ဒီမိုကရေစီစံနှုန်းများ တဖြည်းဖြည်းလျော့ပါးလာသော အမေရိက
မောင်ကမ္ဘာ
အမေရိကန်နိုင်ငံရေးလောကက အရင်လိုပျော်စရာ၊ အတုယူစရာ မကောင်းတော့ဘူးဗျ။ အရင်က ပျော်စရာ၊ အတုယူစရာကောင်းတယ်ဆိုတာက ရွေးကောက်ပွဲအကြို မဲဆွယ်ကာလ တွေ၊ ပါတီညီလာခံတွေမှာ ထောက်ခံအားပေးသူတွေက "God Bless America" လို့ ဆုတောင်းကြ၊ သီချင်းတွေ သံပြိုင်သီဆိုကြ၊ ကကြ၊ ခုန်ကြ။ သမ္မတလောင်းတွေ၊ ကိုယ်စားလှယ်လောင်းတွေကလည်း ပြိုင်ဘက်သမ္မတ၊ ပြိုင်ဘက်ကိုယ်စားလှယ်တွေရဲ့ လက်ရှိပေါ်လစီတွေကို ဝေဖန်ကြ၊ ငယ်ကျိုးငယ်နာတွေကိုဖော်ပြီး သရော်ကြ၊ လှောင်ပြောင်ကြနဲ့ ဘေးကကြည့်တဲ့သူတောင် ပျော်စရာကောင်းနေရော။
အဲရွေးကောက်ပွဲပြီးရင်တော့ ဒီမိုကရေစီစံနှုန်း၊ ဒီမိုကရေစီယဉ်ကျေးမှုနဲ့အညီ တစ်ဦးအပေါ် တစ်ဦး ဗွေမယူဘဲ နိုင်တဲ့သူက ရှုံးတဲ့သူကို နားလည်စာနာမှုနဲ့ ဖက်လဲတကင်းနှုတ်ဆက်ကြ၊ အရှုံးသမားကလည်း အနိုင်/ အရှုံးကို အသိအမှတ်ပြုပြီး ဂုဏ်ပြုစကားပြောကြနဲ့ အတုယူစရာကောင်းနေရော။
ပြည်သူများကလည်း မိမိတို့နဲ့မဆိုင်သလိုမနေ၊ နိုင်ငံကြီးသားပီသစွာ နိုင်ငံရေးစိတ်ဓာတ်အပြည့်နဲ့ အမျိုးသားရေးတာဝန်တစ်ရပ်လို သဘောထားပြီး ဟောပြောပွဲတွေမှာ တင်ပြသင့်တာ တင်ပြကြ၊ မကျေနပ် မနှစ်သက်စရာတွေကို ရင်ဖွင့်ကြ၊ ပွင့်ပွင့်လင်းလင်း မေးမြန်းဆွေးနွေးပြောဆိုကြရုံမက နောက်တက်မယ့်သမ္မတလောင်း၊ ကိုယ်စားလှယ်လောင်းရဲ့ကိုယ်ရည်ကိုယ်သွေးကို တိုင်းတာဆန်းစစ် အကဲခတ်လေ့ရှိကြတယ်။
အမေရိကန်သမ္မတလုပ်မယ့် ပုဂ္ဂိုလ်ဟာ တိုင်းပြည်နဲ့ချီပြီး တာဝန်ယူရမယ့်အရည်အချင်းရှိ / မရှိ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ အကျင့်စာရိတ္တကိုယ်ကျင့်တရားကောင်း၊ မကောင်းကအစ လေ့လာဆန်းစစ်လေ့ရှိကြတယ်။
သမ္မတတွေရဲ့ အကျင့်စာရိတ္တ ကိုယ်ကျင့်တရားတွေပါ တဖြည်းဖြည်းလျော့ပါးလာ
သို့သော်လည်း နောက်ပိုင်းကာလ အမေရိကန်နိုင်ငံရေးလောကကတော့ ဒီမိုကရေစီစံနှုန်းတွေ၊ ဒီမိုကရေစီယဉ်ကျေးမှုတွေအပြင် သမ္မတတွေရဲ့ ကိုယ်ကျင့်သိက္ခာတွေ၊ အကျင့်စာရိတ္တ ကိုယ်ကျင့်တရားတွေပါ တဖြည်းဖြည်းလျော့ပါးလာပြီလို့ဆိုရမယ်။ သမ္မတ ဘီလ်ကလင်တန် လက်ထက်မှာ အိမ်ဖြူတော်လုပ်အားပေးဝန်ထမ်း မော်နီကာလူဝင်စကီးနဲ့ သမ္မတ ကလင်တန်တို့ရဲ့ လူမှုရေးအရှုပ်တော်ပုံတွေ ပေါ်ပေါက်လာပြီး ကမ္ဘာတစ်ခွင် ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့ရတယ်။ ရွေးကောက်ပွဲတွေမှာလည်း ဒီမိုကရေစီစံနှုန်းတွေ၊ ဒီမိုကရေစီယဉ်ကျေးမှုတွေ လျော့ပါးလာပြီး အငြင်းပွားမှုတွေကြောင့် တရားတဘောင်တက်ပြီး ရှင်းရတဲ့ကိစ္စတွေ ပေါ်ပေါက်လာတယ်။
၂၀၀၀ ပြည့်နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကင်ပါတီသမ္မတလောင်း ဂျော့ဒဗလျူဘုရှ်နဲ့ ဒီမိုကရက်တစ်ပါတီသမ္မတလောင်း အယ်လ်ဂိုး (သမ္မတ ဘီလ်ကလင်တန်ရဲ့ ဒုတိယသမ္မတအဖြစ် သက်တမ်းနှစ်ကြိမ် ထမ်းဆောင်ခဲ့သူ)တို့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြရာမှာ အယ်လ်ဂိုးဟာ လူထုထောက်ခံမဲအများစုရပေမယ့် သမ္မတရွေးချယ်ရေး အဖွဲ့မဲ (Electoral Vote) မှာ ပြဿနာဖြစ်ခဲ့ရာက နောက်ဆုံးတရားရုံးချုပ်တက်ပြီး အဆုံး အဖြတ်ခံယူရတဲ့အဆင့်အထိ ဖြစ်ခဲ့တယ်။
အမေရိကန်ပြည်ထောင်စုဟာ ပြည်နယ်ပေါင်း ၅၀ နဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ နိုင်ငံကြီးဖြစ်ပါတယ်။ ဥပဒေပြုလွှတ်တော်ကို ကွန်ဂရက် (Congress) လို့ခေါ်ပြီး အထက်လွှတ်တော် ဆီးနိတ် (Senate) နဲ့ အောက်လွှတ်တော် (House of Representatives) နှစ်ရပ်ပေါင်းနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
အထက်လွှတ်တော်မှာ ကိုယ်စားလှယ်စုစုပေါင်း ၁၀၀ ရှိပါတယ်။ တစ်ပြည်နယ်ကို နှစ်ဦးနှုန်းနဲ့ပါ။ သက်တမ်းအားဖြင့် ခြောက်နှစ်ဖြစ်ပါတယ်။ အောက်လွှတ်တော်ကိုယ်စားလှယ်တွေကိုတော့ ပြည်နယ်တွေက လူဦးရေအလိုက်ရွေးချယ်ပါတယ်။ အောက်လွှတ်တော်မှာ ပြည်နယ်အားလုံးကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ် ၄၃၅ ဦးရှိပြီး သက်တမ်းအားဖြင့် နှစ်နှစ်သတ်မှတ်ထားပါတယ်။ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်နှစ်ရပ်လုံးအတွက် ကိုယ်စားလှယ်အမတ်တွေကို လူထုက တိုက်ရိုက်ရွေးကောက် တင်မြှောက်ကြပါတယ်။
သမ္မတရွေးချယ်ရေးအဖွဲ့ မဲကသာလျှင် အဆုံးအဖြတ်ဖြစ်
သမ္မတကို ရွေးကောက်တင်မြှောက်ရာမှာတော့ လွှတ်တော်နှစ်ရပ်ပေါင်းကွန်ဂရက်က ပြည်သူ့ကိုယ်စားလှယ်ပေါင်း ၅၃၅ ဦးနဲ့ အစိုးရရုံးစိုက်ရာ ဝါရှင်တန် (ကိုလံဘီယာ ဒိစတြိတ်) မှလာတဲ့ ကိုယ်စားလှယ် သုံးဦးနဲ့ပေါင်းပြီး စုစုပေါင်းကိုယ်စားလှယ် ၅၃၈ ဦးနဲ့ ဖွဲ့စည်းထားတဲ့ သမ္မတရွေးချယ်ရေးအဖွဲ့ (Electoral College) ရဲ့ သမ္မတရွေးချယ်ရေးအဖွဲ့ မဲ (Electoral Vote) ကသာလျှင် အဆုံးအဖြတ် ဖြစ်ပါတယ်။
ပြည်သူတွေက ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တို့ရဲ့မဲဟာ ပြည်သူ့မဲ၊ ပြည်သူ့သဘောထားအဖြစ် သတ်မှတ်ပြီး သွယ်ဝိုက်ရွေးချယ်နည်းဖြစ်ပါတယ်။ ယင်းပြည်သူ့ကိုယ်စားလှယ် ၅၃၈ ဦးရဲ့ Electoral Vote ကိုယ်စားလှယ်မဲ ထက်ဝက်ဟာ ၂၆၉ မဲဖြစ်လို့ တစ်ဝက်ထက်တစ်မဲ ပိုတဲ့မဲပေါင်း ၂၇၀ ရတဲ့ သမ္မတလောင်းသာလျှင် သမ္မတအဖြစ် အရွေးချယ်ခံရမှာ ဖြစ်ပါတယ်။ ပြည်သူ့ထံမှတိုက်ရိုက်လာတဲ့ ပြည်သူ့မဲ (Popular Vote)က အဆုံးအဖြတ်မဟုတ်ပါဘူး။ ပြည်သူ့မဲမှာ ရှုံးပြီး အဆုံးအဖြတ်ဖြစ်တဲ့ သမ္မတရွေးချယ်ရေး အဖွဲ့မဲ (Electoral Vote)မှာ မဲတစ်ဝက်ကျော်တဲ့အတွက် သမ္မတအရွေးခံရတဲ့အဖြစ်မျိုး အမေရိကန်သမိုင်းမှာ နှစ်ကြိမ်ရှိခဲ့ဖူးပါတယ်။
ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း အယ်လ်ဂိုးကတော့ ပြည်သူ့မဲမှာနိုင်ပြီး သမ္မတရွေးချယ်ရေး အဖွဲ့မဲမှာ ရှုံးခဲ့ခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ အယ်လ်ဂိုးဟာ နောက်ဆုံးမှာ တရားရုံးချုပ် အဆုံးအဖြတ်ကို အငြင်းမပွားတော့ဘဲ ဘုရှ်ကိုအရှုံးပေးပြီး နိုင်ငံရေးနယ်က စွန့်ခွာသွားခဲ့ပါတယ်။ နောက်ပိုင်းမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုပဲ ဇောက်ချလုပ်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုတောင် ရသွားခဲ့တယ်။
အမေရိကန်ဒီမိုကရေစီစံနှုန်းတွေ လျော့ပါးလာ
သမ္မတဒေါ်နယ်ထရမ့်နဲ့ပြိုင်ဘက် သမ္မတလောင်း ဂျိုးဇက်ဘိုင်ဒင်တို့ရဲ့ခေတ် ၂၀၂၀ သမ္မတ ရွေးကောက်ပွဲမှာတော့ တစ်ချိန်ကပျော်စရာ၊ အတုယူစရာကောင်းခဲ့တဲ့ အမေရိကန်ဒီမိုကရေစီစံနှုန်းတွေနဲ့ ဒီမိုကရေစီယဉ်ကျေးမှုအစဉ်အလာတွေဟာ လျော့ပါးလာရုံမက ပျက်သုဉ်းပျက်စီးလာပြီလို့ပဲ ဆိုရမလို ဖြစ်လာတယ်။
မဲမသမာမှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေ၊ အငြင်းပွားမှုတွေကတစ်ဆင့် အာဃာတတွေ၊မုန်းတီး မှုတွေဖြစ်ပေါ်လာပြီး အရှုံးကိုလက်မခံတဲ့ ထရမ့်ရဲ့ လှုံ့ဆော်မှုနဲ့ ထရမ့်ကို ထောက်ခံတဲ့ လူအုပ်စုကြီးဟာ အမေရိကန်လွှတ်တော်အဆောက်အအုံကို အကြမ်းဖက်ဝင်ရောက်စီးနင်းတဲ့အထိ အမေရိကန်ရဲ့ ဒီမိုကရေစီစနစ်ဟာ ဝရုန်းသုန်းကားဖြစ်လာခဲ့ပါတယ်။
တစ်ကျော့ပြန် မကျေပွဲနွှဲကြပါဦးမယ်
ယခုလာမယ့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပတော့မယ့် သမ္မတရွေးကောက်ပွဲမှာလည်း ရီပတ်ဘလစ်ကင်သမ္မတလောင်း သမ္မတဟောင်း ထရမ့်နဲ့ ဒီမိုကရက်တစ်သမ္မတလောင်း လက်ရှိ သမ္မတဂျိုးဇက်ဘိုင်ဒင်တို့ တစ်ကျော့ပြန် မကျေပွဲနွှဲကြပါဦးမယ်။ သမ္မတလောင်းနှစ်ဦးရဲ့ ပုံရိပ်နဲ့ ပတ်သက်ပြီး ကာတွန်းဆရာတစ်ဦးက ပုံဖော်ထားပုံကတော့ ဝှီးချဲလက်တွန်းလှည်းကို အားပြုသွားနေတဲ့ ဘိုင်ဒင်ကြီးနဲ့ တရားရုံးဝက်ခြံထဲမှာ အမှုရင်ဆိုင်နေတဲ့ ထရမ့်ကြီးတို့နှစ်ဦး ဆုံတွေ့နေကြပုံကို သရုပ်ဖော်ထားပါတယ်။
ပြောလည်းပြောစရာပါပဲ။ ၁၉၄၂ ခုနှစ်ဖွား ဘိုင်ဒင်ကြီးဟာ လက်ရှိမှာ အသက် ၈၂ နှစ်အရွယ် ရှိနေပါပြီ။ နောက်ထပ်သမ္မတတစ်ကြိမ်သာ ထပ်မံအရွေးခံရမယ်ဆိုရင် အသက် ၈၆ နှစ်အရွယ်ရှိလာမှာ ဖြစ်ပါတယ်။ အမေရိကန်သမိုင်းမှာ အသက်အကြီးဆုံးသမ္မတတွေတောင် အလွန်ဆုံး ၇၇၊ ၇၈ နှစ်အရွယ်ဆို အနားယူသွားကြပါပြီ။ ဘိုင်ဒင်ကြီးကတော့ လက်ရှိ သမ္မတသက်တမ်းမှာတောင် လေယာဉ်လှေကားပေါ်က ခဏခဏချော်ကျ၊ လဲကျ၊ အခမ်းအနားတွေမှာ မိန့်ခွန်းပြောကြားရင်း တွေတွေဝေဝေ၊ ငေးငေးငိုင်ငိုင်ဖြစ်လိုက်၊ ကပေါက်ချိ ကပေါက်ချာတွေ မှားပြောလိုက်နဲ့ ဖြစ်နေတာတောင် အားမလျှော့သေးပါဘူး။
ကမ္ဘာ့နိုင်ငံရေးမှာလည်း ဆီးနိတ်အမတ်လုပ်ခဲ့စဉ်ကာလကလို ဘော်လကန်ဒေသအရေးမှာ သမ္မတကလင်တန် အရေးယူလာအောင် တိုက်တွန်းခဲ့သလိုမျိုး၊ အမေရိကန်က အီရတ်ကို ဝင်တိုက်ဖို့ သဘောတူထောက်ခံမဲပေးခဲ့သလိုမျိုး လက်ရှိယူကရိန်းအရေးမှာလည်း လက်မနှေးခဲ့ပါဘူး။ တတိယကမ္ဘာစစ်ကြီးများ ဖြစ်လာလေမလားလို့ တောင် ကမ္ဘာ့ပြည်သူတွေ ရင်တမမနဲ့ပါ။ ဘိုင်ဒင်ကြီးရဲ့ လက်ရှိအခြေအနေတွေကြောင့် လာမယ့်ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒင် အနိုင်ရနိုင်ခြေနဲ့ပတ်သက်ပြီး သမ္မတဟောင်း အိုဘားမားနဲ့ လွှတ်တော်ဥက္ကဋ္ဌဟောင်း နန်စီပလိုစီတို့က သံသယရှိကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ကြ ပါတယ်။ သူတို့နှစ်ဦးဟာ ဘိုင်ဒင်ရဲ့ ၂၀၂၄ မဲဆွယ် စည်းရုံးရေးအနာဂတ်အကြောင်း သီးသန့်ပြောဆို ခဲ့စဉ် နှစ်ဦးစလုံးက ဒေါ်နယ်ထရမ့်ကို ဘိုင်ဒင်ရင်ဆိုင်ဖို့က ပိုမိုခက်ခဲလာမှာကို စိုးရိမ်နေကြပြီး ဘာလုပ်ရမယ်ဆိုတာကို သေချာမသိဘူးလို့ ပြောဆိုခဲ့ကြတယ်လို့ CNN က ဆိုပါတယ်။ မီဒီယာအချို့ကလည်း တက်ကြွသော ထရမ့်နဲ့ အိပ်ငိုက်နေသော ဂျိုးဆိုပြီး ခေါင်းပေးနှိုင်းယှဉ်ဖော်ပြလာကြပါတယ်။
ဆန့်ကျင်ဘက်အနေအထားအရ ထရမ့်ကတော့ တရားစွဲဆိုမှုပေါင်းများစွာ ရင်ဆိုင်နေရတဲ့ကြားက လူထုထောက်ခံမှုတွေ မြင့်တက်လာပါတယ်။ ထရမ့်ကို ထောက်ခံသူအချို့က သူ့ရဲ့သမ္မတသက်တမ်းမှာ ဘာလုပ်နိုင်ခဲ့တယ်ဆိုတာကိုမြင်ပြီး၊ တွေ့ခဲ့ရပြီးဖြစ်တယ်။ ဒါကြောင့် သူ့ကိုပြန်အနိုင်ရစေချင်ကြတယ်။ သမ္မတဘိုင်ဒင်လက်ထက်မှာ သူတို့နိုင်ငံက အကျဘက်ကို ရောက်နေတယ်။ ထရမ့်က စီးပွားရေးကောင်းမွန်အောင် လုပ်ပေးနိုင်မှာဖြစ်တယ်လို့ ဆိုကြပါတယ်။
လူငယ်မဲဆန္ဒရှင်တွေကြားမှာလည်း ထရမ့်ဟာ ရေပန်းစားလာပါတယ်။ အစ္စရေး-ဟားမတ်စ် စစ်ပွဲမှာ သမ္မတဘိုင်ဒင် ကိုင်တွယ်ပုံကို လူငယ်တွေက စိတ်ပျက်နေကြပြီး ထရမ့်ရဲ့ကိုင်တွယ်ပြောဆိုမှုတွေကို အကြိုက်တွေ့လာကြတယ်။ ဒါကြောင့် ထရမ့်ကို ထောက်ခံသူအများစုက တရားစွဲဆိုမှုအပေါ် နှိပ်ကွပ်မှုအဖြစ်ရှုမြင်ပြီး တရားစွဲဆိုထားတဲ့ စွပ်စွဲ ချက်တွေနဲ့ပတ်သက်ပြီး သူ့အတွက် တိုက်ပွဲဝင်လိုကြတယ်လို့ ဆိုကြတယ်။
ဒီအတောအတွင်းမှာပဲ သမ္မတလောင်း ဒေါ်နယ်ထရမ့်ဟာ ဇူလိုင်လ ၁၃ ရက်နေ့က ပင်ဆယ်ဗေးနီးယားပြည်နယ် ဘတ်တလာမြို့မှာ မဲဆွယ်စည်းရုံးရေးမိန့်ခွန်းပြောကြားနေစဉ် သေနတ်နဲ့ပစ်ခံရလို့ ညာဘက်နားရွက်အပေါ်ဘက် ပေါက်ထွက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ မဲဆွယ်စည်းရုံးပွဲကို ရောက်နေတဲ့သူတစ်ဦးလည်း သေဆုံးပြီး နောက်ထပ်နှစ်ဦး ဒဏ်ရာ အပြင်းအထန်ရရှိသွားပါတယ်။ FBI ရဲ့အပြောအရ ထရမ့်ကို သေနတ်နဲ့ ပစ်ခတ်လုပ်ကြံတဲ့သူဟာ အသက် ၂၀ အရွယ်ရှိ ပင်ဆယ်ဗေးနီးယားသား သောမတ်စ် မက်သရူးကွတ်ခ်ဆိုသူ ဖြစ်တယ်လို့ ဆိုပါတယ်။ သူ့ကိုလည်း လုံခြုံရေးအဖွဲ့က အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ပစ်ခတ်မှု ဖြစ်ရပ်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းကြံစည်မှုအဖြစ် မှတ်ယူစုံစမ်းနေပြီလို့ FBI က ပြော ပါတယ်။
သမ္မတဂျိုးဘိုင်ဒင်ကတော့ “ယခုဖြစ်ရပ်ကို အားလုံးက ရှုတ်ချရမယ်၊ ယခုလို အကြမ်းဖက်မှုမျိုးကို အမေရိကန်ပြည်ထောင်စုက လက်မခံကြောင်း၊ အမေရိကန်မှာ ဒီလိုအကြမ်းဖက်မှုအတွက် လုံးဝနေရာမရှိစေရ၊ ရှုတ်ချကြောင်း” ထုတ်ပြန်ခဲ့သလို ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်တွေကလည်း ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။ FBI ကလည်း ဒါဟာ အမေရိကန်နိုင်ငံရေးသမိုင်းမှာ ဆယ်စုနှစ်ပေါင်းများစွာအတွင်း ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေးအကြမ်း ဖက်လုပ်ရပ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။
ဒီဖြစ်ရပ်ကြောင့် သမ္မတဟောင်းထရမ့်ကို ထောက်ခံသူပိုများလာပြီး ထောက်ခံသူအချို့ကလည်း အမေရိကန်နိုင်ငံဒေသအချို့ရဲ့ လမ်းတွေပေါ်မှာ စီတန်းလှည့်လည်ပြီး ထောက်ခံဆန္ဒဖော်ထုတ်မှု တွေပြုလုပ်လာကြပါတယ်။ ရှေ့ဘာတွေဆက်ဖြစ်လာဦးမလဲ။ သေချာတာတစ်ခုကတော့ မျက်မှောက်အမေရိကန်နိုင်ငံရေးလောကဟာ မသမာမှုတွေ၊ အငြင်းပွားမှုတွေကတစ်ဆင့် တစ်ဖက်နဲ့တစ်ဖက် အာဃာတအမုန်းတရားတွေ၊ နိုင်လိုမင်းထက်အပြုအမူတွေ၊ မင်းမဲ့စရိုက်တွေနဲ့ ပိုလို့ပိုလို့ တင်းမာလာပြီး နိုင်ငံရေးအရ လုပ်ကြံမှုတွေသာမက ယခုအသက်သေအောင်အထိ လုပ်ကြံလာမှုတွေက ဒီမိုကရေစီစံနှုန်းတွေ၊ ကျင့်ဝတ်တွေ၊ ယဉ်ကျေးမှုတွေ တစ်နေ့တခြား ခေါင်းပါးလျော့ပါးလာခဲ့ပြီလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ ။