Skip to main content

နွေဥတုနှင့်ကျန်းမာရေး တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ပေး

ဒေါက်တာစုစုဒွေး၊ ဆွေဆွေ၊ ရီရီစန်း၊ နေနေနိုင်ရည် (တိုင်းရင်းဆေးပညာဦးစီးဌာန)

တိုင်းရင်းဆေးပညာအမြင်အရ နွေဥတု၏ သဘောသဘာဝများ၊ နွေဥတုတွင် အပြင်လောကဓာတ်နှင့် ကျန်းမာသည့်သူများ၏ ပကတိပုံမှန်လက္ခဏာများ၊ ကံ၊ စိတ်၊ ဥတု၊ အာဟာရသမုဌာန်အလိုအရ ပြုမူနေထိုင်စားသောက်ရမည့် အခြေအနေများနှင့် နွေဥတုတွင် ဖြစ်တတ်သော ရောဂါအချို့ကို တိုင်းရင်းဆေးဖြင့် ကာကွယ်စောင့်ရှောက်ခြင်းနှင့် ဆောင်ရန်၊ ရှောင်ရန်များကို သိရှိနိုင်စေရန် ကျန်းမာရေးဗဟုသုတ မျှဝေခြင်းအလို့ငှာ ရေးသားလိုက်ရပါသည်။

တိုင်းရင်းဆေးပညာအလိုအရ ဥတုကြီးသုံးပါးကို ပိုင်းခြားသတ်မှတ်ရာတွင် တပေါင်းလပြည့်​​ကျော် ၁ ရက်နေ့မှ ဝါဆိုလပြည့်နေ့ ညဉ့်သန်းခေါင်ချိန်ထိ ဂိမန္တဥတု(နွေဥတု)၊ ဝါဆိုလပြည့်ကျော် ၁ ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့ ညဉ့်သန်းခေါင်ချိန်ထိ ဝသန္တဥတု (မိုးဥတု)၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်နေ့မှ တပေါင်းလပြည့်နေ့ ညဉ့်သန်းခေါင်ချိန်ထိ ဟေမန္တဥတု (ဆောင်းဥတု)ဟူ၍ ရက်ပေါင်း ၁၁၈ ရက်စီ၊ လအားဖြင့် လေးလစီ ပိုင်းခြားထားပါသည်။ ဥတုသုံးပါး၌ လိုက်နာရန်နှင့် ရှောင်ကြဉ်ရန်အချက်များကို ကျင့်သုံးခြင်းဖြင့် ကျန်းမာခြင်းသုခကို ရရှိစေနိုင်သည်။

နွေဥတုတွင် တွေ့ရှိရမည့် ပကတိလက္ခဏာများ

နွေဥတုတွင် အပြင်လောကဓာတ် ဩကာသနှင့် ကျန်းမာနေသော သူတို့၏ အတွင်းသန္တာန်၌ရှိသော ပကတိလက္ခဏာများမှာ အပူရှိန်များ လွှမ်းမိုး လျက်ရှိခြင်း၊ ရေဓာတ်များ လျော့နည်းခန်းခြောက်ခြင်း၊ သစ်ပင်တောတောင်တို့ ခြောက်သွေ့ခြင်း၊ လူသားတို့အပူကို ကြောက်ရွံ့ခြင်း၊ အအေးကို လိုလားတောင့်တခြင်း၊ အအိပ်အစားကို လိုလားတောင့်တခြင်း၊ ကိုယ်စိတ်ပင်ပန်း နွမ်းနယ်ခြင်းတို့အပြင် တေဇောဓာတ် တစ်နည်းအားဖြင့် သည်းခြေဒေါသ အဓိက ထကြွချိန်ဖြစ်၍ အဆိုပါမီးဓာတ်ကို ငြိမ်းစေတတ်သော ဓာတ်စာဖြစ်သည့် အချိုအရသာကို သွေးသားမှ လိုလားတောင့်တခြင်းဖြစ်ပါသည်။ ဖော်ပြပါလက္ခဏာများမှ ဆန့်ကျင်သည့် လက္ခဏာများကို တွေ့ရှိရပါက ကျန်းမာမှု ပျက်ပြားနိုင်သဖြင့် ကြိုတင်သတိပြုရမည်ဖြစ်ပါသည်။

