်းကုံးသဖွယ် ကြိုးဖြင့်သီ၍ လည်တွင်ဆွဲထားလေသည်။ ထိုအခါမှစ၍ သူ့အား အင်္ဂုလိမာလ (လက်ညှိုးပန်းကုံးဆင်ထားသူ) ဟု လူတို့က ခေါ်ဝေါ်ကြကုန်သည်။ အင်္ဂုလိမာလသည်နေ့အခါ ခရီးသွား/ ခရီးလာများကို မမြင်သောအခါ ညအခါ၌ ရွာတွင်းသို့ဝင်၍ အိမ်ထဲဝင်ပြီး လူများကိုသတ်ကာ လက်ညှိုးများဖြတ်ယူပြီး ဇာလိနီမည်သော တောအုပ်သို့ဝင်ပြေးလေသည်။ ၎င်းကို လူအပေါင်းက လိုက်ကြသော်လည်း သူသည်တစ်ဟုန်တည်းဖြင့် သုံးယူဇနာကို ခုန်ပျံကျော်လွှား ပြေးနိုင်သည်။ ထို့ကြောင့် လူတို့က ၎င်းကို မမှီကြချေ။

ဤသို့အားဖြင့် ညရောနေ့ပါ လူတို့ကို သတ်၍ နေသောကြောင့် ကျေးရွာငယ်များ ပျက်စီးကုန်သည်။ ရွာကြီးနိဂုံးသို့ ပေါင်းစုကာ ရွှေ့ပြောင်းနေထိုင်ကြကုန်သည်။ ထိုသို့အားဖြင့် လူတို့သည် ကောသလ မင်းထံသို့သွား၍ “အရှင်မင်းကြီး အင်္ဂုလိမာလမည်သော လူဆိုးသူခိုးကြီးသည် မြင်မြင်သမျှ ယောက်ျား၊ မိန်းမတို့ကို သတ်ဖြတ်၍ လက်ညှိုးဖြတ်ယူလျက်ရှိ သောကြောင့် အရပ်ရပ်ကျေးရွာများ ပျက်စီးကြကုန် သည်။ ထို့ကြောင့် ဤလူဆိုးသူခိုးအား ဖမ်းယူ ဖယ်ရှားပေးရန် ဆောင်တော်မူပါ” ဟု လျှောက်ထားကြကုန်၏။

ကောသလမင်းကြီးသည် ထိုသတင်းကို ကြားသောအခါ အလွန်ပင်ထိတ်လန့်သွားသည်။ ၎င်းအား မဖမ်းဝံ့သော်လည်း ပြည်သူ ပြည်သားများ နှစ်သိမ့်စေရန် “သင်တို့ မစိုးရိမ်ကြနှင့် ငါမနက်ဖြန် မြင်းစီးသူရဲကောင်းငါးရာနှင့် အင်္ဂုလိမာလကို ဖမ်းယူစေအံ့”ဟု ဆိုလိုက်လေသည်။

ယင်းစကားကို ပုရောဟိတ်ကြီးကြားသော အခါ အိမ်သို့ပြန်၍ သူ့ဇနီး မန္တာနီပုဏ္ဏားမကြီးအား “ရှင်မရေ အခုလူသတ်လက်ညှိုးဖြတ်နေသူ အင်္ဂုလိမာလကား အခြားမဟုတ် ငါတို့သားတည်း။ မင်းကြီးသည် မနက်ဖြန်မြင်းငါးရာဖြင့် သူကိုဖမ်းယူလတ္တံ့”ဟူ၍ ပြောကြားလေသည်။ သားဖြစ်သူကို သူ့ခင်ပွန်းပုရောဟိတ်အား ခေါ်ခိုင်း၍ မရသောကြောင့် သူကိုယ်တိုင်သွားခေါ်ပါအံ့ ဆိုလေသည်။ ခင်ပွန်းဖြစ်သူ ပုရောဟိတ်ပုဏ္ဏားကြီးကတားသည်။ မရပါ။ သူ့ကိုသတ်လျှင်သတ်ပါ။ သူ့သားကိုတော့ မသေစေလိုကြောင်းဆိုပြီး နောက်တစ်နေ့နံနက် စောစောထမင်းစားသောက်ပြီး သားရှိသော တောအုပ်သို့ သွားလေသည်။

အင်္ဂုလိမာလသည် ဖြတ်ထားသော လက်ညှိုးများကို ရေတွက်သောအခါ တစ်ထောင်ပြည့်ရန် တစ်ယောက်လိုသည်ကိုသိရ၍ ဘယ်သူလာလာ ပထမတွေ့သည့်သူကို သတ်၍ လက်ညှိုးကိုဖြတ်ယူကာ တစ်ထောင်ပြည့်ကြောင်း ဆရာ့ထံအပ်၍ ပူဇော်ကာ အတတ်ပညာကိုသင်ယူပြီးလျှင် အိမ်သို့ပြန်မည် ဟုကြံရွယ်၍ တောအုပ်တစ်ခုတွင် ပုံးကွယ်၍ စောင့်နေလေသည်။

မိခင်ဖြစ်သူ မန္တာနီပုဏ္ဏားမကြီးသည် ဇာလိနီမည်သော တောအုပ်သို့ ရောက်သောအခါ “ချစ်သားအင်္ဂုလိမာလ ကောသလမင်းကြီးသည် သင့်ကို ဖမ်းယူရန် မြင်းစီးသူရဲကောင်းငါးရာဖြင့် လာကြမည်။ သင့်အားသတ်တော့မည်။ မိခင်ထံသို့ အမြန်လာလော့”ဟု ဟစ်အော်၍ သွားလေသည်။ ဤသို့ဖြင့် မိခင်ကိုမြင်လျှင် အင်္ဂုလိမာလသည် “ဤမိန်းမကို သတ်၍ လက်ညှိုးကိုဖြတ်အံ့” ဟု ကြံလျက်စောင့်နေ လေသည်။

ထိုစဉ် ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေစဉ် ယနေ့နံနက်မိုးသောက်ယံမှာ သတ္တလောကကြီး၌ ချေချွတ်ရမည့်သူကို သဗ္ဗညုတ ဉာဏ်တော်ဖြင့် ကြည့်ရှုသော် အင်္ဂုလိမာလကို မြင်ရလေသည်။ ၎င်းသည် ရဟန္တာဖြစ်လတ္တံ့ကို သိတော်မူ၍ ယနေ့ ငါသွား၍ တရားဟောရမူ တစ်ဂါထာတည်းဖြင့် ရဟန္တာဖြစ်မည်။ သို့မဟုတ် ငါဘုရားမသွားဘဲနေ လျှင် မိခင်ကိုသတ်မိသဖြင့် အဝီစိငရဲသို့ ကျစေမည်ဟု သိတော်မူလေသည်။

(ဆက်လက်ဖော်ပြပါမည်)