Skip to main content

လောကကို အလှဆင်ကြပါစို့

ကိုယဉ်ချစ် (မန္တလေး)

လူတွေဟာ သြကာသလောကဆိုတဲ့ ရေမြေတောတောင် သမုဒ္ဒရာတွေထဲက သဘာဝအရင်း အမြစ်တွေ၊ သယံဇာတတွေကို သူတို့ရဲ့အသိဉာဏ် တွေ၊ စွမ်းအားတွေ၊ အရည်အချင်းတွေ အသုံးချပြီး ဖော်ထုတ်အသုံးချနိုင်ကြပါတယ်။ တစ်နည်းပြောရရင် သြကာသလောကကြီးကို လူတွေက ထိန်းချုပ်အသုံးချနိုင်ကြပါတယ်။

အလားတူ သင်္ခါရလောကကြီးရဲ့ အဖြစ်အပျက် သဘောတွေကို နားလည်သဘောပေါက်ကြတယ်။ သင်္ခါရလောကကြီးကို မဖြစ်မနေရင်ဆိုင်ကြရ မယ်ဆိုတာကို သိကြတယ်။ သဘာဝဖြစ်စဉ်တွေကို ကျော်လွန်ပြီး ဖြစ်မှု၊ ပျက်မှုသဘောတွေကို ချုံ့နိုင်၊ ချဲ့နိုင်အောင် လုပ်ဆောင်လာကြတယ်။ လူတွေဟာ သင်္ခါရလောကကြီးကိုလည်း ရနိုင်သလောက် နည်းလမ်းတွေနဲ့ အန်တုဖို့ ကြိုးစားနေကြပါတယ်။

အတ္တဆိုတဲ့ မိမိအကျိုးစီးပွားကို အခြေခံလုပ်ဆောင်

လူတွေက သူတို့မှာရှိနေတဲ့ အသိဉာဏ်၊ ခွန်အား၊ စွမ်းရည်တွေကို အသုံးချပြီး အသက်ရှင် ရပ်တည်ဖို့ အားထုတ်နေကြတယ်။ တစ်ဦးချင်းစီ၊ မိသားစု၊ ရပ်ရွာ၊ မြို့ပြ၊ နိုင်ငံတွေ တိုးတက်အောင် အမြဲကြိုးပမ်းနေကြတယ်။ မတူညီကြတဲ့ သဘာဝ အခြေခံတွေကို မူတည်ပြီး ရေကြည်ရာ မြက်နုရာ နေရာတွေမှာ အခြေအနေပေးသလို နေထိုင်ကြရင်း လူမျိုး၊ ယုံကြည်ကိုးကွယ်မှု၊ လူနေမှုပုံစံတွေ အမျိုးမျိုးနဲ့ တိုင်းပြည်နိုင်ငံလို့ သတ်မှတ်ထားတဲ့ နေရာတွေမှာ အသက်ရှင်ရပ်တည် နေထိုင်ကြပါတယ်။ မတူညီတဲ့အခြေအနေတွေကြောင့် လူနေမှုအဆင့်အတန်း အနိမ့်အမြင့်တွေ ခြားနားသွားကြတယ်။ ဆင်းရဲချမ်းသာမှုတွေ ကွာဟသွားပြီးတိုးတက်မှု၊ နိမ့်ကျမှုတွေ ဖြစ်ပေါ်သွားတယ်။ ဒီအခြေအနေတွေအားလုံးကို လူသားတွေကိုယ်တိုင်ကပဲ လုပ်ဆောင်နေကြတာဖြစ်ပါတယ်။ အဲဒီလုပ်ဆောင်ချက်တွေမှာ အတ္တဆိုတဲ့ မိမိအကျိုး စီးပွားကို အခြေခံလုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ပုထုစဉ်လူသားတိုင်း အတ္တနဲ့ မကင်းနိုင်ဘူးလို့ ဆိုကြပါတယ်။

လူတိုင်း အတ္တနဲ့မကင်းနိုင်ဘူးဆိုပေမယ့် ရှိသင့်ရှိထိုက်တာထက် ကျော်လွန်ပြီး အတ္တတွေ လွန်ကဲလာရင် လူ့လောကကြီးဟာ အကျည်းတန်ညစ်ညမ်းလာပါတော့တယ်။ လူဆိုတာ တစ်ဦးတည်း နေထိုင်မရလို့အများနဲ့ နေထိုင်ကြရတဲ့အခြေအနေမှာ မိမိအကျိုးစီးပွားအတွက်သာကြည့်ပြီး အများအကျိုးကို ထိခိုက်အောင်လုပ်လာပြီဆိုရင်တော့ အတ္တလွန်ကဲတဲ့လူဖြစ်သွားတာပါပဲ။

လူ့သဘာဝအရ အသက်ရှင်ရပ်တည်နေထိုင် နိုင်ဖို့ကြိုးစားကြတယ်။ စားနိုင်သောက်နိုင်နေနိုင်ထိုင်နိုင်လောက်အခြေအနေရလာတော့ အဲဒီထက်သာအောင် ဆက်ပြီးအားထုတ်ကြတယ်။ အားထုတ်မှုကြောင့် သာမန်ထက်ပိုတဲ့ တိုးတက်မှုတွေရလာတယ်။ ဒီမှာတင် မကျေနပ်နိုင်သေးဘဲ ပိုပြီးပိုပြီး သာလွန်အောင်လုပ်လာကြပြန်တယ်။ ရပြီးရင်း ရချင်ရင်းနဲ့ ပင်လယ်ဆားငန်ရည်တွေ သောက်သလို သောက်ပြီးရင်း သောက်ချင်ရင်း ဖြစ်လာတယ်။ ဒီတော့ တရားသလား၊ မတရားတာလား ပြန်မစဉ်းစားနိုင်တော့ဘဲ ကိုယ့်အတွက် ရဖို့တစ်ခုကိုသာ အာရုံစိုက်လုပ်ကြပါတော့တယ်။ လုပ်ရင်းကိုင်ရင်း မိမိအကျိုးကို လုပ်သင့်သလောက် ထက်ကျော်ပြီး လွန်ကဲတဲ့ အတ္တတွေနဲ့ အလွန်အကျွံ လုပ်ကိုင်လာပါတယ်။ အတ္တလွန်ကဲသူတွေကတော့ တစ်ချိန်ချိန်မှာ သောကနဲ့ ဒုက္ခတွေကို ခံစားရတတ်တယ်ဆိုတာ သတိမူကြရပါမယ်။ အခန့်မသင့်ရင် အသက်အိုးအိမ် စည်းစိမ်တွေကိုတောင် စွန့်လွှတ်ပေးရတတ်ပါတယ်။