နွေဥတုနှင့် ဓာတ်သဘောတရား

တိုင်းရင်းဆေးပညာအရ နွေဥတုတွင် ပြင်ပဗဟိဒ္ဓသည် ပူပြင်းသောကြောင့် လူ၏ ခန္ဓာကိုယ်အတွင်း အဇ္စျတ္တမှာ ပူနေသည်ဟု ဆိုပါသည်။ ပြင်ပရာသီဥတုအပူရှိန်ကြောင့် ခန္ဓာကိုယ်အတွင်း အဇ္စျတ္တမှ အပူများကလည်းအပြင် မိဿကဓာတ်သဘော၏ ခေါ်ဆောင်ရာသို့ ထကြွနိုးကြား တိုးဝှေ့ပြီး အပြင်သို့ထွက်ရှိရန် လှုပ်ရှားနေကြသည်။ ထိုအချိန်များတွင် ခန္ဓာကိုယ်မှ ကောဌာသများ အာကာသဓာတ် (အပွင့် ဓာတ်) ရရန် လိုအပ်ပါသည်။ သို့မဟုတ်ဘဲ အပူအခိုးအငွေ့ အဆိပ်တို့သည် ချွေးအဖြစ် ပြင်ပသို့ထွက်မရပါက ကိုယ်တွင်း၊ ဝမ်းတွင်း၊ အူတွင်းတို့တွင် ပိတ်လှောင်အကျဉ်းကျပြီး အတင်းတိုးဝှေ့ ထွက်ပေါက်ရှာသောအခါ ဦးနှောက် သွေးကြောပေါက်ခြင်း၊ ပြတ်ခြင်းများ ဖြစ်ပေါ်လာတတ်သည်။ အတွင်း ကောဌာသများဖြစ်သော နှလုံး၊ အဆုတ်၊ အသည်း၊ ကျောက်ကပ် စသောအပိုင်းများတွင် အပူအခိုးအငွေ့များ စူးဝင်ခိုအောင်းလောင်မြိုက်ခံရ၍ ၎င်းအပူအခိုးအငွေ့များ ငုပ်ဝင်နေသော အစိတ်အပိုင်းများတွင် အနာရောဂါများ ကျရောက်တတ်ပါသည်။ အပူအခိုးအငွေ့အဆိပ်တို့သည် ဦးခေါင်းနှင့် ဦးနှောက်ထဲ ရောက်ရှိပါက ခေါင်းအုံခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ ခေါင်းမကြည် မလင်ဖြစ်ခြင်းများ ဖြစ်တတ်ပြီး မျက်လုံးနှင့် နားထင်ကြောများ ရောင်ရမ်းနာကျင် ကိုက်ခဲစေတတ်ပါသည်။ နှလုံးတုန်ခြင်း၊ ရင်ခုန်မောပန်းခြင်း၊ ဆီးနှင့် ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါများလည်း ဖြစ်တတ်ပါသည်။

နွေဥတုတွင် ဖြစ်တတ်သော ရောဂါလက္ခဏာများနှင့် ကာကွယ်စောင့်ရှောက်ခြင်း

နွေဥတုတွင် အဖြစ်များတတ်သော ရောဂါအချို့ကို ဖော်ပြရလျှင် ခေါင်းအုံ၊ ခေါင်းကိုက်၊ ခေါင်းခဲခြင်း၊ မျက်စိကျိန်း၊ မျက်စိနာခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ ဆီးချုပ်၊ ဆီးပူ၊ ဆီးအောင့်ခြင်းနှင့် အပူဝင်၊ အပူငုပ်၊ အပူလျှပ်ခြင်းတို့ အများဆုံးဖြစ်တတ်ပါသည်။

