အရှေ့တောင်အာရှနိုင်ငံများတွင် တွေ့ရသော ကျွဲ၊ နွား ခွာနာလျှာနာရောဂါနှင့် ရောဂါထိန်းချုပ်ရေး ဆောင်ရွက်မှုများ
ဒေါက်တာခင်ဥမ္မာလွင် (တိရစ္ဆာန်ဆေးကုဆရာဝန်)
ခွာနာလျှာနာရောဂါ ဗိုင်းရပ်စ်ပိုးမျိုးကွဲများနှင့် ဖြစ်ပွားခဲ့မှု
ခွာနာလျှာနာရောဂါသည် အရှေ့တောင်အာရှနိုင်ငံများ၌ ခွာကွဲတိရစ္ဆာန်များတွင် လျင်မြန်စွာ ကူးစက်စေတတ်သည့် အဓိကကျသော ရောဂါတစ်ခုဖြစ်သည်။ တိရစ္ဆာန်နှင့် တိရစ္ဆာန်ပစ္စည်းများ ကုန်သွယ်မှု၌ ရောဂါကင်းစင်မှုသည် အရေးပါသည့်ရောဂါဖြစ်၍ ရောဂါကင်းရှင်းနိုင်ငံဖြစ်စေရန် ဆောင်ရွက်လျက်ရှိကြသော်လည်း တိရစ္ဆာန်နှင့် တိရစ္ဆာန်ပစ္စည်းများ၏ ရွှေ့ပြောင်းသွားလာမှုများကြောင့် လျင်မြန်စွာ ပြန်လည်ဖြစ်ပွားနိုင်သော ရောဂါဖြစ်သည်။ ခွာနာလျှာနာရောဂါဖြစ်ပွားစေ သော ဗိုင်းရပ်စ်ပိုးမျိုးကွဲ (၇) မျိုးရှိပြီး Type O, A, C, SAT 1, SAT 2, SAT 3 နှင့် Asia 1 တို့ ဖြစ်ကြသည်။ မျိုးကွဲတစ်ခုနှင့် တစ်ခုအကြားတွင် ရောဂါခုခံနိုင်မှု သီးခြားစီရှိကြသည်။ ၎င်းခုနစ်မျိုးတွင် Type “O” အမျိုးအစားသည် ဖြစ်ပွားမှုအများဆုံးဖြစ်သည်။
အရှေ့တောင်အာရှနိုင်ငံများ၌ ခွာနာလျှာနာရောဂါဖြစ်ပွားခဲ့မှုသမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုလျှင် နှစ်ပေါင်း ၁၅၀ ခန့်ကာလ (၁၈၆၀ ပြည့်နှစ် မှ ၂၀၁၁ ခုနှစ်အထိ) ရှည်ကြာနေပြီဖြစ်သည်။ နှစ်ပေါင်း ၁၅၀ အတွင်း အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့တွင် ခွာနာလျှာနာရောဂါဖြစ်ပွားခဲ့ကြောင်း မှတ်တမ်းများ တွေ့ရှိရသည်။
ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့သည် နိုင်ငံအတွင်း ဒေသအလိုက်ဖြစ်ပွားမှု (Endemic) တွေ့ရှိရသည်။ စင်ကာပူနိုင်ငံမှလွဲ၍ ကျန်နိုင်ငံများသည် Type O အများဆုံးဖြစ်ပွားခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် Type O, A နှင့် Asia 1 အမျိုးအစား သုံးမျိုးကို တွေ့ရှိရသည်။ ဇယား(၁)၌ နှစ်ပေါင်း ၁၅၀ အတွင်း နိုင်ငံအလိုက် ခွာနာလျှာနာရောဂါဖြစ်ပွားမှုမျိုးကွဲများကို ဖော်ပြထားသည်။
Type O အမျိုးအစား
ကမ္ဘာအနှံ့တွေ့ရှိရသော Type O အမျိုးအစားများမှ ဖြစ်ပွားသောဒေသပေါ်မူတည်၍ ဥရောပ-တောင်အမေရိက၌ တွေ့ရှိရပါက (EU-SA)၊ အရှေ့အလယ်ပိုင်းနှင့် တောင်အာရှပိုင်း၌ တွေ့ရပါက(ME-SA)၊ အရှေ့တောင်အာရှ၌ (SEA)၊ Cathay၌ တွေ့ရပါက (CHY)၊ အနောက်အာဖရိက၌ (WA)၊ အရှေ့ အာဖရိက၌ တွေ့ရသော (EA-1)၊ (EA-2)နှင့် (EA-3) အင်ဒိုနီးရှား၌ တွေ့ရသော (ISA-1)နှင့် (ISA-2) ဟု သင်္ကေတ သတ်မှတ်ကြသည်။ အရှေ့တောင်အာရှနိုင်ငံများတွင် ထူးခြားစွာတွေ့ရသော အမျိုးအစားများမှာ O/SEA၊ O/ME-SA နှင့် O/CHY တို့ ဖြစ်ကြသည်။
O/SEA အမျိုးအစားတွင် မျိုးဗီဇမျိုးရိုးဖြစ်သည့် O/SEA/Mya-98နှင့် O/SEA/Cam-94 တို့မှာ ထူးခြားကွဲပြား၍ O/SEA/Mya-98 သည် ပိုမိုပြင်းထန်ကြောင်း သိရှိရသည်။ ခန့်မှန်းခြေ ၃၅ နှစ်ခန့်ကာလအတွင်းရှိ ခွာနာလျှာနာရောဂါဖြစ်စေသော ဗိုင်းရပ်စ်ပိုးများ၏ မျိုးရိုးဗီဇကို လေ့လာကြည့်ပါက O/SEA/Mya-98 မျိုးရိုးကို အရှေ့တောင်အာရှ ခြောက်နိုင်ငံတွင် တွေ့ရှိခဲ့ရသည်။
O/ME-SA အမျိုးအစားတွင် မျိုးဗီဇမျိုးရိုးဖြစ်သည့် O/ME-SA/PanAsia ကို မလေးရှားနိုင်ငံတွင် တွေ့ရလေ့ရှိသည်။ O/ME-SA/Ind-2001 မျိုးရိုးကို အိန္ဒိယနိုင်ငံတွင် တွေ့ရှိခဲ့ရပြီး မြောက်အာဖရိက နိုင်ငံများနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ ပျံ့နှံ့သွားခဲ့သည်။ ၂၀၁၅ ခုနှစ် နောက်ပိုင်းတွင် အရှေ့ တောင်အာရှနိုင်ငံဖြစ်သည့် လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် မြန်မာနိုင်ငံသို့ ပျံ့နှံ့ခဲ့ပါသည်။ ဝက်များတွင် တွေ့ရသော O/CHY သည် နယ်စပ်ကုန်သွယ်ရေး စီးဆင်းရာ တရုတ်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံများ၌ ပျံ့နှံ့ ဖြစ်ပွားလျက်ရှိသည်။
Type A အမျိုးအစား
Type A အမျိုးအစားသည် ၁၉၆၀ ပြည့်နှစ်ခန့်မှစ၍ နေရာအနှံ့ ပျံ့နှံ့ဖြစ်ပွားခဲ့ပြီး ဗီဇမျိုးရိုး ၃၂ ခုခန့် ခွဲထွက်ခဲ့သည်။ ၁၉၈၀ ပြည့်နှစ်တွင် အီရတ်နိုင်ငံမှ တွေ့ရသော ဗီဇမျိုးရိုး A22 နှင့် ထိုင်းနိုင်ငံမှ တွေ့ရ သော ဗီဇမျိုးရိုး A15 တို့မှာ အာရှတွင် လွှမ်းမိုးလာခဲ့သည်။ ရေမြေဒေသပေါ်မူတည်၍ အဓိကအမျိုးအစား သုံးမျိုးတွေ့ရပြီး Euro-SA ၊ Asia နှင့် Africa တို့ သတ်မှတ်ထားသည်။ အာရှတွင် တွေ့ရသော အမျိုးအစားများမှာ A15 ၊ A22 ၊ Iran-05 ၊ Thai-87 ၊ Sea-97 နှင့် G-VII မျိုးရိုးများ ဖြစ်ကြ သည်။
Type Asia 1 အမျိုးအစား
Type Asia 1 အမျိုးအစားသည် မျိုးဗီဇကွဲ ၄၄ မျိုးကို ဘင်္ဂလားဒေ့ရှ် ၊ ဘာရိန်း၊ ဘူတန်၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ဂရိ၊ အိန္ဒိယ၊ အစ္စရေး၊ ကူဝိတ်၊ လက်ဘနွန်၊ မလေးရှား၊ နီပေါ၊ အိုမန်၊ ပါကစ္စတန်၊ ဆော်ဒီအာရေဗျ၊ တာဂျီကစ္စတန်၊ ထိုင်း၊ တူကီယဲ၊ တရုတ် (ဟောင်ကောင်) နှင့် ယီမင်နိုင်ငံတို့မှ ရောဂါဖြစ်ပွားသော နမူနာပစ္စည်းများမှ စုဆောင်းရရှိခဲ့ သည်။
Type C အမျိုးအစား
Type C အမျိုးအစားကို ဥရောပနှင့် တောင်အမေရိကနိုင်ငံများတွင် ဦးစွာတွေ့ရှိရပြီး ဗီဇမျိုးကွဲ (C1 – C5) ခွဲခြားထားသည်။ ရေမြေဒေသပေါ်မူတည်၍ Euro-SA ၊ Africa နှင့် Asia သတ်မှတ်ထားသည်။ ၁၉၇၆ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၌ (C-Philippine) မျိုးဗီဇကို တွေ့ခဲ့ရပြီး တောင်အမေရိကနိုင်ငံမှ ကာကွယ်ဆေးထုတ်လုပ်သော ပိုးအမျိုးအစား (C3/Resende/Brazil/55)နှင့် ဆင်တူကြောင်း တွေ့ရှိခဲ့ရ သည်။ Type C ကို ကမ္ဘာတစ်ဝန်းတွင် လွန်ခဲ့သော ၁၄ နှစ်မှစ၍ မတွေ့ရှိခဲ့တော့ကြောင်း မှတ်တမ်း တင်ထားရှိခဲ့သည်။
အရှေ့တောင်အာရှနိုင်ငံများတွင် ခွာနာလျှာနာရောဂါပျံ့နှံ့စေသည့်အချက်များ
တိရစ္ဆာန်များ ရွှေ့ပြောင်းသွားလာခြင်းနှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ ကုန်သွယ်မှုသည် ခွာနာလျှာနာရောဂါပျံ့နှံ့စေခြင်း၏ အဓိကအန္တရာယ်ရှိစေသောအချက်ဖြစ်သည်။ အဆိုပါ ဈေးကွက်ကွင်းဆက်ကို သေချာနားလည်စွာ ထိန်းချုပ်ခြင်းသည် ရောဂါပျံ့နှံ့မှုကွင်းဆက်ကို ထိန်းချုပ်ရာတွင် အခြေခံကျသည်။ ထို့ပြင် ဗိုင်းရပ်စ်ပိုးကို လက်ခံထားသော တိရစ္ဆာန်များသည်လည်း ရောဂါပျံ့နှံ့စေခြင်း၏ အရေးကြီးအချက်ဖြစ်ပါသည်။ Bos taurus နှင့် Bos indicus စသော နွားမျိုးများနှင့် ကျွဲများသည် ရောဂါလက္ခဏာမပြဘဲ ဗိုင်းရပ်စ် သယ်ဆောင်ထားနိုင်ခြင်း၊ ဝက်များသည်လည်း ဗိုင်းရပ်စ်သယ်ဆောင်နိုင်ခြင်း၊ သိုး၊ ဆိတ်များသည်လည်း ဗိုင်းရပ်စ်ပျံ့နှံ့မှုကွင်းဆက်တွင် အရေးပါသောအခန်းကဏ္ဍတွင် ပါဝင်နေခြင်းတို့ဖြစ်သည်။ သို့သော် ခွာကွဲတိရစ္ဆာန်မျိုးစိတ်များကို လေ့လာမှုများ ဆက်လက်ဆောင်ရွက်နိုင်ပါက ပိုမိုနားလည်လာမည်ဖြစ်သည်။
အရှေ့တောင်အာရှရှိ ခွာနာလျှာနာကာကွယ်ဆေးထုတ်လုပ်သည့်နိုင်ငံများ
အရှေ့တောင်အာရှနိုင်ငံများအကြား ကာကွယ်ဆေးထုတ်လုပ်ရာတွင် ပြည်ပသို့ တင်ပို့ရန်နှင့် ဒေသတွင်း/နိုင်ငံတွင်း အသုံးပြုရန်စသဖြင့် ရည်ရွယ်ချက်များဖြင့် ထုတ်လုပ်ကြသည်။ ထိုင်းနိုင်ငံ၊ Department of Livestock Development (DLD)၊ Bureau of Veterinary Biologics Pak-Chong သည် ဒေသတွင်း ကာကွယ်ဆေးထုတ်လုပ်ခြင်း၏ အဓိကအရင်းအမြစ်ဖြစ်သည်။ မြန်မာနိုင်ငံသည်လည်း နိုင်ငံတွင်းအသုံးပြုနိုင်ရန် ကာကွယ်ဆေးထုတ်လုပ်လျက်ရှိပါသည်။ အခြားသောဒေသများမှ အရှေ့တောင်အာရှနိုင်ငံများသို့ ကာကွယ်ဆေးတင်ပို့သည့် ကာကွယ်ဆေးများတွင် ပါဝင်သော ပိုးအမျိုး အစား Type O တွင် O/3039 နှင့် O1/Manisa၊ Type A တွင် A22/Iraq နှင့် A/IRN/05၊ Type Asia 1 တွင် Asia1/Shamirတို့ ဖြစ်ကြသည်။
ကာကွယ်ဆေးအသုံးပြုပုံ
ကာကွယ်ဆေး၏ အကျိုးအာနိသင်သည် အချက်များစွာပေါ်တွင် မူတည်နေသည်။ ကာကွယ်ဆေးထိန်းသိမ်းမှု အအေးစနစ်တကျဖြစ်ခြင်း၊ ရောဂါဖြစ်ပွားမှုနှင့် သင့်တော်သော ဗိုင်းရပ်စ်ပိုးအမျိုးအစားဖြစ်ခြင်း၊ ကာကွယ်ဆေးထိုးနည်းလမ်းမှန်ကန်ခြင်း၊ အကျိုးသက်ရောက်သော ကာကွယ် ဆေးထိုး နည်းဗျူဟာရေးဆွဲထားခြင်း၊ ရောဂါခုခံ နိုင်စွမ်းရရှိစေရန် ကာကွယ်ဆေးပမာဏ အပြည့် ထိုးနှံနိုင်ခြင်း ဖြစ်ရပါမည်။ နိုင်ငံတွင်းဖြစ်ပွားသည့် ဗိုင်းရပ်စ်ပိုးကိုအခြေခံ၍ ထုတ်လုပ်သည့် ကာကွယ်ဆေးအာနိသင်နှင့် ကာကွယ်ဆေးအားပမာဏပြည့်ထိုးနှံခြင်းသည် အကျိုးသက်ရောက်မှုရှိပါသည်။
ထို့ပြင် ဇီဝလုံခြုံရေး၊ ကာကွယ်ဆေးထိုးခြင်း၏ အကျိုးသက်ရောက်မှု၊ တိရစ္ဆာန်ရွှေ့ပြောင်းသွားလာခြင်းနှင့် တိရစ္ဆာန်အမှတ်အသားတပ်ခြင်းဆိုင်ရာ ရောဂါထိန်းချုပ်မှု တိုင်းတာခြင်းများအတွက် ပြည်သူအသိပညာပေးခြင်းများကို ဆောင်ရွက်ရပါမည်။ ထို့ပြင် ရောဂါစစ်ဆေးမှုတွင် မျိုးကွဲ ခွဲခြား ၍ မရသော နမူနာပစ္စည်း (၆၃ ဒသမ ၄) ရာခိုင်နှုန်းခန့် တွေ့ရှိနေရသည်။ ထိုအချက်မှာ နမူနာပစ္စည်းအရည်အသွေးမမီခြင်း၊ အနာကျက်ပြီးသော အနာဖေးကို ယူမိခြင်းနှင့် နမူနာပစ္စည်းသယ်ဆောင် ရာတွင် အအေးစနစ် မမှန်ကန်ခြင်းများကြောင့် ဖြစ်တတ်ပြီး ထိုနမူနာပစ္စည်းများကို စမ်းသပ်စစ်ဆေးနိုင်ပါက ဒေသတွင်းဖြစ်ပွားသည့် ဗိုင်းရပ်စ်၏ သဘောသဘာဝကို ပိုမိုနားလည်ပြီး ကာကွယ် ဆေးထုတ်လုပ်၍ ရောဂါထိန်းချုပ်ရေးတွင် အကျိုးသက်ရောက်မှုရှိပါသည်။
အောင်မြင်သော ခွာနာလျှာနာရောဂါကင်းရှင်းဇုန်အဖြစ် ထူထောင်ရန်ဆောင်ရွက်ရမည့်အချက်များ
ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် ခွာနာလျှာနာရောဂါအမြစ်ပြတ်သုတ်သင်ခြင်းအစီအစဉ်ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည့် နိုင်ငံများဖြစ်သည်။ ခွာနာလျှာနာရောဂါ အမြစ်ပြတ်သုတ်သင်ခြင်းအစီအစဉ်တွင် (၂) နိုင်ငံလုံးသည် တူညီသည့်အချက်များကို အသုံးပြုခဲ့သည်။
ပထမအချက်သည် ကျွန်းနိုင်ငံဖြစ်၍ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းကုန်သွယ်မှုကို ထိန်းချုပ်နိုင်ခြင်း၊ ဒုတိယအချက်အနေဖြင့် ကာကွယ်ဆေးသုံးရာတွင် မျိုးကွဲများစွာ အသုံးမပြုဘဲ မျိုးကွဲတစ်ခုတည်းကိုသာ အသုံးပြုခြင်းတို့ဖြစ်သည်။ ထို့ပြင် ဖိလစ်ပိုင်နိုင်ငံသည် ကြားခံဇုန်များ (Buffer Zone) ထူထောင်၍ ရောဂါစောင့်ကြည့်စစ်ဆေးခြင်းများကို ကာကွယ်ဆေးထိုး မထိုးခင်နှင့် ကာကွယ်ဆေး ထိုးပြီးနောက် စဉ်ဆက်မပြတ်ဆောင်ရွက်ခြင်း၊ ထို့နောက် ရောဂါဖြစ်ပွားမှု တွေ့ရှိရသော တိရစ္ဆာန်ကို အမြစ်ပြတ်သုတ်သင်ခြင်းများကို ဆောင်ရွက်ခဲ့သည်။ ရောဂါထိန်းချုပ်နိုင်ရေးအတွက် ပြည်သူပညာပေးရေးအစီအစဉ်များ၊ အင်တာနက်စာမျက်များ၌ လျင်မြန်စွာ သတင်းပို့ခြင်းနှင့် အရေးပေါ် တုံ့ပြန်ဆောင်ရွက်နိုင်ရန် ပြင်ဆင်ခြင်းများကို ဆောင်ရွက်ခဲ့သည်။
ထို့ပြင် တစ်ပိုင်တစ်နိုင် မွေးမြူရေးသမားများနှင့် သက်ဆိုင်သူများအားလုံးပါဝင်သော ရောဂါထိန်းချုပ်ရေးအစီအစဉ်များ ပြုလုပ်ခြင်းနှင့် ရပ်ရွာများ၌ စီမံခန့်ခွဲမှုဆိုင်ရာအဖွဲ့များ ဖွဲ့စည်းခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။ ဇီဝလုံခြုံမှုစီမံခန့်ခွဲခြင်းကို နားလည်စေရန် အားလုံးပါဝင်သောလှုပ်ရှားမှုများ၊ ရောဂါခုခံမှုဆိုင်ရာ ပြောင်းလဲမှုများ၊ ဗဟုသုတ အဆင့်အတန်းသတ်မှတ်ခြင်း၊ ယဉ်ကျေးမှုဓလေ့ထုံးစံများ၏ အယူအဆများ၊ မွေးမြူရေးခြံများအလိုက် အဆင့်အတန်းသတ်မှတ်ခြင်း၊ ပါဝင်လှုပ်ရှားသူများ၏ ခေါင်းဆောင်မှုများကို စနစ်တကျ လေ့ကျင့်ဆောင်ရွက်ကြရပါသည်။ အဆိုပါဇီဝ လုံခြုံမှုများကို တစ်ပိုင်တစ်နိုင် မွေးမြူရေးခြံများတွင် လက်တွေ့လိုက်နာကျင့်သုံးလာပါက ခွာနာလျှာနာရောဂါထိန်းချုပ်ရာတွင် လျင်မြန်သော အထောက်အကူဖြစ်စေသည်။
ခွာနာလျှာနာရောဂါထိန်းချုပ်မှုတွင် တွေ့ကြုံရသော အခက်အခဲများကို ကြည့်မည်ဆိုပါက တရားမဝင်တိရစ္ဆာန်ရွှေ့ပြောင်းသွားလာမှုများ၊ ပုံမှန်ကာကွယ်ဆေးထိုးနှံမှုမရှိခြင်း၊ ဇီဝလုံခြုံမှု အားနည်းခြင်း၊ အရေးပေါ်ရောဂါထိန်းချုပ်ရေးအဖွဲ့များ ဖွဲ့စည်းထားမှုမရှိခြင်း၊ ပြည်တွင်းပြည်ပပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းတို့ဖြစ်သည်။ ထို့ကြောင့် ခွာနာလျှာနာရောဂါထိန်းချုပ်ရေးတွင် နည်းပညာအရည်အသွေးမြှင့်တင်ခြင်း၊ ဓာတ်ခွဲခန်းအရည်အသွေးများ မြှင့်တင်ခြင်း၊ ကွင်းဆင်းဆောင်ရွက်သည့် စောင့်ကြည့်လေ့လာရေးစနစ်များ မြှင့်တင်ခြင်း၊ ဒေသတွင်း ဈေးကွက်ကွင်းဆက်များတွင် အသိပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် နွားပွဲဈေးများ၏ တိရစ္ဆာန်ရွှေ့ပြောင်းသွားလာမှုလုပ်ငန်းစနစ် မြှင့်တင်ခြင်း၊ ပြည်တွင်းပြည်ပတိရစ္ဆာန်နှင့် တိရစ္ဆာန်ကုန်သွယ်မှု ဈေးကွက်များတွင် ခွာနာလျှာနာရောဂါဆိုင်ရာ အသိပညာပေးခြင်းများ ပိုမိုနားလည်စေရန် ဆောင်ရွက်သွားကြရပါမည်။
ထို့ကြောင့် အရှေ့တောင်အာရှနိုင်ငံများသည် နိုင်ငံအလိုက် ကိုယ်ပိုင်ရေတိုရေလတ်အစီအမံများကို ချမှတ်ထားရမည်။ ခွာနာလျှာနာရောဂါထိန်းချုပ်ခြင်းနှင့် အမြစ်ပြတ်သုတ်သင်ခြင်း အစီအစဉ်များကို တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းနိုင်ရန် ဒေသတွင်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုသည် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်သည်။ သို့ဖြစ်ပါ၍ လွယ်ကူချောမွေ့သော ကုန်သွယ်စီးဆင်းမှုများ၊ ရောဂါဖြစ်ပွားမှုအန္တရာယ်အဆင့်စီမံခန့်ခွဲခြင်းနှင့် ဇီဝလုံခြုံမှုစနစ်ထူထောင်သွားပါက အနာဂတ်တွင် ခွာနာလျှာနာရောဂါထိန်းချုပ်မှုလုပ်ငန်းများ၏ အဓိကသော့ချက်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။ ။
ကျမ်းကိုး။ “A history of FMD research and control programmes in Southeast Asia: lessons from the past informing the future”, 2019. Stuart D. Blacksell, Jarunee Siengsanan-Lamont, Somjai Kamolsiripichaiporn, Laurence J. Gleeson and Peter A. Windsor, Journal of Epidemiology and Infection.