တစ်ခါက တောရွာတစ်ရွာမှာ မြေတွေအများကြီး ပိုင်ဆိုင်တဲ့ မြေပိုင်ရှင်သူဌေးကြီးက သူ့ရဲ့အလုပ်သမားကို ဆုလာဘ်အနေနဲ့ လယ်မြေကို ခွဲဝေပေးချင်တယ်။ ဒါကြောင့် သူဌေးကြီးက အလုပ်သမားကိုခေါ်ပြီး မင်းကိုလယ်လုပ်စားဖို့မြေ ခွဲပေးမယ်။ ဒီနေရာကနေ မင်းမြေလိုချင်တဲ့နေရာ အထိသွားလို့ပြောတော့ ရပ်နေတဲ့နေရာကနေ လယ်တွေဖြတ်ပြီးသွားတာပေါ့။ သွားရင်းနဲ့ နောက်လှည့်ပြီးကြည့်တယ်။ သူဌေးကြီးက တော်ပြီလားလို့မေးတော့ မတော်သေးဘူးဆိုပြီး ဆက်သွားလိုက်၊ နောက်ပြန်လှည့်ကြည့်လိုက်နဲ့ပေါ့။ မြေတွေများများလိုချင်တဲ့ လောဘကတက်လာတော့ လမ်းလျှောက်ရာကနေ ပြေးသွားလိုက်၊ နောက်လှည့်ကြည့်လိုက်နဲ့၊ တော်ပြီလားမေးရင် မတော်သေးဘူးဆိုပြီး ဆက်ပြေးလိုက်နဲ့ နောက်ဆုံးအမောဆို့ပြီး အသက်ပါထွက်သွားပါတော့တယ်။ အဲဒီမှာ မြေပိုင်ရှင်သူဌေးကြီးက သူ့အလုပ်သမား သေဆုံးတဲ့ နေရာကိုသွားပြီး မင်းလုပ်စားဖို့ ငါက မြေတွေအလကားပေးတာပါပဲ။ ဒါပေမဲ့ မင်းက လောဘကြီးလွန်းတော့ မြေတွေအများကြီးမရဘဲ ခြောက်ပေသာ ရသွားပါလားလို့ပြောတယ်တဲ့။ (ခြောက်ပေဆိုတာ လူသေရင် မြှုပ်ဖို့တူးထားတဲ့ ခြောက်ပေအကျယ် ရှိတဲ့မြေကို ပြောတာပါ။)

လောကကြီးကို အကျည်းတန်စေ

လူတွေဟာ တစ်ဦးချင်းစီသာမကဘဲ အသင်းအပင်းတွေ၊ အဖွဲ့အစည်းတွေ၊ နိုင်ငံတွေမှာလည်း မရှိသင့်တဲ့အတ္တလွန်ကဲမှုကြောင့် ဖြစ်လာတဲ့လောဘ တွေကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ လူမှု ရေးပြဿနာတွေနဲ့ အများစုက ဆင်းရဲဒုက္ခတွေ ခံစားနေကြရတာကို မြင်တွေ့နေကြရမှာပါ။ ငါ၊ မိမိဆိုတဲ့ အတ္တကြောင့်လိုချင်မက်မောခြင်း၊ တပ်မက်ခြင်းဆိုတဲ့ လောဘဖြစ်လာတယ်။ လောဘရဲ့ နောက်မှာ လိုတာမရရင်၊ လိုသလောက်မရရင် ဒေါသကကပ်ပါလာတယ်။ လောဘ၊ ဒေါသတွေ ကြောင့် တွေဝေခြင်း၊ အမှန်အမှား မခွဲခြားနိုင်ခြင်း ဆိုတဲ့ မောဟကလည်း ရောက်လာပါတော့တယ်။ အတ္တက အခြေခံလာတဲ့ လောဘ၊ ဒေါသ၊ မောဟတွေကြောင့် လုပ်သင့်တာတွေမလုပ်၊ မလုပ်သင့်တာ တွေလုပ်၊ ကောင်းတာတွေကို မလုပ်၊ မကောင်းတာ တွေလုပ်ကြရင်း မဖြစ်သင့်တာတွေ၊ မဖြစ်ကောင်း တာတွေ၊ မဖြစ်ဖူးတာတွေ၊ မဖြစ်နိုင်တာတွေဖြစ်လာပြီး သာယာလှပတဲ့လောကကြီးကို အကျည်းတန်စေပါတော့တယ်။

လောကကြီးကို မှီတင်းနေထိုင်ကြတဲ့ သတ္တဝါတွေနဲ့ သဘာဝပတ်ဝန်းကျင်တွေအပေါ်မှာ ရှိသင့်တဲ့ ကိုယ်ကျိုးစီးပွား (အတ္တဟိတ) ကိုရှာပြီး အများရဲ့ အကျိုးစီးပွား (ပရဟိတ)ကိုလည်း မျှမျှတတ ဆောင်ရွက်နိုင်မှ သာယာလှပတဲ့လောကကြီးကို တည်ဆောက်နိုင်မှာပါ။ ဒီလိုတည်ဆောက်နိုင်ဖို့ လူတွေရဲ့ အတ္တလွန်ကဲမှုကို ထိန်းချုပ်ကြရပါမယ်။ ထိန်းချုပ်ဖို့အခြေခံကျတဲ့ လူတွေရဲ့စိတ်ကို တည့်မတ် ပြုပြင်ကြဖို့ လိုပါတယ်။

စိတ်ဆိုတာ အင်မတန် ရွေ့လျားတာမြန်ပါတယ်။ အလင်းရဲ့ပြေးနှုန်းဟာ တစ်စက္ကန့်ကို မိုင်ပေါင်းကုဋေနဲ့ချီပြီး ပြေးနေတာကြောင့် ပြေးနေမှန်းတောင် မသိရဘူးလို့ဆိုပါတယ်။ စိတ်ရဲ့ပြေးနှုန်းဟာ အလင်းရဲ့ပြေးနှုန်းထက် အဆပေါင်းများစွာ မြန်ဆန်တာကြောင့် မိမိစိတ်ကို မိမိထိန်းချုပ်နိုင်ဖို့ အင်မတန် ခက်ခဲလှပါတယ်။ လူတွေဟာ ကာယကံ၊ ဝစီကံ၊ မနောကံဆိုတဲ့ အလုပ်သုံးပါးစလုံးကို စိတ်ရဲ့စေ့ဆော်မှုအတိုင်း လုပ်နေကြရတာမို့ စိတ်ကိုမထိန်းချုပ်နိုင်ရင် လမ်းမှားဘက်ကို ဦးတည်သွားတတ် ပါတယ်။ စိတ်ကို အခြေခံဖြစ်ပေါ်လာတဲ့ အကုသိုလ်စေတသိက်တွေဝင်လာပြီး ဆိုးကျိုးတွေဖြစ်စေပါတယ်။

အကုသိုလ်စေတသိက် ၁၄ ပါး

အကုသိုလ်စေတသိက် ၁၄ ပါးဆိုတာ (၁) လောဘ = ဆာလောင်တွယ်တာကာ သာယာခင်မင် ခြင်းလက္ခဏာ (၂) ဒေါသ = ကြမ်းတမ်းပြစ်မှား နှိပ်စက်ပျက်စီးခြင်းလက္ခဏာ (၃) မောဟ = အမှန်တရားကိုမသိခြင်း (၄) အဟီရိက = မကောင်းမှုပြုရမှာ မရှက်ခြင်း (၅) အနောတ္တပ္ပ = မကောင်းမှုပြုရမှာ မကြောက်မလန့်ခြင်း (၆) ဥဒ္ဓစ္စ = ပျံ့လွင့်တုန်လှုပ် ခြင်း (၇) မာန = ငါကွဟု ထောင်လွှားခြင်း (၈) ဒိဋ္ဌိ = အမှားကို အမှန်ဟုစွဲယူထားခြင်း (၉) ဣဿ = သူ တစ်ပါးအား မလိုတမာငြူစူလာခြင်း (၁၀) မစ္ဆရိယ = မိမိစည်းစိမ်ကို နှမြောဝန်တို မဆက်ဆံလိုလျက် ဖုံးဝှက်ကာထားခြင်း (၁၁) ကုက္ကုစ္စ = ပြုပြီးသား အကုသိုလ် မပြုလိုက်ရသည့်ကုသိုလ်တို့အတွက် နောင်မှတကာ ပူပန်လာခြင်း (၁၂) ထိန = ကုသိုလ် ပြုရာ၌ စိတ်ဓာတ်လျော့ပါးအားနည်းခြင်း (၁၃) မိဒ္ဓ = ထိန်ကြောင် ထိုင်းမှိုင်းငိုက်မျဉ်း၍လာခြင်း (၁၄) ဝိစိကိစ္စ = ကောင်းမှုကုသိုလ်တရား၌ ယုံရမည် လား၊ မယုံရမည်လားတို့ ဖြစ်ပါတယ်။

