ရေသည် နိုင်ငံ့အရေးနှင့် ကျေးလက်ရေရရှိရေးမဟာဗျူဟာကို ဆန်းစစ်ခြင်း
ခန့်ဇော်(ကျေးလက်)
ကျေးလက်ဒေသများ၊ ကျောင်းများနှင့် ဆေးရုံဆေးခန်းများ ရေရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ မဟာဗျူဟာကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက ရေးဆွဲအတည်ပြုခဲ့ပြီး အကောင်အထည်ဖော်ဆောင်ရွက်ရန် ကုန်ကျစရိတ်ပါဝင်သည့် Costed Plan ရင်းနှီးမြှုပ်နှံမှုအစီအစဉ် (၂၀၁၆-၂၀၃၀)ကို ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ယခုသမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် UNICEFတို့ပူးပေါင်း၍ အပိုင်း (၃) ပိုင်းခွဲပြီး လျာထားခဲ့ပါသည်။ အပိုင်း (၁) အနေဖြင့် (၂၀၁၇-၂၀၁၈) ခုနှစ်ကို အပြောင်းအလဲဆောင်ရွက်သည့် ကာလ၊ အပိုင်း (၂) အနေဖြင့် (၂၀၁၉-၂၀၂၃) ခုနှစ်သည် တိုးမြှင့်ဆောင်ရွက်သည့်ကာလနှင့် အပိုင်း(၃) အနေဖြင့် (၂၀၂၃-၂၀၃၀) ပြည့်နှစ်သည် အပြီးသတ်ဆောင်ရွက်မည့်ကာလဟူ၍ ရေးဆွဲသတ်မှတ်ခဲ့သည်။
မဟာဗျူဟာအကောင်အထည်ဖော်ခြင်း
မဟာဗျူဟာကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်မှာ ခုနစ်နှစ်ရှိခဲ့ပြီဖြစ်၍ မျှော်မှန်းချက်အပေါ် အကောင်အထည်ဖော်နိုင်ခဲ့မှုအခြေအနေကို သိရှိရန်လိုအပ်သည့်အတွက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအား သုံးသပ်တင်ပြရန် လမ်းညွှန်ချက်ပြုခဲ့ပါသည်။ သုံးသပ်ချက်များ ပြုလုပ်ရာတွင် ရေပေးရေးကဏ္ဍတစ်ခုတည်းကိုသာ အဓိကဦးတည်ဆွေးနွေးသုံးသပ်ခဲ့ကြပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ရေရရှိမှု၊ ၂၀၁၉ ခုနှစ် သန်းခေါင်စာရင်းအရ ရေရရှိမှုနှင့် ၂၀၃၀ ပြည့်နှစ် မျှော်မှန်းချက်တို့အပေါ် အောက်ဖော်ပြပါအတိုင်း သုံးသပ်တွေ့ရှိရပါသည်-
၂၀၁၉ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံရှိ အိမ်ထောင်စုအားလုံး၏ ၈၁ ဒသမ ၆ ရာခိုင်နှုန်းသည် အခြေခံစနစ်ရှိသော (အနိမ့်ဆုံး) သောက်သုံးရေ၀န်ဆောင်မှုမှ ရေကို သောက်ရေအဖြစ် ရရှိအသုံးပြုနေသည်ကိုတွေ့ရှိရပါသည်။ ထို့အပြင် အိမ်ထောင်စုအားလုံး၏ ၄၁ ဒသမ ၄ ရာခိုင်နှုန်း သည် သန့်ရှင်း၍ ဘေးကင်းသောသောက်သုံးရေဝန်ဆောင်မှုမှ ရရှိသောရေကို သောက်ရေအဖြစ် အသုံးပြုကြကြောင်း တွေ့ရှိရပါသည်။ သန့်ရှင်း၍ဘေးကင်းသော သောက်သုံးရေဝန်ဆောင်မှု ဆိုသည်မှာ ကောင်းမွန်သော ရေအရင်းအမြစ်များမှ သောက်သုံးရေ ရရှိသောက်သုံးခြင်းဖြစ်ပြီး ထိုရေအရင်းအမြစ်များသည် မိမိအိမ်ဝင်းအတွင်း တည်ရှိပြီး လိုအပ်သည့်အချိန်တိုင်း ရေရသည့်အပြင် အီးကိုလိုင်းပိုးမွှားကင်းစင်ရပါမည်။ အိမ်ထောင်စုအားလုံး၏ ၄၀ ဒသမ ၃ ရာခိုင်နှုန်းသည် အခြေခံစနစ်ရှိသော သောက်သုံးရေဝန်ဆောင်မှုမှ ရရှိသော ရေကို သောက်ရေအဖြစ် အသုံးပြုကြကြောင်း တွေ့ရှိရပါသည်။ အခြေခံစနစ်ရှိသော သောက်သုံးရေဝန်ဆောင်မှုဆိုသည်မှာ ကောင်းမွန်သော ရေအရင်းအမြစ်များမှ သောက်သုံးရေရရှိသောက်သုံးခြင်းဖြစ်ပြီး ထိုရေအရင်းအမြစ်များသို့ ရေသွားရောက်ခပ်ယူရန်အတွက် မိနစ် ၃၀ အောက်သာ ကြာမြင့်ပါသည်။ အထက်ဖော်ပြပါ ဘေးကင်းသော သောက်သုံးရေဝန်ဆောင်မှု (Safely Managed) နှင့် အခြေခံစနစ်ရှိသော သောက်သုံးရေ၀န်ဆောင်မှု (Basic Service) အား ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး ရရှိသုံးစွဲနိုင်ရေး ရည်ရွယ်ချက်ဖြင့် ကျေးလက်ရေရရှိရေး၊ ကျန်းမာသန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးမဟာ ဗျူဟာကို ရေးဆွဲပြုစုအတည်ပြုခဲ့ခြင်းဖြစ်ပါသည်။
ကျေးလက်ဒေသများ ရေရရှိရေး၊ ကျန်းမာသန့်ရှင်းရေးနှင့်၊ တစ်ကိုယ်ရေသန့်ရှင်းရေးမဟာဗျူဟာ (၂၀၁၅-၂၀၃၀) အရ ၂၀၃၀ ပြည့်နှစ်တွင် သန့်ရှင်းသော သောက်သုံးရေနှင့် အခြေခံသောက်သုံးရေဝန်ဆောင်မှုရရှိရန် မဟာဗျူဟာရည်မှန်းချက်အနေဖြင့်-
(က) ၂၀၁၅ ခုနှစ်တွင် ၆၁%
( ခ ) ၂၀၂၀ ပြည့်နှစ်တွင် ၇၀%
( ဂ ) ၂၀၂၅ ခုနှစ်တွင် ၈၅%
(ဃ) ၂၀၃၀ ပြည့်နှစ်တွင် ၁၀၀% ပြည့်မီအောင် ဆောင်ရွက်သွားရန် မျှော်မှန်းလျာထားခဲ့ခြင်း ဖြစ်ပါသည်။
ကျေးလက်ရေရရှိရေး ဘက်စုံစီမံကိန်းအသွင်
ကျေးလက်ရေရရှိရေးကို ဘက်စုံစီမံကိန်းအသွင်ဖြင့် ဆောင်ရွက်ရာတွင် နိုင်ငံတော်မှ ထောက်ပံ့ ရန်ပုံငွေရရှိမှုနှင့် စီမံကိန်းလုပ်ငန်းများမှ ရန်ပုံငွေထည့်ဝင်မှုများရှိပါသည်။ နိုင်ငံတော်မှ (၂၀၁၉-၂၀၂၀) ပြည့်နှစ်မှ (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်အထိ ငါးနှစ်တာကာလအတွင်း ခွင့်ပြုရန်ပုံငွေအနေဖြင့် ကျပ် ၂၄၆ ဒသမ ၈ ဘီလီယံ၊ စီမံကိန်းလုပ်ငန်းများဖြစ်သည့် UNICEF ၏ ထောက်ပံ့ရေးရန်ပုံငွေ၊ Central Dry Zone Project၊ Eastern State Agri-business Project၊ Western State Agribusi-ness Project၊ အလှူရှင်များ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ Village Development Plan Project၊ Mekong-Lancang Cooperation Special Fund Project တို့မှ (၂၀၁၉-၂၀၂၀) ပြည့်နှစ်မှ (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်အထိ ငါးနှစ်တာကာလအတွင်း ထည့်ဝင်သည့် ရန်ပုံငွေကျပ် ၃ ဒသမ ၁ ဘီလီယံခန့် ရရှိခဲ့ပါသည်။ ထို့ကြောင့် ကျေးလက်ရေရရှိရေးကဏ္ဍတွင် ဘက်စုံစီမံကိန်းအသွင်ဖြင့် ရန်ပုံငွေရရှိ/ ထည့်ဝင်မှုများအရ နှစ်စဉ်ပျမ်းမျှကျပ် ၅၅ ဒသမ ၅ ဘီလီယံခန့် အသုံးပြုဆောင်ရွက်လျက်ရှိပြီး ရေပေးရေးလုပ်ငန်းဘတ်ဂျက်တစ်ခုတည်းဖြင့်ဆိုပါက ရည်မှန်းချက်ပြည့်မီရန် ခက်ခဲကြောင်း တွေ့ရှိရပါသည်။
