Skip to main content

ကျေးလက်စွမ်းပကားဖြင့် နိုင်ငံတော်ဖွံ့ဖြိုးမှုကို ဖော်ဆောင်အံ့

ဇာနည် (ကျေးလက်)

ကျေးလက်ဒေသဟုဆိုလိုက်သည်နှင့် စိမ်းစိုနေသော သစ်ပင်တန်းများ၊ ရွှေဝါရောင်စပါးခင်းနှင့် နေကြာခင်းများ၊ မြစိမ်းရောင်လွှမ်းနေသော သီးနှံမျိုးစုံစိုက်ခင်းများနှင့် ရိုးသားကြိုးစားကြသော ဒေသခံပြည်သူများကို မြင်မိကြသည်။ ထို့အတူ ဆည်းလည်းသံ တသွင်သွင်သာနေသော စေတီပုထိုးများနှင့် ကြေးစည်သံ တညံညံပေးနေသော ကျောင်းကန်ဘုရားများကလည်း မြန်မာ့ကျေးလက်အလှကို ဖော်ဆောင်ထားပေသည်။

မြန်မာ့ကျေးလက်သည် အေးချမ်းလှပနေသကဲ့သို့ ယင်းဒေသတွင် နေထိုင်ကြသော ပြည်သူများ၏ လူမှုစီးပွားဘဝများသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေရန် လိုအပ်လှပါသည်။ ကျေးလက်ဒေသများသည် ယနေ့နှင့်မနက်ဖြန် တူညီစွာ ရပ်တန့်နေ၍မရပေ။ နိုင်ငံ့လူဦးရေ၏ သုံးပုံနှစ်ပုံခန့်သည် ကျေးလက်ဒေသများတွင် နေထိုင်ကြသူများဖြစ်သည့်အတွက် ယင်းတို့၏ လူနေမှုအဆင့်အတန်းများ၊ ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးအခြေအနေများသည် အစဉ်အမြဲ ပြောင်းလဲတိုးတက်နေရန်လိုအပ်ပါသည်။ ထို့ကြောင့် နိုင်ငံတော်ကြီး စည်ပင်သာယာဝပြောရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဖော်ဆောင်ရာတွင် ကျေးလက်ဒေသများကို အခြေခံထား၍ ဖော်ဆောင်ကြရခြင်းပင်ဖြစ်ပါသည်။

နေ့အလင်းကွယ်သည်နှင့် ထိန်ထိန်လင်းသည့် ကျေးရွာညများ ဖန်တီးပေးနိုင်ခဲ့ပြီ

ကျေးလက်ဒေသအတွက် လမ်း၊ တံတား၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေးတို့သည် အခြေခံဖွံ့ဖြိုးရေးလိုအပ်ချက်များဖြစ်ကြသည်။ ထို့အတွက် ကျေးလက်ဒေသနေ ပြည်သူများအတွက် ဖုန်ထူထူကျေးရွာလမ်းများနေရာတွင် ကွန်ကရစ်လမ်းများ ပြောင်းလဲအသုံးပြု စေခြင်း၊ ကန်သင်းရိုးများပေါ်မှ စိုက်ပျိုးရေးထုတ်ကုန်များကို သယ်ဆောင်နေရာတွင် ရာသီမရွေး သယ်ဆောင်သွားလာနိုင်သော ကုန်ထုတ်လမ်းကျယ်များ ဖောက်လုပ်ခြင်းတို့ဖြင့် ဖွံ့ဖြိုးစေခဲ့ပါသည်။ ရွာ၏အစပ် ချောင်းရိုး၊ မြောင်းရိုးအထိ သွားရောက်စောင့်ဆိုင်းရေရယူရန် မလိုအပ်တော့ဘဲ ရေကြည်ရေသန့်ရရှိသော စက်ရေတွင်းများ၊ သန့်စင်မှုစနစ်ပါဝင်သော စိမ့်စမ်းရေသွယ် လုပ်ငန်းများဖြင့် အိမ်တိုင်ရာရောက် ရေကောင်းရေသန့်ရရှိစေခဲ့ပါသည်။ ထို့အတူ နေ့အလင်းကွယ်သည်နှင့် လျှပ်စစ်မီးရောင်ဖြင့် ထိန်ထိန်လင်းသည့် ကျေးရွာညများ ဖန်တီးပေးနိုင်ခဲ့ပြီဖြစ်ပါသည်။

ထိုကဲ့သို့ ကျေးရွာတိုင်းဖွံ့ဖြိုးမှု အခြေခံကောင်းများရရှိရေးလုပ်ငန်းများကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နှစ်စဉ်မပြတ် ဖော်ဆောင်ပေးလျက်ရှိပါသည်။

ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးဆောင်ရွက်ပေးရန် လွန်ခဲ့သော ၁၂ နှစ်ခန့်က ဖွဲ့စည်းခဲ့သော ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းများကို ကမ္ဘာ့ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် (SDGs) နှင့် မြန်မာနိုင်ငံ၏ အမျိုးသားဘက်စုံရေရှည်ဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်း(MNCSDP)တို့နှင့် ကိုက်ညှိပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးမဟာဗျူဟာမူဘောင် (၅) ရပ် ချမှတ်ကာ ကာလတို၊ ကာလလတ်၊ ကာလရှည်စီမံကိန်းများရေးဆွဲကာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း (Smart Village)၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်းစီမံကိန်း (RBF) ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)၊ လုပ်အားခပေးဖွံ့ဖြိုးရေးစီမံကိန်း (Cash-for-Work) နှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများသည် ပြည်သူများအကြား ထင်ရှားသည့် ပြည်သူ့အကျိုးပြု ဖွံ့ဖြိုးမှုစီမံကိန်းများပင်ဖြစ်ပါသည်။

ယင်းစီမံကိန်းများသည် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို လျင်လျင်မြန်မြန်ဖော်ဆောင်သွားနိုင်သည့်အတွက် ကျေးလက်ပြည်သူအများ မိမိတို့ရပ်ရွာအတွက် ဆောင်ရွက်ပေးစေလိုသည့် ကျေးရွာတိုင်း အလိုရှိသည့် ပြည်သူအခြေပြုဖွံ့ဖြိုးရေးစီမံကိန်းများပင် ဖြစ်ပါသည်။

လုပ်ငန်းအလိုက် ဖွံ့ဖြိုးမှုရရှိစေရန် ဆောင်ရွက်နိုင်ခဲ့

ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တစ်နှစ် အတွင်းပင်လျှင် မြစိမ်းရောင်ကျေးရွာစီမံကိန်းထပ်တိုးကျေးရွာ ၂၄၆ ရွာအပါအဝင် ကျေးရွာ ၁၄၉၅၈ ရွာ၊ Digital Payment စနစ်ဖြင့် ကျေးရွာ ၂၄၃ ရွာ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ကျေးရွာ ၁၈၆၄ ရွာ၊ ခေတ်မီစံပြကျေးရွာထူထောင် ခြင်း စီမံကိန်းကျေးရွာ ၈၈ ရွာ၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း ကျေးရွာ ၉၁ ရွာ ၊ Cash for Work စီမံကိန်း ကျေးရွာ ၉၈ ရွာတို့တွင် လုပ်ငန်းရပ်အလိုက် ဖွံ့ဖြိုးမှုရရှိစေရန် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ပါသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးနှင့် မိသားစုဝင်ငွေတိုးပွားရေးကို ထိုကဲ့သို့ကြိုးပမ်းဖော်ဆောင်နေသည့်အပြင် ကျေးလက်ရေရရှိရေး၊ ကျေးလက်မီးလင်းရေး၊ ကျေးလက်ကုန်ထုတ်လမ်းနှင့် ကုန်ထုတ်တံတားများ တည်ဆောက်ခြင်း၊ ကျေးလက်အိမ်ရာ တည်ဆောက်ခြင်းစသည့်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများစွာကိုလည်း တစ်ချိန်တည်း ဖော်ဆောင်ပေးလျက်ရှိပါသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း ကျေးလက်ရေရရှိရေးလုပ်ငန်း ၁၇၈၀ ၊ ကျေးလက်မီးလင်းရေးလုပ်ငန်း ကျေးရွာ ၉၄၀ ၊ ဆိုလာစိုက်ပျိုးရေတင်စနစ်လုပ်ငန်း ၉၈ ခု၊ ကျေးလက်ကုန်ထုတ်လမ်း (၅၃၂/၁.၄) မိုင်၊ ကျေးလက်ကုန်ထုတ်တံတား ၁၁၅၉ စင်း၊ ကျေးလက်အိမ်ရာ ၃၂ လုံးကို ကျေးလက်ပြည်သူများထံ ဆောင်ကြဉ်းပေးနိုင်ခဲ့သည့်အပြင် ကျေးလက်ပြည်သူ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများကို နိုင်ငံတစ်ဝန်း ဖွင့်လှစ်နိုင်ခဲ့ရာ (၄၁၂) ကြိမ်အထိ ဖွင့်လှစ်နိုင်ခဲ့ပါသည်။ နိုင်ငံတော်စီမံကိန်းဝင် သီးနှံများဖြစ်သော ဝါနှင့် နေကြာအပါအဝင် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေးအတွက် စိုက်ပျိုးရေရရှိရေးနှင့် ငွေကြေးနှင့် သွင်းအားစု ကူညီထောက်ပံ့ရေး ကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။

အရေးပါသည့် စီမံကိန်းများဖြစ်

သိသာထင်ရှား၍ ထိရောက်အကျိုးများသော ကျေးလက်ဒေသ ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများကို ဖော်ဆောင်ရာတွင် နိုင်ငံတော်၏ ဘဏ္ဍာငွေအရင်းအမြစ်တစ်ခုတည်းသာမကပဲ ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုများ၊ ပြည်တွင်း ပြည်ပအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ကုလသမဂ္ဂဖွံ့ဖြိုးရေးအေဂျင်စီများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်သည့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများသည်လည်း အရေးပါသည့် စီမံကိန်းများဖြစ်ကြပါသည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ရွာသစ်ကျေးရွာတွင် ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်း၊ ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်၊ မြောင်းမြမြို့နယ်နှင့် ဒေးဒရဲမြို့နယ်များရှိ ကျေးရွာ ၃ ရွာတွင် ပြည်သူအခြေပြုရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင်စနစ်ပါဝင်သော ကျေးရွာရေရရှိ ရေးစီမံကိန်း၊ မဲခေါင်-လန်ချန်းအထူးရန်ပုံငွေ ၂၀၂၃ ဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်မြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် လွိုင်လင်မြို့နယ်များရှိ ကျေးရွာသုံးရွာ၌ တောင်ပေါ် ဒေသတွင် ရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင်စနစ်ပါဝင်သော စိမ့်စမ်းရေသွယ်တန်းခြင်းစီမံကိန်း၊ တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်တွင် အသေးစားဓာတ်အားပေးစနစ်စီမံကိန်း လုပ်ငန်းနှစ်ခု၊ မဲခေါင်-လန်ချန်းအထူးရန်ပုံငွေ ၂၀၂၃ ဖြင့် ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် အသေးစားဓာတ်အားပေးစနစ်စီမံကိန်းလုပ်ငန်းတစ်ခုစီ ဆောင်ရွက်လျက်ရှိပါသည်။

ကျေးလက်ဦးစီးဌာနအနေဖြင့် ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းအမျိုးအစားပေါင်း ၁၂ မျိုး၊ ဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း ၈၀၅၂ ခုကို ကျေးရွာပေါင်း ၅၅၃၈ ရွာမှာ ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ဒေသခံပြည်သူ ၁၂ ဒသမ ၉ သန်းကို အကျိုးပြုစေနိုင်ခဲ့ပါသည်။

စီမံကိန်းအရပ်ရပ် ချမှတ်ဆောင်ရွက်ပြီး ကျေးလက်ပြည်သူအကျိုးစီးပွားကို လက်တွေ့ဖော်ဆောင်ရာတွင် ကျေးလက်ရေရရှိရေးလုပ်ငန်းများသည် နိုင်ငံတော်ရန်ပုံငွေများဖြင့်သာမက မိတ်ဖက်အဖွဲ့အစည်းများ၊ အလှူရှင်များဖြင့် ပူးပေါင်းဆောင်ရွက်ပေးနိုင်ခြင်း၊ Water Donation App အသုံးပြု၍ နွေရာသီရေရှားပါးမှု/ရေလှူဒါန်းမှုများကို အချိန်နှင့် တစ်ပြေးညီ သတင်းပေးပို့နိုင်ခြင်း၊ ဆိုလာရေတင်စနစ်များ ဆောင်ရွက်ပေးခြင်းဖြင့် လျှပ်စစ်ဓာတ်အား၊ လောင်စာဆီသုံးစွဲမှု လျှော့ချနိုင်ပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းသက်သာစေခြင်းစသည့် အားသာချက် များကို တွေ့ရှိရပါသည်။

ထို့အတူ ကျေးလက်မီးလင်းရေးလုပ်ငန်းများသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးပြုခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုလျော့နည်းစေကာ မဟာဓာတ်အားလိုင်းပြင်ပ ကျေးရွာများ ကုန်ကျစရိတ်သက်သာစွာဖြင့် ကျေးလက်ပြည်သူများ စွမ်းအင်ရယူသုံးစွဲနိုင်ခဲ့ကြ ပါသည်။

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းသည် မိမိတို့ကျေးရွာ၏ ဖွံ့ဖြိုးရေးလုပ်ငန်းကို ကိုယ်တိုင်သုံးသပ်ဆုံးဖြတ်ဆောင်ရွက်ကြရသည့်အတွက် ကျေးရွာနေပြည်သူများ၏ စွမ်းဆောင်ရည်များ မြင့်မားလာစေပြီး ဖွံ့ဖြိုးရေးအတွက် အဟန့်အတားနှင့် အခက်အခဲများကို ကိုယ်တိုင်သိရှိကာ ဖြေရှင်းနိုင်မည့် နည်းလမ်းများ ဖော်ထုတ်ဆောင်ရွက်လာနိုင်မည်ဖြစ်ပါသည်။

အခြေခံစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာ

ထို့အတူ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းကြောင့် ဒေသထွက်ကုန်အပေါ် အခြေခံသည့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေသည့်အပြင် အလုပ်အကိုင်အခွင့် အလမ်းများစွာ ရရှိနိုင်စေပါသည်။ အလားတူ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာပြီး Digital Service နှင့် Digital Payment စနစ်များ ဖွံ့ဖြိုးလာခြင်း၊ ကျေးလက်နှင့် မြို့ပြအကြား ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ စနစ်တကျ ပုံမှန်ချိတ်ဆက် ဆောင်ရွက်နိုင်ရန် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းက များစွာအထောက်အကူပြုစေခဲ့ပါ သည်။

ထိုသို့ ဖွံ့ဖြိုးရေးစီမံကိန်းများ ဖော်ဆောင်ရာတွင် ကဏ္ဍအလိုက်၊ ဒေသအလိုက် အားနည်းချက်များ၊ ကန့်သတ်ချက်များလည်း တွေ့ကြုံခဲ့ရပါသည်။ နွေရာသီရေရှား ကျေးရွာများ၌ မြေအောက်ရေအရင်းအမြစ်မရှိခြင်း၊ ရေစုကန်များ ဆောင်ရွက်ရန် မြေနေရာမရရှိခြင်း၊ လျှပ်စစ်မီးရရှိမှု အကန့်အသတ်ရှိခြင်းတို့ကြောင့် လျှပ်စစ်ရေတင်စနစ်များ လည်ပတ်ရာတွင် အဟန့်အတား ဖြစ်ခြင်းကဲ့သို့သော အားနည်းချက်များလည်း တည်ရှိခဲ့ပါသည်။

မိသားစုဝင်ငွေတိုးပွားရေးအတွက် လည်ပတ်ရန်ပုံငွေ မတည်ဆောင်ရွက်ပေးနေသော စီမံကိန်းများတွင် လတ်တလောဖြစ်ပေါ်နေသော နယ်မြေလုံခြုံရေးအခြေအနေနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ကျေးရွာအနည်းငယ်၌ လုပ်ငန်းများ ယာယီရပ်တန့်နေခြင်း၊ ဝန်ထမ်းများ ကွင်းဆင်းကြီးကြပ်ရန်ခက်ခဲခြင်းများ ကြုံတွေ့ခဲ့ကြရပါသည်။ ထို့ပြင် ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများ လွှမ်းခြုံဆောင်ရွက်ရန်နှင့် ကျေးလက်ပြည်သူများ၏ ဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြတောင်းဆိုချက်များကို အပြည့်အဝဖြည့်ဆည်းပေးရန် ရန်ပုံငွေလုံလောက်မှုမရှိခြင်းကလည်း စိန်ခေါ်မှုတစ်ရပ်ပင် ဖြစ်ပါသည်။  

သို့သော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် လုပ်ငန်းရပ်များ ဆောင်ရွက်ရင်း တွေ့ကြုံခဲ့ရသည့် အားသာချက်၊ အားနည်းချက်များကို အခြေခံကာ ပိုမိုကောင်းမွန်သော အစီအမံများ ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အားအင်အပြည့်ဖြင့် ဖော်ဆောင်ရင်း ကျေးလက်ပြည်သူအကျိုးအတွက် ကြိုးပမ်းနေမည်ဖြစ်ပါသည်။

ထို့အတွက် ယခုဘဏ္ဍာနှစ်တွင် ကျေးလက်ရေရရှိရေးလုပ်ငန်း ၉၅၉ ခု၊ ကျေးလက်မီးလင်းရေးလုပ်ငန်းအတွက် ကျေးရွာ ၂၀၅ ရွာတွင် တစ်အိမ်သုံးဆိုလာစနစ် ၁၁၉၄၉ စုံ၊ အသေးစား ဓာတ်အားပေးစနစ်လုပ်ငန်းနှစ်ခု၊ ဆိုလာစိုက်ပျိုးရေတင်စနစ်လုပ်ငန်း ၄၀ ၊ ကျေးလက်ကုန်ထုတ်လမ်း (၄၁၉/၁ ဒသမ ၇၃၇) မိုင်၊ ကျေးလက်ကုန်ထုတ်တံတား ၈၀၈ စင်း၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်းကျေးရွာယူနစ် ၁၉၅ ယူနစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းကျေးရွာ ၁၆၈၉ ရွာ၊ ခေတ်မီစံပြကျေးရွာထူထောင်ခြင်းစီမံကိန်းကျေးရွာ ၄၀ ၊ ကျေးလက် စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း ကျေးရွာယူနစ် ၆၀၊ အသက်မွေးဝမ်းကျောင်းသင်တန်း (၂၈၄) ကြိမ်ကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်ဆောင်ရွက်သွားရန် ကြိုးပမ်းလုပ်ဆောင်နေပြီဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။

ဆောင်းပါး

ဆောင်းပါး