အကြိမ် (၃၀) မြောက် ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေဆု
မောင်ငြိမ်းသူ(ကြို့ပင်ကောက်)
မြန်မာနိုင်ငံစာပေဆုများနှင့်ပတ်သက်၍ နိုင်ငံတော်အဆင့်အမြင့်ဆုံးဆုမှာ “အမျိုးသားစာပေတစ်သက်တာဆု” ဖြစ်ပြီး အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုများသည်လည်း စာပေဆုသက်တမ်းများ ရှည်ကြာလာခဲ့သည့်နည်းတူ စာပေဆုအစဉ်အလာများလည်း ကြီးမားကောင်းမွန်ခဲ့ကြပါသည်။
ယခုနှစ်စာဆိုတော်နေ့တွင် ကျင်းပမည့် အမျိုးသားစာပေဆု ချီးမြှင့်ပွဲဆိုပါမူ (၇၅) နှစ်မြောက် စိန်ရတုခရီးသို့ ရောက်ရှိပေတော့မည်။
နိုင်ငံတော်အဆင့် အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုပြီးလျှင် ပခုက္ကူစာပေဆုသည်လည်း စာပေဆုသမိုင်းအစဉ်အလာကောင်းများရှိခဲ့သော နိုင်ငံတော်အဆင့် ပုဂ္ဂလိကစာပေဆုဖြစ်သည်။
၂၀၂၄ ခုနှစ်အတွက် အကြိမ် (၃၀) မြောက် “ပခုက္ကဦးအုံးဖေ တည်ထောင်သော ပခုက္ကူဦးအုံးဖေစာပေဆု” ချီးမြှင့်ပွဲကို ၂ဝ၂၄ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်း အမှတ် (၂၂၈) ရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားရန် စီစဉ်နေကြလေပြီ။
၂၀၂၃ ခုနှစ် (၂၉) ကြိမ်မြောက် ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေဆုချီးမြှင့်ပွဲကို ၂ဝ၂၃ ခုနှစ် ဇွန်လ ၉ ရက်နေ့က နေပြည်တော်၌ ပထမဆုံးအကြိမ် ထူးထူးခြားခြား စည်စည်ကားကား ကျင်းပခဲ့ရာ ဝမ်းသာကြည်နူး အားရကျေနပ်ခဲ့ကြပါသည်။
ပို၍ပို၍ဂုဏ်ယူဝမ်းသာပီတိဖြာခဲ့ကြရသည်က ပခုက္ကူစာပေဆုရွေးချယ်ရေးကော်မတီဝင်များနှင့် ဆုရရှိကြသူများအနေဖြင့် မမျှော်လင့်မထင်မှတ်ဘဲ မာရဝိဇယဘုရားကို ရှေးဦးစွာဖူးမြော်ခွင့်ရရှိခဲ့ကြ ခြင်းကြောင့်ပင်တည်း။
ယခုနှစ်တွင်မူ ရန်ကုန်မြို့တွင် တစ်လှည့်ပြန်လည်ကျင်းပမည်ဖြစ်သည်။ ဤသို့ တစ်လှည့်စီကျင်းပခဲ့သည်မှာ ပခုက္ကူစာပေဆု ချီးမြှင့်ပွဲများ၏ အစဉ်အလာပင်ဖြစ်ခဲ့ပါသည်။
ပခုက္ကူစာပေဆုချီးမြှင့်ပွဲများ ကျင်းပခဲ့သည့်နေရာများ
ပထမဆုံးအကြိမ် ပခုက္ကူစာပေဆုချီးမြှင့်ပွဲကို ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ပခုက္ကူမြို့ ပြည်တော်သာခန်းမ၌ ကျင်းပခဲ့ပြီး ၁၉၉၅ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ သုံးနှစ်ဆက်တိုက် ပခုက္ကူမြို့၌ ပင် ကျင်းပခဲ့သည်။ ၁၉၉၇ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် ရန်ကုန်မြို့ နဝဒေးရုပ်ရှင်ရုံ၌ ကျင်းပခဲ့ပြီး ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပခုက္ကူမြို့ ပြည်တော်သာခန်းမ၌ ကျင်းပခဲ့ပါသည်။