စိတ်က ပေါက်ဖွားလာတဲ့ လောဘ၊ ဒေါသ၊ မောဟတွေကြောင့် လူ့လောကကြီးထဲမှာ စိတ်ဝမ်း တွေကွဲကြ၊ ရန်ဖြစ်ကြ၊ စည်းလုံးမှုတွေ ပြိုကွဲကြနဲ့ အဆုံးစွန်လူအချင်းချင်း အကြောင်းအမျိုးမျိုးပြ သတ်ကြ၊ ဖြတ်ကြနဲ့ စစ်ပွဲတွေခင်းကြတဲ့အထိ ဖြစ်လာပါတော့တယ်။ စိတ်ရဲ့စေ့ဆော်မှုနဲ့ ပြုလာကြတဲ့ မကောင်းတဲ့အကုသိုလ်ဆိုတာ မသိလို့လုပ်မိတာရှိတယ်၊ သိလျက်နဲ့လုပ်ကြတာရှိတယ်၊ သိပေမယ့် မပြင်ဘဲ ဆက်လုပ်ကြတာတွေရှိပါတယ်။ အမှားကိုသိရင်တော့ သိသိချင်း အမှန်ကို ပြင်ဆင်နိုင်ခြင်းက အကောင်းဆုံးပါ။ ရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ပြုလိုက်မိတဲ့မကောင်းမှုကြောင့် အများစုက ကိုယ်ရောစိတ်ပါ ဆင်းရဲမှုခံစားရမယ့် အလုပ်မျိုးတွေကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။ မိမိနဲ့ မိမိရဲ့ မိသားစုအတွက် တစ်ခဏတာ၊ တစ်ဘဝစာအတွက် မကောင်းမှုအလုပ်တွေနဲ့ အရင်းအနှီးမပြုသင့်ပါဘူး။ ကိုယ်ပြုလိုက်တဲ့ စေတနာကံတွေဟာ ကောင်းတာဖြစ်စေ၊ မကောင်းတာဖြစ်စေ ရပ်တန့်မနေဘူး။ မကောင်းတာတွေလုပ်မိရင် မကောင်းတဲ့သံသရာစက်ဝန်းထဲမှာ ပြန်ပြီးလည်ပတ်ခံစားရတတ်တယ်ဆိုတာ သတိမူရပါမယ်။ ဝဋ်လည် တတ်တယ်ဆိုသလိုမျိုးပေါ့။

စိတ်ကို သီလနဲ့ထိန်းကျောင်း

လောကကြီးကို အထီးကျန်၊ အကျည်းတန်စေတဲ့အလုပ်တွေရဲ့ အခြေခံဟာ စိတ်ဖြစ်ပါတယ်။ စိတ်က ပေါက်ဖွားလာတဲ့ လောဘ၊ ဒေါသ၊ မောဟတွေကြောင့် မဖြစ်သင့်တာတွေ မဖြစ်ရအောင် စိတ်ကို သီလနဲ့ ထိန်းကျောင်းရပါမယ်။ သီလဆိုတာ စောင့်ထိန်းအပ်တဲ့ ကျင့်ဝတ်ဖြစ်ပါတယ်။ သီလစောင့်ထိန်းနိုင်ခြင်းဟာ ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းခြင်းဖြစ်ပါတယ်။ သီလမရှိတဲ့သူ၊ သီလကင်းမဲ့သူတွေဟာ ကိုယ်ကျင့်သိက္ခာကင်းမဲ့သူတွေ ဖြစ်ပါတယ်။

လူ့သဘာဝအရ လုပ်ပိုင်ခွင့်၊ လုပ်နိုင်ခွင့်ရှိလာ တဲ့အချိန်မှာ သီလကို မစောင့်စည်းနိုင်ရင် လွန်ကဲတဲ့ အတ္တတွေ ဝင်လာတတ်ပါတယ်။ ရလာတဲ့အခွင့် အရေးကိုအသုံးချပြီး အတ္တကို အလွန်အမင်းသုံးစွဲမိပြီ ဆိုရင်တော့ သီလပျက်ယွင်းပြီး ကိုယ်ကျင့်သိက္ခာပါ ယုတ်လျော့ကျဆင်းသွားပါတယ်။ ဒီလို လူစားမျိုး တွေဟာ မိမိတစ်ယောက်တည်းသာမကဘဲ သားစဉ်မြေးဆက်အထိ နာမည်ဆိုးတွင်ကျန်ရစ်တတ်ပါတယ်။

ခြင်္သေ့တို့မည်သည် ငတ်မွတ်ဆာလောင်ပေမယ့် မြက်၊ သစ်ရွက်ကိုမူ မစား။ ပညာရှိသူတော်ကောင်းတို့သည်လည်း ဆင်းရဲဒုက္ခ ကြုံတွေ့ရပေမယ့် မကောင်းမှုဒုစရိုက်ကို လက်မခံ၊ အကျင့်သီလကို စောင့်ထိန်းကြကုန်၏လို့ လောကနီတိ သုဇနကဏ္ဍမှာ ဖော်ပြထားတာ မှတ်သားဖူးပါတယ်။

သီလစောင့်ထိန်းသူ၊ ကိုယ်ကျင့်သိက္ခာရှိသူတွေဟာ တော်လည်းတော်၊ ကောင်းလည်းကောင်းတဲ့ သူတော်ကောင်းတွေဖြစ်ကြပါတယ်။ သူတို့ဟာ သစ္စာရှိမှုကို တန်ဖိုးထားကြတယ်။ အဲဒီလို သစ္စာရှိမှုကြောင့် သူတို့ရဲ့ကိုယ်ကျင့်သိက္ခာဟာ ပိုမိုမြင့်မားပြီး တန်ဖိုးရှိတဲ့လူတွေဖြစ်လာပါတယ်။ သစ္စာဖောက် သူ၊ သစ္စာမဲ့တဲ့သူတွေကတော့ သူတို့မှာ ကပ်ငြိနေတဲ့ လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ မကောင်းမှုအကုသိုလ် ပယောဂတွေနဲ့ လူ့လောကစည်းရဲ့အပြင်ကို ရောက်သွားတတ်ကြပါတယ်။

တချို့က အတတ်ပညာတွေ တတ်မြောက်ကြပေမယ့် အသိပညာနည်းတော့ မိမိခံစားချက်ကို ရှေ့တန်းတင်ပြီး မပြောသင့်တာတွေပြော၊ မလုပ်သင့်တာတွေလုပ်တတ်ကြပါတယ်။ ပညာနည်းသူတွေမှားတာထက် ပညာတတ်သူတွေမှားတာက ပတ်ဝန်းကျင်ကို ပိုပြီး ထိခိုက်စေတတ်တယ်ဆိုတာ သတိမူကြရပါမယ်။

မိမိပြုလုပ်တဲ့အလုပ်တိုင်းကို အမှားနည်းအောင် မလုပ်ခင်ကစဉ်းစား၊ လုပ်နေတုန်းလည်းစဉ်းစား၊ လုပ်ပြီးသွားရင်လည်း ပြန်လည်သုံးသပ်တဲ့ အလေ့ အကျင့်တွေ လုပ်ထားသင့်ပါတယ်။ မိမိရဲ့အတ္တ လွန်ကဲမှုကြောင့် ပတ်ဝန်းကျင်ကို ဒုက္ခမဖြစ်အောင် ဆင်ခြင်လုပ်ကိုင်နိုင်ခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။ အတ္တလာရာလမ်းကြောင်းဖြစ်တဲ့ စိတ်ကို ဖြူစင်သန့်ရှင်းအောင် စိတ်ကောင်းတွေ မွေးမြူရပါမယ်။ မကောင်းတဲ့ စိတ်ရိုင်းစိတ်ယုတ်မာတွေ မိမိဆီဝင်မလာအောင် တားဆီးနိုင်ရပါမယ်။

လူတိုင်းလုပ်နေကြတဲ့ အလုပ်တွေဟာ မိမိတစ်ဦးတည်းအတွက်လည်း ဖြစ်ချင်ဖြစ်မယ်။ မိမိရဲ့ မိသားစုအတွက်လည်း ဖြစ်ချင်ဖြစ်မယ်။ အများအတွက်လည်း ဖြစ်ချင်ဖြစ်မယ်။ လုပ်တဲ့အလုပ်တိုင်းရဲ့ အဖြေကအမှန်နဲ့အမှားဆိုတဲ့ ရလဒ်နှစ်မျိုးသာရှိပါတယ်။ လုံးဝအမှားကင်းစင်နေတာမျိုးမဟုတ်ရင်တောင် အမှားအနည်းဆုံးဖြစ်အောင် ကြိုးစားလုပ်ကြရပါမယ်။ မှားတယ်ဆိုတာကလည်း အတ္တလွန်ကဲလွန်းလို့ဖြစ်တာများပါတယ်။ ပုထုဇဉ်လူသား တွေဖြစ်နေကြလို့ အတ္တကို လုံးဝကင်းနိုင်မှာတော့ မဟုတ်ပါဘူး။ အတ္တနည်းရင် ဆိုးကျိုးတွေ ကြီးကြီး မားမား မဖြစ်နိုင်ပေမယ့် လွန်ကဲရင်တော့ ဆိုးကျိုး တွေ ကြီးကြီးမားမား ဖြစ်နိုင်တာမို့ လွန်ကဲတဲ့အတ္တ တွေမပြုမိအောင် ထိန်းချုပ်ကြရပါမယ်။

လူတိုင်းက အသက်ရှင်ရပ်တည်နေရတဲ့ အချိန်လေးမှာ စိုးရိမ်ပူဆွေးနေရတာတွေ၊ ကြောက်လန့်တုန်လှုပ်နေရတာတွေ၊ ပျက်စီးခြင်း (ဗျဿနတရား)တွေနဲ့ ရင်ဆိုင်နေရတာတွေကို ဘယ်သူမှ ကြုံတွေ့ချင်မှာ မဟုတ်ပါဘူး။ အေးအေးချမ်းချမ်း၊ တည်တည်ငြိမ်ငြိမ်၊ ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင် လုပ်ကိုင်စားသောက်ရင်း အသက်ရှင်နေလိုသူတွေ ဖြစ်ကြမှာပါ။ ဒီလိုနေထိုင်နိုင်ဖို့ သာယာလှပတဲ့ လောကကြီးကို တည်ဆောက်ကြဖို့လိုပါတယ်။ သာယာလှပအောင် လောကကြီးကို အလှဆင်ပေးနိုင်သူတွေကတော့ လူသားတွေပဲဖြစ်ပါတယ်။ လူသားတွေအနေနဲ့ လွန်ကဲတဲ့အတ္တကြောင့် ဖြစ်ပေါ်လာတဲ့ လောဘ၊ ဒေါသ၊ မောဟတွေကို ထိန်းချုပ်ကြ ပြီး လောကကြီးကို အလှဆင်ကြပါစို့လို့ တိုက်တွန်း လိုက်ပါတယ်။     ။

ကိုးကား -

- မှတ်အပ် မှတ်ရာ မှတ်စုပဒေသာ သုခ မှတ်စု၊ ဆဋ္ဌမအကြိမ်၊ ၂၀၁၈ ခုနှစ်

- နေ့စဉ်ထုတ်သတင်းစာများ