Skip to main content

စာဖတ်နာသည့် နိုင်ငံသားများကြောင့် အမြင့်သို့တက်နေသည့် နိုင်ငံတော်ဘဝသို့ …

ဒေါက်တာမောင်သင်း

ကိုယ့်ကိုယ်ကိုယ် တစ်သက်လုံးလူမွေးလူတောင်မပြောင်အောင် ဒဏ်ခတ်သည့်လူတွေ ကမ္ဘာပေါ်မှာ ဒုနှင့်ဒေး ရှိနေကြပါသည်။ သူတို့ကတော့ “စာလုံးဝ မဖတ်သည့် သူတွေပါ” အီသီယိုပီးယားလူမျိုးများ၏ ဆုံးမစကား

အညွန့်တလူလူတက်နေသည့်  သတ္တဝါမို့ “လူ”

“တွေးခေါ်ဉာဏ်ရှိသော ခြေနှစ်ချောင်းသတ္တဝါ”တဲ့။ လူ၏အဓိပ္ပာယ်ကို မြန်မာစာအဖွဲ့ဦးစီးဌာနမှ ထုတ်ဝေသည့် “မြန်မာအဘိဓာန်”တွင် အဓိပ္ပာယ်ဖွင့်ဆိုထားခြင်းဖြစ်ပါသည်။ အဘယ်ကြောင့် “လူ” ဟု “ခေါ်ဝေါ်ခြင်း” “အမည်ပေးရခြင်း” ဆိုသည်ကိုလည်း လိုက်ရှာကြည့်မိပါသည်။ လူသား၏ အမြင့်ဆုံးနေရာမှာ “ငယ်ထိပ်”ဖြစ်ပါသည်။ သတ္တဝါတိုင်းတွင်လည်း ထိပ်ဆုံးအဖျားနေရာသည် ငယ်ထိပ်ဖြစ်ပါသည်။ လူတွင် အဆိုပါ ထိပ်ဖျားငယ်ထိပ်သည် ကောင်းကင်အမြင့်ဘက်သို့ ဦးတည်နေပါသည်။

တိရစ္ဆာန်များ၏ ထိပ်ဖျားငယ်ထိပ်သည် ကောင်းကင်အမြင့်ဆီသို့ ဦးတည်မနေပါ။ ဘေးဘက်ဆီသို့သာ ဦးတည်နေပါသည်။ ကောင်းကင်ကိုကျောပေး၍ ရင်ဘတ်သည် မြေပြင်နှင့် အပြိုင်ဖြစ်နေကြသည်။ သက်ရှိတိုင်း၏ ဦးနှောက်ဦးတည်ချက်မှာ လူသားသည် ကောင်းကင်အမြင့်ဆီသို့ ဦးတည်နေ၍ အခြားသက်ရှိများ (ခွေး၊ နွား၊ ဆင်၊ မြင်း၊ ကြွက်၊ ကြောင်)တို့သည် ဘေးဘက်ဆီသို့သာ ဦးတည်နေပေသည်။ ဤတွင် သက်ရှိသစ်ပင်၏ ထိပ်ဖျားအညွန့်သည် အမြဲတမ်း ကောင်းကင်ဆီသို့သာ ဦးတည်တက်လှမ်းနေပေသည်။ ရုက္ခဗေဒပညာရပ်တွင် ဂန္ထဝင်စမ်းသပ်ချက်တစ်ခု ပြုလုပ်ဖူးသည်။

အပင်စိုက်ထားသည့် ပန်းအိုးကို ပြောင်းပြန်ချိတ်ဆွဲထားခြင်းပါ။ ထိုအခါအပင်၏ အညွန့်သည်မြေပြင်သို့ ထိုးဆင်းမသွားဘဲကွေး၍ ကောင်းကင်ဘက်ဆီသို့သာ ဦးတည်ပြန်လှည့်တက်သွားကြောင်း အကြိမ်ကြိမ် စမ်းသပ်မှုများက သက်သေပြနိုင်ခဲ့သည်။ မြေပြင်ပေါ်ရှိ သစ်ပင်များ၏ အညွန့်များသည်လည်း အမြင့်ဘက်၊ ကောင်းကင်ဘက်သို့သာဆက်၍ ဦးတည်ရှည်တက်သွားကြသည်။ ဤသည်ကို “အညွန့်တလူလူတက်သည်” ဟု မြန်မာ့လူ့အဖွဲ့အစည်းက ခေါ်ဆိုသုံးနှုန်းကြသည်။

အမြဲတမ်း အောင်မြင်နေသည့်သူကို “အောင်လံတလူလူလွှင့်ထူနေသူ”ဟု သုံးစွဲနေကြသည်။ အပင်များကဲ့သို့ လူသား၏ထိပ်ဖျားဖြစ်သည့် “ငယ်ထိပ်”ကလည်း ကောင်းကင်အမြင့်ဆီသို့သာ ဦးတည်နေသဖြင့် အညွန့်တလူလူတက်နေသည့် သတ္တဝါဖြစ်သောကြောင့် “လူ”ဟု အမည်ပေးခဲ့၊ ခေါ်ဝေါ်ခဲ့ဟန်ဖြစ်ပေလိမ့်မည်။ လူ့သမိုင်းကလည်း နိမ့်ကျသွားခြင်းမရှိဘဲ အမြင့်ဆီသို့သာ ဆက်လက်တက်လှမ်းနေသဖြင့် မြန်မာ့လူ့အဖွဲ့အစည်းက အမြင့်တလူလူတက်နေ၍“လူ”ဟု ခေါ်ဝေါ်ခဲ့ခြင်းမှာ လွန်စွာမှန်ကန်သည်ဟု ဆိုနိုင်နေပေသည်။

စာပေကိုထွင်နိုင်ကာ စာဖတ်တတ်၍သာ အညွန့်တလူလူသက်ရှိဖြစ်လာတာပါ

လူသမိုင်းအစမှ ယနေ့အထိ၊ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်ဟူ၍ လူသားတို့ ဖြတ်သန်းလာခဲ့မှုကို မှတ်တမ်းများထားရှိခဲ့ကြသည်။ လယ်ယာခေတ်မှ စက်မှုခေတ်ဆီသို့ ပြောင်းလဲတိုးတက်လာသည်။ ယနေ့ဆိုလျှင် အိုင်တီမှသည် ဉာဏ်ရည်တု (အေအိုင်-AI) ခေတ်ဆီသို့ ရောက်ရှိနေပါပြီ။ ထိုသို့ လူ့အဖွဲ့အစည်း လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာရခြင်းမှာ လူသားတွင် “မြင်တွေ့ထိခံစားချက်များ”ကို ပြန်လည်ပုံဖော်နိုင်သည့် စွမ်းရည်ကြောင့်ဟု ဆိုရပေမည်။ ယင်းသည် ယနေ့ကျောင်းများတွင် လေ့ကျင့်ပေးနေသည့် “ခံစားမှုနှင့် အမြင်ကို ပြန်လည်ပုံဖော်နိုင်မှု ဉာဏ်စွမ်းရည်” (Aesthetic Skill) ပင်ဖြစ်ပါသည်။ လူသားသမိုင်းကို လေ့လာလျှင် တွေ့မြင်မှတ်သားမှု သဏ္ဌာန်ကို ပထမတွင် ဂူနံရံ၌ အရုပ်အဖြစ်ရေးဆွဲကြ၏။

ပြီးနောက် အရုပ်မှတစ်ဆင့် “စာပေ”သို့ ကူးပြောင်းအဆင့်မြင့်လာ၏။ စာပေဟူသည် အမှတ်အသားဖြင့် တစ်ဦးမှတစ်ဦးသို့ ပြောပြ၊ ရှင်းပြသည့် “အမှတ် အသားပြုစကားလုံး” တစ်နည်းအားဖြင့် “အသံမထွက်သည့် စကားလုံးများ” (Symbolic Language) တစ်မျိုးဖြစ်ပါသည်။ စာပေကြောင့်၊ ဆိုးမှု၊ ကောင်းမှု၊ အောင်မြင်မှု၊ ကျဆုံးမှု၊ ဆောင်ရန်၊ ရှောင်ရန်တို့ကို နောက်မျိုးဆက်သို့ သင်ခန်းစာယူနိုင်ရန် မှတ်တမ်းထားနိုင်ခဲ့သည်။ လက်ဆင့်ကမ်းထားခဲ့ကြသည်။ အဆိုပါမှတ်တမ်းများကို နောက်မျိုးဆက်က ဖော်ထုတ်နိုင်၊ ဖတ်နိုင်ခဲ့ကြသည်။ သို့အတွက် အရင်မျိုးဆက်များ၏ လူ့အဖွဲ့အစည်းပျက်သုဉ်းစေမည့် အမှားကိုဖယ်နိုင်၏။ လူ့အဖွဲ့အစည်း အေးချမ်းသာယာဖွံ့ဖြိုးစေမည့်ကောင်းခြင်း၊ အောင်မြင်ခြင်းများကိုသာယူ၍ ပိုကောင်းအောင် လုပ်နိုင်ခဲ့ကြခြင်းဖြစ်ပေသည်။ ဤသို့ဖြင့် လူ့အဖွဲ့အစည်းသည် သက်ရှိလောကတွင် အောင်လံတလူလူ လွှင့်ထူသူဖြစ်လာခဲ့၏။ သက်ရှိလောကတွင် တုမနှိုင်းနိုင်သည့် သက်ရှိဖြစ်လာပေသည်။ ဤသည်မှာ စာပေကို တီထွင်နိုင်ခြင်းနှင့် စာဖတ်တတ်ခြင်း၏ အကျိုးကျေးဇူးပင်ဖြစ်ပါသည်။ တိရစ္ဆာန်နှင့် လူ့လောကကို ထင်ထင်ရှားရှား စည်းခြားနိုင်ခဲ့သည်။

အသက်နှစ်သက်ဖြင့် အသက်ရှင်နိုင်မှလူ

ကျွန်တော်သည် “စာကြည့်တိုက် ဖွံ့ဖြိုးရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး” ဟောပြောပွဲတစ်ခုတွင် ဟောပြောခဲ့သည်ကို ပြန်လည်တင်ပြပါရစေ။ ဟောပြောပွဲသို့ ကြွရောက်လာသည့် ကျောင်းသူ ကျောင်းသားများကို “လူနှင့်တိရစ္ဆာန်ဘာကွာလဲ” ဟုမေးရာ “အသိဉာဏ်ကွာလို့ပါ”ဟု ဖြေကြားကြပါသည်။ သူတို့၏ အဖြေသည် ကျောင်းမှာ၊ ပတ်ဝန်းကျင်မှာကြားနေရသည့် သမားရိုးကျအဖြေသာဖြစ်ပါသည်။ ဆန်းသစ်ခြင်းကင်း၏။ ဆန်းသစ်ခြင်း၊ သမားရိုးကျလမ်းမှဖယ်၍ လမ်းသစ်ထွင်ခြင်းသည် တိုးတက်မှုပင်ဖြစ်သည်။ မထွင်နိုင်ခြင်းသည် တိုးတက်မှုအားနည်းခြင်း၏ ပြယုဂ်ဖြစ်ပေသည်။ ထိုသို့ဖြစ်ရခြင်းမှာ စာဖတ်ဓလေ့ အားနည်းမှုကြောင့်ဟု မြင်မိပါသည်။

ကျွန်တော်က လူနှင့်တိရစ္ဆာန်တို့ အဓိကကွာခြားချက်မှာ တိရစ္ဆာန်မှာက “အသက်တစ်မျိုး”တည်းဖြင့် အသက်ရှင်တာပါ။ “စက္ကန့်မိနစ်၊ နာရီ၊ နေ့ရက်၊ လ၊ နှစ်” ဟူသည့် “အချိန်သက်” တစ်မျိုးတည်းဖြင့် အသက်ရှင်ကြပါသည်။ လူကအသက်နှစ်သက်ဖြင့် အသက်ရှင်၏။ အဆိုပါအချိန်သက်အပြင် “ရင့်ကျက်သက်”ပါ ထပ်ပေါင်းပြီး အသက်နှစ်သက်ဖြင့် အသက်ရှင်နိုင်မှလူဟု ခေါ်ဆိုပါသည်။ ရင့်ကျက်သက်သည် အချိန်သက်ကဲ့သို့ အလိုလိုနေရင်းမရနိုင်ပါ။ အမြဲမပြတ် မိမိ၏ အရည်အသွေးတက်နေအောင် ဖြည့်ဆည်းနေပါမှသာ ရရှိသည့်အသက်ဖြစ်ပါသည်။

ဖြည့်ဆည်းသက် ရှိမှု/မရှိမှုကြောင့် လူအချင်းချင်း အနိမ့်အမြင့်ဖြစ်လာကြသည်။ လူနှင့် တိရစ္ဆာန် အသိဉာဏ်ကွာဟလာ၏။ ဖြည့်ဆည်းသက် မြန်မြန်ရနိုင်တဲ့ နည်းလမ်းကတော့ “စာများများဖတ်ခြင်း” တစ်နည်းအားဖြင့် “စာဖတ်နာခြင်း” ပင်ဖြစ်ပါသည်။ “စာပေ”သည် ခေတ်သမိုင်းအဆက်ဆက်က လူသားတို့ ကြုံရ၊ ဆုံရ၊ တွေ့ခဲ့ရသည့် “ကောင်းမှု၊ ဆိုးမှု၊ အောင်မြင်မှု၊ ကျဆုံးမှု၊ ဆောင်ရန်၊ ရှောင်ရန်၊ ဆက်လက်လုပ်ဆောင်ရန်” စသည်တို့ကို မှတ်တမ်းရေးဖွဲ့ထားခြင်းဖြစ်ပါသည်။ လူ့သမိုင်းဟု ဆိုကြသည်။ တိရစ္ဆာန်တွေမှာ အဆိုပါအတွေ့အကြုံမှတ်တမ်းမရှိပါ။ မှတ်တမ်းလည်း မရှိသလို၊ မှတ်တမ်းကို ဖတ်တတ်သည့်ဖတ်နိုင်သည့် တိရစ္ဆာန်လည်းမရှိပါ။ မှတ်တမ်းမရှိ၍ ဆောင်ရန်၊ ရှောင်ရန်၊ လိုက်နာရန် မသိကြပေ။ တိရစ္ဆာန် မိဘက မိမိ၏ သားသမီးကို အစာရှာရန်၊ အန္တရာယ်ကို ရှောင်ရှားရန်၊ သားသမီးကို စောင့်ရှောက်တတ်ရန်အတွက် သူ့(မိဘ၏) တစ်ဘဝစာအတွေ့အကြုံကိုသာ လက်ဆင့်ကမ်းနိုင်ကြသည်။ ထို့ထက်မပိုချေ။ မိဘမျိုးဆက်၏အထက်က ဘိုးဘေးဘီဘင်များ၏ အတွေ့အကြုံမှတ်တမ်းမရှိခဲ့ပေ။

သို့အတွက်ကြောင့် တိရစ္ဆာန်ဘဝမတိုးတက်ခဲ့ပေ။ လူမှာကမှတ်တမ်းရှိ၏၊ ယင်းကိုများများဖတ်နိုင်သူသည် စာပေမှတစ်ဆင့် ခေတ်အဆက်ဆက်မှ လူ့အဖွဲ့အစည်း(ဘိုးဘေး၊ ဘီဘင်တို့ရဲ့) ဖြတ်သန်းခဲ့သည့် အတွေ့အကြုံတွေကို သိခွင့်ရ၏။ ဖွံ့ဖြိုးသည့် လူ့အဖွဲ့အစည်းအတွက် မကောင်းတာက ဘာဆိုတာကို သိရှိနားလည်လာသည်။ မကောင်းတာကိုပယ်၏၊ ကောင်းတာကိုယူ၏၊ လူ့အဖွဲ့အစည်း ကောင်းကျိုးဆက်လက်သယ်ပိုး၏၊ အရာရာကို မည်သည့်အတွက်ကြောင့် ဖြစ်ပျက်သည်ဟု ကျိုးကြောင်းဆင်ခြင်ဉာဏ်ဖြင့် ဆုံးဖြတ်လုပ်ကိုင်လာနိုင်၏၊ နောက်ဆုံးတွင် လူ့အဖွဲ့အစည်း အကျိုး၊ နိုင်ငံ့အကျိုးသာသယ်ပိုးသည့် “ရင့်ကျက်သက် ပြည့်ဝသူ” “ဉာဏ်ပညာ အမြော်အမြင်ကြီးမားသူ” (Wise Men) အဖြစ် လေးစားခံရသူဖြစ်လာပါသည်။ တကယ်တော့ ရင့်ကျက်သက်သည် စာဖတ်ရုံဖြည့်ဆည်းရုံ သိရုံအဆင့်မှာပင် ရပ်ထား၍မရပေ။ အသိကို လက်တွေ့အသုံးချနိုင်ပါမှ ရသည့်ဘဝပါ။ စာဖတ်မှရသည့် ရင့်ကျက်သက်ဟာ စာမဖတ်လျှင်မရနိုင်ပါ။ စာဖတ်၍ ဖြည့်ဆည်းမှသာရနိုင်သည့် ရင့်ကျက်သက်မရှိလျှင် တိရစ္ဆာန်နှင့်လူသားဟာ ဘာမှမခြားနားပါ။ စာဖတ်သူသာ လူသားဟု ဆိုပါရစေ။

ဒါကြောင့် “စာဖတ်ခြင်း”ဖြင့် လူသားပီသသော သက်ရှိလူသားဖြစ်အောင် ကြိုးပမ်းပေးကြပါဟု တိုက်တွန်း ချင်ပါသည်။ ဆက်လက်၍ “မောင်တို့၊ မယ်တို့ ကျောင်းမှာကျန်ခဲ့သည့် သူငယ်ချင်းတွေ၊ ရပ်ရွာထဲက မိတ်ဆွေတွေ၊ မိဘဆွေမျိုးတွေကိုကော ရင့်ကျက်သက်မရှိတဲ့ တိရစ္ဆာန်ဘဝလို အသက်ရှင်စေချင်လား” ဟုမေးရာ “တိရစ္ဆာန်လိုအသက်မရှင်စေချင်ပါ” ဟု ဖြေကြပါသည်။ “တိရစ္ဆာန်လို အသက်မရှင်စေချင်ရင် ဘာလုပ်ကြမလဲ” ဟု ဆက်မေးရာ “စာဖတ်ခိုင်းပါမည်”တဲ့။ စာဖတ်ရန် တိုက်တွန်းရပေမည်။

လူမွေးလူတောင် မပြောင်အောင် ကိုယ့်ကိုယ်ကိုယ် ဒဏ်ခတ်ကြသူများ

ကျွန်တော်သည် ကျောင်းသူ ကျောင်းသားများကို လူဖြစ်ပြီး “ကိုယ့် ကိုယ်ကိုယ် ဒဏ်ခတ်တဲ့လူနဲ့ မောင်တို့ မယ်တို့ဆုံဖူးလား၊ ကိုယ်တိုင်ရော ကိုယ့်ကိုယ်ကိုယ် ဒဏ်ခတ်ဖူးလား။” ဟုမေးရာ “မဆုံဖူးပါ၊ မတွေ့ဖူးပါ ကိုယ့်ကိုယ်ကိုယ်လည်း ဒဏ်မပေးဖူးပါ” ဟု ဖြေကြပါသည်။

၁၉၈၅ ခုနှစ်တွင် ကျွန်တော်နှင့် အနောက်ဂျာမနီမှာ ဂျာမန်စကားအတူ သင်ကြားခဲ့သူ အီသီယိုပီးယားနိုင်ငံသား ဓာတုဗေဒဘာသာရပ် Ph.D လာတက်သူက စာဖတ်တာနှင့်ပတ်သက်၍ သူတို့ဆရာတွေ ဆုံးမခဲ့တာလေးကို ယခုကြွရောက်လာကြသည့် နိုင်ငံသားလူငယ်များကို ပြန်လည်ဖောက်သည်ချရင်း လက်ဆင့်ကမ်းပါရစေ။ သူပြောတာက “လူသားဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် လူမွေးလူတောင် မပြောင်အောင်ဒဏ်ခတ်တဲ့လူတွေ မရေတွက်နိုင်အောင်ရှိကြတယ်တဲ့၊ မင်းတို့အဲဒီလို လူစားထဲမပါစေနဲ့၊ သူတို့ကတော့ “စာလုံးဝမဖတ်တဲ့သူတွေပဲ”တဲ့၊ အခြေခံပညာကျောင်းသားဘဝမှာ အီသီယိုပီးယားမှ သူတို့ဆရာတွေက ကျောင်းသားတွေကို ဆုံးမနေကျစကားတဲ့။

ယခုဆောင်းပါးအစမှာ ဖော်ညွှန်းထားပါသည်။ ဟုတ်ပါသည်။ စာမဖတ်တော့ ဗဟုသုတမရှိ၊ အမှားနှင့် အမှန်၊ အကောင်းနှင့်အဆိုး၊ ဓမ္မနှင့် အဓမ္မမခွဲခြားနိုင်ပေ။ သူများပြောသမျှယုံ၊ “စောင့်ထိန်းရမည့် ကျင့်ဝတ်ကိုလည်း နားမလည်” အပြုနှင့်အဖျက်ကိုပင်မသိ၊ မိတ်ကောင်းဆွေကောင်း ဆိုတာလည်း မခွဲတတ်တော့ နောက်ဆုံးမှာ သူ့လိုအသိဉာဏ်ကန်း၊ အမြင်ကန်းလူမိုက်တွေနှင့် ပေါင်းမိပြီး လူ့အဖွဲ့အစည်းဖျက်ဆီးရာမှာ ပါဝင်သွားကြကာ ဘဝဆုံးကြသူတွေ ကမ္ဘာ့လူ့အဖွဲ့အစည်းမှာ ဒုနဲ့ဒေးပါ။ ယနေ့ မြန်မာ့လူငယ်တွေသည် ကိုယ့်ကိုယ်ကိုယ်ဒဏ်ခတ်သူ၊ အပြစ်ပေးသူမဖြစ်စေလို၍ ဤအသိကို မျှဝေပေးခြင်းပါ။ စာဖတ်သည့်လူတွေကတော့ ရရန်ခက်ခဲသောလူ့ဘဝမှာ မိမိကိုယ်ကို ပျိုးထောင်နိုင်ခြင်းနှင့် မိမိ၏ဘဝ တိုးတက်စေမည့် နည်းလမ်းကောင်းများစွာကို စာကောင်းပေမွန်ရှာဖွေဖတ်ရှုသည့် အလေ့အကျင့်ကောင်းဖြင့် မွေ့လျော်ရင်းနောက်ဆုံးမှာ ကောင်းသလောက် တော်ကြသူများဖြစ်လာပါတယ် ဟုဟောပြောပြီး -

ဒါဆိုရင် “မောင်တို့မယ်တို့ခင်ဗျာ။ စာမဖတ်တဲ့လူဆိုတာ ကိုယ့်ကိုယ်ကိုယ် လူ့ဗာလဘဝရောက်အောင် ဒဏ်ခတ်ခဲ့သူဆိုတော့ မောင်တို့မယ်တို့ လူဆိုး၊ လူမိုက်ဖြစ်ချင်လား၊ သူငယ်ချင်းတွေကို ရော တေလေကြမ်းပိုး၊ သူခိုးတွေ ဖြစ်စေချင်လား၊ ဆွေမျိုးတွေကော အဲဒီလို လူညံ့လူဖျင်း အဖြစ်ခံနိုင်လား”ဟုမေးရာ “အဖြစ်မခံနိုင်ပါ” ဟု ဖြေကြရာ“အဖြစ် မခံနိုင်ရင်ဘာလုပ်ရမလဲ” “ကိုယ်တိုင်လည်းစာဖတ်ကြပါမည်၊ ပြီးတော့ တခြားသူတွေကို စာဖတ်ရန်တိုက်တွန်းကြပါမည်” ဟု ပြောကြပါသည်။

စာဖတ်တာ အမြင့်ကို ပျံသန်းချင်လို့ပါ

ကျွန်တော်သည် ဟောပြောပွဲတွင်ပြသသွားသည့် Video Clip ကို ညွှန်း၍ ကမ္ဘာ့သမိုင်းမှတ်တမ်းဝင် မြန်မာ့ခေါင်းဆောင် တတိယမြောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်(ငြိမ်း) ဦးသန့်က “စာဖတ်ခြင်းနှင့်ပတ်သက်၍ ဘာပြောသွားသလဲမှတ်မိလား” ဟုမေးရာ ကျောင်းသူ ကျောင်းသားများက “စာဖတ်သော လူမျိုးသည်တိုးတက်၍ တိုးတက်သော လူမျိုးတိုင်းစာဖတ်ကြသည်”တဲ့။ ကျွန်တော်က စာဖတ်ခြင်းနှင့်ပတ်သက်၍ ဦးသန့်ပြောခဲ့တာတစ်ခွန်းကို ထပ်ဖြည့်ချင်ပါသည်။ “စာဖတ်တာအမြင့်ကို ပျံသန်းချင်လို့ပါ” တဲ့။ ဘာကြောင့် အမြင့်ကိုတက်ချင်ရတာလဲဆိုတာ မဖြေမီ မေးခွန်း ဆက်မေးမိပါသည် -

အနာဂတ်ခေါင်းဆောင်လောင်းများခင်ဗျာ

“မောင်တို့မယ်တို့ဟာ ကျွန်ဘဝမှာနေချင်သလား” “သခင်ဘဝမှာ နေချင်သလား” ဟုမေးရာ “သခင်ဘဝမှာသာနေချင်ပါသည်”ဟု ဖြေကြပါသည်။ “ကျွန်နှင့် သခင်ဘယ်သူက အဆင့်မြင့်သလဲ” ဟု ထပ်မေးရာ “သခင်ကမြင့်သည်” ဟု ဖြေကြပါသည်။

မှန်ပါသည်။ မြန်မာတို့၏ ရန်ကုန်တက္ကသိုလ်ကိုစဖွင့်တာ အင်္ဂလိပ်တို့၏ ကိုလိုနီယန္တရား လည်ပတ်ရန် ကျွန်မွေးတာပါ။ သို့သော် လာတက်ကြသည့် တက္ကသိုလ်ကျောင်းသားတွေဟာ သင်ရိုးပြင်ပက ကမ္ဘာ့ရေးရာ အဖြာဖြာစာအုပ် စာပေများကို လေ့လာဖတ်ရှုကြပြီး နိုင်ငံရေးအတွေးအမြင် ပွင့်လင်းလာကြပါသည်။ လက်ရှိအခြေအနေထက် ပိုမိုမြင့်မားလိုစိတ်၊ ယခုထက်ပိုလွတ်လပ်ချင်သည့် အမြင်တွေဖြစ်ထွန်းလာကာ စားဝတ်နေရေး ပြေလည်သည့် မြို့အုပ်ရာထူးဆိုတာ၊ အခစားပဲကျွန်ပဲဆိုတာသိပြီး ပစ်ပယ်ခဲ့ကြသည်။

“ကျွန်ပညာရေးနှင့် ခေတ်ပြိုင်သခင်ပညာရေး” ဟူသည့် “အမျိုးသားပညာရေး” ပေါ်ပေါက်လာခဲ့သည်။ တက္ကသိုလ်ကျောင်းသားတွေ အမျိုးသားကျောင်းမှာ မလောက်မငလစာလေးဖြင့် ကျောင်းဆရာ ဝင်လုပ်ကြသည်။ အမျိုးသားကျောင်းတွေ တစ်ပြည်လုံးမှာ ပေါ်ပေါက်လာပြီး နိုင်ငံချစ်စိတ်၊ အမျိုးသားရေးစိတ်၊ ကိုယ်သာအရှင်၊ ကိုယ်သာသခင်ဆိုသည့် လွတ်လပ်လိုစိတ် စသည်တို့ကို ကျွန်မြို့အုပ်မလုပ်လိုသည့် စာဖတ်နာကြသော တက္ကသိုလ် ကျောင်းထွက် အမျိုးသား ကျောင်းဆရာများက နိုင်ငံအနှံ့ ဖြန့်ဝေပေးခဲ့သင်ပေးခဲ့ကြပါသည်။ နောက်မျိုးဆက်တွေကို “သခင်စိတ်” “သခင်အကျင့်” လွှမ်းအောင် လေ့ကျင့်ပေးခဲ့ပါသည်။ ထင်ရှားတဲ့အမျိုးသား ကျောင်းအုပ်ဆရာကြီးများမှာ ဦးသန့်၊ ဦးနု၊ သခင်မြ၊ ဦးဘဝင်း၊ ဦးရာဇတ်တို့ပဲဖြစ်ပါသည်။ ကျောင်းသားထဲက အထင်ရှားဆုံးက ရေနံချောင်း အမျိုးသားကျောင်းက မောင်အောင်ဆန်းပဲ ဖြစ်ပါသည်။

သူတို့ဟာ အင်္ဂလိပ်ပေးသော နိမ့်ကျသည့် ကျွန်ရာထူးကို မမက်ခဲ့၊ ကျွန်ဘဝထက် မြင့်လည်းမြင့်၊ မြတ်လည်းမြတ်သော သခင်ဘဝ၊ လွတ်လပ်သော နိုင်ငံသားဘဝကို မက်ခဲ့ကြခြင်းသည် အမြင့်ကိုလှမ်းခဲ့သော သမိုင်းထဲမှ သာဓကဖြစ်ပါသည်။ တက္ကသိုလ်လာတက်ပြီး ကမ္ဘာ့ရေးရာအဖြာဖြာကို မလေ့လာခဲ့၊ ပြင်ပစာတွေကို အဲဒီခေတ် တက္ကသိုလ်ကျောင်းသားတွေ မဖတ်ခဲ့လျှင် ကျွန်မြို့အုပ်ဘဝဆိုသည့် နိမ့်ကျကျဘဝမှာသာ သူတို့ပျော်ပိုက်နေကြမှာပါ။ ဤသို့ဆိုလျှင် နိုင်ငံ၏လွတ်လပ်ရေးလည်း နှောင့်နှေးသွားနိုင်ပါသည်။

(ဆက်လက်ဖော်ပြပါမည်)