Skip to main content

ဖူလုံမှု၊ ဘေးကင်းမှုမှသည် မြင့်မားသော ဘဝအဆင့်အတန်းတစ်ခုဆီသို့

မိုးကေနိုင်

နိုင်ငံမှာ စားရေရိက္ခာဖူလုံမှုဟုဆိုရာမှာ စိုက်ပျိုးသီးနှံသာမက မွေးမြူရေး၊ ရေထွက်ကုန် အမယ်စုံဖူလုံနေမှသာ အဓိပ္ပာယ်နဲ့ကိုက်ညီမှာဖြစ်ပါတယ်။ စား၊ ဝတ်၊ နေရေးသုံးဖြာမှာ အရေးကြီးဆုံးဖြစ်တဲ့အပြင် ကျန်းမာရေးနဲ့ညီညွတ်ပြီး ဘေးကင်းတဲ့အစားအသောက်ကို လုံလုံလောက်လောက် မျှမျှတတစားသုံးနိုင်မှလည်း ကျန်းကျန်းမာမာနဲ့ အသက်ရှင်သန်မှာဖြစ်တယ်ဆိုတဲ့အတွက် စားရေရိက္ခာဖူလုံရေး (food security) နဲ့ ဘေးကင်းတဲ့အစားအစာ (food safety) ဆိုတာမှာ လူသားအားလုံးနဲ့ သက်ဆိုင်သွားပါတယ်။ မြန်မာလူမျိုးအားလုံးအတွက် ဖူလုံဖို့နဲ့ ဘေးကင်းဖို့ နှစ်ချက်လုံးနဲ့ဆိုင်နေတဲ့အပြင် ပြဿနာရှိနေတဲ့ အစားအစာတစ်ခုကို ညွှန်ပြပါဆိုရင်တော့ ကျွန်တော်တို့ရဲ့အစားအစာမှာ မရှိမဖြစ်ပါဝင်နေတဲ့ စားသုံးဆီကိုသာ တိုက်ရိုက်ညွှန်းရပါလိမ့်မယ်။

မဖူလုံမှုပြဿနာနှင့် နောက်ဆက်တွဲသက်ရောက်မှု

ဘာကြောင့် ကျွန်တော်တို့နိုင်ငံမှာ စားသုံးဆီတစ်မျိုးက မဖူမလုံဖြစ်နေရပါသလဲ။ ဆိုရရင် လုံလောက်အောင်မထုတ်နိုင်လို့ပါပဲ။ စား၊ ဝတ်၊ နေရေး ခက်ခဲတော့ မသုံးနိုင်၊ ဗဟုသုတနည်းတော့ မသုံးတတ်လို့နဲ့ အသုံးထက် အဖြုန်းက များနေလို့သာလျှင် ဖြစ်ပါလိမ့်မယ်။ မသုံးနိုင်၊ မသုံးတတ်တော့ ကျန်းမာရေးအတွက် ဘေးမကင်း၊ နောက်ဆုံးတော့ လူတွေမှာ အဝလွန်၊ ဆီးချို၊ သွေးတိုး၊ နှလုံး၊ နာတာရှည်ရောဂါအစုံနဲ့ လူ့ဘဝသက်တမ်းတိုတိုမှာ နိဂုံးချုပ်ကြရတယ်။

ပြည်သူတွေစားသုံးနေတဲ့ စားသုံးဆီဖူလုံရေး တွက်ခြေကိုက်မယ့် ဆီထွက်သီးနှံတွေကို တိုးချဲ့ စိုက်ပျိုး၊ အစားထိုးစိုက်ပျိုးသင့်တာ၊ အစားထိုး တိုးချဲ့စိုက်၊ တစ်ဧကအထွက်နှုန်းတိုးဖို့လည်း ကြိုးစား၊ ပြည်ပကနေ တင်သွင်းတဲ့စားသုံးဆီကိုလည်း လျှော့ချစတဲ့ ဆောင်ရွက်ချက်တွေက စားသုံး ဆီဖူလုံရေးကို များစွာအထောက်အကူဖြစ်ပါတယ်။ ခက်တာက လိုအပ်ချက်နဲ့ ထုတ်လုပ်နိုင်မှုက များစွာကွာဟနေတာ၊ လူဦးရေက များလာတာနဲ့အမျှ ထုတ်လုပ်မှုနဲ့ စားသုံးမှု မမျှမတဖြစ်၊ ထုတ်လုပ်မှုထက် တင်သွင်းမှုက နှစ်ဆကျော်လောက်မြင့်နေတာ တွေ့ရတယ်။ ထုတ်လုပ်မှုနည်းပြီး ဝယ်လိုအားများရင် ပစ္စည်းက မဖူမလုံဖြစ်တာသဘာဝပါ။ မဖူလုံတော့ နိုင်ငံခြားတင်သွင်းဆီကိုသာ အားကိုးရ၊ ဒေါ်လာယိုပေါက်မပိတ်နိုင် စီးပွားရေး ရေခံမြေခံ ယိုင်နဲ့ရတာလည်း မဆန်းပါဘူး။

ရှိနေဆဲလိုအပ်ချက်များအပေါ် ထောက်ပြမှုနှင့် အလားအလာကောင်းများ

 ဆီစိုက်ပျိုးပြီး ကိုယ့်ဆီကထွက်တဲ့ ပဲဆီ၊ နှမ်းဆီစစ်စစ်ကို စိုက်သူကိုယ်တိုင်က မစားနိုင်ဘဲ ပြန်ရောင်း၊ ဈေးပေါ၊ အရည်အသွေးညံ့တဲ့ဆီကိုပဲ ပြန်ဝယ်စားသုံးနေရတဲ့အခြေအနေပါ။ အခုနောက်ပိုင်းတော့ လူတွေက မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီကို ဈေးကြီးပေမယ့် ပိုပြီးသုံးစွဲတာ ရှိလာတယ်။ တစ်ချိန်တည်းမှာ ကျန်းမာရေးနဲ့မညီတဲ့ဆီ အသုံးများလာတာလည်း တွေ့ရတယ်။ ကျန်းမာရေး နဲ့ ညီညွတ်အောင်ဆိုရင် တစ်နေ့ ၂ ဒသမ ၂၅ ကျပ်သား စားသုံးခြင်းက အသင့်တော်ဆုံးပါပဲ။ ဒီပမာဏနဲ့ ညီညွတ်အောင် စားသုံးသူတွေကို ပတ်ဝန်းကျင်မှာ တွေ့ရပါတယ်။ သို့ပေမယ့် တစ်ဦးချင်း ဆီစားသုံးမှုကတော့ အလွန်ကိုမြင့်မားနေဆဲပါပဲ။

တစ်ဖက်ကလည်း တာဝန်ရှိသူတွေက ပြည်တွင်းဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့အတွက် စားသုံးဆီ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးကို စီမံချက်ချ နည်းလမ်းရှာဖွေလုပ်ကိုင်လာကြကြောင်းလည်း သိရပါတယ်။ အထူးသဖြင့် နေကြာကို အဓိကအားထားပြီး စိုက်ပျိုးဧကတိုးချဲ့၊ အထွက်နှုန်းကောင်းမယ့်မျိုးစေ့နဲ့ မျိုးစေ့ထုတ်တဲ့အပိုင်းတွေမှာ အားထည့်ဆောင်ရွက်နေပြီး အထွက်နှုန်းတိုးအောင် စီမံလာတာတွေ့ရတယ်။ စိုက်ပျိုးမြေလုံလောက်မှုရှိတယ်ဆိုပေမယ့် ရေခံမြေခံကောင်းတဲ့စိုက်မြေကို အပြည့်အဝအသုံးချဖို့လိုအပ်ကြောင်း ထောက်ပြမှု၊ လမ်းညွှန်မှုတွေလည်း ရှိပါတယ်။

ပြည်ပဆီတင်သွင်းမှုများလာတဲ့အခါ ပြည်တွင်းဆီကြိတ်ခွဲစက်တွေလည်း အလုပ်မဖြစ်၊ ရပ်နားရ၊ လူတွေလည်း အလုပ်လက်မဲ့ဖြစ်လာတယ်။ ဒါကြောင့် ပြည်တွင်းထွက် မြေပဲနဲ့ နှမ်းကို ပြည်ပမတင်ပို့ဘဲ ပြည်တွင်းမှာပဲ ဆီကြိတ်ပြီး ဆီထုတ်နိုင်ရင် မကောင်းဘူးလားစတဲ့ လမ်းညွှန်ချက်တွေကို ထိထိရောက်ရောက် အသုံးချရမယ်လို့ ယူဆပါတယ်။ အချိန်မီ စိုက်ပျိုးရိတ်သိမ်းထုတ်လုပ်ဖို့၊ သီးထပ် စိုက်ဖို့လိုမလား၊ ရေရရှိဖို့လိုအပ်ချက်၊ မျိုးကောင်းမျိုးသန့်ရရှိရေး၊ နည်းပညာလိုအပ်ချက်နဲ့ အချို့ နေရာတွေမှာ အမှန်တကယ် စိုက်ပျိုးမှု ရှိ/မရှိ စီမံခန့်ခွဲမှုကဏ္ဍလိုအပ်ချက်စသည်ဖြင့် ဒီအချက်တွေက ဘယ်စိုက်ပျိုးရေးကဏ္ဍမှာပဲဖြစ်ဖြစ် အဓိကအဟန့်အတားတွေအဖြစ် ရှိနေဆဲပါပဲ။

စိုက်ဧကတိုးချဲ့စိုက်ပျိုးနေသလို တစ်ဖက်ကလည်း စားအုန်းဆီကို ကန့်သတ်တင်သွင်းနေတဲ့အခြေအနေလည်း ရှိနိုင်ပါတယ်။ တင်သွင်းစရိတ် လျှော့ချနိုင်ရင် စားအုန်းဆီဈေးကွက်က စိုက်ပျိုး၊ ကြိတ်ခွဲ၊ သယ်ယူပို့ဆောင်ရောင်းဝယ်ရေးအဆင့်ဆင့်မှာ အဲဒီငွေကို ပိုသုံးနိုင်တဲ့အခြေအနေဖြစ်သွားနိုင် ပါတယ်။ ပြည်ပကတင်သွင်းတဲ့ လက်ရှိစားအုန်းဆီဈေးနှုန်းဟာ ကိုဗစ်ကပ်ကာလကတည်းက အလွန်ကြီးမြင့်နေတဲ့အတွက် ထွက်သွားမယ့်ငွေကို အကျိုးရှိရှိ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍမှာ ပိုပြီးရင်းနှီးမြှုပ်နှံနိုင်ရင် စားသုံးဆီစိုက်ပျိုးထုတ်လုပ်မှုဟာ အမှန်တကယ် တိုးတက်လာမှာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း စိုက်ပျိုးရေးအပိုင်းမှာ အလေ့အကျင့်ကောင်း၊ ကြိတ်ခွဲထုတ်လုပ်တဲ့အပိုင်းမှာ ထုတ်လုပ်မှုကျင့်စဉ်ကောင်း၊ အစားအစာဖြစ်သွားတဲ့အဆင့်မှာ ဘေးအန္တရာယ်ကင်းရှင်းမှု စံချိန်စံညွှန်းတွေနဲ့ ခေတ်မီနည်းစနစ်တွေနဲ့ ကိုက်ညီအောင် လိုက်နာကျင့်သုံးလျက်ရှိနေပြီဖြစ်ကြောင်းလည်း ကြားသိနေရပါတယ်။

ကျန်းမာရေးနဲ့ ဝင်ငွေ၊ ထွက်ငွေကာမိရန် မပြတ်ပညာပေး ဆွေးနွေးနေရ

ဖူလုံမှုနဲ့ ဘေးကင်းမှုဆိုပြီးရှိရာမှာ ဖူလုံဖို့အတွက် စိုက်ပျိုးထုတ်လုပ်မှုအပိုင်းမှာ လုပ်ရမယ့်ကဏ္ဍတွေက ရေရှည်ဖြစ်ပြီး အကျိုးသက်ရောက်မှုက နေ့ချင်းညချင်း ဖြစ်မလာသေးပါဘူး။ လူတွေအနေနဲ့က မိမိတို့တစ်ဦးချင်းကျန်းမာရေးကိုသာ ပိုပြီးဂရုစိုက်ကြရမှာပါ။ ရေရှည်ဖူလုံမှုအတွက် လုပ်နေသလို တစ်ဦးချင်း ဆီအသုံးလျှော့ချပြီး ဘေးကင်းအောင် ရွေးချယ်စားသောက်တတ်ခြင်းက မိမိကျန်းမာရေးကို ချက်ချင်းလက်ငင်းအကျိုးဖြစ်ကာ ထွက်ငွေကိုလည်း ကာမိစေပါတယ်။ အဓိကက တတ်နိုင်သမျှ ပြည်ပက ဈေးကြီးပေးတင်သွင်းနေရတဲ့ စားအုန်းဆီနေရာမှာ ဘေးကင်းတဲ့ စားသုံးဆီတွေကို တဖြည်းဖြည်း အစားထိုး၊ အကျင့်လုပ်စားသောက် သွားသင့်ခြင်းပါပဲ။

ပြည်တွင်းက စိုက်ပျိုးထုတ်လုပ်တဲ့ မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီက ဈေးမြင့်ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တယ်၊ ဘေးကင်းတယ်လို့ အထိုက်အလျောက် နားလည်သူတွေရှိလာတဲ့အလျောက် ယခင်ထက် စားသုံးမှုလည်းများလာပါတယ်။ လူတွေက စားအုန်းဆီထက် မြေပဲဆီ၊ နှမ်းဆီကို ပိုကြိုက်ပြီးသားပါ၊ ဈေးသက်သာလို့သာ စားနေကြရတာ။ တာဝန်ရှိသူတွေအနေနဲ့ကလည်း ဘေးကင်းတဲ့ ဆီကောင်းကောင်းကိုသာ စားစေချင်တာ၊၊ ဒါကြောင့်လည်း စားသုံးဆီဘေးကင်းမှု ရှိ / မရှိ အကျိုးအပြစ်တွေကို မပြတ်ပညာပေးဆွေးနွေးနေရခြင်း ဖြစ်ပါတယ်။

မိမိရဲ့ အသက်ရှင်သန်ရပ်တည်ရေးအတွက် စားရေး၊ သောက်ရေးကို လူတွေက ဂရုစိုက်ကြရာမှာ ဖူလုံမှု၊ ဘေးကင်းမှုကို တချို့က တလွဲအယူအဆရှိကြတယ်။ ခန္ဓာကိုယ်စွမ်းအင်အတွက် အရေးကြီးတဲ့စားဆီဟာ စားတဲ့အခါ ချင့်ချိန်ရမယ့် ပမာဏမှာပဲ ဖြစ်သင့်ပြီး ကျန်းမာရေးနဲ့မသင့်တဲ့ အမျိုးအစားနဲ့ ကြော်လှော်မှုပုံစံတွေ မဖြစ်သင့်ပါဘူး။ ကျွန်တော်တို့ပြည်သူအများစုသုံးစွဲနေတဲ့ စားအုန်းဆီဟာ ကမ္ဘာ့ဈေးကွက်မှာလည်း ကပ်ဘေးကြောင့်၊ စစ်ကြောင့်၊ တင်ပို့တဲ့နိုင်ငံတွေက ချမှတ်တဲ့ အခွန်အခတွေကြောင့် မြင့်တက်နေပါတယ်။ ဒါကြောင့် ကိုယ့်ဘက်က အသုံးကိုလျှော့ ဥပမာ- ဆီပြန်ဟင်းမှ ကြိုက်တတ်တာမျိုးကို လျှော့ပြီး အရည်အသွေးမီတာ၊ ကိုယ်ကြိုက်တာကိုသာ အဓိကထားသုံးဖို့ပဲ ရှိပါတယ်။ မိမိအတွက် ကျန်းမာရေးကောင်းဖို့ကလွဲပြီး အခြားအရေးကြီးတာမရှိဆိုတဲ့ အယူအဆအောက်မှာပဲ အလေ့အကျင့်လုပ်ပေးပါ။

အရည်အသွေးမီခြင်း၊ မမီခြင်းဆိုတာ ကိုယ်ချက်ပြုတ်ကြော်လှော်စားသုံးတဲ့စရိုက်အပေါ်မှာပဲ အဓိကဖြစ်ပါတယ်။ ဆီကဈေးကြီးတော့ အိမ်ရှင်မတွေက သုံးပြီးဆီကို ခဏပြန်သိမ်း၊ ပြန်ချက်၊ ပြန်ကြော်တချို့က သုံးပြန်လေးပြန်သုံးကြတဲ့အခါ ကျန်းမာရေးကို အလွန်ထိခိုက်ပါတယ်။ လမ်းဘေးဆိုင်တွေက အကြော်အလှော်လည်း ဒီအတိုင်းပါပဲ။ အချို့လည်း မတော်လောဘနဲ့ အနံ့ကောင်းအောင်၊ အရောင်ပြောင်းအောင်၊ ဆီအစစ်ထင်အောင် ဓာတုပစ္စည်းအရောအနှော၊ ဆီအရောအနှောတွေ ထည့်သုံးကြ၊ လိမ်ရောင်းကြကြောင်း ကြားဖူးနားဝရှိပါတယ်၊၊

ဒီအပိုင်းကတော့ ဆီဝယ်ရင် FDA approved ဖြစ်တဲ့တံဆိပ်မျိုး၊ စိုက်ပျိုးရေး အလေ့အကျင့်ကောင်း (GAP- Good Agricultural Practice)၊ ကြိတ်ခွဲ ထုတ်လုပ်မှုကျင့်စဉ်ကောင်း (GMP- Good Manufacturing Practice)၊ အစားအစာဖြစ်သွားတဲ့အဆင့်မှာ ဘေးအန္တရာယ်ကင်းရှင်းမှု စံချိန်စံညွှန်း (HACCP- Hazard Analysis Critical Control Point) တွေပါတဲ့ အမှတ်အသားမျိုးတွေကို သတိပြုရွေးချယ်ဝယ်ယူသင့်ပါတယ်။ နောက်ပိုင်းမှာတော့ ပဲဆီ၊ နှမ်းဆီအပြင် နေကြာဆီ၊ သံလွင်ဆီတို့ကိုလည်း လူကြိုက်များလာတာ တွေ့ရပါတယ်။

နောက်ဆက်တွဲကျန်းမာရေးပြဿနာများ

ဒါပေမဲ့ ဘယ်သူတွေဘာလုပ်လုပ်၊ ဘယ်လိုဖြစ်ဖြစ် မိမိသာအဓိက၊ မိမိဘက်ကသာ ဆင်ခြင်တုံတရား၊ ကျန်းမာရေးအသိသတိရှိနေဖို့က အရေးကြီးဆုံးပါပဲ။ ဘယ်သူမပြု မိမိမှု၊ သတိမမူ ဂူမမြင်ဆိုတဲ့အတွက် ဒီနေရာမှာ စားသုံးဆီနဲ့ဆက်စပ်နေတဲ့ နောက်ဆက်တွဲကျန်းမာရေးပြဿနာပေါင်းစုံကို မျှဝေချင်ပါတယ်။ ကမ္ဘာမှာရော မြန်မာမှာပါ ကြုံနေရတာပါ။

သွေးတွင်းအဆီများပြီး အဖြစ်များတဲ့ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ နှလုံးသွေးကြောပိတ်ရောဂါတွေဟာ အရေးပေါ်ဆေးရုံရောက်ရပြီး အသက်ခန္ဓာဆုံးရှုံး နိုင်တဲ့အထိ အလွန်ကိုအန္တရာယ်များတဲ့ ရောဂါတွေပါ။ အဆီကြောင့် လေဖြတ်နိုင်ခြေနဲ့ လူစဉ်မမီ ဒုက္ခိတဘဝရောက်ရတဲ့အခြေအနေတွေကိုသိမြင်ပြီး ကြောက်တတ်ရပါမယ်။ သွေးတွင်းအဆီပမာဏများတဲ့အခါ သွေးကြောနံရံတွေမှာ အဆီတွေစု၊ အဆီချိုးတွေကပ်တယ်လို့ပဲ လွယ်လွယ်မှတ်ပြီး အဲဒီကတစ်ဆင့် သွေးတိုးမဖြစ်အောင် ကြိုတင်ကာကွယ်လို့ရပါတယ်။

အဆီကြောင့် ခန္ဓာကိုယ်ဝိတ်တက်လာရင် နောက်ဆက်တွဲပါလာတဲ့ နာတာရှည် ဆီးချို၊ သွေးချိုရောဂါတွေကို ထည့်တွက်ရပါမယ်။ ယနေ့ ပြည်သူ့ကျန်းမာရေးပြဿနာမှာ ထိပ်ဆုံးကနေရာယူပြီး နှစ်စဉ်အသေအပျောက်များတဲ့စာရင်းမှာ သွေးတိုး၊ ဆီးချိုက အဓိကဆိုတာ မမေ့ဖို့လိုပါတယ်။ နောက်ထပ်လူတွေကြောက်တဲ့ရောဂါက ကင်ဆာဆိုတဲ့ ရောဂါဆိုးကြီးပါပဲ။ ဆီကိုချွေတာပြီး ထပ်ကာထပ်ကာ အပူပေးစားသုံးတတ်တဲ့အကျင့်ဟာ ကင်ဆာ၊ နှလုံးသွေးကြောဆိုင်ရာနဲ့ ခန္ဓာတစ်သျှူး ရောင်ရမ်းခြင်းဆိုင်ရာရောဂါများနဲ့ ဆက်စပ်နေပါတယ်။

တာရှည်အပူပေးပြီး ပြန်သုံးတဲ့အဆီဟာ မူလသဘာဝဆီကောင်းဘဝကနေ ကျန်းမာရေးကို အကြီးအကျယ်ထိခိုက်စေတဲ့ အသွင်ပြောင်းဆီဘဝကို ဓာတ်ပြောင်းသွားကြောင်း သိလိုက်ရရင် မိမိကျန်းမာရေးအတွက် လုပ်သင့်လုပ်ထိုက်တာလုပ်နိုင်လိမ့်မယ်လို့ ယူဆပါတယ်။ လူကိုအကျိုးမပြုတဲ့ free radicals မော်လီကျူးတွေ ခန္ဓာတွင်းစုမိတဲ့အကြောင်းတရားတွေမှာ ပြန်ကြော်ဆီဆိုတဲ့ အကြောင်းတရားတစ်ခု ပါဝင်နေတဲ့အတွက် မကောင်းတဲ့အလေ့အထဆိုရင် ဖျောက်ရပါမယ်။ ထို့ပြင် ဆီစားသုံးမှုများခြင်းဟာ အသည်းမှာ အဆီတွေသွားစုပြီး အသည်းအဆီဖုံးပြဿနာကိုလည်း ရင်ဆိုင်ရတတ်ပါတယ်။ အသည်းအဆီဖုံးခြင်းကြောင့် နောက်ပိုင်းမှာ နာတာရှည်အသည်းရောင်၊ အသည်းခြောက်ရောဂါကနေ အသည်းပျက်စီးတဲ့အထိ ဆိုးကျိုးတွေပေးပါတယ်။

ဒါကြောင့် ဆီစားသုံးမှုများတဲ့ ပြဿနာနဲ့ ဘေးမကင်းတဲ့ ဆီသုံးစွဲမှုအလေ့အထဟာ ကျန်းမာရေးကို ဘယ်လိုမှ အထောက်အကူမဖြစ်ဘူးဆိုတာ သိသာတဲ့အတွက် ဘယ်လိုဆီအမျိုးအစားပဲဖြစ်ဖြစ် အနည်းဆုံးပမာဏနဲ့ လျှော့ချသုံးစွဲသင့်တယ်ဆိုတဲ့အဖြေပဲ ထွက်ပါလိမ့်မယ်။ ငါတို့သုံးတဲ့ဆီမှာ အရောအနှောတွေပါနေလား၊ ဓာတုပစ္စည်းတွေ ထည့်ထားသလားစတဲ့ ဘေးကင်းစိတ်ချရမှုကို လွယ်လွယ်နဲ့ မသိနိုင်ပါဘူး။ ဒါကြောင့် မိမိဘက်က လျှော့သုံးဖို့ကိုပဲ အကြံပြုလိုခြင်းဖြစ်ပါတယ်။ ဆီပြန်ဟင်းတွေ၊ ရွှဲနေတဲ့ဆီတွေ၊ အပြင်မှာ ထွက်စားတတ်တဲ့အလေ့အကျင့်တွေ မေ့ထားလိုက်စေချင်တယ်။ နိုင်ငံအဆင့်အနေနဲ့က စားသုံးဆီဈေးကွက် ကွင်းဆက်အဆင့်ဆင့်မှာ ဖူလုံရေးကို အထူးပြုဆောင်ရွက်နေသလို ကျန်းမာရေးအသိအမြင်နဲ့တကွ ကိုယ့်ဝင်ငွေနဲ့ ထွက်ငွေမျှတအောင် ချင့်ချိန်သုံးစွဲရမှာကလည်း မိမိအကျိုးအတွက် မိမိရဲ့တာဝန်ပါပဲ။

နောက်ဆုံးတော့ “အာရောဂျံ ပရမံလာဘံ” ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဆိုတဲ့တန်ဖိုးကို ဘာနဲ့မှမလဲဘဲ မိမိတို့ရဲ့ ဘဝအဆင့်အတန်းကို မြင့်သည်ထက်မြင့်မားအောင်သာ အလေ့အကျင့် လုပ်ကြစို့ဟူ၍သာ အကြံပြုလိုက်ပါရစေ။ ။