နာနာကျင်ကျင်
အန်ကယ်ပညာ
ထိုဝေါဟာရနှင့်ပတ်သက်၍ စာရေးသူချင်း ရှင်းခဲ့ရဖူး၏။ ပညာရေးအရာရှိကြီးတစ်ယောက်နှင့်လည်း ဆွေးနွေးခဲ့ဖူး၏။ သို့ရာတွင် ထိုသူတို့သည် ပညာနှင့် နီးကြသူများဖြစ်၍ ငြင်းခုံခြင်းကင်းကာ တစ်ခဏအတွင်းမှာပင် ဘဝင်ကျသွားကြသည်ချည်းဖြစ်၍ တော်ပေသေး၏။
ကိုးပါဒမျှသော လင်္ကာစုလေး
ထိုဝေါဟာရအတွက် အဆိုပါပုဂ္ဂိုလ်များနှင့်ရှင်းခဲ့ရ၊ ဆွေးနွေးခဲ့ရခြင်းမှာ မိမိ၏ကိုးကားမှု မှားယွင်းသောကြောင့်လည်းမဟုတ်။ မူရင်းရေးသား သူ၏အမှားကြောင့်လည်းမဟုတ်။ ထိုသူတို့၏ ကောင်းမြတ်သော စေတနာအပေါ်မူတည်၍ ရှင်းခဲ့ ရ၊ ဆွေးနွေးခဲ့ရခြင်းသာဖြစ်ကြောင်း တွေ့ရ၏။
အကြောင်းမှာ ဤသို့ဖြစ်၏။ ကျေးဇူးရှင် မန်လည်ဆရာတော်ဘုရားကြီး သီကုံးထုံးဖွဲ့အပ်သော “မဟာသုတကာရီမဃဒေဝလင်္ကာသစ်” မှ ဖြတ်တောက်ထုတ်ယူထားသည့် ကိုးပါဒမျှသော လင်္ကာစုလေးကို ကိုးကားရေးသားကြရာက အစပြုခြင်းဖြစ်၏။
ထိုလင်္ကာစုလေးမှာ “ရှေးရှုမေတ္တာ၊ ကရုဏာနှင့်၊ နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း၊ ဝမ်းတွင်းမသို၊ ဟုတ်တိုင်းဆို၍၊ ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ၊ ဆရာဟူလော့” ဟူ၍ဖြစ်၏။ ဤလင်္ကာစုလေးကို စာဖတ်သူအားလုံး နားယဉ်ပြီး ဖြစ်ပေလိမ့်မည်။
စာရေးသူအနေဖြင့် ထိုလင်္ကာစုလေးကို ပညာရေးနှင့်သက်ဆိုင်သည့် ဆောင်းပါးတစ်ပုဒ်တွင် ကိုးကားဖော်ပြခဲ့ဖူး၏။ များမကြာမီ စာရေးဖော် ကလောင်မိတ်ဆွေတစ်ဦးက ထိုဆောင်းပါးပါရှိသည့် စာမျက်နှာကို ဓာတ်ပုံရိုက်ပြီး ဆိုရှယ်မီဒီယာမှပို့လာ၏။ ပို့သည်မှာ ရိုးရိုးမဟုတ်။ ကိုးကားဖော်ပြထားသည့် ထိုလင်္ကာစုလေးမှ “နာနာကျင်ကျင်”ဟူသည့်ပါဒကို မင်နီဖြင့် မျဉ်းသား လျက်ဖြစ်သတည်း။
ဓာတ်ပုံမှအပ အခြားအရေးအသား တစ်စုံတစ်ရာမတွေ့ရှိရသည့်အတွက် တစ်စုံတစ်ရာ ပြန်လည်ရေးသားခြင်းမပြုတော့ဘဲ မန်လည်ဆရာ တော်ဘုရားကြီး၏ ကျမ်းစာအုပ်မှ ထိုလင်္ကာပါရှိ သည့်စာမျက်နှာကို ဓာတ်ပုံရိုက်ကာပြန်ပို့လိုက်၏။ ရိုးရိုးပြန်ပို့လိုက်ခြင်းမဟုတ်။ “နာနာကျင်ကျင်” ဟူသည့်ပါဒကို မင်နီဖြင့် မျဉ်းသားလျက်ဖြစ်သတည်း။
တစ်ခါလည်း အခြားသော ကလောင်မိတ်ဆွေတစ်ဦးက သူ့ဆောင်းပါးပါရှိသည့် မဂ္ဂဇင်းတစ်အုပ်ကို အမြန်ချောပို့ဖြင့် ပို့လာ၏။ ထိုမဂ္ဂဇင်းကို ဖတ်ရှုအားပေးရာ သူ့ဆောင်းပါးတွင် အဆိုပါလင်္ကာစုလေး ကို တိုက်ရိုက်ကိုးကားထားခြင်း မဟုတ်သော်လည်း သွယ်ဝိုက်ရေးသားထားသည်ကို တွေ့ရ၏။ သူ့ ရေးသားချက်တွင် “နာနာကျင်ကျင်” ဟု သုံးနှုန်းရေးသားနေသရွေ့ “ကြင်နာမှု” ကင်းနေလိမ့်ဦးမည် ဆိုသည့်သဘောကို တွေ့ရ၏။ သို့ဖြစ်၍ သူနှင့် စကားပြောဖြစ်၏။
မြတ်ဆရာ
တစ်ဖန်တုံလည်း ထိုလင်္ကာပါဒနှင့်ပတ်သက်၍ အခြေခံပညာအထက်တန်းကျောင်း တစ်ကျောင်းတွင် ပြုလုပ်သည့် အခမ်းအနားတစ်ခုသို့တက်ရင်း ကြုံရပြန်၏။ ထိုလင်္ကာစုလေးကို အခမ်းအနားကျင်းပရာ ကျောင်းစုဝေးခန်းမ၏ စင်မြင့်ပုဏ္ဏား ကွယ်တစ်ဖက်တွင် “မြတ်ဆရာ” ဟူသည့် ခေါင်းစဉ်ဖြင့် ရေးသားချိတ်ဆွဲထားသည်ကို တွေ့ရ၏။ ထိုသို့ ရေးသားထားသည်မှာ ရိုးရိုးမဟုတ်။ “နာနာကျင်ကျင်” ဟူသည့် နေရာတွင် “နာနာကြင်ကြင်” ဟူ၍ဖြစ်၏။ သို့ဖြစ်၍ ပညာရေးမှ တာဝန်ရှိသူတစ်ဦးနှင့် စကားပြောဖြစ်လေသတည်း။ (စကား ချပ်၊ ယခု ဤစာကို ရေးသားနေချိန်တွင် “နာနာကျင်ကျင်” ဟု ပြန်လည်ပြင်ဆင်ပြီးဖြစ်သည်ကို တွေ့ရ၏။)
ဖော်ပြပါသာဓကများကိုကြည့်လျှင် တပည့်များကို သွန်သင်ဆုံးမရန် တာဝန်ရှိသည့် “ဆရာ” နှင့် ယှဉ်တွဲလျက် “ကြင်နာမှု”ကို တွေ့မြင်လို၊ ရှိစေလိုသည့် စေတနာတို့ကို တွေ့ရ၏။ ထိုစေတနာကြောင့် လင်္ကာပါဒကို သတ်ပုံမှားသည်ထင်၍ ထောက်ပြခြင်း၊ ပြင်ဆင်ခြင်းတို့ကို ပြုကြ၏။
အမှန်အားဖြင့် ကြင်နာမှုကိုဖော်ပြလို၍ မူရင်းလင်္ကာကို ကာရန်မပျောက်စေရန် “နာနာကြင်ကြင်” ဟု ပြောင်းလဲရေးသားလိုက်ခြင်းကသာ အဓိပ္ပာယ်အားဖြင့် လိုရင်းမရောက်သည့်အပြင် လှပသေသပ် သည့် လင်္ကာစုလေးတွင် သတ်ပုံအမှားသာ ထင်ရှားစွာ ပေါ်လွင်သွားမည်ဖြစ်၏။
ထို့အပြင် လင်္ကာအဓိပတိ မန်လည်ဆရာတော် ဘုရားကြီးအနေဖြင့် ကြင်နာမှုကို ဖော်ပြလိုသော် လည်း သူ့လင်္ကာတွင် ရှေ့ပါဒ နောက်ပါဒ ကာရန် ကိုက်ရန် ကြားပါဒကို သတ်ပုံအမှားမခံဘဲ နာကျင် မှုကို အဓိပ္ပာယ်ပေါ်စေသည့် “နာနာကျင်ကျင်” ဟူသည့် ဝေါဟာရကို မဖြစ်မနေရွေး၍ ရေးခဲ့ခြင်း လည်းဖြစ်ဟန်မတူ။
ထိုမှတစ်ပါး ဆရာတော်ဘုရားကြီးက ကြင်နာမှုကို ဖော်ပြလိုသည်ဆိုပါက “နာနာကျင်ကျင်” အစား “ကြင်ကြင်နာနာ” ဟုရေးသား၍ နောက်ပါဒများကို ကာရန်ကိုက်ရန် သူကြိုက်သလို သီကုံးရေးဖွဲ့ နိုင်သည်သာ။
ထို့အပြင် ထိုလင်္ကာစုတွင် “ရှေးရှုမေတ္တာ၊ ကရုဏာနှင့်” ဟူသည့် နှစ်ပါဒဖြင့် အစချီထားသည် ကိုကြည့်ခြင်းအားဖြင့် ဗြဟ္မစိုရ်တရားလေးပါးတွင်ပါဝင်ပြီး စွမ်းအားကြီးမားသည့် မေတ္တာနှင့် ကရုဏာ တရားတို့က ရှေးရှုဦးဆောင်ထားပြီဆိုလျှင် နောက်လိုက်ဖြစ်သည့် ကြင်နာမှုက အလိုလိုပါလာ ပြီးဖြစ်၍ သူ့အတွက် ပါဒတစ်ခုစာ ဇာချဲ့နေရန် လိုမည်မထင်။
ထို “နာနာကျင်ကျင်” သည် ကြင်နာမှုအတွက် သတ်ပုံအမှားခံထားသည့် ဝေါဟာရတစ်ခုမဟုတ်။ လင်္ကာစုလေးတွင် ကာရန်မလွတ်စေရန် အဖြည့်ခံအဖြစ် မဖြစ်မနေ ထည့်သွင်းထားသည့် လင်္ကာပါဒ တစ်ခုလည်းမဟုတ်။ သို့ဆိုလျှင် ထို “နာနာ ကျင်ကျင်” သည် နာကျင်မှုကို တည့်တည့်ဖော်ပြသည့် ဝေါဟာရဖြစ်ကြောင်း ထင်ရှားနေ၏။ မြန်မာသဒ္ဒါအားဖြင့် ကြည့်လျှင် ကြိယာဝိသေသနတစ်လုံး အဖြစ်မြင်ရ၏။
မေတ္တာ၊ ကရုဏာနှင့် ကောင်းကျိုးလိုလားသည့်စေတနာ
သို့ရာတွင် ထိုလင်္ကာစုလေးတွင်ပါရှိသည့် မေတ္တာ၊ ကရုဏာနှင့် ကောင်းကျိုးလိုလားသည့် စေတနာတို့ပါရှိသည့်ပါဒတို့ကို ဆက်စပ်ကြည့်လျှင် ထို “နာနာကျင်ကျင်” သည် တပည့်များအတွက် နာကျင်စေလိုခြင်းမဟုတ်သည်ကို တွေ့ရ၏။ သို့ဆိုလျှင် မည်သူ့ကို နာကျင်စေပါသနည်း။
တပည့်များအပေါ် ဥပေက္ခာမပြုဘဲ အထက်တွင် ဖော်ပြခဲ့သည့် စေတနာတို့ခြံရံလျက် အပြစ်မြင်တိုင်း ပြောဆိုဆုံးမသွန်သင်ကြသည့် ဆရာတို့၏နှလုံးသားကို နာကျင်စေခြင်းဖြစ်၏။ ထင်သာမြင်သာရှိသည့် ဥဒါဟရုဏ်အားဖြင့် ချစ်လှစွာသောသားသမီးတို့ကို လမ်းမှားမရောက်စေရန် အပြစ်အပေါ်မူတည်၍ သွန်သင်ဆုံးမကြသည့် မိဘတို့၏စိတ်နှလုံး၌ နာကျင်မှုမျိုးပေတည်း။
သွန်သင်ဆုံးမခံရသူသည် ဆုံးမနာယူလွယ်သူ ဖြစ်ကတော်ပေသေး၏။ ထိုအစား မထီမဲ့မြင်၊ မလေးမစား၊ ကလန်ကဆန် အပြုအမူနှင့် စိတ်နှလုံးညှိုးနွမ်းသွားသည်ကို တွေ့ရမြင်ရပါက ပို၍ပင်နာကျင်ကြရပေလိမ့်မည်။
ဤမျှဆိုလျှင် ထိုလင်္ကာစုလေးမှ “နာနာ ကျင်ကျင်” ဟူသည့်ဝေါဟာရသည် ဆရာနှင့် တပည့်အနက် မည်သူနှင့်သက်ဆိုင်သည်ကို ခွဲခြားသိမြင် လောက်ပြီထင်၏။ လင်္ကာစုလေး၏ အဆုံးပါဒဖြစ်သည့် “ဆရာဟူလော့” နှင့် အဆုံးသတ်လို၏။ လူ့ဘောင်လောကတွင် ဤသို့ စိတ်နှလုံးတွင် နာကျင်ပါလျက်၊ နာကျင်မည်မှန်း သိပါလျက်နှင့် ထိုနာကျင်မှုကိုခံယူကာ သွန်သင်ဆုံးမတတ်သူတိုင်းကို ဆရာအဖြစ် သတ်မှတ်ပါဟူသတည်း။ ။