ခေါင်းအုံ၊ ခေါင်းကိုက်၊ ခေါင်းခဲရောဂါကို ဖြစ်စေသောအကြောင်းများမှာ နေပူ၊ မီးပူတို့ကို လွန်စွာခံခြင်း၊ အချိန် အခါမဲ့ ရေချိုးခြင်း၊ ပန်ကာလေ၊ ယပ်ခတ်လေတို့ကို လွန်စွာခံခြင်း၊ အပူအစပ် များကို အလွန်စားသုံးခြင်းနှင့် ဆီး၊ ဝမ်း၊ သွေး၊ လေတို့ချုပ်ခြင်း စသောအကြောင်းများကြောင့် ဖြစ်စေပါသည်။ ထို့ကြောင့် ကိုယ်ခန္ဓာတွင် အပူရှိန်များတိုးလာခြင်း၊ သွေးတိုးခြင်း၊ သွေးခုန်နှုန်းမြန်ခြင်း၊ ချွေးငုပ်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးနီခြင်း၊ ဝါခြင်း၊ ဆီးနည်းခြင်းနှင့် ကိုယ်လက် အင်္ဂါများ ကိုက်ခဲခြင်း၊ ဇက်ကြောတက်ခြင်း၊ ခေါင်းကိုက်၊ ဇက်လေး၊ ခေါင်းအုံခြင်း စသောလက္ခဏာများကို တွေ့ရှိရမည် ဖြစ်ပါသည်။ ထိုကဲ့သို့ မဖြစ်ရလေအောင် နေပူ၊ မီးပူတို့ကို လွန်စွာခံခြင်းမှ ရှောင်ကြဉ်ရန်၊ အချိန်မှန်ရေချိုးရန်၊ ပန်ကာလေ၊ ယပ်ခတ်လေ၊ လေအေးခံခြင်း စသည်တို့ကိုလည်း ကြာရှည်မခံမိရန် လိုအပ်ပါသည်။ အပူအစပ်များ လွန်စွာစားသုံးခြင်းမှလည်း ရှောင်ကြဉ်ရပါမည်။ အလုပ်ကို ပုံမှန်လုပ်ကိုင်ခြင်းနှင့် ဆီး၊ ဝမ်း၊ သွေး၊ လေတို့ကို မှန်ကန်စွာ ပြုပြင်ပေးခြင်းစသည်ဖြင့် ပြုမူကျင့်သုံး နေထိုင်သွားရပါမည်။

နွေဥတုတွင် ခေါင်းအုံ၊ ခေါင်းကိုက်၊ ခေါင်းခဲခြင်းများဖြစ်ပါက ချွေးမငုပ်စေဘဲ ချွေးကလေး တစိုစိုဖြစ်နေစေရန် ကွမ်းရွက် ငါးရွက်ခန့်ကို ထန်းလျက်သုံးလုံးနှင့် ရောပြုတ်ပြီး အကြမ်းပန်းကန် တစ်လုံးစာ မနက်၊ နေ့လယ် နှစ်ကြိမ် ပူပူလေးသောက်ပေးနိုင်ပါသည်။ ထို့အပြင် ချင်းသုံးကျပ်သားခန့်နှင့် ထန်းလျက် သုံးလုံး ရောပြုတ်ပြီး အကြမ်းပန်းကန် တစ်လုံးစာ မနက်၊ နေ့လယ်နှစ်ကြိမ် ပူပူလေးသောက်ပေး နိုင်ပါသည်။ နနွင်းမှိုင်း သို့မဟုတ် တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၄၃) (အကင်း ၁၀ ပါးဆေး)ကို မှိုင်းခံပြီး ရှူပေးနိုင်ပါသည်။

နွေဥတုတွင် ဖြစ်လေ့ရှိသော မျက်စိကျိန်း၊ မျက်စိနာဖြစ်ရခြင်း အကြောင်းများမှာ အပူမိခြင်း၊ အပူဝင်ခြင်း၊ နေပူ၊ မီးပူခံခြင်း၊ ဝမ်းချုပ်ခြင်း၊ ခြေထောက်အောက်ပိုင်း အအေးမိခြင်း စသော အကြောင်းများကြောင့် ဖြစ်ရပါသည်။ ဖြစ်ဆဲလက္ခဏာများမှာ မျက်စိ ကျိန်းခြင်း၊ မျက်စိနာခြင်း၊ မျက်သားနီ ခြင်း၊ မျက်ရည်ယိုခြင်း၊ မျက်ရိုးကိုက်ခြင်း၊ အလင်းရောင်ကိုမကြည့်လိုခြင်းစသော လက္ခဏာများဖြစ်တတ်ပါသည်။ မျက်စိကျိန်းခြင်း၊ မျက်စိနာရောဂါ မဖြစ်စေရန် နေပူ၊ မီးပူတို့ကို တတ်နိုင်သလောက် ရှောင်ကြဉ်ပါ။ နေပူထဲသွားသည့်အခါ နေကာမျက်မှန်တပ်ပါ။ ထီး၊ ဦးထုပ်ဆောင်းပါ။ ဆီး၊ ဝမ်းတို့ကို မှန်စေရန် လိုအပ်ပါသည်။ အကယ်၍ မျက်စိကျိန်း၊ မျက်စိနာရောဂါဖြစ်လာပါက မန်ကျည်းခေါက်ကို ဆားနှင့်ရောသွေးပြီး မျက်စိတွင် ကွင်းပေးခြင်း၊ နဖူးတွင် လိမ်းခြင်း၊ ဆင်တုံးမနွယ်ကို ဆားနှင့်သွေးပြီး မျက်စိကိုကွင်းခြင်း၊ ဆီးဖြူသီးနှင့် ဆားသွေးပြီး ကွင်းခြင်းများ ပြုလုပ်ပေးနိုင်ပါသည်။ တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၄၃) အကင်း ၁၀ ပါးဆေးကို မျက်စိကွင်းပါ။ မျက်စိကို ရှားစောင်း လက်ပပ်အနှစ်သား အုံပါ။ ငှက်ပျောသီး ဖီးကြမ်း ပျော်ပျော်ကို စားပါ။ နံနက်အချိန် နွားနို့ကို ဆားခတ်ပြီးသောက်ပါ။ ညဘက်တွင် မန်ကျည်းဖျော်ရည်ကို ဆားခတ်ပြီး သောက်ပါ။ မျက်နှာသစ်သည့်အခါ ခြေထောက်ကို ရှေးဦးစွာ ရေလောင်းပြီးမှ သစ်ပါ။

နွေဥတုတွင် နှာခေါင်းသွေးလျှံခြင်းလည်း ဖြစ်တတ်ပါသည်။ အထူးသဖြင့် ကလေးသူငယ်များနှင့် လူရွယ်လူလတ်ပိုင်းများမှာ တွေ့ရတတ်ပါသည်။ နေပူ၊ မီးပူခံခြင်း၊ ဝမ်းချုပ်ခြင်း၊ အမျိုးသမီးများ သွေးချုပ်ခြင်း၊ အပူစာများ လွန်ကဲစွာ စားသုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း စသောအကြောင်းများကြောင့် နှာခေါင်း သွေးလျှံနိုင်ပါသည်။ ဖြစ်ဆဲလက္ခဏာများမှာ နှာခေါင်းမှ သွေးလျှံခြင်း၊ မူးဝေခြင်း၊ မေ့လျော့ခြင်း၊ မျက်စိဝေခြင်း၊ မိုက်ခနဲဖြစ်တတ်ခြင်း စသောလက္ခဏာများကို တွေ့ရတတ်ပါသည်။ ပြုစုကုသနည်းမှာ နှာခေါင်းကို ရေခဲရေ သို့မဟုတ် ရေအေးဆွတ်ထားသော လက်ကိုင်ပဝါနှင့် အုပ်ထားပေးပြီး ပါးစပ်နှင့် ခေတ္တ အသက်ရှူပေးပါ။ သွေးဆေးအေး တစ်မျိုးမျိုး၏ အနံ့ကိုရှူပေးပါ။ သပြေရွက်၊ သြဇာရွက်၊ မာလကာရွက် တစ်မျိုးမျိုးကို ပွတ်ချေပြီး ရှူပေးပါ။ တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၁၆) အပူငြိမ်းသွေးဆေးကို ရှူပေးနိုင်ပါသည်။ သကြားနှင့် သံပရာရည်ချိုချိုလေးဖျော်ပြီး တိုက်ပေးပါ။ ဝမ်းချုပ်၊ သွေးချုပ် မဖြစ်ရလေအောင် သတိပြုပါ။ မကြာခဏ နှာခေါင်းသွေးလျှံတတ်လျှင် မီးကွင်း ဂမုန်း ငါးရွက်ခန့်ကို ရေသန့် တစ်လီတာနှင့် သုံးခွက် တစ်ခွက်တင် ကျိုပြီး သကြားခတ်၍ သောက်ပေးနိုင်ပါ သည်။

နွေဥတုတွင် ဆီးချုပ်၊ ဆီးပူ၊ ဆီးအောင့်ရောဂါလည်း အဖြစ်များပါသည်။ ၎င်းရောဂါဖြစ်ရခြင်း အကြောင်းများမှာ အပူဝင်၊ အပူငုပ်ခြင်း၊ အထိုင်များခြင်း၊ ပူသောဆေးအစာများကို စားသောက်မှုများခြင်း၊ ဆီး၊ ဝမ်း၊ လေချုပ်စာများကို အစားများခြင်း စသောအကြောင်းများကြောင့် ဖြစ်ရပါသည်။ ဖြစ်ဆဲလက္ခဏာများမှာ ဆီးနီခြင်း၊ ဝါခြင်း၊ ဆီးနည်းခြင်း၊ ဆီးပူခြင်း၊ ဆီးအောင့်ခြင်း၊ ကိုယ်ခန္ဓာအထက်ပိုင်းများ ကိုက်ခဲခြင်း၊ မျက်စိများဝေခြင်း၊ မျက်လုံးများပူခြင်း၊ အာခံတွင်းခြောက်ခြင်းနှင့် နှုတ်ခမ်းကွဲခြင်း စသည့် လက္ခဏာများကို တွေ့ရတတ်ပါသည်။ ထို့ကြောင့် တာရှည်စွာ ထိုင်ပြီး အလုပ်လုပ်ကိုင်ခြင်း၊ ပူသောဆေးအစာတို့ကို လွန်ကဲစွာ စားသုံးခြင်း၊ တစ်နေကုန် နေပူထဲတွင် အလုပ်လုပ်ပြီး ရုတ်တရက် ရေခဲစားခြင်း၊ ရေခဲရေ သောက်ခြင်း၊ ရေချိုးခြင်းမျိုးကို ရှောင်ကြဉ်ရပါမည်။ ဆီးသွားချင်သည့်အဟုန်ကို တားဆီးခြင်း၊ အောင့်ထားခြင်းမျိုး မပြုလုပ်ရပါ။ နံနက်အိပ်ရာထတွင် ရေကိုဝအောင် သောက်ပေးပါ။ ဆန်ဆေးရည် တစ်ဖန်ခွက်စာတွင် သကြား လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာထည့်ပြီး သောက်ပေးပါ။ ဆူးလေပင် ပဉ္စငါးပါး လက်တစ်ဆုပ်စာကို ပြုတ်ပြီး လက်ဖက်ရည်ပန်းကန်တစ်လုံးစာ သောက်ပေးနိုင်ပါသည်။ ကသော့ပုပ် တစ်ပင်လုံး ပဉ္စငါးပါးလက်တစ်ဆုပ်စာကို နာရီဝက်ခန့်ပြုတ်ပြီး ပြုတ်ရည် လက်ဖက်ရည်ပန်းကန် တစ်လုံးစာကို တစ်နေ့ နှစ်ကြိမ် သောက်ပေးနိုင်ပါသည်။ ကျောက်ဖရုံသီးအတွင်းသားကို ခြစ်ပြီး အရည်ညှစ်ယူ၍ လက်ဖက်ရည်အကြမ်း ပန်းကန်တစ်ဝက်တွင် ရှိန်းခို လက်ဖက်စားဇွန်း တစ်ဇွန်း၊ ဆားလက်ဖက်စားဇွန်း တစ်ဇွန်းစာထည့်ပြီး တစ်နေ့ နှစ်ကြိမ်သောက်ပေးလျှင် ဆီးပူ၊ ဆီးအောင့်ရောဂါ သက်သာစေပါသည်။ ဂေါ်ဖီထုပ်ကို ပြုတ်၍ အကြမ်းပန်းကန်တစ်လုံးစာ သောက်ပေးခြင်း၊ ထန်းရည်ချိုကို သကြားနှင့်ရောနှောပြီး သောက်ပေးခြင်းများဖြင့်လည်း သက်သာစေပါ သည်။

