ပညာအသိများဖြန့်ဝေပေးသည့် စာကြည့်တိုက်များ
ဒေါက်တာသန့်စင် (ရူပဗေဒ)
ကျွန်တော်သည် ငယ်စဉ်ကပင် စာဖတ်ဝါသနာပါခဲ့ပါသည်။ ကျွန်တော့်ဖခင်မှာ နိုင်ငံ့ဝန်ထမ်းတစ်ဦးဖြစ်ပြီး လခထုတ်ရက်များတွင် ကျွန်တော်တို့ မောင်နှမများအတွက် လစဉ်ထုတ် ကာတွန်းစာအုပ်များ၊ ဂျာနယ်များနှင့် အမေ့အတွက် ထိုအခါက နာမည်ကြီးသည့် စာရေးဆရာကြီး၊ ဆရာမကြီးများ ရေးသားသည့် ဝတ္ထုစာအုပ်များကို ဝယ်ပေးလေ့ရှိပါသည်။ အလယ်တန်းကျောင်းသားဘဝမှစ၍ ပြန်ကြားရေးစာကြည့်တိုက်များသို့ သွားရောက်စာဖတ်သည့်အလေ့ စတင်ခဲ့ပါသည်။ ၁၉၇၃ ခုနှစ် မန္တလေး ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်သို့ ပထမနှစ် စတင်တက်ရောက်စဉ် ပင်မဆောင်တောင်ဘက်ရှိ ရာဇာတ်ဟော(လ်)အမည်ရှိ တက္ကသိုလ်စာကြည့်တိုက်တွင် စာကြည့်တိုက်ကတ်လုပ်ကာ စာအုပ်များကို စတင်ရှာဖွေဖတ်ရှုခဲ့ရာမှ တက္ကသိုလ်ဆရာဖြစ်သည်အထိ စာကြည့်တိုက်နှင့် ရင်းနှီးခဲ့ရပါသည်။ ဝန်ထမ်းဘဝ နိုင်ငံအသီးသီးသို့ သင်တန်းများ၊ အစည်းအဝေးများ တက်ရောက်ရန် သွားရောက်သည့် မြို့များတွင် စာကြည့်တိုက်ပြတိုက်များကို အားသည့်အချိန်များတွင် လေ့လာကြည့်ရှုခဲ့ပါသည်။
ယခုဆောင်းပါးတွင် စာကြည့်တိုက်ပညာရှင်နှင့် မြန်မာ့သမိုင်းပညာရှင် ဆရာကြီးတိုက်စိုး (၁၉၂၀ - ၂၀၀၃) ရေးသားခဲ့သည့် စာကြည့်တိုက်ဆောင်းပါးများမှ သင့်လျော်သည်တို့ကို ရေးသားဖော်ပြလိုက် ပါသည်။
ဆရာတိုက်စိုး၏ ကမ္ဘာ့စာကြည့်တိုက်များဆောင်းပါး (စာကြည့်တိုက်လုပ်ငန်း၊ စာပေဗိမာန်၊ ၁၉၇၁ ) တွင် “မည်သည့်တိုးတက်သောနိုင်ငံတွင်မဆို စာကြည့်တိုက် အနည်းအများ ရှိစမြဲဖြစ်သည်။ ထိုစာကြည့်တိုက်များသည်လည်း လုပ်ငန်းတာဝန်ကိုလိုက်၍လည်းကောင်း၊ အသုံးပြုသော လူတန်းစားကိုလိုက်၍လည်းကောင်း အမျိုးအစားကွဲပြားလေသည်။ ထို့ကြောင့် အမျိုးသားစာကြည့်တိုက်၊ တက္ကသိုလ်စာကြည့်တိုက်၊ အထူးစာကြည့်တိုက်၊ ပြည်သူ့စာကြည့်တိုက် ဟူ၍ရှိကြသည်။ အမျိုးသားစာကြည့်တိုက်သည် နိုင်ငံတစ်နိုင်ငံတွင် အကြီး အချုပ်စာကြည့်တိုက် ဖြစ်လေသည်။ ယေဘုယျအားဖြင့် နိုင်ငံကိုကိုယ်စားပြုသော နိုင်ငံ၏ တစ်ခုတည်းသော စာကြည့်တိုက်ဟုဆိုရာသည်။ သို့သော် နိုင်ငံ၏ထူးခြားသော သမိုင်းကြောင်းကို လိုက်၍ အချို့နိုင်ငံများတွင် တစ်ခုစီ၊ အချို့နိုင်ငံများတွင် နှစ်ခု သုံးခုစီ ရှိတတ်၏။
အမျိုးသားစာကြည့်တိုက်၏ ထူးခြားသော လက္ခဏာမှာ -
(က) ထိုစာကြည့်တိုက်တွင် နိုင်ငံတွင်းထုတ် စာအုပ်စာတမ်းများ အစုံအလင်ဆုံးဖြစ်ခြင်း၊
(ခ) နိုင်ငံလုံးဆိုင်ရာ စာကြည့်တိုက်စနစ်တွင် ဦးစီးဦးဆောင်ဖြစ်ခြင်း၊
(ဂ) ပညာရှာဖွေရေးနှင့်စပ်၍ ပြည်သူလူထုတစ်ရပ်လုံး၏ မှီခိုလဲလျောင်းရာဖြစ်ခြင်းပေတည်း။
ထိုမှတစ်ဖန် ဆိုရန်ရှိသည်ကား အမျိုးသားစာကြည့်တိုက်သည် သုတေသနစာကြည့်တိုက်ဖြစ်သည်လည်းမှန်၏။ အဓိပ္ပာယ်မှာ အမျိုးသားစာကြည့်တိုက်ကို သုံးသူများသည် ပညာအရည်အသွေးမြင့်သူများ၊ သုတေသီကြီးများ ဖြစ်လေ့ဖြစ်ထရှိသည်ဟူ၏။ သို့သော် သာမာန်အရပ်သားများကို အမျိုးသားစာကြည့်တိုက်သည် တံခါးပိတ်ထားသည်မဟုတ်ချေ။ ဤသို့အားဖြင့် အမျိုးသားစာကြည့်တိုက်သည် ပြည်သူလူထုအတွက် စာအရာ၌ အားကိုးအားထားခံရထိုက်အောင် ပြည့်စုံသောဌာနလည်း ဖြစ်ပါပေသည်။” ဟု စုံစုံလင်လင်ရေးသားထားပြီး နိုင်ငံတကာစာကြည့်တိုက်များအကြောင်းကိုလည်း ပြည့်ပြည့်စုံစုံ ရေးသားထားပါသည်။
ပြည်သူ့စာကြည့်တိုက်နှင့်ပတ်သက်၍ ဆရာတိုက်စိုး၏ “ခေတ်သစ်စာကြည့်တိုက်များ” ဆောင်းပါးတွင် “ပြည်သူ့စာကြည့်တိုက်ဆိုသည်မှာ မည်သူမဆို အခလွတ်သုံးစွဲနိုင်သော စာကြည့်တိုက်မျိုးကို ခေါ်လေ့ရှိသည်။ ပြည်သူ့စာကြည့်တိုက်သည် ကျောင်းပညာရပ်ကို အလျှင်ဆက်ပေးလေသည်။ စာဖတ်သူ၏ စိတ်ဝင်စားမှုကို ကျယ်ပြန့်စေသည်။ လုပ်ငန်းဆောင်တာအတွက် ကူညီ၏။ စိတ်ကို ဖျော်ဖြေ၏။ စာကြည့်တိုက်ကို တနင်္ဂနွေအပါအဝင် နေ့စဉ်နံနက်မှ ညဦးပိုင်းအထိ ဖွင့်သည်။ ပြည်သူ့စာကြည့်တိုက်တစ်ခုတွင် ကလေးစာကြည့်စာငှားဌာန၊ စာနယ်ဇင်းဌာန၊ ရည်ညွှန်းဌာန၊ စာငှားဌာနဟူ၍ လေးဌာနခွဲထားသည်ကို တွေ့ရသည်။ ကလေးစာကြည့်တိုက်ဌာနသို့ ကလေးသူငယ်များ အသွားအလာအန္တရာယ်မရှိရလေအောင် ဆိုင်ရာတို့က စီမံထားလေသည်။ တစ်ဖန် စာကြည့်တိုက်အတွင်း၌ သီးသန့်စားပွဲ၊ ကုလားထိုင်၊ စာအုပ်စင်များ၊ စာလုံးကြီးကြီး အရုပ်များများနှင့် ရိုက်နှိပ်ထားသောစာအုပ်များထားရှိပေသည်။ ကစားစရာပစ္စည်းများ လည်း အဖြည့်အစွက်သဘောမျိုး ရှိနေလေသည်။”
“စာကြည့်တိုက်ကောင်း ဆိုသည်မှာ ကမ္ဘာ့ပညာ စုံစုရာ ရတနာသိုက်ဖြစ်ပါသည်။ ဘယ်လိုအကြောင်း အရာနှင့် စာပုရပိုက်မျိုးလိုသည်ဖြစ်စေ လွယ်လင့်တကူရနိုင်သည်။ သို့ကလို လွယ်လင့်တကူ ရှာရအောင် ပမာဆိုသော် အထွေထွေ၊ သဘာဝတ္တ၊ ဘာသာရေး၊ လူမှုဆက်ဆံရေး၊ ဝေါဟာရဗေဒ၊ သိပ္ပံပညာ၊ စက်မှုလက်မှု၊ အနုပညာ၊ စာပေသမိုင်းစသည်ဖြင့် အမျိုးတူစု၊ အမျိုးမတူ ခွဲထားပါသည်။ ဂျူဝီ၏ အမှတ်သင်္ကေတများကိုလည်း တပ်ထားပေးပါသည်။”
“တက္ကသိုလ်စာကြည့်တိုက်၏ လုပ်ငန်းတာဝန်သည် အမျိုးသားစာကြည့်တိုက်နှင့် တူသည်လည်း ရှိ၏။ ကွဲသည်လည်းရှိသည်။ တူသည့်အချက်မှာ အမျိုးသားစာကြည့်တိုက်ကဲ့သို့ စာအုပ်စာတမ်း ဦးရေတွင်လည်းကောင်း၊ ပညာရပ်အားဖြင့်လည်းကောင်း စုံလင်ခြင်းဖြစ်သည်။ ကွဲပြားသည့် အချက်မှာ တက္ကသိုလ်စာကြည့်တိုက်မည်သည် အရင်းခံအားဖြင့် ဆရာနှင့် ကျောင်းသားများ၏ လိုအင်ဆန္ဒကို ဖြည့်ရခြင်းဖြစ်သည်။ တစ်နည်းဆိုရသော် တက္ကသိုလ်စာကြည့်တိုက်သည် သုတေသနပြုရေးနှင့် စာသင်ကြားရေးကို ပြည့်စုံအောင် ထောက်ပံ့ရလေသည်။”
စာကြည့်တိုက်မှူးများအတွက် ဆရာတိုက်စိုး၏ “အင်္ဂလန်မှ စာကြည့်တိုက်တစ်ခု” ဆောင်းပါး
(တာရာမဂ္ဂဇင်း၊ နိုဝင်ဘာ၊ ၁၉၄၉) တွင် “စာကြည့်တိုက်မှူးသည် စာဖတ်သူများ၏ ဗဟုသုတကို ဖြည့်၏။ အပေါင်းအသင်းဆံ့သည်။ ပြည်သူတို့၏ အလေ့အထ၊ ဝါသနာဘာဂီကို အမြဲစိတ်ဝင်စား လျက် လိုအင်ဆန္ဒကို မဆိုင်းမတွ ဖြည့်စွမ်းပေးသည်။ ပြည်သူတို့ကလည်း သူတို့၏ တာဝန်ဝတ္တရားကို မမေ့မလျော့ကြပါ။ စာအုပ်တွေကို ဂရုတစိုက်ရှိခြင်း၊ စာကြည့်တိုက်အတွင်း ငြိမ်သက်မှုရှိခြင်းစသော စည်းမျဉ်းဥပဒေများကို လိုက်နာကြပါသည်။ သည်လိုတစ်ဦးကိုတစ်ဦး အကျိုးပြုသည့် အလေ့အထကို အခြားတိုင်းကြီးပြည်ကြီးသားများက မချီးမွမ်းဘဲ မနေနိုင်ပါ။ ”
“မြန်မာနိုင်ငံစာကြည့်တိုက်ခရီး” ဆောင်းပါး (ပညာလောကစာစောင်၊ အောက်တိုဘာလ၊ ၁၉၇၂) တွင် “ယခုအခါ ပုဂံညောင်ဦးလမ်းဘေးတွင် ဇာပြတင်းပေါက်များဖြင့် သုံးဖက်သုံးတန် ကာရံ၍ ဘုံငါးဆင့်ရှိ အုတ်တိုက်တစ်တိုက်ကို ပုဂံခရီးသွား ဧည့်သည်များ မြင်မိကြလိမ့်မည်။ ထိုအုတ်တိုက်ကို အနော်ရထာမင်းစော၏ ကုသိုလ်တော်ဟူ၍လည်းကောင်း၊ ပိဋကတ်တိုက်ဟူ၍လည်းကောင်း သက်ကြီးဝါကြီးများက ဆိုထုံးပြုကြသည်။ ထို့ကြောင့် ထိုအုတ်တိုက်၌ပင် သထုံပြည်မှ အနော်ရထာမင်းစော ပင့်ဆောင်လာခဲ့သော ပိဋကတ်တော်များကို ထားလေသည်ဟူ၍ ယူဆဖွယ်ရာဖြစ်လေသည်။”
“တစ်ဖန် ကျန်စစ်သားမင်းလက်ထက်၌ တူရင်းတောင်ခြေဝယ် ကန်တစ်ကန်ရှိခဲ့လေသည်။ ထိုကန်သည် ကြာမျိုးစုံဖြင့် တင့်တယ်လှပပေ၏။ မြကန်ဟူ၍လည်း နောင်တွင်အမည်တွင်ခဲ့သည်။ ထိုကန်၏ အနီးတွင်လည်း ကျောက်ဖြင့်ပြီးသော အဆောက်အအုံတစ်ခုရှိခဲ့လေသည်။ ထိုကျောက်တိုက်ကို နှောင်းလူများက စက္ကူတိုက်ဟု ခေါ်ကြသည်ဖြစ်ရာ ပိဋကတ်တိုက်ပင် ဖြစ်လေမည်လားဟု တွေးစရာဖြစ်ပြန်လေသည်။ ” ဟု ရေးသားခဲ့ပါသည်။
ကျွန်တော့်၏ဇနီးသည် ဆရာတိုက်စိုး၏ သမီးအငယ်ဆုံး ဖြစ်ပါသည်။ ဆရာတိုက်စိုးနေသည့် အိမ်သို့အလည်ရောက်တိုင်း စာအုပ်များနှင့် စာဖတ်နေလေ့ရှိပါသည်။ သူ့ထံမှ မှတ်သားစရာ ဗဟုသုတများ ကြားနာခဲ့ရပါသည်။ စာပေဖတ်သောပုဂ္ဂိုလ်နှင့် တွေ့ဆုံစကားပြောရခြင်းသည် စာအုပ်များစွာ ဖတ်နေရသကဲ့သို့ အသိပညာများ ရရှိခဲ့ပါသည်။
ယနေ့လူငယ်လူရွယ်များမှစ၍ နိုင်ငံသားတိုင်းကို စာပေပညာများဖတ်ရှုကြရန် နိုင်ငံတော်အကြီးအကဲက အစည်းအဝေးများ၊ တွေ့ဆုံပွဲများ၊ ပြပွဲပြိုင်ပွဲများတွင် တက်ရောက်ရာတွင် မှာကြားလေ့ရှိပါသည်။ ထို့အတူ စာကြည့်တိုက်များဖွင့်ခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးပွဲများကိုလည်း မြို့နယ်အနှံ့ ဆောင်ရွက်နေကြပါသည်။ စာပေပညာရပ်များကို လေ့လာခြင်းဖြင့် မိမိ၏အသိနှင့်သတိကို မြှင့်တင်ပေးပြီး ကြိုးစားကြရန် တိုက်တွန်းလိုက်ရပါသည်။ ။