ထိုအချိန်မှစ၍ ရန်ကုန်မြို့တွင်တစ်လှည့်၊ ပခုက္ကူမြို့တွင် တစ်လှည့်ကျင်းပခဲ့ကြရာ ပခုက္ကူမြို့တွင် ၁၀ ကြိမ်၊ ရန်ကုန်မြို့တွင် ၁၈ ကြိမ်ကျင်းပခဲ့ကြပြီး ၂၀၂၃ ခုနှစ် (၂၉) ကြိမ်မြောက် ပခုက္ကူစာပေဆုချီးမြှင့်ပွဲကိုမူ နေပြည်တော်၌ ပထမဆုံးကျင်းပခဲ့ခြင်းဖြစ်သည်။ ၂၀၁၃ ခုနှစ်နောက်ပိုင်းတွင် ပခုက္ကူမြို့၌ ကျင်းပရန် စီစဉ်ခဲ့ကြသော်လည်း အခြေအနေမပေးသောကြောင့် မကျင်းပနိုင်ဘဲ ရန်ကုန်မြို့၌သာ ကျင်းပခဲ့ရခြင်းဖြစ်သည်။
ပခုက္ကူစာပေဆုရွေးချယ်ရေးအခြေခံမူများ
ပခုက္ကူစာပေဆုအတွက် နှစ်စဉ် စာမူများတင်သွင်းယှဉ်ပြိုင်ကြရာတွင် စာပေဆုရွေးချယ်ရေးအခြေခံမူများ သတ်မှတ်ဖော်ပြပြီး ဖိတ်ခေါ်ယှဉ်ပြိုင်စေခဲ့ပါသည်။ ထိုအခြေခံမူများမှာ (၁) မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးရန်၊ (၂) မြန်မာ့ရိုးရာယဉ်ကျေးမှုထွန်းကားရေးအတွက် စာပေနည်းဖြင့် အထောက်အကူပြုရန်၊ (၃) မျိုးချစ်စိတ်နှင့် တိုင်းချစ်ပြည်ချစ်စိတ်ထက်သန်စေမှုကို ရှေးရှုရန်၊ (၄) အတွေးအခေါ်နှင့် အသိဉာဏ်ပညာဗဟုသုတ တိုးပွားကျယ်ပြန့်စေရေးအတွက် ကူညီရန်၊ (၅) အကျင့်စာရိတ္တပြုပြင်ရေးနှင့် ကိုယ်ကျင့်တရားကောင်းမွန်စေရေးအတွက် အထောက်အပံ့ဖြစ်သော စာပေများ တိုးပွားစေရန်ဟူ၍ ဖြစ်သည်။
အဆိုပါအခြေခံမူများအရ ယခုအကြိမ် (၃၀) မြောက် ပခုက္ကူစာပေဆုချီးမြှင့်ပွဲတွင် ဆုရရှိခဲ့ကြသူများမှာ ဝတ္ထုရှည်ဆုတွင် ဒုတိယဆုကို ညိမ်းညိုရေးသားသည့် “မေတ္တာထွေးနွေးပါသည်”၊ တတိယဆုကို နေစိုးသော်ရေးသားသည့် “စိတ်” စာမူတို့ကလည်းကောင်း၊ ဝတ္ထုတို ပေါင်းချုပ်ဆုတွင် ပထမဆုကို အမေ့သား (နတ်မောက်) ရေးသားသည့် “မုသားချိုချိုနှင့် အခြားဝတ္ထုတိုများ”၊ ဒုတိယဆုကို ကိုနီသွေး (မန်းမြို့) ရေးသားသည့် “အတိုဆုံးဝတ္ထု၊ အရှည်ဆုံးပြဇာတ်နှင့် အခြားဝတ္ထုတိုများ”၊ တတိယဆုကို ထွန်းလှိုင် (မြိုင်) ရေးသားသည့် “မွေးရပ်မြေနှင့် သူငယ်ချင်းနှင့် သုတရသဝတ္ထုတိုပေါင်းချုပ်” စာမူတို့ကလည်းကောင်း၊ ကဗျာပေါင်းချုပ်ဆုတွင် ပထမဆုကို ကောင်းနွဲ့ရေးသားသည့် “ရောင်နီသန်းချိန် ပန်းပွင့်ချိန်”၊ ဒုတိယဆုကို ရွှေမင်းသား (စစ်ကိုင်း) ရေးသားသည့် “မွှေးမြဂုဏ်ရည် စာပန်းသီကဗျာများ”၊ တတိယဆုကို ကနောင် နိုင်နွယ်ဦးရေးသားသည့် “ဘဝတေးသံကဗျာများ” စာမူတို့ကလည်းကောင်း၊ ကျမ်းစာပေဆုတွင် ပထမဆုကို ကိုတိုး (ရန်ကင်း) ရေးသားသည့် “ကုန်းဘောင်ခေတ် စာဆိုလက်ဝဲသုန္ဒရ၏ ဘဝနှင့်စာပေ”၊ ဒုတိယဆုကို ဦးဝင်းမြင့်မောင် (လင်းအရုဏ်ဦး) ရေးသားသည့် “ရတနာပုံ အိမ်ရှေ့စံ”၊ တတိယဆုကို သက်ဦးမောင်ရေးသားသည့် “ရုပ်ရှင်နှင့် နိုင်ငံရေး၊ အမျိုးသားရေးအခန်းကဏ္ဍ” စာမူတို့ကလည်းကောင်း၊ သုတေသနစာပေဆုတွင် ပထမဆုကို မာန်သစ်ငြိမ်း (ရှေးဟောင်းသုတေသန) ရေးသားသည့် “သရေခေတ္တရာပျူတို့၏ ရွှေထည်ငွေထည် ယဉ်ကျေးမှု အနုလက်ရာများ”၊ ဒုတိယဆုကို ကိုဇော်ဌေး (ယဉ်ကျေးမှု) ရေးသားသည့် “ဆိုကရေးတီး ရိုးရာခရီး”၊ တတိယဆုကို လက်ယာ (မေတ္တာတံခွန်) ရေးသားသည့် “လပြည့်နေ့ဖွား မြန်မာလူကျော်များ” စာမူတို့ကလည်းကောင်း အသီးသီးရရှိကြပါသည်။ ထိုဆုရရှိကြသူများထဲတွင် အမျိုးသားစာပေဆု၊ စာပေဗိမာန်စာမူဆုနှင့် နိုင်ငံတော်အဆင့် စာမူဆုရရှိကြသူများ ပါဝင်ခဲ့ကြပါသည်။
ပခုက္ကူတစ်သက်တာစာပေဆုကို မြန်မာနိုင်ငံစာရေးဆရာအသင်းကြီး၏ ကန်တော့ခံသက်ကြီးစာပေပညာရှင်ကြီးများဖြစ်ကြသော အသက် (၈၇) နှစ်ရှိ စာပေဗိမာန်စာမူဆုသုံးဆုရ အားကစားကလောင်ရှင်များအသင်း၏ သက်ကြီးပူဇော်ပွဲကန်တော့ခံ စာပေပညာရှင် “နိုင်ငံ့ဂုဏ်ဆောင် လက်ဝှေ့ပညာရှင်” ဆရာကြီးဦးခင်အောင် (ရွှေဘိုဘာမထီခင်အောင်) နှင့် အသက်(၈၄)နှစ်ရှိ ကဗျာဖြင့် အမျိုးသားစာပေဆုနှစ်ဆုရ ဆရာကြီးဦးတင့်လွင် (တက်လူ) တို့ ရရှိခဲ့ကြပါသည်။ ဆရာကြီး တက်လူမှာ ယခင်လက ကွယ်လွန်ခဲ့လေပြီ။
ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူပညာသင်ဆုကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) မှ မသန့်ဖြူဖြူထွန်း (ဒုတိယနှစ်-ပန်းချီဌာန) နှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) မှ မောင်မင်းသုဟန်ကျော် (ဒုတိယနှစ်-ပန်းချီပညာဌာန) တို့က ရရှိကြသည်။
အကြိမ်(၃၀)မြောက် ပခုက္ကူဦးအုံးဖေစာကြည့်တိုက်ဆုကို ခင်မောင်ဝင်း (အညာမြေ) ရေးသားသည့် ကျွန်တော်သိသော ကျွန်တော့်ရွာစာအုပ်၊ ဆရာသဲရေးသားသည့် သရဒွေးလင်္ကာအဖွင့်ကျမ်းစာအုပ် တို့က ရရှိကြသည်။
ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေတစ်သက်တာဆုကို ၁ဝ သိန်း၊ ပခုက္ကူစာပေဆု ပထမဆုကို ခုနစ်သိန်း၊ ဒုတိယဆုကို ငါးသိန်းနှင့် တတိယဆုကို လေးသိန်းချီးမြှင့်သွားမည် ဖြစ်ပါသည်။
ပခုက္ကူစာပေဆု ဖြစ်ပေါ်လာပုံ
အနိမ့်၊ အမြင့်၊ အတက်၊ အကျဘဝမျိုးစုံတွင် ကျင်လည်ခဲ့ရသော ဦးအုံးဖေသည် စာပေအလှ၊ စာပေတစ်စကြောင့် ဘဝပြောင်းလဲမြင့်မားလာခဲ့ရာ သိန်းတစ်ရာဆေးပေါင်းစုံရုံပိုင်ရှင်ကြီးဖြစ်လာခဲ့သည်။ စာပေကျေးဇူးအထူးထူးကို ကြည်နူးစွာခံစားနေရသော ဦးအုံးဖေသည် စာဖတ်ပရိသတ်ပြည်သူများအတွက် အကျိုးပြုစာပေများ ရှင်သန်ထွန်းကားရေးနှင့် မြန်မာစာပေဖွံ့ဖြိုးရေး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ရန် ဟူသောစာပေရည်ရွယ်ချက်ဖြင့် စာပေဒါနပြုလိုသော ကြောင့် မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းဥက္ကဋ္ဌ ဦးစိုးညွန့်(ထီလာ စစ်သူ)ထံသို့ ၁၉၉၁ ခုနှစ် နိုဝင်ဘာလက နှုတ်ဖြင့်ရော စာဖြင့်ပါ ကမ်းလှမ်းခဲ့သည်။ သူ၏ အသက်(၇၅)နှစ်မြောက်မွေးနေ့တွင် စာပေဆု မတည်ငွေသားကျပ် ၇၅ သိန်း လှူဒါန်းလိုကြောင်း၊ စာပေဆုကိုလည်း “ပခုက္ကူစာပေဆု” ဟုခေါ်တွင်စေလိုကြောင်း၊ စာပေဆုရန်ပုံငွေကို ထိန်းသိမ်းကြီးကြပ်စီမံခန့်ခွဲရန် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းစေလိုကြောင်း၊ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့ကပင် စာပေဆုစိစစ်ရွေးချယ်ရေးအဖွဲ့ကိုဖွဲ့စည်းကာ စာပေဆုစည်းမျဉ်းများ ရေးဆွဲသတ်မှတ်ပြဋ္ဌာန်းပေးစေလိုကြောင်း မေတ္တာရပ်ခံအကူညီတောင်းခဲ့ပါသည်။
ဦးအုံးဖေ၏မေတ္တာရပ်ခံချက်အရ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့ကလည်း လိုအပ်သည်များကို ပံ့ပိုးကူညီပေးခဲ့ရာ ဦးအုံးဖေက နိုင်ငံတော်သို့ ငွေကျပ် ၇၆ဝ၁၂၇၉ လွှဲအပ်လှူဒါန်းပွဲကို ၁၉၉၂ ခုနှစ် မေလ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံကြီး၌ ကျင်းပခဲ့ပါသည်။
ပခုက္ကူစာပေဆုပြိုင်ပွဲကိုလည်း ၁၉၉၃ ခုနှစ်တွင် စတင်ဖိတ်ခေါ်ခဲ့ပြီး ပထမဆုံးအကြိမ် ပခုက္ကူစာပေဆုချီးမြှင့်ပွဲကို ၁၉၉၄ ခုနှစ်တွင် ပခုက္ကူမြို့၌ ကျင်းပနိုင်ခဲ့သည်။ မူလက (၇၅)နှစ်ပြည့် အထိမ်းအမှတ် ၇၅ သိန်း လှူဒါန်းရန်ရည်မှန်းထားသော်လည်း (၇၆) နှစ်ထဲရောက် သွားသဖြင့် ငွေကျပ် ၇၆ သိန်းအပြင် သူ၏မွေးသက္ကရာဇ် ၁၂၇၉ ကို ပါရည်စူးကာ လှူဒါန်းသမျှတွင် ၁၂၇၉ ကျပ်ကိုပါ အမြဲတမ်းထည့်သွင်းလှူဒါန်းနေကြောင်း သိရပါသည်။ ထိုမျှသာမကဘဲ ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ကျင်းပခဲ့သော (၁၀)ကြိမ်မြောက် ပခုက္ကူစာပေဆုချီးမြှင့်ပွဲတွင် ငွေကျပ်သိန်း ၅၀ ကို ထပ်မံလှူဒါန်းခဲ့သည်။
စာပေဆုအလှူရှင် ဦးအုံးဖေက သူမတည်လှူဒါန်းထားသော အလှူငွေများကို ရန်ပုံငွေစည်းကမ်းအရ ဘဏ်တွင်အပ်နှံထားရပြီး အတိုးငွေတန်ဖိုးစုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းကို စာပေဆုအဖြစ် နှစ်စဉ် ခွဲဝေပေးရန်၊ ၃ဝ ရာခိုင်နှုန်းကို အသုံးစရိတ်အဖြစ်သုံးစွဲရန်၊ ၁ဝ ရာခိုင်နှုန်းကို အရင်းအနှီးတိုးပွားစေရန်အတွက် ဘဏ်တွင်ဆက်လက်ထားရှိရန် သတ်မှတ်ထားခဲ့ပါသည်။ ဆိုလိုသည့်သဘောမှာ နှစ်စဉ်ဘဏ်တိုး ၏ ၉၀ ရာခိုင်နှုန်းကိုသာ သုံးစွဲခွင့်ပြုခဲ့ခြင်းဖြစ်ပါသည်။
ပခုက္ကူစာပေဆုအမျိုးအစား ခြောက်မျိုးသတ်မှတ်ထားရာ (၁) ဝတ္ထုရှည်ဆု၊ (၂) ဝတ္ထုတိုပေါင်းချုပ်ဆု၊ (၃)ကဗျာပေါင်းချုပ်ဆု၊ (၄) ကျမ်းစာပေဆု၊ (၅) သုတေသနစာပေဆုနှင့် (၆) တစ်သက်တာစာပေ ဆုများဖြစ်ကြပါသည်။ စာပေဆုများအတွက် ဘာသာရပ်တစ်ခုချင်းစီအလိုက် စာမူများကိုဖိတ်ခေါ်ယှဉ်ပြိုင်စေခြင်းဖြစ်ပြီး တစ်သက်တာစာပေဆုအတွက် ဘဝတစ်သက်တာလုံး စာပေအကျိုးကို ရွပ်ရွပ်ချွံချွံ သယ်ပိုးထမ်းရွက်ခဲ့သူ၊ စာပေလောကသား သက်ရှိပုဂ္ဂိုလ်များထဲမှ စိစစ်ရွေးချယ်စေခြင်းဖြစ်သည်။ စာပေဆုအပြင် ၁၉၉၄ ခုနှစ်မှစ၍ “ပညာသင်ဆုအဖြစ်” အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူ နှစ်ဦးစီကို ချီးမြှင့်ခဲ့သည်။ ထို့ပြင် စာပေဆုကို လည်း ဘာသာရပ်တစ်ခုချင်းတွင် တစ်ဆုစီသာချီးမြှင့်ခဲ့ရာမှ ၁၉၉၄ ခုနှစ်တွင် “ဒုတိယဆုများ” ၊ ၁၉၉၆ ခုနှစ်တွင် “တတိယဆုများ” တိုးမြှင့် ချီးမြှင့်ခဲ့ပါသည်။
မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့၏အမွေကို ဆက်ခံခဲ့သော မြန်မာနိုင်ငံစာရေးဆရာအသင်းအနေဖြင့်လည်း ပခုက္ကူစာပေဆု စိစစ်ရွေးချယ်ခြင်း၊ ရန်ပုံငွေကြီးကြပ်ထိန်းသိမ်းခြင်းလုပ်ငန်းများကို နှစ်စဉ်မပျက် ကြိုးပမ်းထမ်းရွက်နေပြီး ဆုချီးမြှင့်ပွဲများကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်မှ တာဝန် ရှိကြသူများနှင့်ပူးတွဲလျက် အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်ခဲ့ကြပါသည်။
စာပေဒါနအလှူရှင်ကြီး ဦးအုံးဖေကွယ်လွန်သွားပြီးနောက် ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့ တွင် ကျင်းပခဲ့သည့် ပခုက္ကူဦးအုံးဖေစာပေဆု ရန်ပုံငွေကြီးကြပ်ရေးကော်မတီက ရန်ပုံငွေတိုးပွားလာစေရေးနှင့် ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးအတွက် စာပေဆုအမည်ကို “ပခုက္ကူ ဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေဆု”ဟူ၍ အမည်ပြောင်းလဲ သတ်မှတ်ခဲ့သည်။
ပခုက္ကူစာပေဆုကို ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ခဲ့ရာမှ မြန်မာနိုင်ငံစာရေးဆရာအသင်းသို့ ၂ဝ၁၃ ခုနှစ်တွင် လွှဲပြောင်းပေးခဲ့မှုအခြေအနေကို တင်ပြလိုပါသည်။ ထိုအချိန်က လွှဲပြောင်းပေးခဲ့သော ပခုက္ကူဦးအုံးဖေစာပေဆု ရန်ပုံငွေမှာ ကျပ် ၃၆၈ သိန်းကျော်သာ ရှိခဲ့ပါသည်။ ဘဏ်တိုးနှုန်းမှာ တစ်နှစ်လျှင် ကျပ်သိန်း ၄၀ ခန့်သာရခဲ့ရာ မြန်မာနိုင်ငံစာရေးဆရာအသင်းက စာပေစေတနာရှင်၊ အလှူရှင်များကို နှစ်စဉ်ရှာဖွေ အကူအညီတောင်းခံခဲ့ရပါသည်။ ထိုအချိန်က စာပေဆုချီးမြှင့်ပွဲ ကုန်ကျစရိတ်မှာ နှစ်စဉ်ကျပ်သိန်း ၆၀ ကျော်၊ ၇၀ ကျော်ခန့်သာ ကုန်ကျခဲ့သော်လည်း ယခုဆိုလျှင် ကျပ်သိန်း ၂ဝဝ ခန့်အထိ ကုန်ကျနေပါသည်။ ထိုက်သင့်သောစာပေဆု ချီးမြှင့်ငွေ တိုးမြှင့်ပေးခြင်းနှင့် ကုန်ကျစရိတ် မြင့်တက်လာခြင်းကြောင့် စာပေဆုရန်ပုံငွေကို နှစ်စဉ်စိစစ်ချွေတာသုံးစွဲနေခဲ့ရသလို အလှူရှင်များကိုလည်း ရှာဖွေနေခဲ့ရပါသည်။
ထူးချွန်ဆုများ
ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေဆု အကြိမ် (၃၀) မြောက်အတွင်းတွင် တစ်သက်တာစာပေဆုရှင် ၃၇ ဦး ပေါ်ထွက်ခဲ့ပြီးစာပေဆုပေါင်း ၃၆၅ ဆုကို ချီးမြှင့်နိုင်ခဲ့ပြီဖြစ်ပါသည်။ ပခုက္ကူစာပေဆုချီးမြှင့်ပွဲတွင် ပခုက္ကူဦးအုံးဖေစာကြည့်တိုက်ဆုကိုပါ ၂ဝဝ၃ ခုနှစ်မှစတင်၍ ပူးတွဲချီးမြှင့်ခဲ့ရာ ယခုအကြိမ်အထိ ၄၃ ဦး ချီးမြှင့်နိုင်ခဲ့ပြီဖြစ်ပါသည်။
အမျိုးသားစာပေဆုရသူများ
ပခုက္ကူစာပေဆုကို ၁၉၉၄ ခုနှစ်မှစတင်၍ ချီးမြှင့်ခဲ့ရာ ၂ဝ၂၃ ခုနှစ်တွင် (၂၉)ကြိမ်မြောက်အထိ စာပေဆုရရှိသူ ၃၅၁ ဦး ရှိခဲ့ပါသည်။ ၂၀၂၂ ခုနှစ်တွင် (၂၈) ကြိမ်မြောက်အထိ ပထမဆုရရှိခဲ့သော စာမူ ၁၀၅ အုပ်ကို စာပေဗိမာန်က ပုံနှိပ်ထုတ်ဝေခဲ့ပြီးဖြစ်သဖြင့် ၎င်းတို့အထဲမှ အမျိုးသားစာပေဆု ၁၂ ဆု ရရှိခဲ့ပါသည်။ ပခုက္ကူစာပေဆုရှင်များထဲမှ အမျိုးသားစာပေဆုရသူများအဖြစ် ထူးချွန်စွာ ပေါ်ထွက်လာကြသည်ကို ထောက်ရှုခြင်းအားဖြင့် ပခုက္ကူစာပေဆု၏ ဂုဏ်ရည်မြင့်မားမှုကို သိသာနိုင်ပါသည်။
ပခုက္ကူဦးအုံးဖေ တစ်သက်တာစာပေဆုရှင်များ
ပခုက္ကူဦးအုံးဖေတစ်သက်တာစာပေဆုချီးမြှင့်ရန်အတွက် ရွေးချယ်ရေးအခြေခံမူများ သတ်မှတ်ထားရာ (၁) သက်ရှိထင်ရှားရှိသော စာပေပညာရှင်ဖြစ်ရမည်၊ (၂) သုတစာပေ၊ ရသစာပေနှင့် လူထုဆက်သွယ်ရေးလုပ်ငန်းတွင် ထိရောက်သောအတိုင်းအတာဖြင့် အားထုတ်ဆောင်ရွက်ခဲ့သူဖြစ်ရမည်၊ (၃) ကိုယ်ပိုင်ရေးသားပြုစုသော ခိုင်ခံ့ပြည့်ဝသည့် စာအုပ်စာပေလက်ရာစာရင်းရှိရမည်၊ (၄) စာပေလုပ်ငန်းတာဝန်ကို ထမ်းဆောင်ခဲ့သည့် နှစ်ကာလပရိစ္ဆေဒ ထည့်သွင်းတွက်ချက်ရမည်။ (အသက်အရွယ်အားဖြင့် ၆၀ အရွယ်နှင့် စာရေးသက်အနည်းဆုံး နှစ် ၄၀ ခန့်ရှိရမည်) ဟူ၍ဖြစ်သည်။ အဆိုပါအခြေခံမူများနှင့် ရွေးချယ် ချီးမြှင့်ခဲ့သော ပခုက္ကူဦးအုံးဖေတစ်သက်တာဆုရသူများမှာ ယခု အကြိမ် (၃၀)မြောက်အထိ ၃၇ ဦး ရရှိခဲ့ကြပါသည်။
ပညာဒါနနှင့် ပညာထူးချွန်ဆု
အလှူရှင်ဦးအုံးဖေသည် စာပေဆုများအပြင် ပညာရေးအတွက်ပါ လှူဒါန်းခဲ့ရာ ၁၉၉၇ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့က ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ၌ကျင်းပခဲ့သော ပခုက္ကူဦးအုံးဖေစာပေဆု ဆုပေး ပွဲ အခမ်းအနားတွင် ပညာရေးရန်ပုံငွေအဖြစ် ငွေကျပ် ၅၂၀၁၂၇၉ ကို နိုင်ငံတော်သို့ လှူဒါန်းခဲ့ပါသည်။ ထိုလှူဒါန်းငွေကို ရင်းနှီးမြှုပ်နှံရာမှ ရရှိသော အတိုးအညွန့်များဖြင့် အခြေခံပညာအထက်တန်းတွင် ဘာသာရပ်တစ်ခုချင်းအလိုက် အမှတ်အများဆုံးရရှိသော ကျောင်းသား ကျောင်းသူသုံးဦးစီကို ချီးမြှင့်စေခဲ့ပါသည်။ နှစ်စဉ်ကျင်းပခဲ့သော ပခုက္ကူစာပေဆု ချီးမြှင့်ပွဲများတွင် ပညာရေးဝန်ကြီးဌာနက စိစစ်ရွေးချယ်ပေးခဲ့ကြသော ထူးချွန်ကျောင်းသား ကျောင်းသူများကို အလှူရှင်ဦးအုံးဖေ၏ဆန္ဒနှင့်အညီ နှစ်စဉ်ချီးမြှင့်နိုင်ခဲ့ကြသော်လည်း ကိုဗစ်ရောဂါကြောင့် ပညာရည်ချွန်ဆုများကို ချီးမြှင့်နိုင်ခြင်းမရှိဘဲ ရပ်နားထားခဲ့ရပါသည်။ သို့သော် ၂၀၂၃ ခုနှစ်တွင် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနက ပညာရည်ချွန်ဆုရရှိသူများကို ဆုချီးမြှင့် ပေးနိုင်ခဲ့ကြောင်း သိရပါသည်။ ယခု ၂ဝ၂၄ ခုနှစ်တွင် ပညာရည်ချွန်ဆုချီးမြှင့်နိုင်ခြင်း မရှိသေးကြောင်း သိရပါသည်။
စာကြည့်တိုက်ဆုနှင့် စာကြည့်တိုက်အလှူရှင်
စေတနာရှင်ဦးအုံးဖေသည် သူနေထိုင်ကြီးပြင်းခဲ့ရာ ဇာတိကျေးရွာ ထနောင်းကုန်းရွာ အသိပညာစာကြည့်တိုက်သို့လည်း ငွေကျပ်၂၄ သိန်း မတည်လှူဒါန်းခဲ့ပါသည်။ ၁၉၉၅ ခုနှစ်တွင် ငွေကျပ်သိန်း ၆၀ မတည်၍ “ပခုက္ကူဦးအုံးဖေစာကြည့်တိုက်”ကို တည်ဆောက်ဖွင့်လှစ်ပေးခဲ့ပြီး ပခုက္ကူစာကြည့်တိုက်ဆုကိုလည်း နှစ်စဉ်ချီးမြှင့်ပေးခဲ့သည်။ ဦးအုံးဖေသည် ၁၉၈၁ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ ဘာသာရေးနှင့် လူမှုရေးအတွက် ငွေကျပ် ၄၇၈ သိန်းကျော် လှူဒါန်းခဲ့သည်။ ထိုခေတ် ထိုအခါကာလက လှူဒါန်းခဲ့သော စုစုပေါင်းအလှူငွေကျပ် ၄၇၈ သိန်းကျော်မှာ လွန်စွာတန်ဖိုးရှိထူးမြတ်လှပေသည်။
ထိုက်တန်သော တုံ့ပြန်မှု
လှူဒါန်းမှုရက်ရောပြီး စေတနာဖြူစင်သော ဦးအုံးဖေသည် စာပေဒါနအဖြစ် စာပေဆုများ၊ စာကြည့်တိုက်များ တည်ထောင်ဖွင့်လှစ်ပေးခဲ့ပြီး စာကြည့်တိုက်ဆု၊ ပညာရည်ချွန်ဆုများကိုလှူဒါန်းရုံဖြင့် အားမရသေးဘဲ သူကိုယ်တိုင် တွေ့ကြုံခဲ့ရသော ဘဝအတွေ့အကြုံအဖုံဖုံထဲမှ အကောင်းအဆိုး၊ အကျိုးအပြစ်များကို မခြွင်းမချန်ဘဲ သူ၏ကိုယ်ရေး အတ္ထုပ္ပတ္တိစာအုပ်များအဖြစ် ရေးသားထုတ်ဝေခဲ့ရာ စာချစ်သူများကို ဆွဲဆောင်နိုင်စွမ်းရှိခဲ့ပါသည်။ မျိုးဆက်သစ်လူငယ်များအတွက် သင်ခန်းစာရယူဖွယ်၊ သံဝေဂရဖွယ်၊ အားကျအတုယူဖွယ်များ ပါဝင်ပါသည်။ သူ့ဘဝအတွေ့အကြုံ စာပေဒါနပေးဝေမျှခဲ့သည့် စာအုပ်သုံးအုပ်မှာ “တွေ့ရကြုံရကျွန်တော့်ဘဝ” (ပထမအတွဲ) (ဒုတိယအတွဲ) (တတိယအတွဲ)များ ဖြစ်ကြပါသည်။ ထိုစာအုပ်များမှာ ခေတ်သစ်လူငယ် တက်ကျမ်းများဆိုက မမှားပေ။
ဦးအုံးဖေ၏ ဘဝတစ်စိတ်တစ်ပိုင်းအမှန်များကို ဦးအုံးဖေ၏ဆန္ဒနှင့်အညီ ဆရာတက္ကသိုလ်စိန်တင်က “ပခုက္ကူဦးအုံးဖေ ဘဝခရီးနှင့် အောင်မြင်နည်းအတွေ့အကြုံများ” စာအုပ်ကို ရေးသားထုတ်ဝေခဲ့ရာ ၁၉၉၃ ခုနှစ်တွင် အမျိုးသားစာပေဆုကို ရရှိခဲ့ပါသည်။ ထိုနည်းတူ ဦးအုံးဖေကလည်း သူရေးသားခဲ့သည့် “တွေ့ရကြုံရ ကျွန်တော့်ဘဝ” စာအုပ်များဖြင့် “၂၀၀၁ ခုနှစ် ဆရာဝန်တင်ရွှေ”စာပေဆုကို ထိုက်တန်စွာရရှိခဲ့ပါသည်။ မြန်မာနိုင်ငံစာရေးဆရာအသင်း၏ သက်ကြီး ကန်တော့ခံ စာပေပညာရှင်ကြီးလည်း ဖြစ်ခဲ့ပါသည်။
ပခုက္ကူဦးအုံးဖေသည် မြန်မာသက္ကရာဇ် ၁၂၇၉ ခုနှစ်တွင် ပခုက္ကူမြို့ ထနောင်းကုန်းရှားတောကျေးရွာ၌ မွေးဖွားခဲ့ပြီး ၂၀၀၈ ခုနှစ် ဧပြီလ ၁၃ ရက်နေ့ မြန်မာသက္ကရာဇ် ၁၃၇၀ ပြည့်နှစ် အသက်(၉၁)နှစ်တွင် ပခုက္ကူမြို့၌ ကွယ်လွန်ခဲ့ပါသည်။
နိုင်ငံတော်က ဦးအုံးဖေအား ၁၉၉၃ ခုနှစ်တွင် “လူမှုထူးချွန် (ပထမအဆင့်)”နှင့် ၂ဝ၂၂ ခုနှစ်တွင် “သိပ္ပကျော်စွာ”ဘွဲ့ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ကွယ်လွန်ခဲ့ပြီဖြစ်သော ဦးအုံးဖေသည် မြန်မာစာပေလောကတွင် ဘယ်သောအခါမျှ နာမည်မသေဘဲ သားအစဉ်မြေးအဆက် မြစ်အညွန့် အဓွန့်ရှည်ကြာတည်တံ့ခိုင်မြဲနေမည်ဟု ယုံကြည်ပါသည်။
သို့သော် ပခုက္ကူဦးအုံးဖေစာပေဆု ရေရှည်တည်တံ့ခိုင်မြဲတိုးတက် ရေးအတွက် ရန်ပုံငွေတိုးပွားရန်လည်း အထူးပင်လိုအပ်လှပါသည်။ ယခုလက်ရှိအခြေအနေအရ ပခုက္ကူစာပေဆုအတွက် လှူဒါန်းငွေမရှိဘဲ ဘဏ်တိုးအနည်းငယ်မျှဖြင့်သာ ခရီးဆက်နေရပါက ဆုချီးမြှင့်နိုင်မှုအခြေအနေ ရပ်တန့်သွားမည်ကို စိုးရိမ်နေကြရပါသည်။
သို့ဖြစ်ရာ အစဉ်အလာကောင်းရှိခဲ့သော ပခုက္ကူဦးအုံးဖေစာပေဆု ရေရှည်တည်တံ့ခိုင်မြဲတိုးတက်ရေးအတွက် စာပေစေတနာရှင်များ၊ စာပေဒါနပြုကြလိုသူများ ပေါ်ပေါက်လာပါစေဟု ဆန္ဒမွန်ပြုလိုက်ရပါသည်။ ။
ကိုးကား-
(၁) တက္ကသိုလ်စိန်တင်၏ ပခုက္ကူဦးအုံးဖေဘဝခရီးနှင့်အောင်မြင်နည်း အတွေ့အကြုံများစာအုပ်၊
(၂) ဆုချီးမြှင့်ပွဲတိုင်းတွင် ဖြန့်ဝေခဲ့သော ပခုက္ကူစာပေဆုအကြောင်း အရာစာအုပ်များ၊