ထို့ပြင် နွေဥတုတွင် အဖြစ်များသော ရောဂါတစ်ခုမှာ အပူလျှပ်ရောဂါ ဖြစ်ပါသည်။ ဖြစ်ရခြင်းအကြောင်းများမှာ နေပူလွန်စွာမိခြင်းနှင့် အလွန်အအေးမိခံခြင်း၊ ရေချိုးမှားခြင်း၊ နေပူကပြန် ရေချိုးခြင်း၊ ပန်ကာလေ၊ အဲကွန်းလေ အခံများခြင်း၊ ဆီး၊ ဝမ်းအချုပ်ခံခြင်း၊ အေးသော ဖွဲ့သောအစာများကို လွန်စွာ စားမိခြင်း၊ ပူရာမှ အေးသောဥတုနှင့် ကြုံကြိုက်ခြင်း၊ အေးရာမှ ပူသောဥတုနှင့် ကြုံကြိုက်ခြင်းစသည့်အကြောင်းရင်းများကြောင့် နှလုံးတွင် အပူဓာတ်များစုမိ၍ နှလုံးသွေးများ ဆူပွက်ပြီး ဖြစ်ပေါ်လာသည့် ဥဏှဝါယောဓာတ်သည် ဦးနှောက်သို့ တွန်းတင်လိုက်သောအခါ သတိလစ်မေ့လဲခြင်းကို ဖြစ်ပေါ်စေပါသည်။ အပူလျှပ်သော လက္ခဏာများမှာ ပထမအဆင့်တွင် ကိုယ်ပူချိန်တက်ခြင်း၊ ဖျားခြင်း၊ ကိုယ်တစ်ပိုင်းပူ၊ တစ်ပိုင်းအေး ဖြစ်နေတတ်ခြင်း၊ ကိုယ်လက်လေးလံထိုင်းမှိုင်းနေခြင်း (လေဖျန်းမည့် အခြေအနေရောက်နေခြင်း) ချွေးငုပ်နေခြင်း၊ နှာရည်၊ မျက်ရည်တို့ ယိုစီးနေတတ်ခြင်း၊ ဆီးပူခြင်း၊ ဆီးနည်းခြင်းတို့ဖြစ်ခြင်းနှင့် ဒုတိယအဆင့်တွင် နှလုံးသွေးဖောက်ပြန်မှုကြောင့် မေးလျှင် မထူးနိုင်ခြင်း၊ ခေါ်လျှင် မကြားနိုင်ခြင်း၊ စကားမပီသ ခြင်း၊ သတိချို့ယွင်းခြင်း၊ အပူကြီး၍ မူးလဲခြင်းလက္ခဏာများကို ဖြစ်စေတတ်ပါသည်။ အပူနှင့်လေ အထက်သို့ တက်ပြီး ဦးနှောက်သွေးကြောပေါက်ခြင်း (လေဖြတ်ခြင်း)တို့ အဆင့်ဆင့်ဖြစ်စေပါသည်။ ဤအဆင့်တွင် အသက်အန္တရာယ်ထိခိုက်စေနိုင်သော အရေးပေါ်အခြေအနေဖြစ်သည့်အတွက် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံးပြသကုသမှုခံယူရမည် ဖြစ်ပါသည်။

ဆောင်ရန်၊ ရှောင်ရန်များ

နွေဥတု၌ဖြစ်တတ်သော ရောဂါအချို့ကို တိုင်းရင်းဆေးဖြင့် ကာကွယ် စောင့်ရှောက်နိုင်ရန်အတွက် လိုက်နာဆောင်ရွက်ရန်များမှာ အထူးသဖြင့် နေရိပ်ထဲတွင်နေပါ။ အပြင်ထွက်သည့်အခါ ဦးထုပ်၊ ထီး အဆောင်းတစ်ခုခုဖြင့် သွားပါ။ ချို၊ အေး၊ မွှေးသော အစား အသောက်များကိုစားပါ။ ဥပမာ - ဖရဲသီး၊ လိမ္မော်သီး၊ ကမ္ဗလာသီး၊ ကျောက်ဖရုံသီး၊ ဘူးသီး၊ ဘူးရွက်စားပါ။ ရေချိုငါး၊ ငါးကလေး၊ ငါးကြင်း၊ စာကလေး၊ ချိုး၊ ခါ၊ ကြက်၊ ငုံးသား၊ ဆိတ်သားများစားပါ။ ကြေညက်လွယ် သော အစာများစားပါ။ ရာသီပေါ်အသီး အနှံများဖြစ်သော ဥသျှစ်ရွက်၊ ဥသျှစ်သီး၊ ရဲယိုသီး၊ ရဲယိုရွက်၊ ဒန့်သလွန်သီး၊ ဒန့်သလွန်ရွက်၊ ကုက္ကိုရွက်၊ ကြက်သဟင်းရွက်၊ ခံတက်ရွက်၊ ပျဉ်းတော်သိမ်ရွက်၊ ရှောက်ရွက်၊ဆိတ်ဖူး၊ နနွင်း စသောအစားအစာများကိုလည်း စားပေးနိုင်ပါသည်။ ရေများများသောက်ပါ။ အပူမစုပ်သော အရောင်ဖျော့သည့် ချည်ထည်အဝတ်အစားများ ဝတ်ဆင်ပါ။ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ စသည့်ရောဂါအခံရှိသူများအနေဖြင့် နေ့လယ်နေ့ခင်းအချိန်တွင် အရိပ်ရအေးမြ၍ လေဝင်လေထွက်ကောင်းသော နေရာများတွင် နားနေပါ။ ချွေးများ၍ ခန္ဓာကိုယ်အတွင်း ရေနှင့် ဓာတ်ဆားဓာတ်များ ဆုံးရှုံးမှုမဖြစ်ပေါ် စေရန်အတွက် ရေနှင့်ဓာတ်ဆားရည်ကို လုံလောက်အောင် သောက်သုံးပါ။ မိတ် နှင့် ယားဖုများ ထွက်ပါက ရေအေးဝတ်ကပ်ခြင်း၊ သနပ်ခါးလိမ်းခြင်း၊ ကရမက်ကိုသွေး၍ ကျဲကျဲပါးပါး လိမ်းပေးသင့်ပါသည်။ တိုင်းရင်းဆေးအမှတ် (၄၃) အကင်း ၁၀ ပါးဆေးကို ရေနှင့်ကျဲကျဲ ဖျော်ပြီး လိမ်းပေးနိုင်ပါသည်။ ထို့အပြင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော အပူဒဏ်ကာကွယ်ရေး နှိုးဆော်ချက်ပါ အချက်များကိုလည်း လိုက်နာဆောင်ရွက်ပါ။

ရှောင်ကြဉ်ရန်အနေဖြင့် ပူ၊ ခါး၊ စပ်အရသာရှိသော အစားအသောက်များ ရှောင်ပါ။ အရက်သေစာသောက်ခြင်း၊ အလွန်ပူသော ထမင်း၊ ဟင်း စားခြင်း၊ ရက်လွန်ချက်ပြုတ်ထားသော အစားအသောက်များစားခြင်း၊ ရေခဲရေ၊ အလွန်အေးသောရေ မသောက်သင့်ပါ။ အပူဆေး၊ အပူစာများကို ရှောင်ပါ။ အပူလျှပ်ပြီး အပြင်းဖျားခြင်း မဖြစ်စေရန် နွေဥတု နေပူပြင်းထန်ချိန်တွင် ချွေးငုပ် စေသော လေအေးတိုက်ခံခြင်း၊ ပန်ကာလေခံခြင်း၊ ရေခဲရေစသော အအေးလွန် အစားအသောက်များကို စားသောက်ခြင်းနှင့် အထူးသဖြင့် ရေချိုးမမှားစေရန် သတိပြုရှောင်ကြဉ် ရပါမည်။

တိုင်းရင်းဆေးပညာအရ မိမိပတ်ဝန်းကျင်မှာဖြစ်နေသော ရာသီဥတု၏ ပူသည်၊ အေးသည်ကို သတိပြု၍ အပြင်ရာသီဥတုအေးလျှင် အေးသလို ပူလျှင်ပူသလို အပြင်ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်အောင် နေထိုင်တတ်ရန် လိုအပ်ပါသည်။ ထို့ကြောင့် နွေဥတုတွင် ရောဂါဘယကင်းဝေးစေရန် တိုင်းရင်းဆေးဖြင့် ကာကွယ်စောင့်ရှောက်နိုင်ရန် မြန်မာ့တိုင်းရင်းဆေး ပညာအရ ကျန်းမာရေးအသိပေးနည်းလမ်းများနှင့်အညီ ပြုမူ၊ နေထိုင်စားသောက်သွားနိုင်ရန် အသိပေးရေးသားလိုက်ရပါသည်။ ။

ကျမ်းကိုးစာရင်းများ

- နာဂသေနာဘိဝံသ(အရှင်)၊ “စရက သံဟိတာကုထုံးကျမ်းကြီး (ပ-တွဲ)၊ ၁၉၇၃ ခုနှစ်။

- ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်း ဆေးပညာဦးစီးဌာန၊ “ဌာနသုံး တိုင်းရင်းဆေးနည်းများ ၁၉၉၀ ပြည့်နှစ်၊ မတ်လ။

- ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်း ဆေးပညာဦးစီးဌာန၊ “မြန်မာ့ တိုင်းရင်းဆေးပညာ စံညွှန်း ကုထုံး ၂၀၁၃ ခုနှစ်။

- ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်း ဆေးပညာဦးစီးဌာန၊ “အခြေခံ တိုင်းရင်းဆေးပညာပေး ရက်တို သင်တန်းလက်စွဲစာအုပ် ၂၀၁၄ ခုနှစ်၊ မတ်လ။

- ဘိုးလှိုင်(ဦး) “ဥတုဘောဇနသင်္ဂဟ ကျမ်း ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ။