Skip to main content

အိုဇုန်းလွှာအကြောင်း သိကောင်းစရာ

အိုဇုန်းဓာတ်ငွေ့နှင့် အိုဇုန်းလွှာ

အောက်ဆီဂျင်အက်တမ် သုံးခုပါဝင်သော မော်လီကျူး တစ်ခုဖြစ်သည့် အိုဇုန်းဓာတ်ငွေ့သည် အပြာရောင် ဖျော့ဖျော့ရှိပြီး အလွန်အနံ့ပြင်း၍ မြေပြင်ပေါ်တွင် တည်ရှိပါက လေထုညစ်ညမ်းမှု ဖြစ်စေသည်။ စက်ရုံ အလုပ်ရုံများ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် စက်ရုံများ၊ မော်တော်ယာဉ်များမှ ထုတ်လွှတ်သော ဓာတ်ဆီငွေ့များတွင် အဓိက ပါဝင်သည့် နိုက်ထရိုဂျင်နှင့် အောက်ဆီဂျင်ဒြပ်ပေါင်းများ (Oxide of Nitrogen)နှင့် အငွေ့ပြန်လွယ်သော အော်ဂဲနစ် G8cule:(Volatile Organic Compound-VOC)ąp: နေရောင်ခြည်နှင့်ဓာတ်ပြု၍ ဖြစ်ပေါ်လာရသည့် အိုဇုန်း ဓာတ်ငွေ့များသည် ကမ္ဘာ့မြေမျက်နှာပြင်မှ ငါးမိုင်အတွင်းရှိ ထရိုပိုစဖီးယား(Troposphere)အလွှာတွင် တည်ရှိနေပါသည်။

သို့ရာတွင် ကမ္ဘာ့မြေပြင်အထက် ခြောက်မိုင်မှ ၃၁ မိုင်အတွင်း ကမ္ဘာ့လေထု၏ ဒုတိယအလွှာဖြစ်သော စထရာတိုစဖီးယား (Stratosphere) အလွှာတွင် သဘာဝအလျောက် ဖြစ်ပေါ်နေသည့် အိုဇုန်းလွှာသည် နေရောင် ခြည်နှင့်အတူပါလာသည့် ခရမ်းလွန်ရောင်ခြည် သုံးမျိုးအနက် လူနှင့် သက်ရှိတို့အား အန္တရာယ်ဖြစ်စေသော ခရမ်းလွန်ရောင်ခြည် UV-B ကို ၉၅ ရာခိုင်နှုန်းအထိ လည်းကောင်း၊ UV-C ကို ၁၀၀ ရာခိုင်နှုန်း အထိလည်းကောင်း စုပ်ယူစစ်ထုတ်ပေးနေသည့် အငွေ့စစ်ကိရိယာ တစ်ခုအနေဖြင့် အကျိုးပြုလျက်ရှိပါသည်။

အိုဇုန်းလွှာ ပျက်စီးခြင်း

လူနှင့်သက်ရှိတို့ကို ခရမ်းလွန်ရောင်ခြည်အန္တရာယ်မှ ကာကွယ်ပေးနေသော စထရာတိုစဖီးယားအလွှာရှိ အိုဇုန်းလွှာသည် ရေခဲသေတ္တာနှင့် လေအေးပေးစက်များတွင် အများဆုံးအသုံးပြုသည့် ကလိုရင်း၊ ဖလိုရင်းနှင့် ကာဗွန်ဒြပ်ပေါင်း ကလိုရိုဖလူရိုကာဗွန (CFCs) ကြောင့် ပျက်စီးကြောင်း ၁၉၇၄ ခုနှစ်တွင် သိပ္ပံပညာရှင်များက စတင်တွေ့ရှိခဲ့ကြပြီး နောက်ပိုင်းတွင် ကလိုရင်း၊ ဖလိုရင်းနှင့် ဘရိုမင်းများ ပါဝင်သော ဒြပ်ပစ္စည်းများကလည်း အိုဇုန်းလွှာ ပျက်စီးမှုကို ဖြစ်ပေါ်စေကြောင်း ဆက်လက်တွေ့ရှိ ခဲ့ကြသည်။

အိုဇုန်းလွှာ၏ အနိမ့်ဆုံး ပျမ်းမျှအထူမှာ ၂၀ ဒေါ့တ်ဆန် ယူနစ် (၂ ဒသမ ၂ မီလီမီတာ) ဖြစ်ပြီး ၎င်း ပျမ်းမျှအထူထက် လျော့နည်းလာခြင်းကို အိုဇုန်းလွှာပျက်စီးခြင်း/ အိုဇုန်းလွှာ ပေါက်ပြဲခြင်း(Ozone Hole) ဟု သတ်မှတ်ခေါ်ဝေါ်ခြင်း ဖြစ်သည်။

၁၉၈၅ ခုနှစ်တွင် သိပ္ပံပညာရှင်များက ကမ္ဘာ့ပထမဆုံး အိုဇုန်းလွှာအပေါက်ကို အန္တာတိကတိုက် အပေါ်တွင် စတင်တွေ့ရှိခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် ၉၄ ဒေါ့တ်ဆန်ယူနစ်နှင့် ၂၀၁၆ ခုနှစ်တွင် ၁၂၄ ဒေါ့ခ်ဆန် ယူနစ်သာ ရှိကြောင်း တွေ့ရှိရပါသည်။

အိုဇုန်းလွှာပျက်စီးမှု၏ ဆိုးကျိုးသက်ရောက်မှုများနှင့် ရာသီဥတုပြောင်းလဲမှု

အိုဇုန်းလွှာပျက်စီးမှုကြောင့် အရေပြားကင်ဆာရောဂါ၊ မျက်စိတိမ်စွဲရောဂါနှင့် ကိုယ်ခံအားကျဆင်းမှုများ ဖြစ်ပေါ်စေနိုင်သည့်အပြင် သီးနှံအထွက်နှုန်း ကျဆင်းမှု၊ အဏ္ဏဝါဂေဟစနစ် ပျက်စီးမှုနှင့် ရုပ်ဝတ္ထု ပစ္စည်း ယိုယွင်းပျက်စီးမှုများ ဖြစ်ပေါ်စေနိုင်ကြောင်း၊ ခရမ်းလွန်ရောင်ခြည်ကျရောက်မှုကြောင့် ကမ္ဘာတစ်ဝန်း နှစ်စဉ်လူဦးရေ နှစ်သန်းမှ သုံးသန်းအထိ အရေပြားကင်ဆာရောဂါဖြစ်ပွားလျက်ရှိပြီး နှစ်စဉ် ခန့်မှန်းခြေလူဦးရေ ၆၆၀၀၀ခန့် သေဆုံးမှုဖြစ်ပေါ်လျက်ရှိကြောင်း ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ် (UNEP)၏ အစီရင်ခံစာအရ သိရှိရသည်။ ၎င်းအပြင် အိုဇုန်းလွှာကိုပျက်စီးစေသော ဒြပ်ပစ္စည်း အများ စုသည် ကမ္ဘာ့ပူနွေးမှုညွှန်းကိန်း (Global Warming Potential-GWP) မြင့်မားကြပြီး အင်အားကြီးသော မှန်လုံအိမ်အာနိသင်ဓာတ်ငွေ့ (GHGs) များ ဖြစ်ကြသောကြောင့် ယင်းဒြပ်ပစ္စည်းများ အလွန် အကျွံ သုံးစွဲမှုသည် ရာသီဥတုပြောင်းလဲမှု ဖြစ်စေသည့် အဓိကအကြောင်းတစ်ရပ်ဖြစ်သည်။

အိုဇုန်းလွှာပျက်စီးမှုထိန်းချုပ်ခြင်း ဆောင်ရွက်ချက်များ

အိုဇုန်းလွှာပျက်စီးခြင်းကို ကမ္ဘာ့နိုင်ငံများ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် အိုဇုန်းလွှာ ကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းကို ၁၉၈၅ ခုနှစ်တွင်လည်းကောင်း၊ အိုဇုန်းလွှာ ပျက်စီးစေသော ဒြပ်ပစ္စည်း များ ထိန်းချုပ်ရေးဆိုင်ရာ မွန်ထရီရယ် နောက်ဆက်တွဲ စာချုပ်ကို ၁၉၈၇ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့တွင် လည်းကောင်း အတည်ပြု ချုပ်ဆိုခဲ့ကြပြီး မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံများအားလုံး ပူးပေါင်းပါဝင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ကမ္ဘာ့ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့