ကျေးလက်ရေရရှိရေး လွှမ်းခြုံမှုအခြေအနေ
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် RWS-MIS Rural Water Supply, Monitoring and Informatics System စနစ်ဖြင့် မြေပြင်တွင် ရေရရှိရေးအခြေအနေ၊ ရေလိုအပ်ချက်အခြေအနေများကို နှစ်စဉ်ပုံမှန်ကောက်ယူလျက်ရှိသည့်အပြင် ဆောင်ရွက်လျက်ရှိသော ဖွံ့ဖြိုးရေးစီမံကိန်းများအတွက်လည်း ကျွဲကူးရေပါဖြစ်စေရန် ကျေးရွာများသို့ရောက်တိုင်း ရေရရှိမှုအခြေအနေများကို ပုံမှန်မှတ်တမ်းပြုကောက်ယူဆောင်ရွက်လျက်ရှိပါသည်။ ကောက်ယူရရှိသော အချက်အလက်များအရ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ရေလွှမ်းခြုံမှုအခြေအနေမှာ ၈၉ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ကောက်ယူ မည့် သန်းခေါင်စာရင်းနှင့် စောင့်ကြည့်ချိန်ညှိ ကြည့်ရမည် ဖြစ်ပါသည်။
တစ်နိုင်ငံလုံးအတိုင်းအတာအရ စနစ်အလိုက် လွှမ်းခြုံမှုအနေဖြင့်-
အများသုံးရေတိုင် ရေပိုက်လိုင်းစနစ် - ၁၈ ရာခိုင်နှုန်း
အဝီစိစက်ရေတွင်းစနစ် - ၃၂ ရာခိုင်နှုန်း
အခြားအဆင့်မြှင့် ရေပင်ရင်းများ - ၃၉ ရာခိုင်နှုန်း
စုစုပေါင်း - ၈၉ ရာခိုင်နှုန်း
Share of the population with access to safety managed drinking water in East and South-east Asia in 2022, by country or territory အချက်အလက်များအရ အရှေ့နှင့် အရှေ့တောင် အာရှနိုင်ငံများ၏ (၂၀၂၂) ခုနှစ် စစ်တမ်းတွင် မြန်မာနိုင်ငံ၏ သန့်ရှင်းသောသောက်သုံးရေ ဝန်ဆောင်မှုရရှိမှုအခြေအနေ (Safely Managed Drinking Water Service)- သန့်ရှင်းသော သောက်သုံးရေဝန်ဆောင်မှုရရှိသည့် လူဦးရေသည် ကျေးလက်နှင့် မြို့ပြအပါအဝင် စုစုပေါင်းလူဦးရေ၏ ၅၇ ရာခိုင်နှုန်းဖြင့် အဆင့် (၉) တွင် ရှိကြောင်း လေ့လာတွေ့ရှိရပြီး အခြေခံသောက်သုံးရေဝန်ဆောင်မှုရရှိသည့်အခြေအနေကိုမူ ထည့်သွင်းဖော်ပြထားခြင်းမရှိပါ။
မဟာဗျူဟာကို အကောင်အထည်ဖော်မှုအပေါ် ပြန်လည်သုံးသပ်မှုအရ အောက်ပါအတိုင်း သုံးသပ် တွေ့ရှိရပါသည်-
၁။ ၂၀၃၀ ပြည့်နှစ်တွင် ၁၀၀ ရာခိုင်နှုန်း လွှမ်းခြုံရန်အတွက်ဆိုလျှင် နှစ်စဉ်ရန်ပုံငွေ ၁၀၀ ဘီလီယံခန့် လိုအပ်ပါသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှ ဘတ်ဂျက်လျာထားနိုင်မည်ဖြစ်၍ ပြည်သူအားလုံး ငြိမ်းချမ်းရေးအတွက် စဉ်းစားရပါမည်။
၂။ နိုင်ငံတော်ဘတ်ဂျက်၊ ပြည်တွင်းအလှူရှင်များ၊ ပြည်သူများ၏ပူးပေါင်းဆောင်ရွက်မှုဖြင့် တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ပါသည်။
၃။ လုံခြုံရေးနှင့် ဒေသတည်ငြိမ်အေးချမ်းမှုမရှိလျှင် မဆောင်ရွက်နိုင်ပါ။ ပြည်သူများ/ အဖွဲ့အစည်းများအားလုံး နားလည်သိရှိရန်လည်း လိုအပ်ပါသည်။ “Water For All” ရေသည် လူသားအားလုံးအတွက် ဖြစ်ပါသည်။
၄။ ရေအရင်းအမြစ်များ ထိန်းသိမ်းနိုင်ရန် သက်ဆိုင်ရာဦးစီးဌာနများ၊ ပြည်သူများနှင့်အတူ အသိပညာပေးခြင်းနှင့် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ခြင်းစသည်တို့ တိုးချဲ့လုပ်ဆောင်ရန် လိုအပ်ပါသည်။
၅။ တိုးတက်ပြောင်းလဲလာသည့် နည်းပညာများကို အသုံးပြုရန် လိုအပ်ပါသည်။
၆။ ဒီဇယ်၊ လျှပ်စစ်မီးရရှိမှုသည် ကန့်သတ်ချက်ဖြစ်၍ ဆိုလာစနစ်အပါအဝင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များကို အသုံးချပြီး လျှပ်စစ်စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းရန် လိုအပ်ပါသည်။
၇။ ရေကော်မတီက ကိုယ်အားကိုယ်ကိုးပြီး ရေဖိုးရေခစနစ်ကောက်ခံ၍ စဉ်ဆက်မပြတ် ပြင်ဆင်ထိန်းသိမ်းနိုင်ရေး စီမံဆောင်ရွက်ရန် လိုအပ်ပါသည်။
၈။ အရေးပေါ်သဘာဝဘေးကာလ ကြုံကြိုက်လာပါက လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် သဘာဝဘေးအန္တရာယ်များအတွက် အစီအမံများ ရေးဆွဲထားရှိရန်လည်း လိုအပ်ပါသည်။
၉။ ရေကိုတန်ဖိုးထားတတ်ရန်နှင့် ရေချွေတာရေးကိုလည်း စဉ်ဆက်မပြတ် အသိပညာပေးရန် လိုအပ်ပါသည်။
မျှော်မှန်းချက် ပြည့်မီရေး တွေ့ရှိရသည့်စိန်ခေါ်မှုများ
နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှုရှိမှသာလျှင် ဒေသဖွံ့ဖြိုးရေးပြုလုပ်နိုင်မည်ဖြစ်ခြင်း၊ ရာသီဥတုပြောင်းလဲမှုများကြောင့် မမျှော်မှန်းနိုင်သည့် သဘာဝဘေးအန္တရာယ်များ ကျရောက်တတ်ခြင်းနှင့် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဘတ်ဂျက်ခွဲဝေရရှိမှု ကန့်သတ်ချက်ရှိခြင်းတို့သည် အဓိကကြုံတွေ့ရသည့် စိန်ခေါ်မှုများဖြစ်ပါသည်။
ကျေးရွာအဆင့် စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ်
ရေနှင့်ကျန်းမာသန့်ရှင်းမှုအကြောင်းပြောလျှင် အမှိုက်စနစ်ကို ချန်လှပ်ထား၍ မရနိုင်ပေ။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်သော ကျေးရွာများတွင် အသိပညာပေးစည်းရုံးပြီး စံပြကျေးရွာများတွင် မဖြစ်မနေ ပတ်ဝန်းကျင်သန့်ရှင်းရေးကို ထိန်းသိမ်းရန်အတွက် အမှိုက်စီမံခန့်ခွဲမှုစနစ်၊ အမှိုက်သိမ်းစနစ်များကို စနစ်တကျ ထည့်သွင်းဆောင်ရွက်ပေးလျက်ရှိပါသည်။ စံပြကျေးရွာမဟုတ်သော ကျေးရွာများတွင်လည်း ၎င်းတို့၏ စိတ်အားထက်သန်မှု၊ အများအကျိုးဆောင်ရွက်လိုသူများကို ကော်မတီမှ ဦးဆောင်စေပြီး လူငယ်များ၊ ကျောင်းသား ကျောင်းသူများအပါအဝင် အပတ်စဉ်/ နေ့စဉ် ပုံမှန်အမှိုက်သိမ်းသည့်စနစ်ကို ဆောင်ရွက်စေလျက်ရှိရာ ကျေးရွာပေါင်း ၆၄၅၁ ရွာအထိ ပုံမှန်အမှိုက်သိမ်းစနစ်ရှိနေပြီဖြစ်ပေသည်။ ဆောင်ရွက်နိုင်မှုကို ဦးစီးဌာနမှ ပြည်နယ်/တိုင်းဒေသကြီးအလိုက်ဆုပေးပြီး အသိအမှတ်ပြုနေသလို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှလည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုအကောင်းဆုံးဆုရ ကျေးရွာများကို ဆုပေးလျက်ရှိပါသည်။
ရေသည်နိုင်ငံ့အရေး
စာရေးသူအနေဖြင့် မိမိတို့ဝန်ကြီးဌာနမှ တာဝန်ရှိသော သောက်သုံးရေရရှိရေးနှင့် ပေါင်းစပ်တာဝန်ရှိသော စိုက်ပျိုးရေရရှိရေးကို ဆောင်ရွက်ရင်း ရေအရင်းအမြစ်၊ ရေကဏ္ဍကျယ်ပြန့်မှုနှင့် ရေအရေးပါပုံ၊ ရေအရေးကြီးပုံများကို စဉ်းစားမိသည်က ရေသည်စွမ်းအင်၊ ရေနှင့်စွမ်းအင်သည် နိုင်ငံ့အရေး၊ နိုင်ငံသားများ၏အရေး၊ ရေနိုင်ငံရေးအဖြစ် တွေ့မြင်သုံးသပ်မိပါသည်။ ရေသည် ပြည်သူ့ကျန်းမာရေး၊ စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်းနှင့် နိုင်ငံတော်လုံခြုံရေးအပါအဝင် နိုင်ငံတစ်နိုင်ငံ၏ သာယာဝပြောရေးကဏ္ဍများစွာနှင့် ဆက်စပ်နေသောကြောင့် ရေသည် အရေးကြီးသော အမျိုးသားရေးကိစ္စလည်း ဖြစ်ပါသည်။ ထို့အပြင် ရေသည် စွမ်းအင်ထုတ်လုပ်မှုနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတို့တွင်လည်း အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေကြောင်းကို ဤသို့တွေ့ရှိရပါသည်-
(က) ရေအားလျှပ်စစ်ထုတ်လုပ်မှု၊
( ခ ) အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများ၊
( ဂ ) ဇီဝစွမ်းအင်ထုတ်လုပ်ခြင်း၊
(ဃ) ဟိုက်ဒရိုဂျင်ထုတ်လုပ်မှု၊
( င ) ဘူမိအပူပေးစွမ်းအင်၊
( စ ) လှိုင်းနှင့် ဒီရေစွမ်းအင်ထုတ်လုပ်မှုတို့တွင် ရေသည် များစွာအရေးပါပြီး ရေနှင့် စွမ်းအင်အရင်းအမြစ် နှစ်ခုလုံးကို ရေရှည်တည်တံ့ပြီး အကျိုးရှိစွာ အသုံးပြုနိုင်မှုသေချာစေရန်မှာ ပေါင်းစပ်စီမံခန့်ခွဲမှုဗျူဟာများ၏အရေးပါမှုကို မီးမောင်းထိုးပြနေသည့် အချက်ပင်ဖြစ်သည်။ ယခုခေတ်အခါတွင် ကမ္ဘာ့စွမ်းအင်လိုအပ်ချက် ကြီးမားလာမှုနှင့်အမျှ တစ်ဖက်တွင်လည်း ရာသီဥတုဖောက်ပြန်၍ ရေရရှိနိုင်မှုအပေါ် သက်ရောက်မှုများရှိလာခြင်းကြောင့် ရေနှင့် စွမ်းအင်တို့ကြား အချိုးညီမျှစွာ အသုံးချနိုင်ရန် အမျိုးသားစီမံကိန်းနှင့် မူဝါဒများချမှတ်ခြင်းသည် ပိုမိုအရေးပါလာခဲ့သည်။ ထိုမှတစ်ဖန် စွမ်းအင်နှင့် လျှပ်စစ်သည် ရေကဲ့သို့ပင် နိုင်ငံ့အရေး၊ နိုင်ငံရေးတို့နှင့် နက်ရှိုင်းစွာ ဆက်စပ်နေသည်ကို တွေ့ရှိရပေသည်။
(ဆက်လက်ဖော်ပြပါမည်)