Skip to main content

ကျေးလက်စီးပွားမြင့်မားရေး ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေး

အထွေး

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကအားထားလုပ်ကိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်၍ နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများဖြင့်ပင် အသက်မွေးဝမ်းကျောင်းပြုကြသည်။

အဆိုပါကျေးလက်ဒေသများတွင် စိုက်ပျိုးမွေးမြူထားသော ဒေသထွက်ကုန်သီးနှံမျိုးစုံကို ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရန်အတွက် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရန် လွန်စွာအရေးကြီးလှပါသည်။ ကျေးလက်ဒေသများရှိ လယ်ယာစိုက်ခင်းများသို့ ဆက်သွယ်ထားသော လမ်းများမှာ ဒေသအလိုက်ကြုံသလိုဖြစ်သလိုသာ သွားလာအသုံးပြုနေကြသည့်အတွက် သွားလာရအဆင်ပြေချောမွေ့မှုမရှိပါ။ အချို့လယ်ယာစိုက်ခင်းများသို့ ဆက်သွယ်ထားသောလမ်းများမှာ လယ်ကန်သင်းရိုးအတိုင်း သွားလာရပြီး ဆိုင်ကယ်တစ်စီးမောင်းရရုံသာရှိ၍ ရာသီမရွေးအသုံးမပြုနိုင်ဘဲ ပွင့်လင်းရာသီတွင်သာ အသုံးပြု နိုင်ပါသည်။

သီးနှံများ လေလွင့်ပျက်စီး

ဒေသထွက်ကုန်သီးနှံများ သယ်ယူပို့ဆောင်ရာ၌လည်း ဆိုင်ကယ်ဖြင့် အခေါက်ခေါက်အခါခါ သယ်ယူပို့ဆောင်ရသည့်အတွက် သယ်ယူစရိတ်များပြားသည့်အပြင် သယ်ယူနိုင်မှု ပမာဏနည်းပါးပြီး မိုးရာသီတွင် သီးနှံများသယ်ယူရန် အဆင်မပြေသည့်အတွက် သီးနှံများ လေလွင့်ပျက်စီးဆုံးရှုံးမှုများဖြစ်ရသည်။ အချို့လမ်းများမှာ လှည်းတစ်စီးသွားရရုံ မျှသာရှိပြီး လယ်ယာစိုက်ခင်းများသို့ အသွားလှည်းနှင့် အပြန်လှည်းဆုံကြသည့်အခါ ရှောင်တိမ်းရန် ခက်ခဲပြီး လယ်ယာစိုက်ခင်းထဲသို့ လှည်းချ၍ ရှောင်တိမ်းရသည့်အခါ သီးနှံအချို့ အပျက်အစီး အလေအလွင့်ဖြစ်ရသည်။

ကျေးလက်ဒေသများရှိ လယ်ယာစိုက်ခင်းအများစုမှာ သွားစရာလမ်းပင်မရှိဘဲ တစ်ဦးလယ်ထဲမှ တစ်ဦး နားလည်မှုဖြင့် သွားလာအသုံးပြုနေကြပြီး ဒေသထွက်ကုန်သီးနှံများ သယ်ယူရာ၌လည်း လူသွားလမ်းသာရှိ၍ ခေါင်းရွက်သယ်ယူပို့ဆောင်ရသည့်အတွက် အချိန်ပိုကုန်သလို လူလည်းပင်ပန်းလှပါသည်။ ထို့ပြင် တစ်ဦးလယ်ယာထဲမှတစ်ဦး နားလည်မှုဖြင့် သွားလာအသုံးပြုရသည်မှာ လူမှုရေးအရ အဆင်ပြေနေချိန်တွင် အခက်အခဲမရှိသော်လည်း လူမှုရေးပြဿနာများဖြစ်လာပါက လမ်းပိတ်လိုက်သည့်အခါ လယ်ယာစိုက်ခင်းထဲသို့ သွားစရာလမ်းမရှိတော့ဘဲ ထွက်ကုန်သီးနှံများ သယ်ယူရာ၌ အခက်အခဲများစွာ ကြုံတွေ့ကြရပါသည်။ ထိုကဲ့သို့သော ပြဿနာများဖြစ်ပေါ်နေရသည့် အဓိကအကြောင်းရင်းမှာ လယ်ယာထွက်ကုန်သီးနှံများ သယ်ယူပို့ဆောင်ရန် လမ်းမရှိ/ လမ်းမကောင်းခြင်းကြောင့် ဖြစ်သည်။

တောင်သူများ၏ အဓိကလိုအပ်ချက်ဖြစ်သော ကုန်ထုတ်လမ်း၊ တံတားများ ဆောင်ရွက်

ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်ဒေသများရှိ တောင်သူလယ်သမားများ၏ လယ်ယာစိုက်ခင်းများမှ ထွက်ရှိသော ဒေသထွက်ကုန်သီးနှံမျိုးစုံ ကို ရာသီမရွေးဈေးကွက်သို့ အချိန်တိုအတွင်း ကုန်ကျစရိတ်သက်သာစွာဖြင့် တင်ပို့ရောင်းချနိုင်ရန်အတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တောင်သူများနှင့် ဈေးကွက်သို့ချိတ်ဆက်ပေးရာတွင် ပထမခြေလှမ်းဖြစ်သော ကျေးရွာမှ လယ်ယာစိုက်ခင်းများသို့ ဆက်သွယ်ပေးသော ကုန်ထုတ်လမ်းတံတားများကို ၂၀၁၈-၂၀၁၉ ခုနှစ် ခြောက်လဘတ်ဂျက် မှ စတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါသည်။

ကုန်ထုတ်လမ်းဆိုသည်မှာ

ကုန်ထုတ်လမ်းဆိုသည်မှာ ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်သည့် (က၊ခ) အဆင့်ဝင်လမ်းစာရင်းတွင် ပါဝင်ခြင်းမရှိဘဲ ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်/ ထွက်ကုန်များကို ကုန်ကျစရိတ် အနည်းဆုံးဖြင့် ဈေးကွက်သို့ လျင်မြန်စွာရောက်ရှိစေရန် သယ်ပို့ပေးနိုင်သည့် ဆိပ်ခံသွားလမ်းအပါအဝင် အထောက်အကူပြုလမ်းများ၊ ခေတ်မီစက်မှုလယ်ယာအတွင်းလမ်းများ၊ မြောင်းကူးတံတားနှင့် ဆိပ်ခံတံတားငယ်များကို ခေါ်ဆိုပါသည်။ ထိုကဲ့သို့ကုန်ထုတ်လမ်း၊ တံတားများ ဖောက်လုပ်ဆောင်ရွက်ရာ၌ မြေပြင်တွင် အမှန်တကယ် လိုအပ်မှုရှိ/ မရှိ၊ ကျေးလက်နေပြည်သူများ၏ စီးပွားရေးတွက်ခြေကိုက်မှုရှိ/ မရှိ၊ ကုန်ထုတ်လမ်း၊ တံတားဖောက်လုပ်ဆောင်ရွက်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ရှိ/မရှိ အကျိုးပြုလယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးဧက အနည်းအများအပေါ် မူတည်ပြီး စနစ်တကျစိစစ်၍ ဆောင်ရွက်ပေးလျက် ရှိပါသည်။

ကျေးလက်နေပြည်သူများ၏ ပူးပေါင်းပါဝင်မှုသည် များစွာအရေးကြီး

ကုန်ထုတ်လမ်း၊ တံတားများ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ကျေးလက်နေတောင်သူများ၏ ပူးပေါင်းပါဝင်မှုသည် များစွာအရေးကြီးလှပါသည်။ မူလလမ်းအူကြောင်းရှိပြီးသော နေရာများတွင် ကုန်ထုတ်လမ်းတံတားဆောင်ရွက်ရာ၌ အခက်အခဲမရှိသော်လည်း လမ်းအူကြောင်းမရှိ၊ လှည်းလမ်းပင်မရှိသောနေရာမျိုးတွင် ကုန်ထုတ်လမ်းတံတား ဆောင်ရွက်မည်ဆိုပါက သတ်မှတ်လမ်းအကျယ်ရရှိရေးအတွက် ဘေးဝဲ/ယာတစ်လျှောက်ရှိ လယ်ယာမြေပိုင်ရှင်များ၏ လမ်းနယ်မလွတ်သော မိမိတို့လယ်ယာမြေအား မိမိတို့သဘော ဆန္ဒဖြင့် လှူဒါန်းပါကြောင်းအထောက်အထားသည် များစွာအရေးပါလှသည်။

ထို့ကြောင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (DRD) မှ ဝန်ထမ်းများသည် ကျေးလက်နေတောင်သူများအား ကုန်ထုတ်လမ်းဖောက်လုပ်ဆောင်ရွက်ပြီးပါက ရရှိလာမည့် အကျိုးကျေးဇူးများကို ထင်သာမြင်သာရှိအောင် ထဲထဲဝင်ဝင်ချပြဆွေးနွေးတွေ့ဆုံညှိနှိုင်းပြီး ကုန်ထုတ်လမ်း၊ တံတားများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ကုန်ထုတ်လမ်း Pilot Project စတင်ဆောင်ရွက်

၂၀၁၈-၂၀၁၉ ခုနှစ် ခြောက်လဘတ်ဂျက်တွင် ရေစကြိုမြို့နယ်အတွင်းရှိ ဗြိဘ (အနောက်) ကျေးရွာကုန်ထုတ်လမ်းကို Pilot Project အနေဖြင့် ဖောက်လုပ်ခဲ့ပါသည်။ အဆိုပါကျေးရွာ မှာ ရေစကြိုမြို့၏အနောက်မြောက်ဘက် ၂၂ မိုင်ခန့်အကွာတွင် တည်ရှိပြီး မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်နှင့် ထိစပ်လျက်ရှိပါသည်။ ကုန်ထုတ်လမ်းကို Pilot Project အနေဖြင့် ဆောင်ရွက်ရမည်ဆိုသည့်အခါ မြေပြင်တွင် မည်ကဲ့သို့သောအခက်အခဲများနှင့် ကြုံတွေ့နိုင်မည်ကို ကြိုတင်မှန်းဆနိုင်ခြင်းမရှိသော်လည်း အကောင်းဆုံးအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကျေးလက်နေပြည်သူများက တက်တက်ကြွကြွဖြင့် ပူးပေါင်းဆောင်ရွက်မှသာ ရာနှုန်းပြည့်အဆင်ပြေနိုင်မည်ဖြစ်သည်။ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းတစ်ခု မဆောင်ရွက်မီ ကျေးရွာမှ ပူးပေါင်းပါဝင်မှုအားကောင်းနေလျှင် လုပ်ငန်း၏ ၅၀ ရာခိုင်နှုန်းခန့်မှာ အောင်မြင်ပြီးစီးနေသလိုပင်ဖြစ်သည်။

ကျေးရွာမှ လိုလားတက်ကြွစွာ ပူးပေါင်းဆောင်ရွက်

အဆိုပါ ဗြိဘ (အနောက်) ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူ ကျေးရွာသားများ၏ လိုလားတက်ကြွစွာ ပူးပေါင်းဆောင်ရွက်မှုကြောင့် ကုန်ထုတ်လမ်းဖောက်လုပ်ရန်အတွက် အကြိုကွင်းဆင်းတိုင်းတာခြင်း၊ မြေယာလှူဒါန်းမှုရရှိရေး လမ်းဘေးဝဲ/ယာတစ်လျှောက်ရှိ လယ်ယာမြေပိုင်ရှင်များနှင့် တွေ့ဆုံညှိနှိုင်းခြင်း၊ ကုန်ထုတ်လမ်းဖောက်လုပ်ပါက ရရှိလာမည့်အကျိုးကျေးဇူးများအား ထဲထဲဝင်ဝင် ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ရာ လယ်ယာမြေပိုင်ရှင်များ၏ မြေယာလှူဒါန်းမှုရရှိခဲ့သည့်အတွက် ဗြိဘ (အနောက်) ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ရန် အထက်ဌာနအဆင့်ဆင့်သို့ တင်ပြ၍ အတည်ပြုချက်ရယူခဲ့ပါသည်။