မွန်ထရီရယ် နောက်ဆက်တွဲစာချုပ်ကို အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့သော စက်တင်ဘာလ ၁၆ ရက်နေ့ကို "ကမ္ဘာ့ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့"အဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် အိုဇုန်းလွှာပျက်စီးစေသော အဓိကဒြပ်ပစ္စည်းဖြစ်သည့်ကလိုရိုဖလူရိုကာဗွန်(CFCs) ထုတ်လုပ် အသုံးပြုမှုကို ၂၀၁၀ ခုနှစ်ကပင် ရပ်ဆိုင်းခဲ့ပြီး ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFCs) များ အသုံးပြုမှုကို ၂၀၄၀ ပြည့်နှစ်တွင် အပြီးသတ် ရပ်ဆိုင်းနိုင်ရန် ၂၀၁၅ ခုနှစ်မှစ၍ နှစ်အလိုက် ကန့်သတ်ပမာဏအတိုင်း ခွဲတမ်းစနစ်ဖြင့်သာ တင်သွင်းခွင့်ပြုလျက်ရှိသည်။

မွန်ထရီရယ် နောက်ဆက်တွဲစာချုပ်အရ ကမ္ဘာ့နိုင်ငံ အားလုံး၏ အိုဇုန်းလွှာကာကွယ်ရေး ကြိုးပမ်းမှုများကြောင့် ၁၉၉၀ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း ကာဗွန်ဒိုင် အောက်ဆိုဒ် ၃၅ ဘီလီယံတန်ခန့်နှင့် ညီမျှသည့် အိုဇုန်းလွှာကိုပျက်စီးစေသော ဓာတ်ငွေ့များ လေထုအတွင်း ထုတ်လွှတ်မှုကို တားဆီးပေးနိုင်ခဲ့ခြင်းဖြင့် ရသီဥတု ပြောင်းလဲမှုတိုက်ဖျက်ရေးကို ပံ့ပိုးပေးနိုင်ခဲ့သည်။

ယခုအခါ အိုဇုန်းလွှာကိုပျက်စီးစေသော အအေးပေးဒြပ်ပစ္စည်းများအစား အစားထိုးအသုံးပြုနေသည့် ဟိုက်ဒရို ဖလူရိုကာဗွန် ( HFCs) များသည် အင်အားကြီးသော မှန်လုံ အိမ် အာနိသင်ရှိသည့် (Greenhouse Gas-GHGs) ဓာတ်ငွေ့များဖြစ်ကြောင်း တွေ့ရှိချက်များအရ၎င်း HFCs များ ထုတ်လုပ်မှု၊ သုံးစွဲမှုတို့ကို လျှော့ချနိုင်ရန် မွန်ထရီရယ် နောက်ဆက်တွဲစာချုပ် အဖွဲ့ဝင်နိုင်ငံများ၏ (၂၈) ကြိမ်မြောက် အစည်း အဝေးတွင် ကီဂါလီပြင်ဆင်ချက်ကို ချမှတ်ခဲ့ကြပြီး HFCs များ ထုတ်လုပ်သုံးစွဲမှုကို ဖွံ့ဖြိုးပြီးနိုင်ငံ များတွင် ၂၀၁၉ ခုနှစ်နှင့်၂၀၂၀ ခုနှစ်တို့မှစ၍လည်းကောင်း၊ မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ၂၀၂၉ ခုနှစ်မှ စ၍လည်းကောင်း လျှော့ချခြင်းဖြင့် အိုဇုန်းလွှာပျက်စီးမှု ကာကွယ်ထိန်းချုပ်ခြင်းနှင့်အတူ ရာသီဥတုပြောင်းလဲမှု လျှော့ချခြင်းကိုပါ တစ်ကမ္ဘာလုံး၏ ပူးပေါင်းမှုဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်သည်။

အိုဇုန်းလွှာကို ထိခိုက်ပျက်စီးစေသော ဒြပ်ပစ္စည်းများနှင့် ၎င်းဒြပ်ပစ္စည်းများကို အသုံးပြုသည့် ပစ္စည်းများမှာ-

ကလိုရိုဖလူရိုကာဗွန်(CFC)

ရေခဲသေတ္တာ၊ မော်တော်ယာဉ် လေအေးပေးစက်၊ အအေးခန်း စူပါမားကတ်နှင့် ကုန်တိုက်ကြီးများရှိ Chiller များတွင် အအေးပေးပစ္စည်းအဖြစ် အသုံးပြုသည်။

ဆိုဖာရေမြှုပ် ထုတ်လုပ်ရာတွင် အမြှုပ်ထစေသော ပစ္စည်းအဖြစ် အသုံးပြုသည်။

ရင်ကျပ်ရောဂါ ဝေဒနာရှင်များအတွက် ရှူဆေးများတွင် အသုံးပြုသည်။

လျှပ်စစ်ပစ္စည်းများကို သန့်စင်ရာတွင် အသုံးပြုသည်။

ဟိုက်ဒရိုကလိုရိုဖလူရို ကာဗွန်(HCFC)

အိမ်သုံး/အဆောက်အအုံသုံး လေအေးပေးစက်များ၊ အအေးခန်း စူပါမားကတ်နှင့် ကုန်တိုက်ကြီးများရှိ Chiler များတွင် အအေးပေးပစ္စည်းများအဖြစ် အသုံးပြုသည်။

ဆိုဖာရေမြှုပ် ထုတ်လုပ်ရာတွင် အမြှုပ်ထစေသော ပစ္စည်းအဖြစ် အသုံးပြုသည်။

ကာဗွန်တက်ထရာကလိုရိုဒ်(CCI4)

သတ္တုပစ္စည်းများ သန့်စင်ရာတွင် အသုံးပြုသည်။

မီသိုင်းကလိုရိုဖောင်း(CH3cci3)

အီလက်ထရောနစ်ပစ္စည်း သန့်စင်ရာတွင် အသုံးပြုသည်။

မီသိုင်းဘရိုမိုဒ် (CH3Br)

စိုက်ပျိုးမြေများကို ပိုးသတ်ခြင်း၊ စိုက်ပျိုးရေး ထုတ်ကုန်များ ပိုးသတ်ခြင်းတွင် အသုံးပြုသည်။

ဟေလွန် (CBr F3)

မီးသတ်ဆေးဘူးများတွင် အသုံးပြုသည်။ အိုဇုန်းလွှာ ကာကွယ်ထိန်းသိမ်းရေးအတွက် တစ်ဦးချင်းစီ ပါဝင်ဆောင်ရွက်ရန်အချက်များ

ပြည်သူတစ်ဦးချင်းအနေဖြင့် အောက်ပါအချက်များကို ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းဖြင့် အိုဇုန်းလွှာ ပျက်စီးမှုနှင့် ရာသီဥတုပြောင်းလဲမှုကို ကာကွယ်ထိန်းသိမ်း နိုင်မည်ဖြစ်သည်။

ရေခဲသေတ္တာ၊ လေအေးပေးစက် စသည့် အအေးပေး အသုံးအဆောင်ပစ္စည်းများ ဝယ်ယူရာတွင် Ozone Friendly (33) CFC/HCFC Free(38) Energy Efficiency အမှတ်အသားပါသော ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူ သုံးစွဲကြပါ။

ဟေလွန်ပါဝင်သည့် မီးသတ်ဆေးဘူးများ သုံးစွဲမှုကို ရှောင်ကြဉ်ပါ။

ပန်းနာရောဂါနှင့် နာတာရှည် အဆုတ်ရောဂါအတွက် ကလိုရိုဖလူရိုကာဗွန် - CFC ပါဝင်သော ရှူဆေးများအား အခြားခေတ်မီ အစားထိုး ကုသနည်းများကို ခံယူပါ။

ပြည်ပသို့တင်ပို့သည့် သီးနှံထုတ်ကုန်များကို ပိုးသတ်ရာတွင် မီသိုင်းဘရိုမိုဒ်- CH3Br အစား အခြား အိုဇုန်းလွှာ ထိခိုက်မှုမရှိသည့် အစားထိုး ပစ္စည်းများကို အသုံးပြုပါ။

မှန်လုံအိမ်အာနိသင်ရှိသည့် အိုဇုန်းလွှာကို ပျက်စီးစေသော ဒြပ်ပစ္စည်းများကို လျှော့ချသုံးစွဲခြင်း၊ စနစ်တကျ သုံးစွဲခြင်းဖြင့် အိုဇုန်းလွှာ ထိခိုက်ပျက်စီးမှုနှင့် ရာသီဥတု ပြောင်းလဲခြင်းတို့ကို လျှော့ချ ကာကွယ်ပါ။ ။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန