ပြည်သူတွေဆီ မျက်နှာမူ၍ ဖြတ်သင့်သည့်သံယောဇဉ်ကို ဖြတ်ပေးပါ
စွမ်းပြည့်
မြန်မာနိုင်ငံတော်ကြီးကို ဖျက်ဆီးလို့ အားမရ၊ မပျက်ပျက်အောင် ဖျက်ကြဆဲ၊ မူလက ကောင်းနေတဲ့ပစ္စည်းတစ်ခု အထိမခံ၊ ကျိုးလွယ်၊ ပဲ့လွယ်၊ ရှလွယ်၊ ကွဲလွယ်တဲ့ fragile အနေအထားကနေ ဘာလုပ်လုပ် မအောင်မြင်အောင် ပျက်စီးသည်ထက် ပျက်စီးအောင်လုပ်နေတဲ့ fail state အနေအထား။ ဒီအနေအထားကနေ တိုင်းပြည်ကို အစိတ်စိတ်အမြွာမြွာကွဲထွက်ပြီး အလုံးစုံပျက်သုဉ်းပြိုလဲပြိုကျအောင် (collapse) ဖြစ်အောင် လုပ်လာနေကြပြီ။ အခြေအနေအားလုံးက မြင်သာပါတယ်။
ယခုလည်း ရွှေဈေး၊ ဒေါ်လာဈေး အဆမတန်တက်အောင်လုပ်။ စားဝတ်နေရေး အထွေထွေအကျပ်အတည်း ဆိုက်သည်ထက်ဆိုက်အောင်လုပ်။ လူတွေ လမ်းပေါ်ထွက်အောင်လုပ်မယ်။ နောက်ဆုံး နိုင်ငံနဲ့ ပြည်သူတွေဘဝ အလုံးစုံပျက်သုဉ်းအောင်တွန်းပို့။ ဒါက သူတို့သွားချင်တဲ့ ပျက်စီးမယ့်အနေအထား။ အပြင်မှာ တကယ်ဖြစ်နေတဲ့အနေအထားမှာ ကောလာဟလမျိုးစုံနဲ့ ဈေးကွက်ဖွင့်။ ဈေးတွေ ဆွဲတင်တာပါမယ်။ ဈေးကွက်က ဈေးအတိုင်း လက်တွေ့မှာလည်းဖြစ်သွားတယ်။ ကောလာဟလဆိုတာ လူတွေက ယုံကြည်လွယ်တယ်။ ယုံကြည်လွယ်ခြင်းရဲ့အကျိုးဆက်က shock ဖြစ်မယ်၊၊ ဒါလည်း အဖျက်သမားတွေ လိုချင်တဲ့အနေအထား တစ်ခုပါ။ တိုင်းပြည်ကို မပျက်ပျက်အောင် ဖျက်နေကြတယ်ဆိုတာ ဒါပါပဲ။
တကယ်တမ်းက တိုင်းပြည်ပျက်ဖို့အထိ လုပ်နေသူတွေကြောင့်
လက်ရှိအခြေအနေအရတော့ ဖျက်သူနဲ့ တည်ဆောက်သူကြား တည်ဆောက်ရေးထက် အဖျက်ဘက်က ပိုအားသန်နေတယ်။ ကြားက ပြည်သူကတော့ မြေစာပင်ဘဝ။ သူတို့ရဲ့ရင်ဘတ်ထဲ ခံစားချက်မျိုးစုံနဲ့ အကျပ်အတည်းအခက်အခဲမျိုးစုံကို ကြုံနေကြရတယ်။ အခြေခံစားကုန်တွေ ဈေးတက်၊ ငွေကြေးအလုပ်အကိုင် ပိုပြီးကျပ်တည်းလာတယ်။ ပြည်ပကို လူငယ်တွေ ပြောင်းကြရွှေ့ကြ၊ ဘာလုပ်ကြမလဲ၊ ဘာဆက်ဖြစ်မလဲ၊ နိုင်ငံတော်က ဘာလုပ်မလဲ သိချင်နေကြတယ်။
ရွှေဈေး၊ ဒေါ်လာဈေးတက်တာ ပြည်ပအခြေအနေနဲ့လည်း ဆက်စပ်နေတယ်။ သိထားဖို့ပါ။ အမေရိကန်ဘွန်းတွေကို တရုတ်ကရောင်းပြီး ရွှေတွေပြန်ဝယ်တဲ့အခါ ပြည်ပရွှေဈေးတက်တာလည်း ပြည်ပအခြေအနေတစ်ခုရဲ့ လွှမ်းမိုးမှုပါပဲ။ ဒီအခြေအနေကို အခွင့်ကောင်းယူ၊ ပြည်တွင်းက ဒေါ်လာကို ပြည်ပထုတ်၊ ပြည်ပမှာ ကွန်ဒိုတိုက်ခန်းတွေ ဝယ်ကြစုကြ၊ မီးလောင်ရာလေပင့်၊ ဒီအပေါ်မှာ ထပ်ဆင့်လောင်စာလောင်း၊ ပြည်တွင်းမှာ ဈေးကစား၊ လက်ရှိအစိုးရ အကျပ်အတည်းဖြစ်အောင်လုပ်၊ လူတွေလမ်းပေါ်ထွက် တိုင်းပြည်ပျက်၊ ဦးတည်ချက်က ဒါပါ။
တကယ်တမ်းဆန်းစစ်ရင် မြန်မာနိုင်ငံတော်ကြီးဟာ ဘက်ပေါင်းစုံမှာ အထိအခိုက်များလှတယ်။ ကိုယ့်အကျိုးစီးပွား အခြေခံအပြိုင်အဆိုင်ဖြစ်နေတဲ့ ပြည်ပအင်အားကြီးတွေရဲ့ ဇာတ်ညွှန်းအောက်မှာ လိုက်မကမိအောင် မနည်းဖောက်ထွက်နေရတယ်။ အင်အားကြီးတွေရဲ့ သပွတ်အူလိုက်နေတဲ့ အရှုပ် အထွေးတွေကြားမှာ ပစ်မှတ်ဘဝရောက်နေရတဲ့ မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသားတွေ၊ ပြည်တွင်းနဲ့ ပြည်ပလက်ဝါးချင်းရိုက်၊ ပြည်တွင်းလောက်တွေရဲ့ သစ္စာမဲ့လုပ်ရပ်တွေကြောင့်လည်း မြန်မာပြည်ကြီး ပိုထိခိုက်နေရတယ်။ စိတ်ဝမ်းကွဲလွယ်တဲ့မြန်မာတွေ မစည်းလုံးဘဲ ဝါးအစည်းပြေပြီး လက်နက်နဲ့သွေးစွန်းကြ၊ နောက်ဆုံးမိမိတို့ပဲဓားစာခံဖြစ်၊ နောက်ကွယ်က တရားခံလက်မည်းတွေကို မမြင်နိုင်တဲ့ဘဝအထိ မဆင်ခြင် မသုံးသပ်နိုင် ဖြစ်နေကြရတယ်၊၊
သူတို့ကြောင့် လူ့အခွင့်အရေး ဖက်ဒရယ်နဲ့ ဒီမိုကရေစီပန်းတိုင် ဝေးနေပြီလား
ဒီအချိန်မှာ တိုင်းရင်းသားအခွင့်အရေးဆိုတာကို ရိုးသားတဲ့တိုင်းရင်းသားတွေ၊ စစ်မှန်တဲ့ ပြည်သူတွေကလွဲ၍ ပြောသံမကြားရတော့ဘူး။ ဖက်ဒရယ်အရေးဆိုတာ လူကြားကောင်းအောင်တောင် မပြောကြတော့တဲ့ လက်နက်ကိုင်တွေ၊ ဒီမိုကရေစီကကော ငါတို့နဲ့တန်ရဲ့လားဆိုတာ ပြန်ဆန်းစစ်စရာမလိုတော့တဲ့အခြေအနေ ရောက်သွားခဲ့ပြီ။ လက်ရှိသွားနေတဲ့ တည်ဆောက်ရေးလမ်းကြောင်းအားလုံး အကြမ်းဖက်တွေက အကုန်ဖျက်ဆီးနေကြတယ်။
သူတို့လိုချင်တာက လုပ်စားကိုင်စားလို့ရမယ့် နယ်မြေမှန်သမျှ လက်နက်အားကိုး တိုးချဲ့မယ်။ ကိုယ့်အကျိုးစီးပွားသက်သက် အခွင့်အလမ်းရှာမယ်၊ မူးယစ်ဆေးဝါးရောင်းမယ်၊ ဝယ်မယ်၊ ဆက်ကြေးကောက်မယ်၊ ကုန်သွယ်မှုတရားဝင်လမ်းကြောင်းတွေပျက်အောင်၊ ကုန်စည်ပြတ်လပ်အောင် လမ်းတံတားတွေဖျက်မယ်၊ မူလကတော့ တပ်မတော်ရဲ့ စစ်ဆင်ရေးပျက်အောင် လမ်းတွေဖျက်တာ၊ တရားဝင်လမ်းကြောင်းပျက်တဲ့အရသာသိသွားတော့ မှောင်ခို လမ်းကြောင်းမဖြစ်ဖြစ်အောင်ကို ဖျက်ဆီးနေတော့တာ။ တရားမဝင်တဲ့ နည်းပေါင်းစုံနဲ့ ငွေရှာတဲ့ခေတ် ရောက်သွားပြီ။ အမြင်မတူရင် သတ်မယ်၊ ဖြတ်မယ်။ အင်အားကြီးလာရင် လွှမ်းမိုးမယ်၊ မြန်မာစာ မြန်မာစကားမသင်ရ၊ ရှမ်းလူမျိုးတွေဖယ်ပေ၊ ကချင်တွေ ထွက်ပေးစသည်ဖြင့် ပိုင်ဆိုင်မှုတွေ ဖျက်ဆီးခံရ၊ လက်နက်ကိုင်လမ်းစဉ်နဲ့ အင်အားသည်သာ အခရာ၊ ဘာဒီမိုကရေစီမှမဟုတ်၊ ဘာဖက်ဒရယ်မှမဟုတ်ဘဲ၊ ဘာလူ့အခွင့်အရေး၊ ဘယ်တိုင်းရင်းသားအခွင့်အရေးမှ မဟုတ်ပါဘဲ။
သူတို့တွေကိုယ်တိုင်လည်း ဒီမိုကရေစီလမ်းကြောင်းကိုသွားဖို့ ဆန္ဒရှိဟန်မတူတော့ပါဘူး။ လက်နက်ကိုင်တဲ့အရသာ၊ ဓားပြတိုက်တဲ့အရသာ၊ ဆက်ကြေးကောက်တဲ့အရသာ၊ မူးယစ်ဆေးရဲ့အရသာ၊ မူးယစ်ဆေးသုံးပြီး အချင်းချင်းတောင်မချန် သတ်ရဲဖြတ်ရဲတဲ့အရသာ သူတို့သိသွားကြပြီလေ၊၊ ပြည်သူတွေကိုယ်တိုင်လည်း အပြုနဲ့အဖျက်အပေါ် သိသူတွေ သိလာနေကြပြီ။ သဘောပေါက်တန်ပေါက်လာကြပြီ။ မှားယွင်းတဲ့မျှော်လင့်ချက်နဲ့ false hope တွေကို ငြီးငွေ့လာကြပါပြီ။ ဒီမိုကရေစီဆိုတဲ့အရာမှာလည်း ဒီမိုကရေစီစိတ်ဓာတ်၊ ဒီမိုကရေစီကျင့်စဉ်မျိုးနဲ့ ပေးဆပ်မှုရှိမှသာ ဒီမိုကရေစီဟာ တန်ဖိုးရှိပါမယ်။
အာဏာနဲ့ ဒီမိုကရေစီကို မကွဲသေးသရွေ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ မရနိုင်ဘူးဆိုတာ လက်တွေ့အကြမ်းဖက်လုပ်ရပ်တွေက ပြနေပါတယ်။ လူတွေအများကြီး သေပြီးမှ၊ ပညာတွေ မသင်ရတော့မှ၊ မိမိတို့ပိုင်ဆိုင်မှုတွေနဲ့ မြို့တွေ ရွာတွေ အဖျက်ဆီးခံပြီးမှ၊ နောက်ဆုံးလူတွေရဲ့ စိတ်ဓာတ်တွေ အောက်တန်းနောက်တန်းကျပြီးမှ ရလာမယ့် မတည်ငြိမ်၊ ကြေးကြီးတဲ့ ဒီမိုကရေစီမျိုး တပ်မတော်ကို ပြိုကွဲအောင် ဖြိုဖျက်မယ့် လက်နက်ကိုင်ဒီမိုကရေစီမျိုး ပြည်သူတွေသည် မလိုချင်ကြတော့ပါဘူး။
ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးမှုကို ဟန်ချက်ညီညီ သွားရာကနေ
နိုင်ငံတော်ကတော့ သူ့အစီအစဉ် သူ့လမ်းကြောင်းအတိုင်း သွားလျက်ပါပဲ။ နဂိုကတည်းက ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ဖွံ့ဖြိုးရေးမူဝါဒ (Peace and Development) ကို တစ်တန်းတည်းထား တိုင်းပြည်ကို တည်ဆောက်ပြီးသွားနေတာပါ။ အနည်းဆုံးအင်အားနဲ့ ခံစစ်ရှင်အနေအထားနဲ့ ဟန့်ရုံဟန့်ထားတာ အလကားမှမဟုတ်ဘဲ။ တိုင်းပြည်ကို မထိခိုက်ချင်လို့ ပြည်သူကိုမနစ်နာအောင်လို့ တတ်နိုင်သမျှ သည်းခံပြီး လျှောက်လှမ်းနေတာ၊ အဲဒီအတွက်လည်း အများကြီးပေးဆပ်ခဲ့ရတယ်။ ပေးဆပ်နေရဆဲလည်းဖြစ်တယ်။ ဒီထက်ကြမ်းရင် ဒီထက်ဆုံးရှုံးနိုင်တယ်လို့ပဲ တွက်ခဲ့တယ်။ ပြည်တွင်းပြည်ပဖိအားအောက်မှာ အချိန်တိုအတွင်း အလုံးစုံပျက်သုဉ်းမယ့်ဘဝ ရောက်သွားနိုင်တယ်လို့ တွက်ခဲ့တဲ့အတွက် ပျော့ပျောင်းတဲ့လမ်းကြောင်းမှာပဲ အတတ်နိုင်ဆုံးလျှောက်လှမ်းနေပါတယ်။
တိုင်းပြည်မှာ တည်ငြိမ်မှုရှိအောင် ရှိတဲ့အင်အားနဲ့ ရသမျှလုပ်၊ ငြိမ်းချမ်းရေးကို ထိန်းထား၊ စီးပွားရေးဖွံ့ဖြိုးမှုအပြင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးရာ အားကစားကအစ ဟန်ချက်ညီညီတိုးတက်နေအောင် ဂရုစိုက်တယ်၊၊ တည်ငြိမ်မှုနဲ့ဖွံ့ဖြိုးမှုကို ဟန်ချက်ညီအောင် လုပ်နေတဲ့အနေအထားမှာ ပိုပြီးတည်ငြိမ်အောင် လုပ်ကိုလုပ်ရမယ့်အနေအထားတစ်ခုကို တွန်းပို့နေပြီလား။ ဒါကတော့ EAO stakeholder တွေရဲ့စေတနာပါပဲ။
သူတို့ရဲ့ မိုက်တွင်းနက်နေမှုကိုတော့ သူတို့ကိုယ်တိုင်ရပ်မှာမဟုတ်ဘူးလို့တော့ မြင်မိတယ်။ လမ်းတံတား၊ လျှပ်စစ်စသည့်အခြေခံအဆောက်အအုံ တွေ၊ ကျန်းမာရေး၊ ပညာရေး၊ ဘာသာရေး၊ လူမှုရေးအခြေခံတွေ အကုန်မပျက်ပျက်အောင် ဖျက်ကြဦးမှာပါ။ ဒီကြားထဲ စစ်ရာဇဝတ်ဆန်ဆန်လုပ်ရပ်တွေ လုပ်လာတဲ့ EAO အစွန်းရောက်တွေကြောင့် ပြည်ပ ပယောဂနဲ့ စွက်ဖက်မှုအန္တရာယ်ကိုလည်း သတိထားလာနေရတယ်။ ကိုယ့်ကိုနဖားကြိုးထိုးတဲ့ ပြည်ပ ဩဇာအကြိုက်လိုက် လူမျိုးတုန်းခေါင်းစဉ်တပ်ပြီး အဖျက်သမားအချင်းချင်း ဇာတ်တူသားစား နောက်ကျောဓားနဲ့ထိုးတဲ့ လုပ်ရပ်တွေကိုလည်း မြင်အောင်ကြည့်စေချင်တယ်။
ဘာပဲဖြစ်ဖြစ် နောက်ဆုံးမှာ ပြည်သူသည်သာ အဓိက၊ ပြည်သူဆီသာ မျက်နှာမူရမှာပါ။ ပြည်သူ တွေကတော့ သူတို့ရဲ့ခါးစည်းခံဘဝကနေ သက်သာချင်နေကြပါပြီ။ ငါတို့ရဲ့အေးချမ်းမှုကို အပျက်အစီးတွေနဲ့ မလဲချင်ကြတော့ပါဘူး။ ယခုအချိန်မှာ ပြည်သူတွေ လိုချင်တာက တည်ငြိမ်မှုတစ်ခုနဲ့ အေးချမ်းသာယာမှု၊ လုပ်စားကိုင်စားကောင်းပြီး စားဝတ်နေရေးချောင်လည်ချင်တာ ပညာသင်ချင်တာပါပဲ။ ဒါကြောင့် ဖြတ်သင့်တာ အပြတ်ဖြတ်ရမယ်လို့ သဘောပေါက်လာကြတဲ့ ပြည်သူတွေလည်း များလာပါပြီ။ တော်လှန်ရေးနောက် တရွတ်ဆွဲလိုက်ပါနေတဲ့ တချို့သောပြည်သူတွေ သူများယောင်တိုင်း လိုက်မယောင်သင့်တော့ပါ။ အများစု လူငယ်တွေကိုယ်တိုင်လည်း မိမိတို့တစ်ချိန်မှာ အထင်ကြီးခဲ့တဲ့ တော်လှန်ရေးခေါင်းဆောင်တွေ တော်လှန်ရေးမိခင်၊ ဖခင်ဆိုသူတွေအပေါ် ဥပါဒါန်အစွဲတွေကို ဖြတ်ထားပေးပါ။ သူတို့တွေအတွက် မပူပါနဲ့။ သင်တို့ရဲ့ခေါင်းဆောင်ဆိုသူတွေဟာ မိမိတို့နေထိုင်ရာ အခြားကမ္ဘာခြမ်းမှာ ကြီးပွားတိုးတက်နေကြပါပြီ။ သူတို့သားသမီးတွေကို ကျောင်းကောင်းကောင်းမှာထား ပညာသင်ပေးနေကြပြီ။ ကောင်းကောင်းနေ၊ ကောင်းကောင်းစား အဆီယစ်ဝအီနေကြပြီဖြစ်ပါတယ်၊၊
ဖြတ်ဆိုတဲ့နေရာမှာလည်း လူတွေကိုဘယ်လိုမှ ကောင်းကျိုးမပေး၊ EAO အတွက်သာ အသက်ဆက်ပေးနေတဲ့ မူးယစ်ကုန်သွယ်လမ်းကြောင်းတွေကို အဓိကဖြတ်ရပါမယ်။ အဖျက်လုပ်ရပ်နဲ့ ဘယ်လိုမှ လက်တွဲလို့မရနိုင်တဲ့ဖြတ်သင့်တဲ့ သံယောဇဉ်ကျောထောက်နောက်ခံမှန်သမျှ အမြစ်ပြတ်အောင် ဖြတ်သင့်ပါတယ်။ လူယုတ်မာတွေရဲ့ အဖျက်စွမ်းအား ယခုထက်ပိုမကြီးလာအောင်၊ လူ့စွမ်းအား အရင်းအမြစ်တွေ ပိုပြီးမဆုံးရှုံးရအောင်လို့ပါ။
မဟုတ်ရင်တော့ ပြည်ပအင်အားစုတွေနဲ့ တချို့ပြည်တွင်းအဖျက်သမားတွေအကြိုက် သူတို့ ရည်မှန်းနေတဲ့ အလုံးစုံပျက်သုဉ်းရေးလမ်းကြောင်းသာ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီလိုလမ်းကြောင်းမျိုး ဖြစ်ပေါ်မလာနိုင်အောင် ကာကွယ်တိုက်ဖျက်နိုင်မယ့် စွမ်းအားမျိုး၊ တောက်နေတဲ့မီးတောက်ကြီးကို ငြှိမ်းသတ်နိုင်မယ့်စွမ်းအား၊ အက်ကြောင်းတွေကို ပြန်ဖာထေးနိုင်မယ့်စွမ်းအား၊ ဒီလိုစွမ်းအားမျိုးကတော့ ရိုးသားစစ်မှန်တဲ့ ပြည်သူနဲ့အတူ တပ်မတော်ရဲ့ လက်ထဲမှာပဲရှိပါမယ်၊ တိုင်းပြည်ချစ်တဲ့ ပါတီအဖွဲ့အစည်းတွေရဲ့ လက်ထဲမှာသာလျှင် ရှိနေမှာဖြစ်ပါတော့တယ်။