Skip to main content

အထက်ချင်းတွင်းဒေသနှင့် နာဂတောင်တန်းဒေသများ ဖွံ့ဖြိုးတိုးတက်စေရေး တည်ဆောက်ပေးထားသော ချင်းတွင်းတံတားများ

 

ကိုတင့်(မြို့ပြအင်ဂျင်နီယာ)

သလ္လာဝတီမြစ်ခေါ် ချင်းတွင်းမြစ် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ချင်းတွင်းမြစ်သည် ဧရာဝတီမြစ်၏ အကြီးဆုံးသော မြစ်လက်တက်ဖြစ်သည်။ ချင်းတွင်းမြစ်သည် ကချင်ပြည်နယ်၏ ကျယ်ဝန်းသည့် ဟူးကောင်း ချိုင့်ဝှမ်းလွင်ပြင်တွင် မြစ်ဖျားခံပြီး တနိုင်း၊ တဝမ်၊ တရွန်မြစ်များစုဆုံ၍ ဖြစ်ပေါ်လာပါသည်။ မြောက်မှ တောင်သို့ စီးဆင်းသည့် ချင်းတွင်းမြစ်သည် မိုင်ပေါင်း ၇၅၀ ရှည်လျားကာ မြန်မာနိုင်ငံ၏ အဓိက မြစ်ကြီးဖြစ် သည့် ဧရာဝတီမြစ်အတွင်းသို့ မြင်းခြံမြို့အနီးတွင် စီးဝင်ပါသည်။ မြန်မာနိုင်ငံ၏ နာမည်ကျော် ကျောက်စိမ်း တွင်းများသည်လည်း ဥရုချောင်းဖျားနှင့် ချင်းတွင်းမြစ်ဝှမ်းဒေသများတွင် တည်ရှိနေကြသည်။

ထူးခြားသည့်အချက်မှာ ချင်းတွင်းမြစ်သည် ထမံသီဘေးမဲ့တောနှင့် ဟူးကောင်းချိုင့်ဝှမ်း ကျားဘေး မဲ့တော တို့ကို ဖြတ်သန်းစီးဆင်းလျက်ရှိသည်။ ကျားဘေးမဲ့တောသည် ကမ္ဘာပေါ်တွင် အကြီးဆုံး ကျားဘေးမဲ့ တောလည်းဖြစ်သည်။ ထို့အပြင် အခြားသားရိုင်းများ တိရစ္ဆာန်များ ဖြစ်သည့် ရှားပါးပျောက်ကွယ်တော့မည့် မျိုးစိတ်များ၊ ကျားများ၊ ဆင်များနှင့် မြန်မာနိုင်ငံတွင်သာရှိသည့် အခွံမာ လိပ်မျိုးများနေထိုင်ရာ ဒေသ တစ်ခုဖြစ်သည်။

ကချင်ပြည်နယ် ဖားကန့်ဒေသမှ စီးဆင်းလာသည့် ဥရုချောင်းသည် ဟုမ္မလင်းမြို့အနီးတွင် ချင်းတွင်းမြစ် အတွင်းသို့ စီးဝင်သည်။ ကလေးဝလွင်ပြင်ကို ဖြတ်သန်းလာသည့် မြစ်သာမြစ်က ကလေးမြို့ အနီးတွင် ချင်းတွင်း မြစ်အတွင်းသို့ ပေါင်း၍စီးဝင်သည်။ ချင်းတွင်းမြစ်သည် ကလေးဝမြို့မှ မုံရွာမြို့သို့ ဆက်လက် စီးဆင်းကာ ပခုက္ကူမြို့အထက်ဘက် ရေစကြိုမြို့နှင့် မြင်းခြံမြို့ အနီးတွင် ဧရာဝတီမြစ်ထဲသို့ ပေါင်းစည်း ဝင်ရောက်ပါသည်။

ချင်းတွင်းတံတား (ဆင်ဖြူရှင်တံတား) နှင့် ချင်းတွင်းတံတား (မုံရွာ)

ချင်းတွင်းမြစ်တွင် ပထမဆုံးတည်ဆောက်ခဲ့သော တံတားမှာ ဆင်ဖြူရှင်တံတားဖြစ်ပါသည်။ ချောင်းဦး ရေစကြို - ပခုက္ကူ ကားလမ်းပေါ်တွင်တည်ရှိပြီး မီးရထားလမ်းနှင့် ကားလမ်းပါဝင်သော တံတားကြီးဖြစ်ပါ သည်။ ဆင်ဖြူရှင်တံတားကြီးသည် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ကို ကားလမ်းရော မီးရထားလမ်းပါ ဆက်သွယ်ပေးသော အရေးပါသည့် တံတားကြီးဖြစ်သည်။ တံတားကြီးအရှည်မှာ ၄၉၇၅ ပေရှိပြီး ၁၈-၉-၁၉၉၉ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။

ချင်းတွင်းမြစ်ကိုဖြတ်သန်းတည်ဆောက်ပြီး ဒုတိယမြောက် ဖွင့်လှစ်ခဲ့သောတံတားမှာ ချင်းတွင်းတံတား (မုံရွာ) ဖြစ်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး မြောက်ပိုင်းနှင့် ချင်းပြည်နယ်တို့ကို ဆက်သွယ်ပေးသော မုံရွာ-ယာကြီး - ကလေးဝ လမ်းပေါ်တွင်ရှိပြီး မုံရွာမြို့အနီးတွင် တည်ဆောက်ထားသည်။ ဤတံတားကြီးပေါ်မှ ဖြတ်သန်း ၍ ပုသိမ် - မုံရွာလမ်းမကြီးနှင့် မုံရွာ-ပုလဲ-ဂန့်ဂေါလမ်းမကြီးတို့ကို သွားရောက်နိုင်ပါသည်။ မုံရွာမြို့ အနီး ချင်းတွင်းမြစ် အနောက်ဘက်ကမ်းဒေသများဖြစ်သော ညောင်ပင်ကြီး၊ အောင်ဇေယျမြို့သစ်များနှင့် ဆက်သွယ်ရာတွင် အရေးပါသော တံတားကြီး တစ်စင်းဖြစ်ပါသည်။ ၂၀၀၃ ခုနှစ်တွင် မုံရွာ-ယာကြီး-ကလေးဝ လမ်းနှင့်အတူ ၇-၄၂၀၀၃ ရက်နေ့တွင် ချင်းတွင်းတံတား (မုံရွာ)ကို ဖွင့်လှစ်ခဲ့သည်။ တံတားအရှည်ပေ ၄၇၃၀ ရှိပြီး နှစ်လမ်းသွားကားလမ်း သံမဏိသံပေါင် အမျိုးအစား တံတားကြီးဖြစ်ကြောင်း သိရှိရပါသည်။

ချင်းတွင်းတံတား(ကလေးဝ)

ချင်းတွင်းတံတား(ကလေးဝ)သည် ချင်းတွင်းတံတား (မုံရွာ) ၏ အထက်ဘက် ကလေးမြို့အနီး ရေဦး ကလေးဝလမ်း မိုင်တိုင် (၁၀၄၂၆) တွင် တည်ရှိပါသည်။ ချင်းတွင်းမြစ်၏ အနောက်ဘက်ကမ်းတွင် ရှိသော ကလေးဝ - မော်လိုက်လမ်း၊ ကလေးဝ - ကျီကုန်းတမူးလမ်း၊ ကလေး - ဖလမ်း - ဟားခါးလမ်း၊ မုံရွာယာကြီး - ကလေးဝလမ်းတို့နှင့် ချင်းတွင်းမြစ်၏ အရှေ့ဘက်ကမ်းရှိ ကလေးဝ - ရေဦးလမ်းတို့နှင့် ချိတ်ဆက်ရာတွင် အရေးပါသော တံတားဖြစ်သည်။ တရုတ်-မြန်မာအိန္ဒိယ သုံးနိုင်ငံ ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ တံတား တစ်စင်းလည်းဖြစ်သည်။ နှစ်လမ်းသွားကားလမ်း သံမဏိသံပေါင် အမျိုးအစားတံတားဖြစ်ပြီး တံတား အရှည်မှာ ၂၈၀၅ ပေရှိသည်။ ၂-၄-၂၀၁၇ ရက်နေ့တွင် ချင်းတွင်းတံတား (ကလေးဝ) ကို ဖွင့်လှစ်ခဲ့ကြောင်း သိရှိရ ပါသည်။

ချင်းတွင်းတံတား(ဟုမ္မလင်း)

ချင်းတွင်းတံတား(ဟုမ္မလင်း)သည် သက္ကယ်ကျင်းဖောင်းပြင် - ဟုမ္မလင်း - ခန္တီးလမ်း မိုင်တိုင် (၁၉၉၄) ဟုမ္မလင်း မြို့အနီးတွင် တည်ရှိပါသည်။ မြစ်အရှေ့ဘက်ကမ်းရှိ ဟုမ္မလင်းမြို့နှင့် ချင်းတွင်းမြစ် အနောက် ဘက်ကမ်း ကတ်သာကျေးရွာတို့ကို ဆက်သွယ်ပေးထားသည်။ ဟုမ္မလင်းမြို့မှ ဟုမ္မလင်း တံတားကို ဖြတ် သန်းပြီး အောင်ဇေယျ - ကတ်သာလမ်းမှ တမူးမြို့ အိန္ဒိယနယ်စပ်ထိ သွားနိုင်ပြီဖြစ်ပါသည်။ ချင်းတွင်း တံတား(ဟုမ္မလင်း) မှာ သံမဏိသံပေါင်အမျိုးအစား နှစ်လမ်းသွား ကားလမ်း တံတားဖြစ်သည်။ ၁၄-၁-၂၀၀၉ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး တံတားအရှည်မှာ ၂၇၆၃ ပေ ရှိပါသည်။

ချင်းတွင်းတံတား(ခန္တီး)

ချင်းတွင်းတံတား(ခန္တီး)သည် ချင်းတွင်းမြစ်အထက်ပိုင်းတွင် တည်ရှိပါသည်။ ချင်းတွင်းမြစ် အရှေ့ဘက်ကမ်း သက္ကယ်ကျင်း - ဖောင်းပြင် - ဟုမ္မလင်း - ခန္တီးလမ်း မိုင်တိုင် (၃၃၀/၀)မှ ချဉ်းကပ်လမ်းစတင်၍ ခန္တီးမြို့ မြစ် တစ်ဖက်ကမ်း ဆင်သေရွာမှ ဆင်သေ - လဟယ်လမ်း မိုင်(၃/၅)သို့ ဆက်သွယ်ထားပါသည်။ ခန္တီးမြို့မှ နာဂတောင် တန်းသေသို့ ဆက်သွယ်ရာတွင် အရေးပါသော တံတားကြီးဖြစ်သည်။ တံတားအမျိုးအစားမှာ သံမဏိသံပေါင်အမျိုးအစားနှစ်လမ်းသွား ကားလမ်းဖြစ်ပြီး တံတားအရှည်မှာ ၂၆၅၆ ပေ ရှိပါသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းတည်ဆောက်ခဲ့သော တံတားကြီးဖြစ်သည်။ ချင်းတွင်းတံတား (ခန္တီး) ကို ၈-၄-၂၀၁၈ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။

အကြို အင်ဂျင်နီယာလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်သော ချင်းတွင်းတံတား(ထမံသီ)

ချင်းတွင်းတံတား (ထမံသီ) သည် ချင်းတွင်းတံတား (ခန္တီး) နှင့် ဟုမ္မလင်းတံတားကြားတွင် တည်ရှိသည်။ သက္ကယ် ကျင်း - ဖောင်းပြင် - ဟုမ္မလင်း - ခန္တီးလမ်း မိုင်တိုင် (၂၄၇/၅) မှထမံသီမြို့သို့ ချင်းတွင်းမြစ်ကို ကူးဖြတ်ပြီး တံတားထိုးရန် အကြိုအင်ဂျင်နီယာလုပ်ငန်းများ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရှိရသည်။ ဟုမ္မလင်းမြို့မှ ထမံသီတံတားကို ဖြတ်သန်း၍ နာဂဒေသ လေရှီးမြို့သို့ တိုက်ရိုက်သွားရောက်နိုင်တော့မည် ဖြစ် သည်။ ချင်းတွင်းတံတား (ထမံသီ) တည်ဆောက်ပြီးစီးသွားပါက အထက်ချင်းတွင်း ထမံသီဒေသနှင့် နာဂ တောင်တန်း လေရှီး၊ ဆွမ္မရာဒေသရှိ ဒေသခံတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက် လာတော့ မည် ဖြစ်သည်။

နာဂတောင်တန်းဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ချင်းတွင်းမြစ်ကူးတံတားများ တည်ဆောက်ပေး

စစ်ကိုင်းတိုင်းဒေသကြီး အထက်ချင်းတွင်းဒေသရှိ နာဂတောင်တန်းဒေသများမှာ ယခင်က လမ်းပန်း ဆက်သွယ်ရေး အလွန်ခက်ခဲခဲ့ပါသည်။ ယခုအခါ ချင်းတွင်းမြစ်အရှေ့ဘက်ခြမ်းရှိ သက္ကယ်ကျင်း - ဖောင်းပြင် - ဟုမ္မလင်း - ခန္တီးလမ်းမှ ချင်းတွင်းမြစ်အ နောက်ဘက်ခြမ်းရှိ နာဂတောင်တန်း ဒေသများသို့ သွားရောက် နိုင်ပြီဖြစ် သည်။ ချင်းတွင်းတံတား (ဟုမ္မလင်း) ကို ဖြတ်သန်းပြီး မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံနယ်စပ် တမူးမြို့ သို့ အောင်ဇေယျ - ကတ်သာလမ်းမှ သွားလာနိုင်ပါပြီ။ ချင်းတွင်းတံတား (ထမံသီ) တည်ဆောက်ပြီးစီးပါက ချင်းတွင်းမြစ် အရှေ့ဘက်ခြမ်းရှိ ဟုမ္မလင်း၊ ခန္တီးဒေသများနှင့် ထမံသီ - လေရှီး - ဆွမ္မရာလမ်းမှ နာဂ တောင်တန်း ဒေသများသို့ ကားလမ်းခရီးဖြင့် သွားရောက်နိုင်တော့မည်ဖြစ်သည်။ ချင်းတွင်းတံတားများ (ခန္တီး၊ ဟုမ္မလင်း၊ ထမံသီ) တို့ တည်ဆောက်ပေးခြင်းဖြင့် အထက်ချင်းတွင်း ဒေသရှိ ဒေသခံပြည်သူများ လူမှုစီးပွား ဘဝများ ဖွံ့ဖြိုး တိုးတက်လာတော့မည်ဖြစ်ပြီး နာဂတောင်တန်းဒေသများ ဖြစ်သော လေရှီး၊ ခန္တီး၊ လဟယ်၊ နန်းယွန်းဒေသများရှိ ဒေသခံ တိုင်းရင်းသားများအတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာပြီး လူနေမှုအဆင့်အတန်းများ မြင့်မားလာတော့မည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။ ။