အနာဂတ်အတွက် ဆေးလိပ်ဖြတ်ကြပါစို့
လင်းလက်နေခြည်
ကြိုးစားရမည့်ကာလ
နုနယ်ပျိုမြစ်သည့် အချိန်ကာလအပိုင်းအခြားတစ်ခုကို ပိုင်ဆိုင်ထားကြသည့် လူငယ်များအနေဖြင့် ဘဝတွင် အောင်မြင်မှုတို့ကို လက်လှမ်းမီနိုင်ရေး ကြိုးစားကြရမည်ဖြစ်သည်။ ဘဝတွင် ပျော်ရွှင်အောင်မြင်မှုကို ရယူနိုင်ရေး အားသွန်ခွန်စိုက်ကြိုးစားရမည့် လူငယ်ဘဝအခိုက်အတန့်ကာလသည် အလွန်အရေးကြီးသည်။ မှန်ကန်သော ကြိုးစားအားထုတ်မှုများဖြင့် အောင်မြင်ကြီးပွားရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိနိုင်သကဲ့သို့ မှားယွင်းသောလုပ်ရပ်များကြောင့် ပျက်စီးကာ အဖတ်ဆယ်မရသည့်ဘဝသို့ ရောက်ရှိနိုင်သည်ကိုလည်း သတိပြုသင့်ပေသည်။ ခေတ်ရေစီးကြောင်းပြောင်းလဲလာမှုနှင့်အတူ ကြီးပွားတိုးတက်ရေးအတွက် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရသည့်လူငယ်များကို ဘဝဇာတ်ခုံပေါ်မှ ကမောက်ကမထိုးကျသွားအောင် ဆွဲချနိုင်သည့် အရာများကလည်း များစွာပင်။
အရာရာကို စမ်းသပ်ကာ ကိုယ်တွေ့ကြုံမှယုံမည်ဆိုသည့် လူငယ်များ၏လက်အတွင်းသို့ အဆုတ်ရောဂါမှစ၍ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပေါင်းစုံနှင့် ကင်ဆာရောဂါအမျိုးမျိုးကို ဖြစ်ပေါ်စေတတ်သည့် ဆေးလိပ်ဆိုသောအရာက မဖိတ်ခေါ်ဘဲ ရောက်ရှိလာသည့်အခါ လူငယ်များ၏ အနာဂတ်သည် ဆေးလိပ်ငွေ့များနှင့်အတူ ဝေဝါးသွားတတ်သည်။ အသိပညာ၊ အတတ်ပညာတို့ကို အပတ်တကုတ် အားထုတ်လေ့လာကာ ဘဝတက်လမ်းကို လျှောက်လှမ်းနေကြချိန်တွင် အနေမတတ်၍ ဆေးလိပ်လက်ကြားညှပ်မိရာမှ ရောဂါစွဲကပ်ကာ ဘဝပျက်သွားနိုင်သဖြင့် သတိပြုတတ်ဖို့သာဖြစ်သည်။ အရာရာကို လက်တည့်စမ်းလိုသည့် လူငယ် သဘာဝ အပြစ်ဟုမဆိုသာသော်လည်း လန်းဆန်းတက်ကြွသည့် ငယ်ဘဝကို ဒုက္ခမျိုးစုံရရှိစေမည့် ဆေးလိပ်၊ စီးကရက်၊ ဆေးရွက်ကြီးဆိုသောအရာတို့သည်ကားယောင်လို့ပင် ကိုင်၍မကြည့်သင့်သည့် အရာများပင်ဖြစ်သည်။
လွမ်းစရာအတိမို့ စမ်းကာမကြည့်သင့်
ကမ္ဘာပေါ်တွင် အသက် (၁၃) နှစ်မှ (၁၅) နှစ်အကြား လူငယ် ၃၈ သန်းခန့်သည် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ သောက်သုံးနေကြသည်ကို တွေ့ရပြီး ထိုလူငယ်များ၏ သုံးပုံ၊ နှစ်ပုံခန့်သည် စီးကရက်ကို လက်တည့်စမ်းသည့်သဘောဖြင့် သောက်သုံးမိရာမှစ၍ ဆေးလိပ်စွဲလာကြသူများဖြစ်သည်ဟု အပြည်ပြည်ဆိုင်ရာ ကင်ဆာရောဂါထိန်းချုပ်ရေးအဖွဲ့ (Union for International Cancer Control -UICC) ကတင်ပြထားသည်။ နည်းပညာတိုးတက်မှုနှင့်အတူ ဆေးလိပ်နည်းတူ လူငယ်များ၏လက်အတွင်းသို့ ချင်းနင်းဝင်ရောက်လာသည့် အီးစီးကရက်ဆိုသောအရာများကလည်း လူငယ်များ၏ဘဝကို ခြိမ်းခြောက်၍လာနေပြီဖြစ်သည်။ အီးစီးကရက်ဆိုသောအရာတွင် ဆေးရွက်ကြီးမပါဝင်သည့်တိုင် နီကိုတင်းဆိုသည့် မသောက်ရလျှင် မနေနိုင်အောင် စွဲလမ်းစေသည့် ဓာတ်တစ်မျိုးက ကျန်းမာရေးဆိုးကျိုးများကို ပေးအပ်နိုင်သည်။ ဈေးကွက်အတွင်းသို့ အီးစီးကရက်များသည် ကြော်ငြာအားကောင်းကောင်း အသုံးပြုကာ လူငယ်များ၏စိတ်ကို ဆွဲဆောင်ဝင်ရောက်လာနေကြသည်။ အနံ့အရသာပေါင်း ၁၆၀၀၀ ခန့်ဖြင့် ရောင်းချလာသည့် အီးစီးကရက်များကို အသက် (၁၃) နှစ်မှ (၁၅) နှစ်အကြား လူငယ်များ ပိုမိုအသုံးပြုနေကြသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တင်ပြထားသည်။
လူငယ်များအနေဖြင့် စိတ်ခံစားမှုအရ ဆေးလိပ်သောက်ကြသည်ဟုဆိုပါလျှင် မကောင်းမှန်းသိသည့်ဆေးလိပ်ကို ဖြတ်နိုင်ဖို့ မိမိစိတ်ကို မိမိထိန်းနိုင်ရန်လိုသည်။ ဆေးလိပ်သောက်ရန် မည်သူတစ်ဦးတစ်ယောက်ကမျှ အတင်းအဓမ္မစေခိုင်း၍မရပေ။ မိမိကိုယ်တိုင်ပြုမူဆောင်ရွက်မှသာ လုပ်၍ဖြစ်သော ဆေးလိပ်သောက်ခြင်းကို ဖြတ်မည်ဆိုပါက ကိုယ်တိုင်အသိစိတ်ရှိရန်သာ အဓိကပင်ဖြစ်သည်။ အချို့သောသူများသည် အရက်ဖြတ်လို၍ ဆေးလိပ်သောက်ကြသည်။ ဆေးလိပ်ဖြတ်လို၍ ကွမ်းစားကြသည်။ ဂျာအေးကို သူ့အမေရိုက်သကဲ့သို့ပင် ဖြစ်၍နေသည်။
စနစ်တကျထိန်းချုပ်ရ
ဆေးလိပ်၊ စီးကရက်နှင့် အီးစီးကရက်များသည် ကြော်ငြာအားကောင်းကောင်းဖြင့် လူငယ်များ၏ စိတ်ကိုဆွဲဆောင်ကာ ဈေးကွက်အတွင်းသို့ အတင်းဝင်ရောက်နေကြသည်။ နိုင်ငံတကာအစိုးရ များအနေဖြင့်လည်း ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ သုံးစွဲမှုလျော့နည်းကျဆင်းလာစေရေးအတွက် နည်းလမ်းမျိုးစုံသုံး၍ ဆောင်ရွက်နေကြသည်။ အခွန်တိုးမြှင့်ကောက်ခံခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို နိုင်ငံတိုင်းကပြုလုပ်လေ့ရှိသည့် နည်းလမ်းကောင်းများပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဥပဒေကို ၂၀၀၆ ခုနှစ် မေလ ၄ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး ပုဒ်မ ၄ အရ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဗဟိုအဖွဲ့ကို ဖွဲ့စည်းပြီး “ဆေးလိပ်ငွေ့ကင်းစင်သည့် ပတ်ဝန်းကျင်ဖြစ်ပေါ်စေရေး၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း စွဲလမ်းမှုဖြတ်တောက်ရေး၊ အများပြည်သူသို့ အသိပညာပေးရေး” စသည့်လုပ်ငန်းများကို အင်တိုက်အားတိုက်ဆောင်ရွက်နေသည်ကို တွေ့ရသည်။
ဆေးလိပ်မသောက်ရနေရာ
ဆေးလိပ်တွင်ပါဝင်သော နီကိုတင်းသည် နှလုံးသွေးကြောရောဂါများနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကို ဖြစ်ပေါ်စေနိုင်ပြီး ကင်ဆာရောဂါအမျိုးအစား ၂၀ ကျော်ခန့်နှင့် အခြားသောကျန်းမာရေးထိခိုက်မှုများကိုပါ ဖြစ်စေကာ နှစ်စဉ် လူဦးရေ ရှစ်သန်းခန့် အသက်ဆုံးရှုံးမှုကို ဖြစ်ပေါ်စေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဖော်ပြထားသည်။ ကိုယ်တိုင်ဆေးလိပ်သောက်သုံး ခြင်းဖြင့် ကျန်းမာရေးဆိုင်ရာဆိုးကျိုးများ ရရှိနိုင်သကဲ့သို့ ဆေးလိပ်ငွေ့ကိုရှူရှိုက်မိသည့် မိမိပတ်ဝန်းကျင်ရှိသူများကိုပါ ထိခိုက်စေနိုင်သဖြင့် သတိပြုဆင်ခြင်အပ်ပေသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ တင်ပြချက်တစ်ရပ်တွင်မူ “နှစ်စဉ် ကမ္ဘာပေါ်တွင် အခြားသူများသောက်သုံးရာမှ လေထုအတွင်း ပျံ့နှံ့နေသည့် ဆေးလိပ်ငွေ့များကို ရှူရှိုက်ကာ တစ်ဆင့်ခံသောက်သုံးသူဖြစ်နေရသူ ၁ ဒသမ ၂ သန်းခန့်နှင့် ကလေးသူငယ် ၆၅၀၀၀ ခန့်တို့သည် အပြစ်မရှိဘဲ သေဆုံးနေရသည်”ဟု ဖော်ပြထားသည်။
ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဥပဒေပုဒ်မ ၆ အရ ဆေးရုံအဆောက်အအုံ၊ ရုံးခန်းပရဝဏ်နှင့် ပရဝဏ်အတွင်းရှိ အခြားအဆောက်အအုံများ၊ ဆေးကုဂေဟာနှင့် ဆေးခန်းများ၊ အားကစားရုံနှင့် အမိုးအကာရှိသည့် အားကစားကွင်းများ၊ ကလေးကစားရုံနှင့် ကစားကွင်းများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နှင့် သိပ္ပံတို့၏ သင်ကြားရေးအဆောက်အအုံ၊ စာသင်ခန်းနှင့် ရုံးခန်းများ၊ ဇာတ်ရုံ၊ ရုပ်ရှင်ရုံ၊ ဗီဒီယိုရုံနှင့် အခြားပွဲကျင်းပပြသသည့် အဆောက်အအုံများ၊ ကုန်တိုက်၊ ကုန်ပဒေသာဆိုင်၊ စတိုးဆိုင်နှင့် အမိုးအကာရှိသည့် ဈေးရုံများ၊ ပြတိုက်၊ မော်ကွန်းတိုက်၊ အများပြည်သူသုံးစာကြည့်တိုက်နှင့် စာဖတ်ခန်းများ၊ ဓာတ်လှေကားနှင့် ရွေ့လျားစက်လှေကားများ၊ ခရီးသည်သယ်ယူပို့ဆောင်သော မော်တော်ယာဉ်နှင့် လေယာဉ်များ၊ လေအေးစက်တပ်ဆင်ထားသော အများပြည်သူသုံးအခန်းများ၊ အများပြည်သူသုံးခန်းမကြီးများ၊ ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းနှင့် သင်တန်းကျောင်းများ၏ သင်ကြားရေးအဆောက်အအုံ၊ စာသင်ခန်းများနှင့် ကျန်းမာရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်သည့် အများပြည်သူဆိုင်ရာ အခြားပရဝဏ်၊ အဆောက်အအုံနှင့်နေရာများကို ဆေးလိပ်လုံးဝသောက်ခွင့်မရှိသောနေရာများအဖြစ် သတ်မှတ်ဆောင်ရွက်နေသည်။
ထို့အပြင် “ရုံး၊ ဌာနတို့၏ အဆောက်အအုံများ၊ စက်ရုံ၊ အလုပ်ရုံတို့၏ အဆောက်အအုံများ၊ ဟိုတယ်၊ မိုတယ်၊ ဧည့်ဂေဟာနှင့် တည်းခိုရိပ်သာတို့၏ အဆောက်အအုံများ၊ ဘူတာရုံ၊ လေဆိပ်၊ သင်္ဘောဆိပ်နှင့် အဝေးပြေးကားဂိတ်တို့၏ အဆောက်အအုံ များ၊ ပျော်ပွဲစားရုံများ၊ တစ်ဦးချင်း၏ ရုံးခန်းနှင့် အခန်းများမှအပ လူအများဝင်ထွက်သွားလာနိုင်သောနေရာများသည် ဆေးလိပ်သောက်ခွင့်မရှိသော နေရာများဖြစ်သည်။ အများပြည်သူဆိုင်ရာနေရာများတွင် ဆေးလိပ်မသောက်ရနေရာများ သတ်မှတ်ခြင်းသည် ဆေးလိပ်သောက်သုံးမှုကြောင့် လူမှုပတ်ဝန်းကျင်ကို မထိခိုက်စေရေး ဆောင်ရွက်နေ ကြခြင်းဖြစ်သဖြင့် ဆေးလိပ်ကို မဖြတ်နိုင်သေး၍ သောက်သုံးနေရသည်ဆိုပါက သတ်မှတ်နေရာ များတွင်သာ သောက်သုံးကြရေး တိုက်တွန်းလိုသည်။
ကမ္ဘာပေါ်တွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးသူ ၁ ဒသမ ၃ ဘီလီယံခန့်ရှိပြီး နှစ်စဉ် ဆေးလိပ်နှင့် ဆေးရွက်ကြီး သောက်သုံးမှုကြောင့် ဖြစ်ပေါ်လာရသည့် အစိုးရများ၏ အသုံးစရိတ်သည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ထရီလီယံခန့်ရှိပြီး ကမ္ဘာ့ဂျီဒီပီ၏ ၁ ဒသမ ၈ ရာခိုင်နှုန်းခန့်ရှိသည်ဟု သိရသည်။ ၂၀၁၈ ခုနှစ်မှ ဆောင်ရွက်ခဲ့သည့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုကို လေ့လာသည့် သုတေသနအရ မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးသောက်သုံးမှုကြောင့် နှစ်စဉ် လူဦးရေ ၆၄၀၀၀ ခန့် အသက်ဆုံးရှုံးနေရပြီး စီးပွားရေးအရ နှစ်စဉ်ဆုံးရှုံးမှုတန်ဖိုးသည် မြန်မာငွေကျပ် ၂ ဒသမ ၆ ထရီလီယံနှင့်ညီမျှသည်ဟု သိရသည်။
ဆေးလိပ်သောက်သူများတွင် မျိုးဆက်သစ်လူငယ်များပါ ပါဝင်နေပြီဖြစ်သဖြင့် အနာဂတ်နိုင်ငံတော်ကို ဦးဆောင်မည့် လူငယ်များသည် စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်နေရမည်ဖြစ်သဖြင့် အကျိုးမရှိသည့် သာမန်စိတ်ပျော်ရွှင်မှုအတွက် သောက်သုံးမိနေသည်ဆိုပါကလည်း အချိန်မလွန် မီက ရပ်တန့်လိုက်ဖို့ လိုအပ်နေပြီဖြစ်သည်။ နှစ်စဉ် မေလ ၃၁ ရက်နေ့ကို “ကမ္ဘာ့ဆေးလိပ် မသောက်ရေးနေ့” အဖြစ်သတ်မှတ်၍ ကမ္ဘာ့နိုင်ငံများတွင် အထိမ်းအမှတ်အခမ်းအနားများကို ၁၉၈၉ ခုနှစ်မှစတင်၍ ကျင်းပဆောင်ရွက်နေကြပြီး မျိုးဆက်သစ်လူငယ်များကို ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ သောက်သုံးမှု မရှိစေရေးရည်ရွယ်၍ ကုလသမဂ္ဂက ယခုနှစ် မေလ ၃၁ ရက်နေ့တွင် ကျရောက်သည့် “ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့” အထိမ်းအမှတ် အခမ်းအနားအတွက် ဆောင်ပုဒ်ကို "Protecting children from tobacco industry interference" ဟု ချမှတ်ထားခြင်းဖြစ်သည်။ မိမိ၏ တစ်ကိုယ်ရေကျန်းမာရေးကိုထိခိုက်စေပြီး ကျင်လည်ရာ လူမှုပတ်ဝန်းကျင်က လူအများ၏ ကျန်းမာရေးကို ခြိမ်းခြောက်နေသည့်အပြင် နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကိုပါ အဟန့်အတားဖြစ်စေသည့် စီးကရက်၊ အီးစီးကရက်တို့မှအစပြု၍ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ သောက်သုံးမှုကို လူငယ်များ သတိပြုဆင်ခြင်နိုင်ကြပါစေကြောင်း ရည်ရွယ်တင်ပြလိုက်ရပါသည်။ ။
ကိုးကား-
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဝက်ဘ်ဆိုက်၊
ကျန်းမာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်၊
နေ့စဉ်ထုတ်သတင်းစာများ။