ပြောင်းလဲနေသော ရာသီဥတုနှင့်ကြုံတွေ့နေရမြဲ ရေအခက်အခဲတွေအတွက် ကြိုတင်ပြင်ဆင်ကြပါစို့
အညာသား (ရေ)
ကမ္ဘာပေါ်တွင်နေထိုင်ကြသော လူအပါအဝင် သတ္တဝါများအားလုံးသည် ရာသီဥတုပြောင်းလဲမှု ဘေးကို အနည်းနှင့်အများ ရင်ဆိုင်နေကြရပါသည်။ ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာမြေကြီးသည် ပူနွေးသောအဆင့်မှ ဆူပွက်လာသောအဆင့်သို့ ရောက်ရှိပြောင်းလဲနေပြီဖြစ်ပါသည်။ ကျွန်တော်တို့တစ်တွေ နေ့စဉ်နှင့်အမျှ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များဖြစ်သည့် ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ ကျန်းမာရေးပြဿနာများ၊ စိုက်ပျိုးရေးနှင့် ဇီဝမျိုးကွဲများ၊ ရွှေ့ပြောင်းနေထိုင်မှုများ၊ ရေခက်ခဲမှုနှင့် ရေအရည်အသွေးပြဿနာများ စသည့်အကြောင်းအရာများနှင့် ရင်ဆိုင်နေကြရပါသည်။
အဖိုးထိုက်တန်သည့် ရေချိုများ
ကမ္ဘာ့မြေမျက်နှာပြင်၏ ၇၁ ရာခိုင်နှုန်းကို ရေများ ဖုံးလွှမ်းလျက်ရှိသည်ဟူသောအချက်အရ ယေဘုယျ ရုတ်တရက်စဉ်းစားပါက ရေသည် ကမ္ဘာပေါ်တွင် အပေါများဆုံးအရာဟု မှတ်ထင်နိုင်ပါသည်။ သို့ရာတွင် “နာမည်ကြီး ထမင်းငတ်” ဟူသော စကားပုံကဲ့သို့ ထိုရေတို့သည် ရှိကားရှိ၏။ အကုန်သုံးမရ။ ရေထု၏ ၉၆ ဒသမ ၅ ရာခိုင်နှုန်းသည် ပင်လယ်ရေငန်၊ ကျန်ရှိရေချို ၃ ဒသမ ၅ ရာခိုင်နှုန်း၊ ထိုရေချိုထု၏ ၆၈ ရာခိုင်နှုန်းသည် ရေခဲပြင်၊ ၃၀ ရာခိုင်နှုန်းသည် မြေအောက်ရေဖြစ်၍ မြေပေါ်ရေသည် နှစ်ရာခိုင်နှုန်းသာဖြစ်ပါသည်။ ထို့ကြောင့် အသုံးပြုနိုင်သည့် မြေပေါ်စီးဆင်းရေထုသည် စုစုပေါင်းရေချိုထု၏ ၀ ဒသမ ၀၅ ရာခိုင်နှုန်းသာရှိကြောင်း သိရှိရပါသည်။ အဖိုးထိုက်တန်သည့် ရေချိုများကို စနစ်တကျ သုံးစွဲကြရမည် ဖြစ်ပါသည်။
ပုံမှန်မဟုတ်သော မိုးလေဝသအခြေအနေများ
အယ်လ်နီညိုသည် ပစိဖိတ်သမုဒ္ဒရာ၌ နှစ်နှစ်မှ ခုနစ်နှစ်လျှင် တစ်ကြိမ်ပေါ်ပေါက်သည့် မိုးလေဝသဖြစ်စဉ်တစ်ခုဖြစ်သည်။ အယ်လ်နီညိုကြောင့် ပုံမှန်မဟုတ်သော မိုးလေဝသအခြေအနေများ ပေါ်ပေါက်လာသည်။ ၁၉၅၀ ပြည့်နှစ်နောက်ပိုင်းမှစ၍ ၂၀၂၂ ခုနှစ်အထိ အယ်လ်နီညိုဖြစ်စဉ် စုစုပေါင်း ၂၆ ကြိမ်ဖြစ်ခဲ့ပြီး အားအလွန်ကောင်းခြင်း သုံးကြိမ်၊ အားကောင်းခြင်း ငါးကြိမ်၊ အားအသင့်အတင့်ရှိခြင်း ခုနစ်ကြိမ်နှင့် အားအနည်းငယ်ရှိခြင်း ၁၁ ကြိမ်တို့ ဖြစ်ခဲ့ကြောင်းသိရသည်။ မြန်မာနိုင်ငံ၌ အယ်လ်နီညို ဖြစ်ပေါ်သည့်နှစ်များတွင် တစ်နိုင်ငံလုံး၌ နွေကာလ ပူပြင်းခြောက်သွေ့ခြင်း၊ မိုးခေါင်ရေရှားမှုပြဿနာများ ကြုံတွေ့ရခြင်း၊ အနောက်တောင်မုတ်သုန်လေ အဝင်နောက်ကျခြင်း၊ မုတ်သုန်လေအင်အားနည်းခြင်း၊ မုတ်သုန်လေအထွက်စောခြင်း၊ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ်မှု ပုံမှန်အောက် လျော့နည်းခြင်းအစရှိသည့် မိုးလေဝသနှင့် ရာသီဥတုဆိုင်ရာပြဿနာများ ကြုံတွေ့ရလေ့ရှိပါသည်။
ဆိုးကျိုးများကို ရင်ဆိုင်ရန် ပြင်ဆင်ရာတွင် အဆင်သင့်ဖြစ်မှု
ရာသီဥတုပြောင်းလဲခြင်း၏ ဆိုးကျိုးများကြောင့် ထိခိုက်နိုင်ခြေနှင့် ယင်းဆိုးကျိုးများကို ရင်ဆိုင်ရန် ပြင်ဆင်ရာတွင် အဆင်သင့်ဖြစ်မှုဟု နှစ်ပိုင်းခွဲ၍ ဆန်းစစ်နိုင်မည်ဖြစ်ပါသည်။ ယင်းဆန်းစစ်ချက်စစ်တမ်းအရ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုတို့သည် ထိခိုက်နိုင်ခြေအမြင့်ဆုံး ငါးနိုင်ငံထဲတွင်သာမက အဆင်သင့်ဖြစ်မှုအနိမ့်ဆုံး ငါးနိုင်ငံထဲသို့လည်း ရောက်ရှိပါဝင်နေပါသည်။ ကမ္ဘာပေါ်တွင် ထိခိုက်နိုင်ခြေအနည်းဆုံးမှာ နော်ဝေနိုင်ငံဖြစ်ပြီး အများဆုံးမှာ နိုင်ဂျာနိုင်ငံ ဖြစ်ပါသည်။
ရာသီဥတုပြောင်းလဲခြင်း၏ ဆိုးကျိုးများကြောင့် အပူလွန်ကဲမှုပြဿနာများကို ကျွန်တော်တို့တစ်တွေ လက်တွေ့ရင်ဆိုင်နေကြရပြီဖြစ်သည်။ ယခုနှစ်ဧပြီလထဲတွင် ကမ္ဘာပေါ်ရှိ အပူဆုံး ၁၅ မြို့ထဲ၌ မြန်မာနိုင်ငံမှမြို့ ခြောက်မြို့အထိပါဝင်လာခဲ့ပြီး ဂုဏ်ယူစရာမဟုတ်သည့် နံပါတ်တစ်များနှင့် ရင်ဆိုင်ခဲ့ရလေပြီ။ ၂၀၂၃-၂၀၂၄ ခုနှစ် အယ်လ်နီညိုသည် ရေကို အကျိုးရှိရှိ ချွေတာသုံးစွဲရန်၊ ရေသယံဇာတထိန်းသိမ်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ရန် သိသာထင်ရှားသော အချက်ပြမှုတစ်ခုဖြစ်ပါသည်။ ကျွန်တော်တို့အားလုံး ဝိုင်းဝန်းလုပ်ဆောင်ကြရမည်ဖြစ်ပြီး အချိန်မီပြင်ဆင်နိုင်မှသာ တော်ကာကြလိမ့်မည်ဖြစ်သည်။
အပူလွန်ကဲမှုပြဿနာ၏ နောက်ဆက်တွဲအဖြစ် ရေတွင်းရေကန်များတွင် ရေခန်းခြောက်ခြင်း၊ ရေရှားပါးခြင်း စသည့်ဆိုးကျိုးများ ဖြစ်ပေါ်လာခဲ့ရသည်။ ပုံမှန်မှ သွေဖည်၍ ကာလကြာမြင့်စွာ ခြောက်သွေ့သည့် မိုးလေဝသအခြေအနေကို မိုးခေါင်သည်ဟုသတ်မှတ်ပြီး ကမ္ဘာပေါ်တွင် မိုးခေါင်သည့်ဒဏ်ကို နှစ်စဉ် လူဦးရေ ၅၅ သန်းခန့် ခံစားနေရပါသည်။ သဘာဝဘေးအန္တရာယ်များထဲ၌ မိုးခေါင် ခြင်းသည် ဆုံးရှုံးမှုအများဆုံး ဘေးအန္တရာယ်ဖြစ်သည်။
ရေစီမံခန့်ခွဲမှု အရည်အသွေး
ယခုနှစ်ဖြစ်ပွားသည့် အယ်လ်နီညိုကဲ့သို့သော ရာသီဥတုဖောက်ပြန်မှုများနှင့် ကမ္ဘာကြီး တဖြည်းဖြည်းပူနွေးလာမှုစသည်တို့ကို စနစ်တကျရင်ဆိုင်ရန်အတွက် ကျွန်ုပ်တို့ ပြည်သူတစ်ဦးချင်းစီ၏ ရေစီမံခန့်ခွဲမှုအသိအမြင်နှင့် ရေကို စနစ်တကျ အသုံးချတတ်မှုတို့သည် လွန်စွာအခြေခံကျ အရေးကြီးလာသော အရည်အသွေးတစ်ခုဖြစ်ပါသည်။ နိုင်ငံတော်အစိုးရ၏ ရေဆိုင်ရာမဟာဗျူဟာများသည် အဆောက်အအုံကြီးတစ်ခုဖြစ်ပါက ကျွန်ုပ်တို့ ပြည်သူတစ်ဦးချင်းစီ၏ ရေစီမံခန့်ခွဲမှုအရည်အသွေးသည် ထိုအဆောက်အအုံကို တည်ဆောက်ထားသော အခြေခံအုတ်ချပ်အုတ်မြစ် များ ဖြစ်ကြပါလိမ့်မည်။
ပြောင်းလဲလာသောရာသီဥတုနှင့် လိုက်လျောညီထွေမှုရှိစေခြင်းအလို့ငှာ ရေတို ဆောင်ရွက်ရမည့် လုပ်ငန်းများအနက် အပူဒဏ်မှ ကင်းဝေးစေရန် သစ်ပင်များ စိုက်ပျိုးခြင်း၊ ရေရှားပါးခြင်းမှ သက်သာစေရန် မိုးရေစုဆောင်းအသုံးချခြင်း၊ ရေကန်များ အလျင်အမြန် မခန်းခြောက်စေရန် ထိန်းသိမ်းခြင်း၊ ရေကိုပြန်လည်အသုံးပြုခြင်း၊ ရေလွှမ်းမိုးမှုဒဏ်မှ သက်သာစေရန် တာရိုးများဆောက်လုပ်ခြင်း၊ အမြင့်ပိုင်းသို့ ရွှေ့ပြောင်းခြင်း စသည်တို့ကို ချက်ချင်းလုပ်ဆောင်ကြရမည်ဖြစ်ပြီး နည်းလမ်းအမျိုးမျိုးဖြင့် သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများကို နိုင်ငံတော်မှ ရင်းနှီးမြှုပ်နှံမှုများစွာ အသုံးပြု၍ ရေရှည်ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။
မိမိတတ်နိုင်သည့် အခန်းကဏ္ဍမှ တာဝန်ယူဆောင်ရွက်ကြမှသာ
ထို့ပြင် တစ်ဦးတစ်ယောက်ဖြင့် မစွမ်းသာ၊ ဝိုင်းဝန်းလုပ်ဆောင်ကြရမည်ဖြစ်ပြီး လူတစ်ဦးတစ်ယောက်ချင်းစီ၏ အသိတွင်လည်း ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တွင် မိမိတတ်နိုင်သည့် အခန်းကဏ္ဍမှ တာဝန်ယူဆောင်ရွက်ကြမှသာ ဖြေရှင်းနိုင်မည်ဖြစ်ပါသည်။ ဥပမာ-ရေရှားပါးမှုမှ ကာကွယ်နိုင်ရန်အတွက် ရွာသွန်းလာသည့် မိုးရေများကို အကျိုးရှိစေရန် မိုးရေလှောင်ကန်များဖြင့် သိုလှောင်ထားရှိပြီး သောက်သုံးရေနှင့် စိုက်ပျိုးရေအတွက် အကျိုးရှိရှိ အသုံးပြုနိုင်မည်ဆိုပါက လက်တွေ့အကျိုးရှိလာမည်ဖြစ်ပါသည်။ ရှေးယခင်ကပင် မိုးရေကို ဆည်ငယ်ကန်ငယ်များဖြင့် စုဆောင်းထားပြီး သုံးစွဲခဲ့ကြသည့် အလေ့အကျင့်ကောင်းများ ရှိခဲ့ကြပြီးဖြစ်သည်။
ရေနှင့်ဆက်စပ်သည့် ကျွန်တော်တို့ဌာနအနေဖြင့်လည်း မိုးရေလှောင်ကန်များကို တူးဖော်ပြုပြင် ပေးပြီး ရေသိုလှောင်သုံးစွဲနိုင်ရန်အတွက် ဆည်၊ ရေလွှဲဆည်၊ ရေတင်လုပ်ငန်းနှင့် စက်ရေတွင်းများမှ ရေကို ရသည့်နည်းဖြင့် ရေကူဖြည့်ဆည်းပေးခြင်းဖြင့် တောင်သူများ၏ စိုက်ပျိုးရေသာမက သောက်သုံးရေအတွက်လည်း တစ်ဖက်တစ်လမ်းမှ ကူညီဖြေရှင်းပေးနိုင်မည် ဖြစ်ပါသည်။
စားနပ်ရိက္ခာသည် လူဦးရေများပြားလာခြင်း၊ မြေယာနှင့် ရေအရင်းအမြစ်များ ပျက်စီးလာခြင်း၊ မြို့ပြနယ်ပယ်တိုးချဲ့ခြင်း၊ အလယ်အလတ်ဝင်ငွေရှိသော လူလတ်တန်းစား၏ စားသောက်မှုပုံစံ ပြောင်းလဲခြင်း၊ ရာသီဥတုပြောင်းလဲခြင်းစသည်တို့၏ စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရသည်။ ၂၀၅၀ ပြည့်နှစ်တွင် လိုအပ်မည့် စားနပ်ရိက္ခာပမာဏသည် ယခုထက် ၇၀ ရာခိုင်နှုန်းခန့် ပိုလာမည်ဟု ခန့်မှန်းကြသည်။ စိုက်ပျိုးရေးကိုအခြေခံသည့် ကျွန်တော်တို့ နိုင်ငံအနေဖြင့် စားနပ်ရိက္ခာဖူလုံမှုရှိစေရေး အလေးထားဆောင်ရွက်လျက်ရှိရာတွင် အဓိကကျသည့် မရှိမဖြစ်ရေကို နည်းမှန်လမ်းမှန်ဖြင့် စနစ်တကျစုဆောင်းသုံးစွဲနိုင်မှသာလျှင် ရေအတွက် အနေမခက်ဖြစ်ပါလိမ့်မည်။ တာဝန်ရှိသူအဆင့်ဆင့်မှသည် ပြည်သူတစ်ဦးချင်းအထိ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရာသီဥတုပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်များကို ဝိုင်းဝန်းအဖြေရှာပြီး အကောင်းဆုံးဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း စေတနာကောင်းဖြင့် ကြေညာ မောင်းခတ်လိုက်ရပါသည်ခင်ဗျာ။ ။