Skip to main content

သဲကန္တာရဖြစ်ထွန်းမှုတားဆီးရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ဖို့ သစ်တောသစ်ပင် ပြုစုထိန်းသိမ်းစို့

ဟိန်းလင်းစိုး (ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန)

ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာဂြိုဟ်သည် ရေ၊ လေ၊ မြေ၊ အပူစွမ်းအင်တို့ဖြင့် ဖွဲ့စည်းတည်ရှိနေပြီး လူအပါအဝင် သက်ရှိပေါင်းမြောက်မြားစွာ၏ တစ်ခုတည်းသော မူလဘူတ မှီခိုရာအိမ်ကြီးသဖွယ်ဖြစ်ပါသည်။ ပုံစံမျိုးစုံဖြင့် ဖွဲ့စည်းလျက်ရှိသည့် သက်မဲ့များ၏ အစုအဝေးများလည်း တည်ရှိပြီး သက်ရှိသက်မဲ့များ ဆက်နွှယ်မှုရှိသည့် ဂေဟစနစ်မျိုးစုံလည်း ဖြစ်တည်လျက်ရှိသကဲ့သို့ ပြောင်းလဲမှုဖြစ်စဉ်များလည်း တည်ရှိပါသည်။ တည်မှီလျက်ရှိသည့် သက်ရှိများဖြစ်သည့် လူအပါအဝင် သတ္တဝါများနှင့် အပင်များ ရေရှည်တည်တံ့ခိုင်မြဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးမှာ လွန်စွာအရေးကြီးလှပါသည်။ စဉ်ဆက်မပြတ် ပူးတွဲရပ်တည်ရှင်သန်ရမည်ဖြစ်ပါသည်။

ယိုယွင်းပျက်စီးလာနေ

လူဦးရေတိုးပွားလာမှုနှင့်အတူ တည်မှီအသုံးပြုမှုနှင့် ထုတ်ယူအသုံးပြုမှုများကြောင့် သစ်ပင်သစ်တောများအပါအဝင် သဘာဝသယံဇာတများမှာ နေ့စဉ်မပြတ် ဆုတ်ယုတ်ပျက်စီးဆုံးရှုံးလာလျက်ရှိသည်။ တစ်ဖက်၌ စိုက်ပျိုးရေးလုပ်ငန်းများတွင် အထွက်နှုန်းတိုးစေရန် ဓာတုဓာတ်မြေဩဇာများ သုံးစွဲမှုများပြားလာခြင်း၊ သယံဇာတများ တရားမဝင်နှင့် စနစ်မကျစွာ အလွန်အကျွံထုတ်ယူသုံးစွဲခြင်း၊ ရာသီဥတုပြောင်းလဲမှုဒဏ်ခံရခြင်း စသည်တို့ကြောင့် မြေပြင်ပေါ်ရှိ မြေဆီလွှာဖွဲ့စည်းမှုနှင့် မြေပြင်မူလအနေအထားများ ယိုယွင်းပျက်စီးလာနေပါသည်။

ယင်းသို့ ယိုယွင်းပျက်စီးလာရသည်နှင့်အမျှ ၎င်းအပေါ် မှီခိုသက်ရှင်ရပ်တည်ရသည့် ဇီဝမျိုးစုံမျိုးကွဲများသည်လည်း တစ်စတစ်စ မျိုးပွားမှုကျဆင်းခြင်း၊ နေရာဒေသပျက်စီးမှုကြောင့် ပြောင်းရွှေ့ ကျက်စားရခြင်း၊ သေကျေပျက်စီးမှုများခြင်းတို့ကြောင့် မျိုးတုန်းပျောက်ကွယ်ခြင်းတို့ ဖြစ်လာရပါသည်။ ဤသည်ပင်လျှင် ဂေဟစနစ်များ ယိုယွင်းခြင်းဖြစ်ပါသည်။ ယင်းသို့ယိုယွင်းလာရမှုနှင့်အတူ အကျိုးဆက်အားဖြင့် လူသားအားလုံးအပါအဝင် သက်ရှိများအတွက် ဆိုးကျိုးတရားများဖြစ်သည့် ရာသီဥတုလွန်ကဲစွာ ဖောက်ပြန်လာခြင်း၊ မြေထု၊ ရေထု၊ လေထုညစ်ညမ်းမှုနှုန်း မြင့်တက်လာခြင်း၊ ပတ်ဝန်းကျင်အရည်အသွေး ကျဆင်းလာခြင်း၊ နောက်ဆုံးတွင် သဲကန္တာရဖြစ်ထွန်းခြင်းအဆင့်သို့ ရောက်ရှိလာခြင်းများ တိုးမြင့်လာပြီး ဆုတ်ယုတ်သည့် ပတ်ဝန်းကျင်တစ်ရပ်ကို ပေါ်ပေါက်လာစေခဲ့ပါ သည်။ ၎င်းအထဲတွင် လူသူသတိပြုမှု နည်းပါးပြီး ကြီးမားသော အန္တရာယ်ရှိသည်မှာ သဲကန္တာရဖြစ်ထွန်းမှုပင်ဖြစ်ပါသည်။ သတိမပြုမိ၍ မြေယာအတန်းအစားကျဆင်းမှု ကာလရှည်စွာ ဆင့်ကဲဖြစ်စဉ်များအရ တစ်စတစ်စတိုးမြင့်လာတတ်ပြီး သဲကန္တာရပေါ်ပေါက်လာပါက ကုစားရခက်ခဲသည့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာဖြစ်လာတတ်ပါသည်။        

လူဦးရေတိုးပွားလာသည်နှင့်အမျှ သစ်နှင့် ထင်းများ အလွန်အကျွံထုတ်ယူခြင်း၊ စိုက်ပျိုးမြေများ ချဲ့ထွင်ခြင်း၊ သတ္တုတူးဖော်ခြင်း၊ ဆည်တာတမံများ တည်ဆောက်ခြင်း၊ စားကျက်ချခြင်း၊ မြို့ရွာများ တိုးချဲ့တည်ထောင်ခြင်းစသည့် လုပ်ဆောင်ချက်များကြောင့် အပူပိုင်းဒေသသစ်တောများ ပြုန်းတီးခြင်း၊ မြေဆီလွှာပျက်စီးခြင်းများ ဖြစ်ပေါ်ပြီး အပူပိုင်းဂေဟစနစ်ပျက်စီးကာ သဲကန္တာရဖြစ်ထွန်းလာခြင်းဖြစ်သည်။

သဲကန္တာရဖြစ်ထွန်းခြင်းသည် ရာသီဥတုစနစ်များ သဘာဝအခြေအနေထက် ပိုမိုလွန်ကဲစွာ ပြောင်းလဲမှုနှင့် အထက်တွင် ဖော်ပြသကဲ့သို့ လူတို့၏ လုပ်ဆောင်မှုများအပါအဝင် များစွာသောအကြောင်း အမျိုးမျိုးတို့ကြောင့် အလွန်ပူပြင်းခြောက်သွေ့သော လွင်တီးခေါင်ဒေသများ၊ အသင့်အတင့် ပူပြင်းခြောက်သွေ့သော လွင်ပြင်ဒေသများနှင့် ခြောက်သွေ့လျက် အသင့်အတင့်စိုစွတ်သောဒေသများတွင် ဆယ်စုနှစ်များစွာကြာသည်အထိ မြေဆီလွှာအဆင့်အတန်း ယိုယွင်းပျက်စီးလာခြင်းကြောင့် ဖြစ်ပါသည်။ သဲကန္တာရဖြစ်ထွန်းမှုသည် မြေဆီဩဇာကောင်းမွန်၍ သက်ရှိအပင်နှင့် သတ္တဝါများအတွက် အဖိုးတန်အသုံးဝင်သော မြေသားမြေလွှာမှ မြေဆီမြေနှစ်ကင်းမဲ့၍ အသုံးမဝင်သော မြေသားမြေလွှာအဖြစ်သို့ ရောက်ရှိကာ ကျယ်ဝန်းသော ခြောက်သွေ့ပူပြင်းသည့် လွင်တီးခေါင် သဲကန္တာရအဖြစ်သို့ တဖြည်းဖြည်း အသွင်ပြောင်းလဲသွားခြင်း ဖြစ်ပါသည်။

ကမ္ဘာ့မြေမျက်နှာပြင်၏ ၃၃ ရာခိုင်နှုန်းသည် သဲကန္တာရဖြစ်ပြီး ကမ္ဘာ့မြေမျက်နှာပြင်တစ်ခုလုံး၏ သုံးပုံတစ်ပုံခန့်ရှိပါသည်။ နှစ်စဉ် မြေဧရိယာစတုရန်း ကီလိုမီတာ လေးသန်းခန့် မြေအရည် အသွေးနိမ့်ကျလျက်ရှိပြီး ၎င်းတို့အနက်မှ မြေဧရိယာစတုရန်းကီလိုမီတာတစ်သိန်း နှစ်သောင်းခန့်သည် သဲကန္တာရအဖြစ်သို့ အမှန်တကယ် ပြောင်းလဲရောက်ရှိသွားကြောင်း သိရှိရပါသည်။ ရာသီဥတုပြောင်းလဲလာခြင်းနှင့် သစ်တောသစ်ပင်များအား ထင်းမီးသွေးအတွက် အလွန် အကျွံထုတ်ယူသုံးစွဲခြင်း၊ စိုက်ပျိုးနိုင်သော အပေါ်ယံမြေဆီလွှာများ ဖယ်ရှားခြင်းစသည့် လူသားတို့၏ ပြုမူဆောင်ရွက်ချက်များသည် သဲကန္တာရဖြစ်ထွန်းခြင်း၏ အဓိကအကြောင်းအရင်း နှစ်ခုအဖြစ် မှတ်ယူနိုင်ပါသည်။

မိုးခေါင်ရေရှားခြင်း၊ သဲကန္တာရဖြစ်ထွန်းခြင်းကြောင့် စိုက်ပျိုးသီးနှံ အထွက်နှုန်းကျဆင်းလာခြင်း၊ မွေးမြူရေးလုပ်ငန်းများ အထွက်နှုန်း နည်းပါးလာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးပြီး လူမှုစီးပွားရေးအခက်အခဲများ တိုးပွားလာခြင်း၊ ဆင်းရဲနွမ်းပါးမှု မြင့်မားလာခြင်း၊ ကျန်းမာရေးချို့ယွင်းခြင်း၊ ပညာရေးနိမ့်ကျခြင်းစသည့် နောက်ဆက်တွဲပြဿနာများစွာ ဖြစ်ပေါ် လာပြီး နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်လာမည်ဖြစ်သည်။

ကုလသမဂ္ဂ၏ဖော်ပြချက်အရ လူတို့၏လွဲမှားသော ပြုမူဆောင်ရွက်မှုကြောင့် စိုက်ပျိုးနိုင်သောမြေ၏ ၄၀ ရာခိုင်နှုန်းနှင့်အထက်သည် လျင်မြန်စွာ အရည်အသွေး ကျဆင်းလျက်ရှိပြီး ၎င်း၏ ဆိုးကျိုးသက်ရောက်မှုကို ကမ္ဘာ့လူဦးရေ၏တစ်ဝက်ခန့် ထိခိုက်ခံစား ရလျက်ရှိကြောင်း သိရသည်။ ကုလသမဂ္ဂသဲကန္တာရတိုက်ဖျက်ရေးကွန်ဗင်းရှင်း၏ အစီရင်ခံစာအရ လူဦးရေ ၂ ဒသမ ၃ သန်းကျော်သည် ရေနှင့်ဆိုင်သောပြဿနာများနှင့် ရင်ဆိုင်နေရသော တိုင်းပြည်များတွင် နေထိုင်နေကြကြောင်း၊ ၁၉၉၈ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း အနည်းဆုံး လူဦးရေ ၁ ဒသမ ၅ ဘီလီယံသည် မိုးခေါင်မှုဒဏ်ကို တိုက်ရိုက်ခံစားခဲ့ကြရပြီး ၂၀၃၀ ပြည့်နှစ်တွင် လူဦးရေ မီလီယံ ၇၀၀ အထိ တိုးမြှင့်ခံစားရနိုင်ကြောင်း၊ ၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ကျော်နှင့် ကမ္ဘာ့စိုက်ပျိုးထုတ်လုပ်မှု ၅၀ ရာခိုင်နှုန်း ခန့်သည် ရေရှားပါးမှုနှင့် ရင်ဆိုင်ကြုံတွေ့ရနိုင်ကြောင်း ဖော်ပြထားပါသည်။

သဲကန္တာရဖြစ်ထွန်းမှုသည် အဓိကကျသော ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်သည်။ သဲကန္တာရဖြစ်ထွန်းမှုများသည် ရာသီဥတုပြောင်းလဲမှု၊ ဇီဝမျိုးစုံမျိုးကွဲ ဆုံးရှုံးပျောက်ကွယ်ခြင်းများကဲ့သို့ နိုင်ငံတစ်နိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အကြီးမားဆုံးသော စိန်ခေါ်မှုဖြစ်သည်။ ထို့ကြောင့် ၁၉၉၄ ခုနှစ်တွင် ကုလသမဂ္ဂအထွေထွေညီလာခံက “ကုလသမဂ္ဂ သဲကန္တာရတိုက်ဖျက်ရေးကွန်ဗင်းရှင်း (United Nations Convention to Combart Desertification - UNCCD)” ကို တည်ထောင်ခဲ့ပါသည်။ ယနေ့အထိ “ကုလသမဂ္ဂသဲကန္တာရတိုက်ဖျက်ရေးကွန်ဗင်းရှင်း (UNCCD)” တွင် အဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၇ နိုင်ငံရှိပြီး သဲကန္တာရဖြစ်ထွန်းမှုများဖြစ်ပေါ်နေသော နိုင်ငံပေါင်း ၇၀ တွင် နိုင်ငံအဆင့် သဲကန္တာရတိုက်ဖျက်ရေးစီမံချက်များရေးဆွဲပြီး အကောင်အထည်ဖော်နိုင်ရေး ပူးပေါင်းကူညီပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံသည်လည်း ၁၉၉၇ ခုနှစ် ဇန်နဝါရီလတွင် ကုလသမဂ္ဂ သဲကန္တာရတိုက်ဖျက်ရေးကွန်ဗင်းရှင်း (UNCCD) ၏ အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ မူဝါဒ၊ မဟာဗျူဟာများ၊ လုပ်ငန်းအစီအစဉ်များ၊ နှစ်တို၊ နှစ်လတ်၊ နှစ်ရှည် စီမံချက်များရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

ပြန်လည်ကုစားနိုင်သော အကောင်းဆုံးနည်းလမ်း

ရာသီဥတု ပြောင်းလဲဖောက်ပြန်လာခြင်းနှင့် လူသားတို့၏ လွဲမှားသော ပြုမူဆောင်ရွက်မှုကြောင့် တစ်နှစ်ထက် တစ်နှစ် ပိုမိုဆိုးရွားလာသော သဲကန္တာရဖြစ်ထွန်းခြင်းများနှင့် ၎င်းတို့၏ အကျိုးဆက်ဖြစ်သော မိုးခေါင်ရေရှားခြင်း၊ မြေဆီလွှာယိုယွင်းပျက်စီးခြင်းတို့ကို ပြန်လည်ကုစားနိုင်သော အကောင်းဆုံးနည်းလမ်းမှာ သစ်တောသစ်ပင်များကို စိုက်ပျိုးခြင်း၊ စိုက်ပျိုးပြီးသစ်ပင်များအား ရှင်သန်ကြီးထွားစေရန် ပြုစုထိန်းသိမ်းခြင်းတို့ပဲဖြစ်ပါသည်။ သစ်ပင်များကို စိုက်ပျိုးရုံဖြင့် မပြီးစီးဘဲ စိုက်ပျိုးပြီးစီးပါက ရှင်သန်ကြီးထွားစေရန် ကျွဲ၊ နွား၊ ဆိတ်တို့၏ နှောင့်ယှက်ဖျက်ဆီးမှုအန္တရာယ်မှ ကင်းဝေးစေရန် အကာအရံများ ပြုလုပ်ပေးရန် လွန်စွာအရေးကြီးပါသည်။

အဘယ့်ကြောင့်ဆိုသော် သစ်တောသစ်ပင်များ၏ အမြစ်များသည် မြေကြီးအတွင်းမှ အာဟာရဓာတ်နှင့် ရေကိုရယူရေး၊ ကောင်းစွာရပ်တည်နိုင်ရေးစသည်တို့အတွက် မြေကြီးအတွင်းပိုင်းအထိ ကွန်ရက်သဖွယ် ထိုးဖောက်ဝင်ရောက်ခြင်းနည်းဖြင့် မြေဆီလွှာကို ထိန်းသိမ်းထားနိုင်ပြီး လေနှင့်မိုးရေတို့ကြောင့် ဖြစ်ပေါ်နိုင်သော မြေဆီလွှာတိုက်စား ခြင်းကို လျှော့ချကာကွယ်ပေးနိုင်ပါသည်။ ထို့အပြင် သစ်တောသစ်ပင်များသည် မိုးရေကို ထိန်းပေးခြင်းကြောင့် မြေအစိုဓာတ်နှင့် မြေအောက်ရေအောင်းလွှာများကို ဖြည့်ဆည်းပေးလျက်ရှိသည်သာမက မြစ်ချောင်းအင်းအိုင်များသို့ စီးဝင်မည့်ရေများကိုပါ ထိန်းသိမ်းသန့်စင်ပေးပါသည်။

ထိုနည်းတူစွာ ဝါးပင်များသည်လည်း နှစ်စဉ် Biomass ခြွေချရာတွင် သစ်ပင်ထက် ပိုများ၍ ဝါးခက်၊ ဝါးရွက်ကြွေတို့သည် မြေကြီးပေါ်တွင် ခပ်ထူထူအုပ်မိုးထားသောကြောင့် အပူဒဏ် ကြောင့် မြေကြီးအတွင်း အစိုပြန်မှုကို ကာကွယ်ပေးထားပါသည်။ တစ်နည်းအားဖြင့် မြေကြီးအစိုဓာတ်ဆုံးရှုံးမှုကို ကာကွယ်ပေးခြင်းဖြင့် ရေအရင်းအမြစ်များကို အားဖြည့်ပေးပါသည်။ ဝါးပင်များသည် ရွာချသော မိုးရေများ၏ ၉၀ ရာခိုင်နှုန်းခန့်ကို ထိန်းသိမ်းနိုင်သည်ဟု သိရှိရပါသည်။

မြန်မာနိုင်ငံတွင် သဲကန္တာရများ မရှိသေးသော်လည်း “ကုလသမဂ္ဂသဲကန္တာရ တိုက်ဖျက်ရေးကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် သစ်တောစိုက်ခင်းများ တည်ထောင်စိုက်ပျိုးခြင်း၊ သဘာဝတောကျန်များ ပြုစုထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် နှစ် ၃၀ အပူပိုင်း ဒေသစိမ်းလန်းစိုပြည်ရေးဘက်စုံစီမံကိန်း (၂၀၀၁-၂၀၀၂ မှ ၂၀၃၀-၂၀၃၁ ခုနှစ်အထိ) ရေးဆွဲပြီး သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်း၊ ထင်းအစား အခြားလောင်စာများ တိုးမြှင့်သုံးစွဲခြင်းနှင့် ရေရရှိရေး အကောင်အထည်ဖော်ဆောင်ရွက်ခြင်းတို့ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

သစ်တောဦးစီးဌာနအနေဖြင့်လည်း နှစ် ၃၀ အမျိုးသားသစ်တောကဏ္ဍပင်မစီမံကိန်း (၂၀၀၁-၂၀၀၂ မှ ၂၀၃၀-၂၀၃၁ ခုနှစ်အထိ)၊ ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်း (၂၀၁၅-၂၀၁၆ မှ ၂၀၂၅-၂၀၂၆ ခုနှစ်အထိ)၊ မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်း (၂၀၁၇-၂၀၁၈ ခုနှစ်မှ ၂၀၂၆-၂၀၂၇ ခုနှစ်အထိ) ရေးဆွဲလျက် အပူပိုင်းဒေသအပါအဝင် ဂေဟစနစ်အမျိုးမျိုးရှိ တောနိမ့်၊ တောပျက်များတွင် စီးပွားရေးစိုက်ခင်းများ၊ ရေဝေရေလဲ ထိန်းသိမ်းရေး စိုက်ခင်းများ၊ ကျေးရွာထင်းစိုက်ခင်းများ၊ စက်မှုကုန်ကြမ်းစိုက်ခင်းများ၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းများ၊ သီးနှံသစ်တောရောနှောစိုက်ခင်းများ၊ မြို့ပြသစ်တောများ တည်ထောင်ခြင်း၊ သစ်တောဥယျာဉ်များ တည်ထောင်ခြင်း၊ မြစ်၊ ချောင်း အင်းအိုင်ပတ်ဝန်းကျင်နှင့် ကမ်းရိုးတန်းတစ်လျှောက် သဘာဝသစ်ပင် သစ်တောဂေဟစနစ်များ ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်ခြင်းဖြင့် အပူပိုင်းဂေဟစနစ် ပြန်လည်တည်ထောင်ရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

ထို့အပြင် အပူပိုင်းဒေသ၏ သဘာဝတောကျန်များအား သစ်တောဥပဒေ၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေများနှင့်အညီ စနစ်တကျ စီမံအုပ်ချုပ်နိုင်ရန် သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများအဖြစ် တိုးချဲ့ဖွဲ့စည်းပြီး သစ်တောထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်လျက် သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်မှုတိုက်ဖျက်ရေးလုပ်ငန်းများကိုဆောင်ရွက် လျက်ရှိပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဝါဒ၊ မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ (၂၀၁၈-၂၀၃၀)၊ မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀) တို့ကို ရေးဆွဲချမှတ်၍ ရာသီဥတုပြောင်းလဲမှုလျှော့ချရေးလုပ်ငန်းစဉ်များအား သက်ဆိုင်ရာဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ အသိပညာပေးခြင်း၊ ဖွံ့ဖြိုးမှုလုပ်ငန်းစီမံကိန်းများ ဆောင်ရွက်ရာတွင် ရာသီဥတုပြောင်းလဲမှုလျှော့ချရေး၊ အထူးသဖြင့် မှန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေးလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ကာကွယ်လျှော့ချနိုင်ရေး လုပ်ငန်းအစီအမံများ ထည့်သွင်းဆောင်ရွက်စေခြင်း၊ ဆောင်ရွက်ခြင်းရှိ၊ မရှိ စောင့်ကြည့်လေ့လာခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါဆောင်ရွက်ချက်များ ပိုမိုထိရောက်အောင်မြင်စေရန် သစ်ပင်သစ်တောများနှင့် ဂေဟစနစ်များ၏ အစစ်အမှန်တန်ဖိုးကို နားလည်ပြီး တစ်ဦးချင်း၊ တစ်ဖွဲ့ချင်း၊ အစုအဖွဲ့အလိုက်၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့ပြဒေသအလိုက် သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းသည့်နည်းတူ သယံဇာတများတရားမဝင်ထုတ်ယူသုံးစွဲမှုနှင့် သစ်တောမြေကို အခြားမြေအဖြစ် ပြောင်းလဲအသုံးပြုမှု စသည်တို့ကြောင့် သစ်တောပြုန်းတီးမှုလျှော့ချပြီး သစ်တောများ အရည်အသွေးပြန်လည်ကောင်းမွန်လာစေရေး ထိန်းသိမ်းခြင်းများတွင် ပူးပေါင်းပါဝင်ပြီး ဂေဟစနစ်ကို ပြန်လည်ဖြည့်တင်းရန် လိုအပ်ပါသည်။ အထူးသဖြင့် သဲကန္တာရဖြစ်ထွန်းနိုင်မှု၊ မိုးခေါင်ရေရှားမှုနှင့် မြေဆီလွှာယိုယွင်းပျက်စီးနိုင်မှုအခြေအနေများအား တိုင်းရင်းသားညီအစ်ကို၊ မောင်နှမများ၏ စည်းလုံးညီညွတ်မှု စွမ်းအားဖြင့် ပူးပေါင်းကာကွယ်လျက် စိမ်းလန်းစိုပြည်သော၊ ရာသီဥတုမျှတကောင်းမွန်သော၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံဖြစ်လာစေရန် သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများ ထိန်းသိမ်းခြင်းဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းရေးသားရင်း “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြုအပ်ပါသည်။

ကိုးကား

UNCCD Outlook 2nd Edition 2022

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ဌာနဆိုင်ရာအချက်အလက်များ (၂၀၂၂)

နှစ်(၂၀) ပြည့်အထိမ်းအမှတ် မှတ်တမ်းစာအုပ် (၁၉၉၇-၂၀၁၇)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောဂျာနယ် (၂၀၁၄ ခုနှစ်၊ ဇွန်လ)