Skip to main content

ကြီးမားသည့် စွမ်းဆောင်ရည်၏ ဝှက်ထားသော မောင်းနှင်အား

သဲဟန် (ဘန်ကောက်)

Daniel Goleman ရဲ့ စိတ်ခံစားမှုဆိုင်ရာဉာဏ်စွမ်းဉာဏ်စ (EI-Emotional Intelligence)ကို ဒီကနေ့ လုပ်ငန်းခွင်အတော်များများမှာ တွင်တွင်ကျယ်ကျယ် အလေးပေးလာကြပြီဆိုတာ သိကြမှာပါ။ EI ရဲ့ အစိတ်အပိုင်းတွေထဲက “မိမိကိုယ်မိမိအမှန်မြင်အောင် သတိပြုဆင်ခြင်နိုင်စွမ်းနဲ့ ကိုယ်ချင်းစာနာမှု” ဟာ ကြီးမားသော စွမ်းဆောင်ရည်ရဲ့ဝှက်ထားတဲ့ မောင်းနှင်အားလို့ စာရေးသူက အခိုင်အမာကောက်ချက်ချချင်ပါတယ်။ လုပ်ငန်းခွင်မှာ EI ရဲ့ အရေးပါမှုကို သုတေသနပြုလုပ်တဲ့ စာတမ်းအတော်များများကိုသုံးသပ်ကြည့်ရင် လူကောင်းဆိုတာ စိတ်ခံစားမှုထိန်းချုပ်နိုင်တဲ့ အသိဉာဏ်နဲ့ ကိုယ်ချင်းစာနာစိတ်ရှိသူလို့တောင် ယေဘုယျအဓိပ္ပာယ်ဖွင့်ဆိုလာကြပါပြီ။

ခေါင်းဆောင်တစ်ဦးရဲ့ စိတ်ခံစားချက်နဲ့အမူအကျင့်

ခေါင်းဆောင်တစ်ဦးရဲ့ စိတ်ခံစားချက်နဲ့ အမူအကျင့်ဟာသူနဲ့ဆက်နွှယ်နေသူလူအားလုံး၊ အဖွဲ့အစည်း၊ အသိုက်အမြုံတစ်ရပ်လုံးကို ရိုက်ခတ်စေတဲ့ သူ့အဖွဲ့အစည်းကဘာလဲ၊ သူကဘာလဲဆိုတာ ကို မီးမောင်းထိုးပြနေတယ်လို့ဆိုရင် မှားမယ်မထင်ပါဘူး။

သံချေးတက်စိတ်ဓာတ်၊ ညစ်ထေးနေတဲ့၊ ရက်စက်တဲ့ခေါင်းဆောင်မှုအောက်က အဖွဲ့အစည်းဟာ အဆိပ်သင့်အဖွဲ့အစည်းသာဖြစ်ပြီး ဒီအဖွဲ့အစည်းအရှုံးပေါ်မလား၊ မြတ်မလားဆိုတာကလည်း ခေါင်းဆောင်နဲ့ နောက်လိုက်များရဲ့ အကောင်းအဆိုးမောင်းနှင်အားအပေါ် မူတည်နေပါတယ်။

အမြဲတမ်းစီးဆင်းနေတဲ့ လျှပ်စီးကြောင်းများနဲ့ ဝိုင်ယာကြိုးများ

စိတ်ခံစားမှုကို မထိန်းချုပ်နိုင်ဘဲ လွှတ်ပေးလိုက်တာ၊ ဒေါသပေါက်ကွဲတာဟာ မြင်းဇက်ကြိုး မထိန်းနိုင်တော့သလိုမျိုး ပရမ်းပတာတွေဖြစ်စေတာကို ခေါင်းဆောင်လုပ်သူတွေ သတိချပ်ရမှာပါ။ စိတ်ခံစားမှုအသိဉာဏ်ဟာ ကြီးမားသောစွမ်းရည်ရဲ့ဝှက်ထားတဲ့ မောင်းနှင်အားပဲဖြစ်ပါတယ်။ စိတ်ခံစားမှုထိန်းချုပ်နိုင်စွမ်း၊ အသိဉာဏ်နဲ့ ကိုယ်ချင်းစာနာမှုဟာ အဓိကရချိတ်ဆက်နေတဲ့ သံကြိုးကွင်းဆက်အဖြစ် မရှိမဖြစ်အရေးကြီးတာကို အလုပ်အမှုဆောင်တွေဆီက မကြာခဏကြားနေရတဲ့ တုံ့ပြန်ချက်ရယ်လို့ သုတေသနပြုချက်တွေမှာ ဖတ်ရပါတယ်။

ဒီသံကြိုးကွင်းဆက်ဟာ ဝိုင်ယာကြိုးထဲ လျှပ်စစ်စီးဝင်နေတဲ့သဘော၊ စီးဆင်းနေတဲ့ စွမ်းဆောင်ရည်များအဖြစ် လုပ်ငန်းအောင်မြင်မှုမောင်းနှင်အားများလို့လည်း ဆိုနိုင်ပါတယ်။ ထောင်နဲ့ချီတဲ့ အမှုဆောင်လူကြီးတွေဆီကနေ ခေါင်းဆောင်မှုစနစ်မျိုးစုံကို သုတေသနပြုလုပ်ထား တဲ့ Hay Group စစ်တမ်းကောက်ချက်ထဲမှာ Top Down နဲ့ Bottom Up ဖြစ်တဲ့ ခေါင်းဆောင်ဆီက စွမ်းဆောင်ရည်တွေကို အောက်ခြေသို့ချပြမှု၊ အောက်ခြေက လက်တွေ့ဆောင်ရွက်ချက် အခြေအနေမှန်တွေကို အထက်သို့ပြန်လည်တင်ပြမှုကို အမြဲတမ်းစီးဆင်းနေတဲ့ လျှပ်စီးကြောင်းတွေနဲ့ ဝိုင်ယာကြိုးတွေလို့ ဖော်ပြထားပါတယ်။ EI ကင်းမဲ့ နေတဲ့ ခေါင်းဆောင်ရဲ့ အထိန်းအကွပ်မဲ့ စိတ်ခံစားမှုဟာ မညှာမတာအလျင်အမြန်ကူးစက်ပျံ့နှံ့သွားတဲ့ အဆိပ်လိုပဲ လုပ်ငန်းနဲ့အဖွဲ့အစည်းကို အထိနာစေတာ တွေ့ရပါတယ်။

စိတ်ခံစားမှု ရင့်ကျက်တဲ့ ခေါင်းဆောင်ဆိုရာဝယ်

စိတ်ခံစားမှုရင့်ကျက်တဲ့ ခေါင်းဆောင်တွေကတော့ အကောင်းမြင်တတ်၊ စစ်မှန်၊ စွမ်းအားပြည့်တဲ့ စိတ်ခံစားမှုမျိုးကို အမြဲတမ်းတစိုက်မတ်မတ်ဖြစ်အောင် အကြိမ်ကြိမ်လေ့ကျင့်ထားပုံပေါ်ပါတယ်။ တကယ်တော့ လူတစ်ယောက်ရဲ့အတွင်းစိတ်ကို ထိန်းချုပ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ စိတ်ကိုကျင့်တာ အခက်အခဲဆုံးသောစိန်ခေါ်မှုပါ။ တစ်ဦးရဲ့ စိတ်ခံစားမှုဟာ နောက်တစ်ဦးအပေါ် ဘယ်လိုဆိုးကျိုးသက်ရောက်သလဲဆိုတာကတော့ ချိန်ခွင်လို တိုင်းတာတွက်ချက်ဖို့ ခက်ပါတယ်။

စိတ်ခံစားမှုအခြေခံတဲ့ ခေါင်းဆောင်မှုရဲ့ဆိုးကျိုး

စိတ်ခံစားမှုအခြေခံတဲ့ ခေါင်းဆောင်မှုဟာအဖွဲ့အစည်းကို တိုက်ရိုက်ထိခိုက်နိုင်သလို သူ့ရဲ့ဗီဇအမူအကျင့်တွေကို သူချမှတ်ထားတဲ့ လူအများလိုက်နာဖို့ စည်းကမ်းဘောင်ဝင်အောင် (Self-regulation) သူကိုယ်တိုင်ညှိနှိုင်းချိန်ဆပြုပြင်ဖို့ လိုပါတယ်။

ရက်စက်ရိုင်းစိုင်း ကောက်ကျစ်တဲ့အလုပ်ရှင်တွေ၊ ခေါင်းဆောင်တွေဟာ အလုပ်မဖြစ်တော့ဘဲ သူ့လုပ်ငန်းခွင်ကို တဖြည်းဖြည်းလောင်ကျွမ်းပျက်စီးစေတော့မှာပါ။ လုပ်ဖော်ကိုင်ဖက်တွေ၊ လက်အောက်ဝန်ထမ်းတွေ စိတ်ဖိစီးပြီးအဆိပ်သင့်တဲ့ စိတ်ခံစားမှုတွေ ပျံ့နှံ့သွားတော့မှာပဲ ဖြစ်ပါတယ်။

ရွှင်လန်းတဲ့ ခေါင်းဆောင်၊ ရွှင်လန်းတဲ့ နောက်လိုက်ဆိုရာဝယ်

ဦးဆောင်သူကိုယ်တိုင် စိတ်ရွှင်လန်းတက်ကြွနေရင် သူ့နားကလူအားလုံးမှာပါ အပြုသဘော အလင်းတွေထွန်းလင်းပြီး အကောင်းမြင်စိတ်တွေ တီထွင်စမ်းသပ်မှုတွေနဲ့ ပန်းတိုင်ရောက်အောင် သွားကြမှာပါ။ Aristotle က ဘာပြောသလဲဆိုရင် နောက်လိုက်ကောင်း မဟုတ်တဲ့သူဟာ ဘယ်တော့မှ ခေါင်းဆောင်ကောင်းဖြစ်လာမှာ မဟုတ်ပါဘူးတဲ့။ ရွှင်လန်းတဲ့ ခေါင်းဆောင်၊ ရွှင်လန်းတဲ့ နောက်လိုက်နဲ့ ပျော်ပျော်ရွှင်ရွှင် လုပ်ရတဲ့အခါ စွမ်းဆောင်ရည် ပြည့်လာမှာ ဖြစ်ပါတယ်။

၁၉၉၉ ခုနှစ် Cornell တက္ကသိုလ်က Alice Isen ပြုစုတဲ့ သုတေသနစာတမ်းမှာ "Upbeat Environment Foster Mental Efficiency" လို့ ရေးထားတာလေးကို သဘောတွေ့မိပါတယ်။ ပျော်ပျော်ရွှင်ရွှင်၊ စိတ်ချမ်းချမ်းသာသာ အလုပ်လုပ်ရတဲ့ပတ်ဝန်းကျင်မှာ မျှော်လင့်ချက်တွေအပြည့်နဲ့ စိတ်စွမ်းအားတွေပြည့်ပြီး လုပ်ရည်ကိုင်ရည်တိုးတက်ကောင်းမွန်တာတွေ့ရတယ်လို့ သုတေသနပြုလုပ်တာ တွေ့ရှိထားပါတယ်။

လူငယ်များသို့

ကျွန်တော်တို့၊ ကျွန်မတို့အနာဂတ်ပျောက်နေပါတယ်လို့ လာပြောကြတဲ့ လူငယ်တွေကို အားပေး ချင်ပါတယ်။ လူငယ်တွေဟာ တိုင်းပြည်ရဲ့အရင်းအမြစ်တွေ၊ တိုင်းပြည်ရဲ့ခေါင်းဆောင်တွေပါ။ ခေါင်းဆောင်မှုဆိုင်ရာသင်တန်းတွေအများကြီးပဲ။ ဒါပေမယ့် နောက်လိုက်သင်တန်းလို့တော့ မကြားမိပါ။

“နောက်လိုက်ကောင်းမှသည် ခေါင်းဆောင်ကောင်းဆီသို့”ဆိုတဲ့ ဆောင်ပုဒ်ကိုကိုးကားထားတဲ့ သူတွေအများကြီးပါ။ Road Map လမ်းပြမြေပုံမှာ ခေါင်းဆောင်ကောင်းဖြစ်ဖို့ သူများပြောတာကို ကောင်းကောင်းနားထောင်ပေးသူဖြစ်ရပါမယ်တဲ့။ နားထောင်နေချိန်ဟာ လေ့လာနေတာပဲ။ လေ့လာတဲ့အခါ ဆုံးဖြတ်ချက်ကောင်းကောင်း ချမှတ်နိုင်လိမ့်မယ်။ ဆုံးဖြတ်ချက်ကောင်းကောင်း ချနိုင်သူဟာပိုကောင်းတဲ့ ခေါင်းဆောင်ကောင်း ဖြစ်လာတာပါပဲ။

Mahatma Gandhi က ဘာပြောလဲဆိုရင် “ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ အမှတ်လက္ခဏာဟာ။ သူ့မှာနောက်လိုက်ဘယ်နှယောက်ရှိလဲလို့ ဆိုလိုတာမဟုတ်။ သူဟာခေါင်းဆောင်သစ်၊ ခေါင်းဆောင်ကောင်း ဘယ်နှယောက်မွေးထုတ်ပေးနိုင်သလဲလို့သာ ဆိုလိုခြင်းဖြစ်တယ်”လို့ ပြောပါတယ်။

“မင်းရဲ့လုပ်ဆောင်ချက်တွေကနေ ဘယ်လိုရလဒ်အသီးအပွင့်တွေ ရလာမလဲဆိုတာ ဘယ်သိနိုင်ပါ့မလဲ။ ဒါပေမယ့် သေချာတာတစ်ခုကတော့ မင်းဘာမှမလုပ်ရင် ဘာမှကို ဖြစ်လာမှာမဟုတ်ဘူး။ ဘာအသီးအပွင့်မှခံစားရမှာ မဟုတ်ဘူး”တဲ့။ ဒါလည်းပဲ Mahatma Gandhi ပြောခဲ့တဲ့စကားပါပဲ။

ကိုယ့်ဘာသာမေးရမယ့် မေးခွန်း ငါးခု

ဒီတော့ လူငယ်များကို မှာချင်ပါတယ်။ မေးခွန်း ငါးခု ကိုယ့်ဘာသာ မေးကြည့်ကြပါလို့။

(၁) မင်းဘယ်သူဖြစ်ချင်တာလဲ၊ ဘယ်လိုလူ ဖြစ်ချင်တာလဲ။

မင်းကိုယ်မင်း အဆင့်မြင့်ခေါင်းဆောင်တစ်ဦးရယ်လို့ စိတ်ကူးကြည့်လိုက်ပါ။ မင်းဘာမြင်လဲ။ ခေါင်းဆောင်ကောင်းဆိုတာ ဘယ်လိုလူလဲလို့ မြင်အောင်ကြည့်ကြည့်စမ်းပါ။ မင်းရဲ့စိတ်ခံစားမှုဟာ ပေါက်ကွဲထွက်လာရင် တခြားသူတွေကို ထိခိုက်နစ်နာစေသလား။ စိတ်ကူးထဲမှာ မြင်ကြည့် လိုက်စမ်းပါ။ နောင်ဆယ်နှစ်မှာ မင်းဘယ်ရောက်နေမှာလဲ၊ ဘယ်လိုစတိုင်မျိုးနဲ့ မင်းစီမံခန့်ခွဲမလဲ။ ဒေါသနဲ့ ကြိမ်းမောင်းတတ်သူလား၊ ရက်စက်သူလား၊ ကုန်းချောသူလား၊ အငြိုးကြီးသူလား၊ အထက်ကိုဖား၊ အောက်ကိုဖိတဲ့ ဆီမီးခွက် ကချေသည်လား၊ နောင်ဆယ်နှစ်မှာ မင်းဖြစ်ချင်တဲ့သူက ဘယ်လို လူမျိုးလဲ မှန်းဆကြည့်လိုက်စမ်းပါ။

(၂) မင်းအခု ဘယ်သူလဲ။

အခုမင်းဘယ်သူလဲဆိုတာ ပြန်ကြည့်လိုက်ပါ။ အချိန်တွေဖြုန်းနေတာလား။ ဂိမ်းစွဲနေတာလား၊ အရက်မူးနေတာလား၊ ဆေးစွဲနေတာလား၊ မင်းဘာလုပ်မလဲပြော။ ပညာဆက်သင်မှာလား။ အလုပ်လုပ်မှာလား။ အလုပ်လုပ်ရင်း ပညာသင်မှာလား။ စိတ်လေနေသလား။ ဝေခွဲမရဘူးလား။

မင်းရဲ့အနေအထိုင်ကို သူများတွေက ဘယ်လိုမြင်သလဲ တီးခေါက်ကြည့်လိုက်ပါ။ မင်းအခု ခေါင်းဆောင်ဖြစ်နေပြီလား။ နောက်လိုက်ကောင်းလား။ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်၊ ဆရာသမား၊ လက်အောက်ငယ်သားတွေ မင်းကိုဘယ်လိုမြင်နေကြသလဲ၊ ၃၆၀ ဒီဂရီ တစ်ပတ်လှည့်ကြည့်လိုက်စမ်းပါ။ မင်းပိန်းနေသလား၊ မောဟအမှောင်မိုက်တွေ ဖုံးနေသလား။ သူများတွေရဲ့တုံ့ပြန်ချက်တွေ ကြားရလို့စိတ်ဓာတ်ကျ၊ စိတ်အားငယ်သွားလား၊ ဒေါသနဲ့ ပေါက်ကွဲလား၊ ဝေဖန်သူကိုငြိုးထား၊ အာဃာတထားနေမိသလား။ မင်းရဲ့အားနည်းချက်၊ အားသာချက်တွေကိုပြန်စစ်ပါ။ အားတင်းပါ။ ရှေ့ဆက်လျှောက်ဖို့ ပြင်ပါ။

(၃) အခုကနေ မင်းဖြစ်ချင်တဲ့သူဖြစ်ဖို့ ဘယ်လိုသွားမလဲ။

မင်းအခု ရောက်နေတဲ့ နေရာကနေမင်းဖြစ်ချင်တဲ့သူဆိုတဲ့ ကွာဟချက်ကို ဘယ်လိုဆွဲစိမှာလဲ။ မင်းကိုတုံ့ပြန်ကြတဲ့ ၃၆၀ ဒီဂရီဝေဖန်မှုတွေ အားလုံးအကောင်းချည်း၊ အမှန်ချည်းလို့တော့ မထင်လိုက်ပါနဲ့။ မင်းရဲ့ဉာဉ်ဆိုး၊ စရိုက်ဆိုး၊ အမူအရာဟောင်းတွေကို ဘယ်လိုဖျောက်မလဲ။ စိတ်ဓာတ်မကျပါနဲ့။ စိတ်ခွန်အားသစ်တွေ ဘယ်လိုမွေးမလဲ။ ကိုယ့်ကိုယ်ကိုယ်အားပေးပါ။ ဘယ်လို ဆက်လျှောက်မလဲ။ အနှေးယာဉ်လား အမြန်ယာဉ်လား၊ လှေကားနဲ့ တက်မှာလား၊ ရှေ့ဆက်ဖို့သာ စဉ်းစားပါငါ့ညီ။

(၄) မင်းဘယ်လို အပြောင်းအလဲတွေ လုပ်မှာလဲ။

အကျင့်ဟောင်းတွေ၊ အဖြစ်ဟောင်းတွေ ဘယ်လိုပဲရှိခဲ့ပါစေ။ ဒါတွေဟာ ပြောင်းလဲလို့ရတယ်ဆိုတာ ယုံကြည်ပါ။ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာအပြုအမူသစ်တွေ၊ လူကောင်းသူကောင်းစိတ်တွေ အလိုလိုအကျင့်ပါလာအောင် ထပ်တလဲလဲ လေ့ကျင့်ဖို့က မင်းအပေါ်မှာပဲ တည်တာပဲ။ အားတင်းထား နော်။ ဇွဲမလျှော့နဲ့။ Bulldog Mentality ဆိုတာ မင်းကြားဖူးလား။ ခွေးဘီလူးလေးကို အမဲရိုးပေးကြည့်။ လက်မလွှတ်တန်း၊ သဲကြီးမဲကြီးကိုက်တာ။ ဘယ်တော့မှအရှုံးမပေးဘူး။ ဘယ်တော့မှ နောက်မဆုတ်ဘူး။ အရက်ဖြတ်ချင်တဲ့၊ ဆေးဖြတ်ချင်တဲ့ လူငယ်တွေ ခွေးဘီလူးလို စိတ်ခိုင်မာဖို့ သိပ်အရေးကြီးတယ်။ မင်းကိုသူများဘယ်လိုပဲ တိုက်ခိုက်ပါစေ၊ အပုပ်ချပါစေ၊ ကိုယ်လုပ်ရမယ့်အလုပ်ကို အခက်အခဲကြားကနေ ဖြစ်အောင်လုပ်တာ၊ ပြီးအောင်လုပ်တာ Bulldog Mentality ပဲ။

(၅) မင်းပြောင်းလဲအောင် ဘယ်သူတွေက ကူညီနိုင်သလဲ။

မင်းကို စိတ်ဓာတ်ခွန်အားပေးမယ့် ဆွဲတင်ပေးမယ့် အဖော်ကောင်းလိုပြီ။ မင်းကိုအောက်ဆွဲချမယ့် အသိုင်းအဝိုင်းကိုတော့ ဝေးဝေးရှောင်တော့။ ဘယ်သူဟာ မင်းပြောင်းလဲအောင်၊ တိုးတက်အောင် စေတနာ ရှိ၊ မရှိ ဆိုတာကတော့ ချင့်ချိန်ရွေးနိုင်ဖို့လိုလိမ့်မယ်။ လူတွေနဲ့ ယုံကြည်မှုတည်ဆောက်ဖို့ လိုသလို၊ တစ်ဖက်မှာလည်းကောက်ကျစ်သူတွေ၊ နောက်ကျောဓားနဲ့ထိုးမယ့်သူတွေ ရှိတတ်တယ်ဆိုတာမမေ့နဲ့။

ကလျာဏမိတ္တ အဖော်ကောင်းလိုလာပြီ။ စိတ်ခွန်အားမြင့်တက်စေဖို့ စိတ်လေ့ကျင့်ခန်းလုပ်ဖို့ လိုတယ်။ သူတော်ကောင်းကိုဆည်းကပ်ပါ။ မင်းဟာ ဗုဒ္ဓဘာသာဆိုရင်ရတနာသုံးပါး၊ ဂုဏ်တော်ပွား၊ မေတ္တာပွားတာလေ့ကျင့်ပါ။ ကရုဏာစိတ်၊ မုဒိတာစိတ်တွေထားနိုင်အောင်ကြိုးစားပါ။ အနည်းဆုံး ဘုရားဂုဏ်တော်တစ်ပါးပါး၊ အရဟံဖြစ်စေ၊ ဗုဒ္ဓေါဖြစ်စေ၊ ဗုဒ္ဓံသရဏံဂစ္ဆာမိ၊ ဓမ္မံ၊ သံဃံသရဏံ ဂစ္ဆာမိဖြစ်စေ၊ နမောတဿ၊ ဘဂဝတောဖြစ်စေ၊ စိတ်ထဲကနေထုံနေအောင်ရွတ်ပါ။ ပွားပါ။ မင်းဟာတခြားဘာသာ ကိုးကွယ်သူဆိုရင်လည်း မင်းယုံကြည်ကိုးကွယ်ရာ ဘုရားရှေ့မှာ ဒူးထောက်ပြီး မကောင်းတာဘာတစ်ခုမှ မလုပ်မိအောင် နှုတ်၊ လျှာ၊ ပါးစပ်၊ ခြေလက်များ ထိန်းသိမ်းပေးဖို့ ဘုရားကို အပ်နှံဆုတောင်းပါ။ ဒါဟာစိတ်ပိုင်းဆိုင်ရာ ခွန်အားဖြစ်မယ့် အားဆေးတွေပါ။

EI မှာလည်း Social Skill ဟာ မရှိမဖြစ်အရေးပါ

ကိုင်း… အခု လုပ်ငန်းခွင်စွမ်းဆောင်ရည်ကို ပြန်ကြည့်ရအောင်ပါ။ ဘယ်အလုပ်၊ ဘယ်ပတ်ဝန်းကျင်မှာပဲရှိရှိ စိတ်ခံစားမှုကို ဦးစားမပေးဘဲ EI ခေါ်တဲ့ စိတ်ခံစားမှုအသိဉာဏ်ရင့်ကျက်အောင် ကြိုးစားနိုင်ဖို့က အဓိကကျပါတယ်။ တိုးတက်မှုရှိအောင် တစ်ယောက်တည်းနဲ့ မလုံလောက်ပါဘူး။ Social Skill ခေါ်တဲ့ အပေါင်းအသင်း၊ အဖွဲ့အစည်းနဲ့ ဆက်ဆံတတ်၊ နေတတ်ဖို့လိုပါတယ်။ Gandhi က ဘာပြောသလဲဆိုတော့ ခေါင်းဆောင်မှုဆိုတာ တစ်ချိန်ချိန်တုန်းက ကြွက်သားတွေလို့ ငါမှတ်ယူခဲ့မိတာ။ ဒါပေမယ့် ဒီနေ့အချိန်မှာတော့ လူအများနဲ့ တည့်အောင်ပေါင်းသင်းဆက်ဆံခြင်းလို့ပြောရမယ်တဲ့။ Danial Goleman ရဲ့ EI မှာလည်း Social Skill ဟာ မရှိမဖြစ် အရေးပါလာပါတယ်။

လူအများနဲ့၊ အသင်းအဖွဲ့နဲ့ သဟဇာတဖြစ်အောင်နေတတ်ပြီး အမြင်ချင်းဖလှယ်ဖို့ ယုံကြည်မှုတည်ဆောက်ခြင်း၊ အပြန်အလှန်လေးစားခြင်းတွေဟာလည်း စွမ်းဆောင်နိုင်မှု အားကောင်းစေဖို့ မြှုပ်ကွက်၊ ဝှက်ဖဲ၊ မောင်းနှင်အားလို့ဆိုရင် လုံးဝမမှားနိုင်ပါဘူး။

အကောင်းမြင်တတ်ဖို့ သိပ်အရေးကြီး

ဒီမြှုပ်ထားတဲ့ ဝှက်ဖဲတွေထဲမှာ အကောင်းမြင်တတ်ဖို့ သိပ်အရေးကြီးပါတယ်။ အင်္ဂလိပ်စကား Idiom စကားဆန်းမှာ A Glass-Half Full ဖန်ခွက်ထဲမှာ နွားနို့တစ်ဝက်တောင်ရှိနေတာပဲဆိုတာ အကောင်းမြင်စိတ်နဲ့ကြည့်တာ၊ ရွှင်လန်းစိတ်နဲ့ကြည့်တာ၊ အနာဂတ်အတွက် မျှော်လင့်ချက်အပြည့် အားအင်အပြည့်ပေါ့၊ A Glass-Half Empty ဆိုတာကတော့ဟာ ဖန်ခွက်ထဲမှာတစ်ဝက်တောင် မကျန်တော့ဘူး၊ ကုန်ပါပြီကွာလို့ အပြစ်တင်စိတ်၊ အဆိုးမြင်စိတ်နဲ့ကြည့်တာ။ ရွှင်လန်းမှုတွေ၊ မျှော်လင့်ချက်တွေကင်းမဲ့နေတာ။

ကြီးမားသော စွမ်းဆောင်ရည်ရှိဖို့အပြုသဘောဆောင်သော စိတ်သဘောထားနဲ့ကြိုးပမ်းမှု ဒီနှစ်ခုပေါင်းစပ်ဖို့ လိုပါတယ်။ ကြီးမားသော စွမ်းဆောင်ရည်ဟာကံကောင်းခြင်း၊ မကောင်းခြင်းနဲ့လည်း မဆိုင်ပါဘူး။ စိတ်နှလုံးသားရယ်၊ စာနာစိတ်ရှိမှုရယ်၊ ကြိုးစားအားထုတ်မှုရယ်၊ အာရုံစူးစိုက်မှုတွေ၊ လုပ်ချင်ကိုင်ချင်တဲ့ စေတနာ သဒ္ဓါတရားတွေ ပေါင်းစပ်ဖို့ လိုပါတယ်။

Aristotle က အလုပ်ထဲမှာ ပျော်ရွှင်ခြင်းဟာအလုပ်ကို ရလဒ်အကောင်းဆုံးဖြစ်အောင် ကြိုးစား ပြင်ဆင်နေတာလို့ပြောပါတယ်။ အလုပ်ထဲမှာ ပျော်ရွှင်နိုင်ဖို့ ခေါင်းဆောင်ရော နောက်လိုက်ရော ဒေါသပေါက်ကွဲမှု၊ စိတ်ခံစားမှုတွေကို ထိန်းချုပ်နိုင်ဖို့ လိုပါတယ်။

ဝှက်ထားတဲ့မောင်းနှင်အားများ

Daniel Goleman ရဲ့ ‘မူလဘူတ ခေါင်းဆောင်မှု’မှာ EI စိတ်ခံစားမှု အသိဉာဏ်ရင့်သန်ခြင်းနဲ့ ကိုယ်ချင်းစာနာမှုရှိခြင်းဟာ ကြီးမားသော စွမ်းဆောင်ရည်ရှိဖို့ဝှက်ထားတဲ့ မောင်းနှင်အားများပဲ ဖြစ်ပါတယ်။

Self-Awareness ဆိုတဲ့ မိမိကိုယ်မိမိ အမှန်အတိုင်း၊ အရှိအတိုင်း မြင်အောင်ကြည့်တတ်ဖို့ဆိုတာ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဝိပဿနာကျင့်စဉ်ပါပဲ။ ဒေါသဖြစ်နေသလား၊ စိတ်လေစိတ်လွင့် စိတ်ကူး အချောင်နေနေသလား၊ မနာလိုစိတ်ဖြစ်နေသလား၊ အဘိစ္ဇျာဖြစ်နေသလားဆိုတာ ကိုယ့်စိတ်ကိုယ်စစ်တဲ့ စိတ္တာဝိပဿနာ ပွားတာပါပဲ။

Empathy ဆိုတဲ့ ကိုယ်ချင်းစာတတ်ဖို့ဆိုတာဟာလည်း မြတ်ဗုဒ္ဓဟောကြားတဲ့ ဗြဟ္မစိုရ်တရားပါပဲ။ မေတ္တာထားဖို့၊ ကိုယ်ချင်းစာတတ်ဖို့၊ ကရုဏာထားဖို့၊ မုဒိတာပွားဖို့ဆိုတာတွေ နှစ်ပေါင်း ၂၆၀၀ ကတည်းက ရှိခဲ့တဲ့တရားတွေမို့ အနောက်တိုင်းစိတ်ပညာရှင် Daniel Goleman ရဲ့ စိတ်ခံစားမှု၊ အသိဉာဏ်သီဝရီဟာလည်းပဲ ဗြဟ္မစိုရ်တရားကနေ မြစ်ဖျားခံထားတာလို့ဆိုရင် မှားမယ်မထင်ပါဘူး။

ဒါကြောင့် မိမိကိုယ်မိမိ အရှိအတိုင်း ပစ္စုပ္ပန်တည့်တည့်မှာ ဘာဖြစ်နေသလဲဆိုတဲ့ အမှန်မြင်အောင် သတိကပ်စောင့်ကြည့်ခြင်း ဝိပဿနာနဲ့ မေတ္တာတရား၊ ကိုယ်ချင်းစာတရား၊ ကရုဏာ၊ မုဒိတာ တရားများဟာကြီးမားသော စိတ်စွမ်းရည်ရဲ့ဝှက်ထားသော မောင်းနှင်အားများဖြစ်တယ်လို့ စာရေးသူကတော့ အခိုင်အမာပြောကြားချင်ပါတယ်။ ။