Skip to main content

သိမှတ်စရာအသွယ်သွယ် မီးဘေးအန္တရာယ်နှင့် မီးသတ်ဆေးဘူးများအကြောင်း

ဒေါက်တာလပြည့်ခင်

မီးလောင်မှုတစ်ခုဖြစ်ပွားသည့်အခါ တာဝန်အရှိဆုံးနှင့် သက်စွန့်ဆံဖျား ဆောင်ရွက်နေသည်မှာ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ ဌာနတစ်ခုဖြစ်သည့် မီးသတ်ဦးစီးဌာန(Fire Services Department- FSD) ဖြစ်ပါသည်။ မီးသတ်ဦးစီးဌာနအနေဖြင့် ဝန်ကြီးဌာနမှ ချမှတ်ထားသည့် မူဝါဒ၊ လုပ်ငန်းလမ်းညွှန်မှုများနှင့်အညီ ဌာန၏ရည်မှန်းချက်တာဝန် (၄) ရပ်ဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးလုပ်ငန်းတို့ကို စနစ်တကျလေ့ကျင့်ဆောင်ရွက်လျက်ရှိပါသည်။ အထူးသဖြင့် မီးလောင်မှုဖြစ်ပွားပါက ဘေးအန္တရာယ်ကျရောက်မှုမှာလည်း ပိုမိုမြင့်မားသည့် အတွက် မီးငြှိမ်းသတ်ရေးနှင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကို "မြန်မြန်သိ၊ မြန်မြန်သွား၊ မြန်မြန်ငြှိမ်းသတ်” ဆောင်ပုဒ်အတိုင်း မီးသတ်တပ်ဖွဲ့ဝင်များက တာဝန်ယူဆောင်ရွက်နေသလို ပြည်သူလူထုအားလုံးကလည်း မီးသတ်ဆေးဘူးအသုံးဝင်ပုံကို သိရှိနားလည်သဘောပေါက်ရန် လိုအပ်လှပေသည်။

မီးလောင်ကျွမ်းမှုပုံစံအမျိုးမျိုးရှိသည့်အတွက် အသုံးပြုသည့် မီးသတ်ဆေးဘူးအမျိုးမျိုးရှိသည်ကို တွေ့ရမည်ဖြစ်သည်။ တစ်မျိုးစီတိုင်းတွင် မီးလောင်မှုကို ထိရောက်သော ကာကွယ်မှု၊ လုံခြုံစိတ်ချရမှု၊ ပြန်လည်ဖြည့်တင်းနိုင်သော ပါ၀င်ပစ္စည်းတို့ဖြင့် တည်ဆောက်ထားသည်ကို တွေ့နိုင်သည်။ အသုံးပြုသူတို့သည် မိမိတို့လုပ်ငန်းခွင်နှင့် နေထိုင်ရာတို့တွင် မမျှော်လင့်ဘဲ ဖြစ်ပေါ်နိုင်သော မီးဘေးအန္တရာယ်ကို ကာကွယ်နိုင်ရန် ရုတ်တရက် အသုံးပြုရမည့် မီးသတ်ဆေးဘူးများကို နေရာမှန်ကန်စွာနှင့် အမျိုးအစားမှန်ကန်စွာ အသုံးချတတ်ရန် အရေးကြီးပေသည်။

မီးလောင်ကျွမ်းမှုအမျိုးမျိုးကို ၎င်းတို့လောင်ကျွမ်းမှုပေါ်မူတည်၍ အမျိုးအစားခြောက်မျိုး ခွဲခြားနိုင်ပါသည်။ မီးသတ်ဆေးဘူးတစ်မျိုးတည်းဖြင့် မီးလောင်မှုအမျိုးမျိုးကို ကောင်းမွန်စွာ ထိန်းချုပ်ငြှိမ်းသတ်နိုင်မည်မဟုတ်ပေ။ မီးသတ်ဆေးဘူးတစ်မျိုးစီတိုင်းတွင် ပုံစံမတူသော မီးလောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်သော ကွဲပြားသည့် ပါဝင်ပစ္စည်းများနှင့်အတူ လုံခြုံစိတ်ချမှုရှိစေရန် ဖွဲ့စည်းတည်ဆောက်ထားသည်။ ၎င်းတို့၏အမည်၊ အရောင်၊ အဓိပ္ပာယ်သတ်မှတ်ချက်တို့ကို လိုက်၍ ခွဲခြားထားသည်ကို တွေ့ရသည်။

မီးလောင်ကျွမ်းမှု အမျိုးအစားခြောက်မျိုး

မိမိအဆောက်အအုံ လုံခြုံစိတ်ချရစေရန် သင့်တော်သော မီးသတ်ဆေးဘူးအမျိုးအစားကို ရွေးချယ်သိရှိရမည်ဖြစ်သည်။ ယေဘုယျအားဖြင့် မီးလောင်ကျွမ်းမှု အမျိုးအစားခြောက်မျိုးရှိကြောင်း ဖော်ပြလိုပါသည်-

Class A မီးတောက်လွယ်သောပစ္စည်းများဖြစ်သည့် သစ်သား၊ ပလတ်စတစ်၊ စက္ကူ၊ ချည်မျှင်နှင့်အထည်များ၊ အသီးအနှံ အစေ့အဆန်မှုန့်တို့ လောင်ကျွမ်းခြင်းဖြစ်သည်။

Class B မီးတောက်လွယ်သောအရည်များဖြစ်သည့် ရေနံနှင့် ရေနံထွက်ပစ္စည်းများ (ဥပမာ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ကတ္တရာစေး၊ ဆီနှင့် ပြုလုပ်ထားသောသုတ်ဆေး၊ အရက်စသည်တို့) လောင်ကျွမ်းခြင်းဖြစ်သည်။

Class C မီးတောက်လွယ်သော ဓာတ်ငွေ့များဖြစ်သည့် မီသိန်း၊ ပရိုပိန်း၊ ဗြူတိန်းဓာတ်ငွေ့အစရှိသည်တို့ လောင်ကျွမ်းမှုဖြစ်သည်။

Class D ဓာတ်သတ္တုများ လောင်ကျွမ်းမှုမှ ဖြစ်ပေါ်လာသော မီးလောင်မှု (တိုက်တေနီယမ်၊ မဂ္ဂနီဆီယမ်၊ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ အလူမီနီယမ်သတ္တုများအစရှိသည်) တို့ ဖြစ်သည်။

Class E လျှပ်စစ်မီးလောင်မှုဖြစ်သည်။ အင်အားပြင်းလျှပ်စစ်နှင့် ဆက်စပ်ပစ္စည်းများ (ဥပမာ- ကွန်ပျူတာ၊ မော်တာ၊ ထရန်စဖော်မာများ) လောင်ကျွမ်းမှုဖြစ်သည်။

Class F ချက်ပြုတ်ရာတွင် အသုံးပြုသော ဟင်းရွက်ဆီ၊ အသားဆီတို့ လောင်ကျွမ်းရာမှ ထွက်ပေါ်လာသော မီးလောင်ကျွမ်းမှု (နေကြာဆီ၊ သံလွင်ဆီ၊ ပြောင်းဆီ၊ ထောပတ်နှင့် အသားအဆီများ)။

မည်သို့သော လောင်ကျွမ်းမှုမျိုးဖြစ်ပါစေ ဖြစ်ပေါ်ပါဝင်မှု သုံးမျိုးနှင့် မီးလောင်သည်ကို တွေ့နိုင်သည်။ ၎င်းတို့မှာ လောင်ကျွမ်းခြင်းဖြစ်စေသောလောင်စာ (Fuel)၊ လုံလောက်သောအပူ (Sufficient Heat)၊ အောက်ဆီဂျင် (Oxygen)တို့ဖြစ်သည်။ အိမ်သုံးမီးသတ်ဆေးဘူးများတွင် အထက်ပါသုံးမျိုးမှ တစ်မျိုး သို့မဟုတ် တစ်မျိုးထက်ပိုသော ပါဝင်ပစ္စည်းများကို ဖယ်ရှားပေးနိုင်သော အရည်အသွေးရှိသည်ကို တွေ့ရသည်။ မီးလောင်ကျွမ်းမှုတိုင်းသည် လောင်ကျွမ်းမှုအမျိုးအစား မတူညီကြပေ။ လောင်စာအမျိုးအစားပေါ်မူတည်ပြီး မီးလောင်ကျွမ်းမှုအမျိုးမျိုးပြောင်းလဲနိုင်၍ ၎င်းတို့အနေအထားနှင့် သင့်လျော်သော မီးသတ်ဆေး​ဘူးကို အသုံးပြုမှသာ ထိရောက်မှုရှိမည်ဖြစ်သည်။

ဥပမာအားဖြင့် Class A ကဲ့သို့ ကာဗွန်မီးလောင်ကျွမ်းမှုသည် ရေဖြင့်ငြှိမ်းသတ်နိုင်သော်လည်း Class E ကဲ့သို့ လျှပ်စစ်ဆက်စပ် ပစ္စည်းများလောင်ကျွမ်းရာတွင် ရေဖြင့် ငြှိမ်းသတ်၍ မရနိုင်ပေ။ ရေသည် လျှပ်စစ်စီးကူးနိုင်၍ လူကိုအန္တရာယ်ဖြစ်နိုင်သည်။ မီးသတ်ဆေးဘူးအမျိုးအစားများနှင့် ယင်းတို့အသုံးပြုပုံကို အောက်ပါအတိုင်း ဆက်လက်ဖော်ပြလိုက်ပါသည်။ (၁) ရိုးရိုးမီးသတ်ဆေးဘူး၊ (၂) ဆီမီးသတ်ဆေးဘူး၊ (၃) အငွေ့ပြန်လွယ်သော မီးသတ်ဆေးဘူး၊ (၄) ဓာတုဗေဒပေါင်ဒါမှုန့်ခြောက်မီးသတ်ဆေးဘူး၊ (၅) ကာဗွန်ဒိုင်အောက်ဆိုဒ်မီးသတ်ဆေးဘူးဟု ငါးမျိုးရှိပါသည်။

ရေအသုံးပြုမီးသတ်ဆေးဘူး (Water Extinguisher)

၎င်း၏ Label Color သည် အနီရင့်ရောင်ဖြစ်သည်။ မီးတောက်ကို ဖိအားသုံး၍ ရေနှင့်ဖျန်းသတ်သည့် ပစ္စည်းဖြစ်သည်။ ရေမီးသတ်ဆေးဘူးသည် Class A (စက္ကူ၊ သစ်သား လောင်ကျွမ်းခြင်း) တစ်မျိုးတည်းအတွက်သာနိုင်သော်လည်း အခြားမီးလောင်မှုများတွင် မီးလောင်သည့်လောင်စာအမျိုးအစားပေါ်မူတည်၍ အသုံးပြုနိုင်ပါသည်။ ထိုဆေးဘူးတွင် တစ်ခါတစ်ရံ ဓာတုပစ္စည်းများ ထပ်ပေါင်းထည့်ပြီး အသုံးပြုခြင်းဖြင့် ၃၀ ရာခိုင်နှုန်းထက်ပိုသော ထိရောက်မှုကို ရစေသည်။ ယင်းကိုအသုံးပြုစဉ်မှာ ဖြည့်စွက်ဓာတုပစ္စည်းသည် ရေပေါ်ရှိ သဘာဝမျက်နှာပြင်တင်းအားကို လျော့ကျစေပြီး မီးလောင်ပစ္စည်းထဲသို့ စိမ့်ဝင်ခြင်းဖြင့် ပိုမိုထိရောက်သော ကာကွယ်မှုကို ဖြစ်စေခြင်းဖြစ်သည်။

ထို့ကြောင့် ရိုးရိုးရေသုံးမီးသတ်ခြင်းသည် Class A အတွက် အကောင်းဆုံးဖြစ်ပြီး အခြားသော မီးလောင်မှုအတန်းအစားများကိုလည်း ကာကွယ်ပေးနိုင်ပါသည်။ မီးငြိမ်းမှုကိုထိရောက်စေ၍ အသုံးပြုသူကိုလည်း လုံခြုံမှုရစေသည်။ အပူကိုလျှော့ချပေးပြီး မီးငြိမ်းစေကာ မီးလောင်ပြီးကျန်ရှိသည့် အပူအကြွင်းအကျန်များကို ရှင်းလင်းရာတွင်လည်း အခက်အခဲမဖြစ်နိုင်ပေ။ ရေသုံးမီးသတ်ဆေးဘူးများကို သစ်သား သို့မဟုတ် အပင်ထွက်ပစ္စည်းနှင့် တည်ဆောက်သော ရုံး၊ ကျောင်း၊ ဆေးရုံ၊ အိမ်ရာ၊ ကုန်လှောင်ရုံအဆောက်အအုံများတွင် အသုံးပြုငြှိမ်းသတ်နိုင်ပါသည်။                          

အမြှုပ်သုံးမီးသတ်ဆေး (Foam Extinguisher)

Class B ကဲ့သို့ မီးတောက်လွယ်သော Hydrocarbon များဖြစ်သည့် ဓာတ်ဆီ၊ ဒီဇယ်ဆီစသည့်ပစ္စည်းများတွင် အသုံးများသည်။ ရေအခြေခံထားသည့် အမျိုးအစားဖြစ်၍ Class A တွင်လည်း သုံးနိုင်သည်။ အမြှုပ်သုံးမီးသတ်ဆေးသည် လောင်စာပေါ်တွင် အေးမြသော သက်ရောက်မှုကို ရရှိစေသည်။ အရည်များလောင်ရာတွင် အမြှုပ်များသည် မီးတောက်နှင့် လောင်စာကြားတွင် အတားအဆီးအဖြစ်ဖန်တီး၍ မီးကိုငြိမ်းစေသည်။ မီးလောင်လွယ်သော အရည်များ သိုလှောင်သည့် သိုလှောင်ကန်များတွင် အသုံးပြုရမည်ဖြစ်သည်။

ဓာတုဗေဒပေါင်ဒါမှုန့်ခြောက်မီးသတ်ဆေးဘူး (Dry Chemical Powder Extinguisher)

၎င်း၏ Label Color သည် အပြာရောင်ဖြစ်သည်။ မီးအတန်းအစားအားလုံး ငြှိမ်းသတ်နိုင်ပြီး လောင်ကျွမ်းရာတွင် Oxygen ကို လျော့ကျစေကာ လောင်ကျွမ်းခြင်းကို ရပ်တန့်စေနိုင်သည်။ ထိုအမှုန့်သည် Monoammonium Phosphate ဟူသော မှုန့်ညက်သည့် ဓာတုပစ္စည်းနှင့် ဖွဲ့စည်းထားသည်။ ထိုအရာသည် မီးကိုငြိမ်းစေသည်။ သို့သော် အပူချိန်ကျန်ရှိနေသည်ကို သတိပြုရပေမည်။

ကာဗွန်ဒိုင်အောက်ဆိုဒ်သုံး မီးသတ်ဆေးဘူး (Carbondioxide Extinguisher)

မီးငြှိမ်းသတ်ရာတွင် သန့်ရှင်းမှုအရှိဆုံး အမျိုးအစားဖြစ်သော်လည်း လူသားများအတွက် ရံဖန်ရံခါ အန္တရာယ်ဖြစ်စေသည်။ ကာဗွန်ဒိုင်အောက်ဆိုဒ်သည် အေးမြ၍ လေထက် ၁ ဒသမ ၅ ဆ လေးသောကြောင့် မီးထဲရှိ အောက်ဆီဂျင်ကိုဖယ်ထုတ်ပြီး မီးတောက်လောင်မှုကို ငြှိမ်းသတ်ပေးသည်။ ၎င်း၏ Label Color သည် အနက်ရောင်ဖြစ်သည်။ လျှပ်စစ်ကြောင့်ဖြစ်တတ်သော မီးလောင်မှုကို လုံးဝပြီးပြည့်စုံစွာ အသုံးပြုနိုင်သည်။

ဓာတုပစ္စည်းသုံး မီးသတ်ဆေးဘူး (Wet Chemical Extinguisher)

ချက်ပြုတ်ရာမှ ထွက်ပေါ်လာသော ဟင်းရွက်ဆီနှင့် အသားအဆီတို့ လောင်ကျွမ်းမှုအတွက် ၎င်းဆေးဘူးကိုသုံးသည်။ ၎င်း၏ Label Color သည် အဝါရောင်ဖြစ်ပြီး ထိုမီးသတ်ဘူးတွင် ပိုတက်ဆီယမ်(K) အဓိကပါဝင်သည်။ ပိုတက်ဆီယမ်ကာဗွန်နိတ် (K2CO3)၊ ပိုတက်ဆီယမ် အက်ဆီတိတ် (CH3CO2K)၊ ပိုတက်ဆီယမ်ဆီထရိတ် (C6H5K3O7)စသည့် Wet Chemical ကို မီးလောင်နေရာသို့ဖျန်းခြင်းဖြင့် မီးကို ဦးစွာငြိမ်းစေကာ ထိုဓာတုဆေးရည်နှင့် မီးလောင်မျက်နှာပြင်တို့ ထိတွေ့ဖြစ်ပေါ်ဓာတ်ပြုခြင်းမှ ဆပ်ပြာကဲ့သို့သော အမြှုပ်အလွှာများ ထလာကာ ထပ်မံလောင်စေမည့် တွန်းအားပေးအောက်ဆီဂျင်ကို ကာကွယ်ပေးသည်။ ၎င်းသည် မီးဖိုချောင်တွင် လောင်ကျွမ်းခြင်း (Class F) အတွက် အကောင်းဆုံးဖြစ်သည်။ Class A တွင်လည်း သက်ရောက်မှုရှိနိုင်သည်။ မီးလောင်လွယ်သောအရည်များ၊ အငွေ့များ၊ လျှပ်စစ်ပစ္စည်းများ၊ သတ္တုများလောင်ကျွမ်းရာတွင် အသုံးမပြုသင့်ပေ။

မီးသတ်ဆေးဘူးများတွင် အသုံးများသော Chemicals အချို့နှင့် ယင်းတို့၏အန္တရာယ် အကြောင်းကို ဆက်လက်လေ့လာတင်ပြသွားမည်ဖြစ်သည်။ ဆေးဘူးအများစုမှာ မိုနိုအမိုနီယမ်ဖော့စဖိတ် MAP (NH4H2PO4)၊ ပိုတက်စီယမ်ဘိုင်ကာဗွန်နိတ် (KHCO3) သို့မဟုတ် ဆိုဒီယမ်ဘိုင်ကာ‌ဗွန်နိတ် (NaHCO3)၊ နိုက်ထရိုဂျင် (N2)၊ အငွေ့ပြန်လွယ် သောဖလူရိုကာဗွန် (FC5) နှင့် ဖိသိပ်ထားသော ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2)တို့ ထည့်သွင်းထားခြင်းဖြစ်သည်။ မီးသတ်ဆေးဘူးအများစုသည် သေးငယ်သော Chemicals အမှုန်များကို ထုတ်လွှတ်ပါသည်။ အမှုန်များမှာ နား၊ နှာခေါင်း၊ လည်ချောင်း၊ အရေပြားတို့ကို ထိမိပါက စပ်ဖျဉ်းဖျဉ်းဖြစ်ကာ ကျိန်းစပ်စေနိုင်သည်။ ယင်းနေရာကို ရေများများဖြင့် ဆေးကြောရန်လိုသည်။ ရှူရှိုက်မိလျှင်ဖြစ်စေ၊ မျိုချမိလျှင်ဖြစ်စေ အဆုတ်ရောင်ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ ကျောက်ကပ်ထိခိုက်တတ်ခြင်း ရောဂါလက္ခဏာများကို ဖြစ်စေနိုင်သည်။

Monoammonium Phosphate (MAP)သည် ဘက်စုံသုံး Dry Chemical အမျိုးအစားဖြစ်ပြီး မီးလောင်မှုအမျိုးတိုင်းကို အသုံးပြုရသော်လည်း သတိပြုအသုံးပြုသင့်သည်။ Sodium Bicarbonate (Baking Soda) သည် သာမန် Dry Chemical ဖြစ်ပြီး အဖြူရောင်ရှိပြီး ရှူရှိုက်မိပါက အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာရှိနိုင်သည်။ Baking Soda သည် ဆာလဖျူရစ်အက်စစ်နှင့်ထိတွေ့ပါက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ထုတ်သည်။ ထိုဆေးဘူးများ၏ ပြင်ပဘူးကြီးထဲတွင် ဆာလဖျူရစ်အက်စစ်များပါရှိပြီး Baking Soda Solution ကို ဖြည့်တင်းကာ ဓာတ်ပြုစေပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ထုတ်လွှတ်၍ မီးငြှိမ်းသတ်စေသည်။

Carbon dioxide (CO2) သုံး မီးသတ်ဆေးဘူးမှ ကာဗွန်ဒိုင်အောက်ဆိုဒ်သည် မီးမတောက်နိုင်ခြင်း၊ လျင်မြန်စွာ အငွေ့ပြန်တတ်ခြင်းတို့ကြောင့် အသုံးပြုရလွယ်ကူသည်။ အချိုရည်များတွင်လည်း ဖိသိပ်ထားသောဓာတ်ငွေ့ (Compressed Gas) အနေဖြင့် တွေ့နိုင်သည်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို သဘာဝအတိုင်းတွေ့ရပြီးလူသားတို့ ရှူရှိုက်နေသောလေ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်နေသောကြောင့် ထူးဆန်းမှုမရှိသော်လည်း Carbon dioxide (CO2) ကို လေဝင်​လေထွက်နည်းသောနေရာတွင် များပြားစွာရှူရှိုက်မိပါက အသက်သေစေနိုင်သည်အထိ အန္တရာယ်ရှိနိုင်သည်။ လေကောင်းလေသန့်ရမည့်နေရာသို့ ပို့ဆောင်ကုသရန် လိုပေသည်။

Monosodium Phosphate သည် Class A၊ Class B နှင့် Class C အမျိုးအစားသုံးခုလုံးအတွက် အသုံးပြုနိုင်သော မီးသတ်ဆေးမှုန့်ဖြစ်သည်။ အဝါဖျော့ရောင်ရှိပြီး အခြားဓာတုပစ္စည်းများထက် တိုက်စားမှုပိုများသည်။ မီးခိုးရောင်ဖြစ်သော Potassium Bicar-bonate နှင့် Urea Complex သည် အခြားအမှုန်များထက် ပိုမိုထိရောက်မှုရှိသည်။

ယခုကဲ့သို့ မီးအမျိုးအစား၊ လောင်ကျွမ်းမှုပုံစံနှင့် မီးသတ်ဆေးဘူးတွင် ပါဝင်ပစ္စည်းတို့ကို သိရှိခြင်းဖြင့် မိမိတို့ပိုင်ဆိုင်သောအရာများ၊ လုပ်ငန်းများ၊ အဆောက်အအုံများ၊ အသက်အိုးအိမ်စည်းစိမ်တို့ကို စိတ်ချလုံခြုံမှုရှိစေရန် မည်သို့ပြုမူရမည်ကို သိရှိမည်ဖြစ်သည်။ ထို့ပြင် မည်သို့ထိန်းသိမ်းရမည်ကိုလည်း လေ့လာသိရှိရန်လိုပေသည်။ ထိန်းသိမ်းမှုမရှိခြင်း၊ ကောင်းမွန်ကျွမ်းကျင်စွာ အသုံးမချတတ်ခြင်းတို့ကြောင့် ပစ္စည်းအပြည့်အစုံရှိသော်လည်း အကျိုးရှိမည်မဟုတ်ပေ။ မည်သည့် Chemicals မဆို အနည်းနှင့်အများ ထိခိုက်မှုဖြစ်စေတတ်သည်။ မိမိတို့ အရေးကြုံ၍ သုံးရမည်ဆိုပါက မီးသတ်ဆေးဘူးများတွင် ပါဝင်သော Chemicals များအကြောင်း သတိပြုသိရှိစေရန်နှင့် မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်တွင်ရှိသော မီးသတ်ဆေးဘူးများကို ကောင်းမွန်မှန်ကန်စွာ သိရှိနားလည်ပြီး နေရာမှန် အသုံးချတတ်စေရန်အတွက် လေ့လာထားသင့်ပါကြောင်း တင်ပြရင်း ၅-၅-၂၀၂၄ ရက်တွင် ကျရောက်မည့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် ရေးသားဖော်ပြလိုက်ရပါသည်။ ။