အဆိုပါကုန်ထုတ်လမ်းသည် မြေပြင်တွင် အမှန်တကယ်လိုအပ်မှုရှိနေသည်မှာ လက်တွေ့ပင်ဖြစ်သည်။ လက်ရှိလမ်းမှာ လမ်းဘေးဝဲ/ယာရှိ လယ်ယာများထက် နိမ့်ကျနေခြင်း၊ လမ်း၏ အောက်ခံမြေမှာ ရွှံ့စေးများဖြစ်နေပြီး မိုးရာသီတွင်သွားလာရခက်ခဲခြင်း၊ ဒေသခံတောင်သူများ ကုန်စည်သယ်ယူပို့ဆောင်ရာ၌ အဓိကအားထားအသုံးပြုလျက်ရှိသော လမ်းဖြစ်ခြင်း၊ မိုးရာသီတွင် ကုန်စည်များ သယ်ယူပို့ဆောင်ရန် အခက်အခဲဖြစ်နေခြင်းများကြောင့် အဆိုပါကုန်ထုတ်လမ်းကို နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေဖြင့် Pilot Project အဖြစ် ဆောင်ရွက်ရန် ခွင့်ပြုချက်ရရှိခဲ့သည့်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူ ကျေးရွာသားများမှာ များစွာဝမ်းမြောက်ဂုဏ်ယူခဲ့ကြပါသည်။

ကုန်ထုတ်လမ်း Pilot Project ဆောင်ရွက်သည့် မြေပြင်အတွေ့အကြုံများ

ကုန်ထုတ်လမ်းလုပ်ငန်းမဆောင်ရွက်မီ လုပ်ငန်းအရည်အသွေးပြည့်မီပြီး ရေရှည်အသုံးပြုနိုင်သည့် ကုန်ထုတ်လမ်းဖြစ်စေရေးအတွက် ကျေးရွာတာဝန်ရှိသူများ၊ ကုန်ထုတ်လမ်းဆောင်ရွက်ခြင်းကြောင့် တိုက်ရိုက်အကျိုးခံစားရသူများ ပါဝင်သည့် ကုန်ထုတ်လမ်းအထောက်အကူပြုအဖွဲ့၊ လုပ်ငန်းစောင့်ကြည့်စစ်ဆေးရေးအဖွဲ့များ စနစ်တကျဖွဲ့စည်း၍ အနည်းဆုံးတစ်ဦး လုပ်ငန်းခွင်တွင် နေ့စဉ်မပြတ်စောင့်ကြည့်ပြီး လုပ်ငန်းဆောင်ရွက်မှုအပေါ် အားတက်သရောအကြံပြုပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ဗြိဘ (အနောက်) ကျေးရွာကုန်ထုတ်လမ်းအား ၂၀၁၈ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပါသည်။ လုပ်ငန်းစတင်ဆောင်ရွက်ချိန်တွင် မိုးရွာသွန်းနေသည့်အတွက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဖိနပ်ပင်စီး၍မရဘဲ ဖိနပ်မပါ ခြေဗလာနှင့်ပင် မိုးရွာထဲ ထီးဆောင်း၍ လမ်းနယ်သတ်မှတ်ခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။

မူလလမ်းမှာ လှည်းလမ်းသာဖြစ်သည့်အပြင် လမ်းမှာ လမ်းဘေးဝဲ/ယာရှိ လယ်ယာမြေများထက် နိမ့်နေ၍ သတ်မှတ်လမ်းအကျယ်ရရှိစေရန် လမ်းချဲ့ခြင်းနှင့် အောက်ခံမြေမကောင်းသည့်အတွက် မူလအောက်ခံမြေများ ဖယ်ထုတ်၍ ကျောက်ရောမြေဖြည့်ပြီး သတ်မှတ်လမ်း Level ရရှိအောင် ဆောင်ရွက်ခဲ့ရပါသည်။ အဆိုပါကုန်ထုတ်လမ်းအောက်ခံမြေပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း မိုးသည်းထန် စွာရွာသွန်းမှုကြောင့် အောက်ခံမြေများ ပျော့ပြီး လှည်း၊ နွား၊ ဆိုင်ကယ်များပင်သွား၍မရတော့ဘဲ လမ်းလုပ်ငန်းဆောင်ရွက်သည့် ယာဉ်စက်ယန္တရားများ ဝင်ထွက်ရန် အဆင်မပြေတော့သည့်အတွက် လုပ်ငန်းခေတ္တရပ်ဆိုင်းခဲ့ရပါသည်။

လုပ်ငန်းဆောင်ရွက်သည့်ကာလမှာ မိုးရာသီဖြစ်နေ၍ မိုးလင်းသည့်အချိန်ကိုစောင့်ကာ လုပ်ငန်းဆောင်ရွက်မည်ဆိုပါက ဘတ်ဂျက်တိုကာလဖြစ်ပြီး သတ်မှတ်ရက်အတွင်း လုပ်ငန်းမပြီးမည်စိုး၍တစ်ကြောင်း၊ ကုန်ထုတ်လမ်းမှာ တောင်သူများ နေ့စဉ်အသုံးပြုနေသည့် လမ်းဖြစ်သည့်အတွက် လုပ်ငန်းရပ်ဆိုင်းထားပါက တောင်သူများ ကုန်ထုတ်ရန် နှောင့်နှေးကြန့်ကြာနေမည်ကတစ်ကြောင်းစသည့် အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းကို တတ်နိုင်သလောက် တွန်းအားပေးဆောင်ရွက်ခဲ့ ရပါသည်။

ဌာနမှဝန်ထမ်းများသည် အမျိုးသမီးဝန်ထမ်းများဖြစ်၍ လုပ်ငန်းခွင်ရှိရာ ကျေးရွာတွင် ညအိပ်နေထိုင်ပြီး လုပ်ငန်းကြီးကြပ်ဆောင်ရွက်ရန် အဆင်မပြေသည့်အတွက် ရေစကြိုမြို့မှ ၂၂ မိုင်ခန့် ကွာဝေးသော လုပ်ငန်းခွင်သို့ ကားဖြင့် တစ်ဖုံ ဆိုင်ကယ်ဖြင့်တစ်မျိုး စိမ့်၍ရွာနေသော စွေမိုးများအကြား နေ့စဉ်သွားရောက်ဆောင်ရွက်ခဲ့ရပါသည်။ မိုးသည်းထန်စွာရွာသွန်းပြီး မြေသယ်ယာဉ်နှင့် လမ်းလုပ်ငန်းသုံးစက်ယန္တရားများ လုံးဝဖြတ်သန်းသွားလာ၍မရသည့် အချိန်မှသာ လုပ်ငန်းခေတ္တရပ်ဆိုင်းပြီး လုပ်ငန်းဆောင်ရွက်၍ရသည်နှင့်တစ်ပြိုင်နက် ချက်ချင်း ဆောင်ရွက်နိုင်ရေးအတွက် ဌာနတာဝန်ရှိသူများ၊ ကား/စက်ယန္တရား မောင်းများနှင့် ကျေးရွာတာဝန်ရှိသူများမှာ လုပ်ငန်းခွင်တွင် အသင့်ရှိနေခဲ့ပါသည်။

ထိုသို့ပင် မိုးရွာလိုက်၊ လုပ်ငန်းခေတ္တရပ်ဆိုင်းလိုက်၊ မိုးတိတ်ပါက လုပ်ငန်းပြန်စလိုက်ဖြင့်ပင် ဗြိဘ (အနောက်) ကျေးရွာကုန်ထုတ်လမ်း ခြောက်ဖာလုံအား နှစ်လခန့်အကြာတွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ပါသည်။ အဆိုပါကုန်ထုတ်လမ်းလုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်) မှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးပြီး လုပ်ငန်းဆောင်ရွက်မှုအပေါ် လမ်းညွှန်မှာကြားချက်များကို စနစ်တကျလိုက်နာခြင်း၊ ကုန်ထုတ်လမ်းအထောက်အကူပြုအဖွဲ့၏ အကြံပြုချက်များအား ဖြည့်စွက် ဆောင်ရွက်ခြင်းတို့ကြောင့် ကုန်ထုတ်လမ်းကို အရည်အသွေးပြည့်မီစွာ ဆောင်ရွက်နိုင်ခဲ့ပါသည်။

စိုက်ပျိုးရေးဧကပေါင်း ၁၁၀၀ အကျိုးပြုနိုင်ခဲ့သည့် ကုန်ထုတ်လမ်း

ထိုသို့ ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ဗြိဘ (အနောက်) ကျေးရွာရှိ အိမ်ခြေ ၃၀၀၊ လူဦးရေ ၂၆၀၀၊ ယာမြေ စိုက်ပျိုးရေး ဧကပေါင်း ၁၁၀၀ တွင် နှစ်စဉ် စိုက်ပျိုးလျက်ရှိသော ပြောင်း၊ ပဲ အမျိုးမျိုး၊ နှမ်း၊ ဝါ၊ ပဲစင်းငုံ၊ ငရုတ်၊ ဖရဲနှင့် အခြားစိုက်ပျိုးသီးနှံများအပြင် တစ်ပိုင်တစ်နိုင် ဒေသမွေးမြူရေးလုပ်ငန်းများမှ ထွက်ကုန်မျိုးစုံကို ရာသီမရွေး၊ အချိန်တိုအတွင်း သယ်ယူစရိတ်သက်သာစွာဖြင့် ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်သည့်အတွက် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာသည်မှာ လက်တွေ့ပင်ဖြစ်ပါသည်။

ပီတိကိုစား အားရှိပါ၏

ဗြိဘ (အနောက်) ကျေးရွာကုန်ထုတ်လမ်း ဆောင်ရွက်စဉ်အတွင်း မိုးရွာသွန်းမှုကြောင့် လုပ်ငန်းဆောင်ရွက်မှုနှောင့်နှေးကြန့်ကြာမှုများရှိခဲ့၍ ထင်သလောက်ခရီးမရောက်ခဲ့ဘဲ လုပ်ငန်းဆောင်ရွက်သည့်ကာလမှာ ခန့်မှန်းချိန်ထက်ပိုကြာခဲ့သလို မြေပြင်အခက်အခဲများစွာ လည်း ကြုံတွေ့ခဲ့ရပါသည်။

လုပ်ငန်းဆောင်ရွက်စဉ် အခက်အခဲများစွာကြုံတွေ့ခဲ့ရသော်လည်း လုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီးနောက် ကျေးရွာသူ ကျေးရွာသားများအတွက် လက်တွေ့ အသုံးချအကျိုးပြုနိုင်ခြင်း၊ ဗြိဘ (အနောက်) ကျေးရွာအတွက်သာမက ပတ်ဝန်းကျင်ရှိ ကျေးရွာများအတွက်ပါ ဒေသထွက်ကုန် သီးနှံများသယ်ပို့ရာ၌ အဓိကအားထား အသုံးပြုနိုင်ခြင်း၊ လုပ်ငန်းဆောင်ရွက်စဉ်အတွင်း အထက်ဌာနအဆင့်ဆင့်မှ တာဝန်ရှိသူများ၏ လမ်းညွှန်မှာကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ခြင်းနှင့် ကျေးရွာကုန်ထုတ်လမ်းအထောက်အကူပြုအဖွဲ့၊ လုပ်ငန်းစောင့်ကြည့်စစ်ဆေးရေးအဖွဲ့တို့က လုပ်ငန်းဆောင်ရွက်မှုအပေါ် လစ်ဟင်းမှုမရှိဘဲ နေ့စဉ်မပြတ်စောင့်ကြည့်၍ လိုအပ်ချက်များရှိပါက ဌာနနှင့် ပြည်သူ တွဲလက်ညီညီ ချက်ချင်းပြုပြင်ဖြည့်စွက်ဆောင်ရွက်ခဲ့သည့်အတွက် လုပ်ငန်းဆောင်ရွက်ပြီး တစ်နှစ်ခွဲခန့်အကြာထိ ကုန်ထုတ်လမ်းမှာ လှည်းဘီးအရာမျှပင်မထင်ဘဲ လမ်းမျက်နှာပြင်မှာ မာကျောပြီး ကျောက်ချောလမ်းပမာ အခိုင်အခံ့တည်ရှိနေသည်ကို တွေ့မြင်ခဲ့ရသည့်အတွက် လုပ်ငန်းဆောင်ရွက်စဉ်က ပင်ပန်းသမျှ အမောပြေခဲ့ရပါသည်။

ထိုကဲ့သို့ပင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများသည် “ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ကို စဉ်ဆက်မပြတ်ဖော်ဆောင်ရန် ဟူသောဌာန၏ မျှော်မှန်းချက်နှင့်အညီ ပရဟိတစိတ်အပြည့်ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘက်ပေါင်းစုံမှ စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။

ကိုးကား-

(၁) ကျေးလက်ကုန်ထုတ်လမ်းတည်ဆောက်ရေးလက်စွဲ

(၂) စာရေးသူ၏ ကုန်ထုတ်လမ်း Pilot Project ဆောင်ရွက်ခဲ့မှု အတွေ့အကြုံများ