Skip to main content

နှစ်ကူးအတာသင်္ကြန်နှင့် မြန်မာ့ယဉ်ကျေးမှုအစဉ်အလာ

သိန်းထွန်း (IR)

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ နှစ်သစ် ၁၃၈၆ ခုနှစ်သို့ ကူးပြောင်းချေတော့မည်။ တစ်နှစ်ဆိုသည့် အချိန်ကာလတစ်ခုမှာ မကြာလိုက်သလိုပင်။ ကိုယ့်ဘဝနဲ့ကိုယ် လှုပ်ရှားရုန်းကန်ရင်းဖြင့်ပင် နှစ်တစ်နှစ် ကုန်ဆုံးပေတော့မည်။ စိတ်ထဲမှာတော့ ခဏမျှသာဟု ထင်မိသည်။ အချိန်ဆိုသည်က သူ့စည်းချက်နဲ့သူ သွားမြဲသွားနေသည်ကိုး။ ထိုအချိန်များကို မြန်ချင်၍လည်းမရ၊ နှေးချင်၍လည်း မရ၊ ရပ်တန့်၍လည်း မရချေ။ မည်သူမဆို အချိန်၏ စည်းချက်များအောက်တွင် ဟန်ချက်ညီ ကျင်လည်ကြရသည်။ မိုးလင်းမှမိုးချုပ် ကိစ္စမြားမြောင် လူတို့ဘောင်၌ တစ်ရက်ပြီး တစ်ရက် လှုပ်ရှားရင်း၊ ရုန်းကန်ရင်းဖြင့် အချိန်များကို ဖြတ်သန်းနေကြရ၏။ ထိုဖြတ်သန်းခဲ့ရသည့် အချိန်ကာလသည်ပင် ယခုအခါ တစ်နှစ်ပြည့်ပေတော့မည်။

တစ်ခါတစ်ရံ သဘာဝတရားကြီး၏ နက်နဲဆန်းပြားမှုကို စဉ်းစားမိ၏။ လောကတစ်ခုလုံး ဟန်ချက်ညီဖြစ်စေရန် သဘာဝတရားကြီးက ဖန်တီးတည်ဆောက်ထားပြီး ထိုဖန်တီးမှုများကို လူသားတို့ ယနေ့အထိ လိုက်မမီနိုင်သေးချေ။ သဘာဝ၏ဟန်ချက်များအတိုင်းသာ ရှင်သန်လှုပ်ရှားကြရ၏။ ထိုဖန်တီးချက်များထဲတွင် ဥတုရာသီများ၏ ပြောင်းလဲမှုနှင့် အလှတရားတို့မှာ အံ့ဖွယ်များစွာထဲမှ အချို့ဖြစ်သည်။ ဥတုရာသီတို့သည် ဒေသတစ်ခုနှင့်တစ်ခု မတူ။ သူ့ဒေသ၊ သူ့ရာသီ၊ သူ့အလှတို့မှာ ယင်းဒေသ၏ ထူးခြားသောဝိသေသအဖြစ် ရှိတတ်ကြ၏။ မြန်မာနိုင်ငံတွင်မူ နွေ၊ မိုး၊ ဆောင်းအဖြစ် ဥတုသုံးမျိုးတွေ့ရသည်။ နွေရောက် လျှင် နွေ၏အလှတို့မှာ လွမ်းမောဖွယ်ဖြစ်၏။ မိုးရာသီဆိုလျှင် စိမ်းစိုလန်းဆန်းသည့် သွင်ပြင်တို့မှာ တစ်မျိုးတစ်ဘာသာ လှနေပါ၏။ ဆောင်းရာသီကတော့ အေးမြခြင်း၊ ကြည်လင်ခြင်း၏အရသာကို ပေစွမ်းပါ၏။ သဘာဝတရား၏ ထိုစုတ်ချက်လက်ရာတို့သည် လူသားတို့အတွက် ရသပေါင်းစုံပေးလျက်ရှိပါ၏။ ထိုရာသီအလှတို့တွင် နှစ်ဟောင်းမှ နှစ်သစ်ကူးပြောင်းသည့် နွေဦးသည် အခြားသောရာသီတို့ထက် ပို၍ အလှသွေးကြွယ်သည်ဟုဆိုလျှင် ပိုလိမ့်မည်မထင်။

နွေဦး

မြန်မာအဘိဓာန်တွင် မိုးဥတုကို ဝသန်(ပါဋိ၊ ဝဿာန)၊ နွေဦးအား ဝသန် (ပါဋိ၊ ဝသန္တ) ဟု ဖွင့်ဆိုပါသည်။ ဝသန္တနွေဦးရာသီသည် တပေါင်းလပြည့်ကျော် ၁ ရက်နေ့မှ ကဆုန်လပြည့်နေ့ အထိဖြစ်၏။ နွေဦးကာလသည် ပူပြင်းခြောက်သွေ့သောရာသီဖြစ်၍ တန်ခူးရေကုန် ကဆုန် ရေခန်းသော အချိန်လည်းဖြစ်၏။ ထိုကာလတွင် ရေတွင်း၊ ရေကန်၊ အင်းအိုင်တို့ ရေခန်းခြောက်ကြသည်။ ထို့အပြင် တပေါင်း၊ တန်ခူးလေရူးဆော်ဆိုသည့်အတိုင်းပင် တစ်ချက်တစ်ချက် ရိုက်ခတ်လာသည့် လေရူးတို့က ကနွဲ့ကလျ ကျီစယ်တတ်သည်မှာ ထိတွေ့သူရင်ထဲ အေးမြသွားစေ၏။ နွေဦးရာသီသည် ပူပြင်းခြောက်သွေ့သော်လည်း သူ၏အသွင်မှာ အကျည်းတန်မနေ။ နွေဦးအလှ၊ နွေဦးဘဝအားမာန်များဖြင့် နက်ရှိုင်းစွာလှပနေပါ၏။ ထို့ကြောင့် နွေဦး၏သာယာလှပပုံကို ဦးကြင်ဥက “ယင်းသည့်နေ့ဆိုင်၊ ရသေ့သူတော်တိုင်မှ၊ ဉာဏ်မခိုင် စျာန်ယိုင်လဲ လျှောရတယ်၊ ရာသီတွင် စာညီပြောပေပ၊ ကြော၍ သာမြဲဟု တင်စားဖွဲ့ဆိုခြင်း ဖြစ်ပေလိမ့်မည်။ ရသေ့သူတော်တို့ပင် ဈာန်လျှောရသည့် လွမ်းမောဖွယ်ကာလတွင် ဥဩငှက်ငယ်၏ သာယာနာပျော်ဖွယ် တွန်သံချိုမှာ နွေဦး၏ဘဝသရုပ်ကို ပို၍ထင်ဟပ်ပေါ်လွင်စေသည်ဟုဆိုလျှင် ပြောမယုံ ကြုံဖူးမှ သိနိုင်ပါလိမ့်မည်။

ထို့ကြောင့် နွေဦးရာသီသည် ဩကာသလောက၏ သရုပ်ဖော်ပန်းချီကားတစ်ချပ်ဟု ဆိုနိုင်ပါ၏။ ကြည့်လေရာ သစ်ပင်ပန်းမန်တို့မှာ ရွက်ဟောင်းကြွေ၍ ရွက်သစ်များဝေနေကြ၏။ နေရှိန်ပြင်းပြင်းအောက်တွင် ရွက်ဝါကြွေကျ၍ ရိုးတံပြိုင်းပြိုင်းဖြစ်နေသည့် ပင်အိုတို့မှာ လောကဓံကို မမှုသည့်အလား အညွန့်အဖူးလေးများ၊ ရွက်သစ်ရွက်နုတို့ဖြင့် ဝေဆာနေသည့် အားမာန်တို့ကို တွေ့ရ၏။ ဘဝတစ်ခု၏ နုနယ်ပျိုမျစ်ခြင်း၊ ရုန်းကန်ရှင်သန်ခြင်း၊ အိုမင်းရင့်ရော်ခြင်းတို့ကို ဖြစ်ခြင်း၊ ပျက်ခြင်း၏ နိမိတ်ပုံအလား မြင်ရပါ၏။

ထိုသို့ သာယာလှပမှုများနှင့် ပြည်စုံသည့်နွေဦးကို ပို၍ဂုဏ်တင့်စေသည်မှာ မြန်မာတို့၏ ရိုးရာသင်္ကြန်ပွဲတော်ဖြစ်ပေသည်။ မြန်မာတို့အတွက် နှစ်ဟောင်း နှစ်သစ်အကူးအပြောင်း ပွဲတော်ဖြစ်သည့် သင်္ကြန်ပွဲတော်သည် နွေဦးနှင့် တစ်သားတည်းဟု ဆိုနိုင်သည်။ ဆောင်းအကုန် နွေအကူး နွေဦးရောက်သည်နှင့် သင်္ကြန်သီချင်းများကို ဟိုမှသည်မှ ကြားရလေပြီ။ ဖက်ဆွတ်မိုးခေါ်သည့် သင်္ကြန်မိုးရွာသည်နှင့် ရွှေရည်ဝင်းဝါသည့် ပိတောက်ပန်းတို့ ပင်လုံး ကျွတ် ဝါဝါထိန်ပွင့်ကြပြီ။ နွေဦးတွင် ရာသီပန်းများဖြစ်သည့် ကံ့ကော်၊ ရင်ခတ်ပန်း၊ ငုဝါပန်း၊ ပိတောက်ပန်းတို့ ပွင့်ကြသည်။ ပိတောက်များပွင့်လျှင် မည်သူမဆို သင်္ကြန်ကို ဦးစွာပြေးမြင်မိကြစမြဲပင်။ မည်သည့်အချိန်မှစ၍ ပိတောက်ပန်းအား သင်္ကြန်ပန်းအဖြစ် အသိအမှတ်ပြုခဲ့ကြသည်ကို မသိရသော်လည်း ကုန်းဘောင်ခေတ် စာဆိုတော် ဖိုးသူတော် ဦးမင်း၏ တန်ခူးလဖွဲ့တွင် “မြတ်သင်္ကြန် ခေါ် စံပွဲတော်မို့၊ ကံ့ကော်မှုံနံ့ စုံအသန့်မှာ၊ ထုံပျံ့ဝတ်ရွှေ ညွတ်ပစေလို့၊ သရေငယ်ဆောင်သည် ရွှေရောင်ပိတောက်ကယ်က မင်းမူလေ့ဟူ၍ တွေ့ရသည်။ ယနေ့ချိန်တွင်မူ တစ်နှစ်လျှင် တစ်ကြိမ်သာပွင့်သည့် ပိတောက်ပန်းသည် နှစ်ကူးအတာ သင်္ကြန်ကို ကိုယ်စားပြုသည့် အမှတ်သင်္ကေတပန်း ဖြစ်နေပါပြီ။

နှစ်ဦးပွဲတော်

တပေါင်းလသည် မြန်မာတို့၏ရာသီ ၁၂ လတွင် နောက်ဆုံးလဖြစ်ပြီး တန်ခူးလသည် နှစ်ဦးလဖြစ်၏။ ထိုနှစ်ကူးသည့်လတွင် မြန်မာတို့သည် နှစ်ကူးအတာသင်္ကြန်ပွဲကို ပျော်ရွှင်စွာကျင်းပကြသည်။ နှစ်ဟောင်း နှစ်သစ်ကူးပြောင်းချိန်တွင် ကျင်းပသည့် သင်္ကြန်ပွဲသည် မြန်မာတို့၏ အထင်ရှားဆုံး အတာရေသဘင်ပွဲတော် ဖြစ်၏။ အတာသင်္ကြန်ပေါ်ပေါက်လာပုံနှင့် ပတ်သက်၍ ခိုင်မာသော မှတ်တမ်းမှတ်ရာများ မတွေ့ရသော်လည်း မြန်မာသက္ကရာဇ် ၆၅၃ ခုတွင် ရေးထိုးထားသည့် စောလှဝန်းဂူဘုရား ကျောက်စာအရ ပုဂံခေတ်တွင် စတင်နေပြီဟု ယူဆကြသည်။ ထို့အတူ ဦးကုလား၏ မဟာရာဇဝင်ကြီး၊ တတိယတွဲတွင် နန်းတော်မှ ထွက်၍ သင်္ကြန်တော်ခေါ်ခြင်းဟု မှတ်တမ်းတင်ထားသည်ကို တွေ့ရသည်။ အခြားမှတ်တမ်းတစ်ခုအနေဖြင့် အိုင်းရစ် သံတမန် ဗိုလ်မှူးကြီး မိုက်ကယ်ဆိုင်း၏ ၁၇၉၅ ခုနှစ်၊ အင်းဝနိုင်ငံသွား သံအဖွဲ့ မှတ်တမ်း(စာ-၂၁၀)တွင် ပဲခူးမြို့၌နှစ်ကူး ရေပက်ကစားပုံအကြောင်းကို ဖော်ပြ ထားပါသည်။ ထိုမှတ်တမ်းများအရ မြန်မာတို့၏သင်္ကြန်ပွဲသည် ရာစုနှစ်များစွာ အစဉ်အလာမပျက် ကျင်းပလာခဲ့သည့် ပွဲတော်ဖြစ်ကြောင်း အခိုင်အမာဆိုနိုင်ပါသည်။ အစဉ်အလာကြီးမားသည့် မြန်မာတို့၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုလည်း ဖြစ်ပါ၏။ ထိုနှစ်ကူးအတာသင်္ကြန်ကို မြန်မာတစ်နိုင်ငံလုံးတွင်ကျင်းပကြပြီး ပွဲကျင်းပသည့်ရက် အကြာဆုံးလည်းဖြစ်၏။ သင်္ကြန်ရက်များတွင် နိုင်ငံတစ်ဝန်း နေထိုင်ကြသူ လူကြီးလူငယ်မရွေး၊ကျားမ မရွေးလူတန်းစားအားလုံးပျော်ရွှင်စွာ ရေပက်ကစားကြသည်မှာ အခြားသော ပွဲတော်များထက် ထူးခြားမှုတစ်ခုဖြစ်၏။ နှစ်ကူးသင်္ကြန်ရက်များတွင် နှစ်ဟောင်းမှ အညစ်အကြေးတို့ကို ဆေးကြော၍ နှစ်သစ်ကိုကြိုဆိုရန်အတွက် တစ်ဦးကို တစ်ဦး ချစ်ကြည်စွာ ရေပက်ဖျန်းကစားကြရာ မြန်မာတို့၏ ချစ်စရာဓလေ့များ၊ ဘာသာရေး၊ လူမှုရေးအစဉ်အလာများနှင့် စိတ်ရင်းသဘောထားများကို တွေ့မြင်နိုင်သည်။

သင်္ကြန်တွင်း၌ ရေပက်ကစားသည်ဆိုသော်လည်း ဥပုသ်သည်များ၊ ကိုယ်ဝန် ဆောင်မိခင်များ၊ နာမကျန်းသူများတော့ ရေမပက်ကြ။ ဥပုသ်သည်များကို ရေမပက်ကြသော်လည်း ကျောင်းတွင်းဥပုသ်သည်များဆိုပါက ရေပက်ကြပါသည်။ ငယ်စဉ်က အိမ်ရှေ့တွင် ရေပုံးချ၍ ရေပက်လျှင် မိဘများက ဘေးမှာထိုင်ကြည့်ရင်း ဘယ်သူလာပြီ ပက်ကြဟေ့ဟု ပြောလိုက်လျှင် ကလေးတစ်သိုက် ဝိုင်းပက်ကြသည်မှာ ရွှဲရွှဲစိုအောင်ထိပင်။ ပျော်တတ်၊ နောက်ပြောင်တတ်သူများအား ရေသွားပက်မိလျှင် သူ့ကိုရေပက်သည့် ကလေးကို ခေါင်းမှကိုင်၍ ကိုယ့်ပုံးထဲမှရေဖြင့်ပင် တစ်ခွက်ပြီးတစ်ခွက် ပြန်လောင်းခံရသဖြင့် ထွက်ပြေးရသည်များလည်းရှိသေးသည်။ သင်္ကြန်၏ ချစ်စရာ၊ ပျော်ရွှင်စရာကောင်းလှသည့် ဓလေ့များပင်ဖြစ်ပေ၏။ မိန်းမပျိုရှိသည့်အိမ်ဆိုလျှင် ထိုမိန်းမပျိုကို ရေပက်ရန် ကာလသားများက တဝဲလည်လည်နှင့် ချောင်းကြတော့သည်။ တစ်ခါတစ်ရံ မိန်းမပျိုကိုရေပက်ရန် သူမ၏ မိဘမောင်ဖားထံ ခွင့်တောင်းလျှင် ကြည်ကြည်ဖြူဖြူပင် အိမ်အပြင် ထွက်ပေး၍ ရေပက်ခံကြသည်။ အကဲပိုသည့်သူများက မိန်းမပျိုအား ခေါင်းမှ လောင်းမိ၍ အအော်အငေါက်ခံရသည်များလည်း ရှိသေးသည်။ အငေါက်ခံရလျှင် စိတ်ဆိုးဖို့နေနေသာသာ တဟေးဟေးနဲ့ ပျော်၍ပင်မဆုံးနိုင်။ လူကြီးသူမများကို ရေပက်လိုပါက “သင်္ကြန်ရေနဲ့ ကန်တော့ပါရစေ ဟု ယဉ်ကျေးစွာ ခွင့်တောင်း၍ တရိုတသေ ရေလောင်းကြလေ့ရှိသည်။ သင်္ကြန်တွင်းဖြစ်၍ တစ်ဦးကိုတစ်ဦး ရေပက်ဖျန်းကစားကြသော်လည်း ယဉ်ကျေးမှုမပျက်၊ အစဉ်အလာမပျက်၊ ယဉ်ကျေးစွာ ဆော့ကစားကြသည်မှာ နှစ်ကူးသင်္ကြန်၏ အနှစ်သာရဟုလည်း ဆိုနိုင်ပါ၏။

အကမဏ္ဍပ်နှင့် အလှပြယာဉ်

မြန်မာ့ရိုးရာအတာသင်္ကြန်ရက်များတွင် နေ့ခင်းပိုင်း၌ ရေပက်ကစားကြပြီး ညပိုင်းတွင် အလှပြယာဉ်၊ သံချပ်ယာဉ်များက ရိုးရာအကမဏ္ဍပ်များသို့ သွားရောက်၍ ဖျော်ဖြေကြသည်။ ဆုပေးမဏ္ဍပ်ဆိုလျှင် အလှပြယာဉ်များက ပြိုင်ပွဲဝင်သီချင်းများဖြင့် သီဆိုပြိုင်ပွဲဝင်ကြသည်။ သို့ဖြစ်၍ အလှပြယာဉ်များက ပြိုင်ပွဲဝင်သီချင်းများကို အပြိုင်အဆိုင် စပ်ဆိုကြသည်။ ယာဉ်ကိုလည်း သင်္ကြန်ရိုးရာမပျက် အလှဆုံးပြင်ဆင်ကြသည်။ သင်္ကြန်နားနီးလျှင် ငွေကြေးတတ်နိုင်၍ သင်္ကြန်ပိုးရှိသူများက အလှပြယာဉ်များထွက်ရန် စိုင်းပြင်းကြ၏။ ရပ်ကွက်ထဲမှ ဝါသနာတူလူငယ်များ စုကြသည်။ သီချင်းရေး၊ သံချပ်ရေးပြီး အိမ်တစ်အိမ် တွင်စုကာ သီချင်းတိုက်၊ သံချပ်တိုက်ကြသည်။ သူ့ထက်ငါ ကောင်းအောင်၊ ငွေဖလားဆုရအောင် ကြိုးပမ်းကြသည်။ တော်တော်တန်တန် ဝါသနာပိုးနှင့်မရ။ အလုပ်ပျက်၊ အအိပ်ပျက်နှင့် နေ့နေ့ညည ပြင်ဆင်ရသည်။ ထို့ကြောင့်လည်း သင်္ကြန်ရောက်လျှင် သင်္ကြန်သီချင်း ကောင်းများကို နှစ်စဉ်ကြားကြရသည်။ ဗဟိုမဏ္ဍပ်တွင် အလှပြယာဉ်ဆု၊ မဏ္ဍပ်ဆု၊ အကဆု၊ သီချင်းဆု စသဖြင့် ဆုများပေးအပ်သဖြင့် အပြိုင်အဆိုင်ဖျော်ဖြေကြရာ ကြည့်သူအပေါင်းမှာ တဝကြီး ကြည့်ရသည်။ ကြည့်သူများကလည်း ညပိုင်းတွင် မဏ္ဍပ်တကာလှည့်၍ ကြည့်ပြီး ဘယ်မဏ္ဍပ်ရဲ့ အပြင်အဆင်က လှတာ၊ ဘယ်အဖွဲ့က အကကောင်းတာ၊ အဆိုကောင်းတာ၊ ဘယ်အလှပြယာဉ်ကတော့ ဘယ်လိုကောင်းတာစသဖြင့် နောက်ရက်တွင် ပြော၍မဆုံးတော့။ နာမည်ကြီး အကမဏ္ဍပ်များဆို လူတိုး၍မပေါက်တော့။ သံချပ်အဖွဲ့များ၏ ထိထိမိမိသံချပ်များဆိုလျှင် ပရိသတ်အကြိုက်ပင်။ အလှပြယာဉ်ဖျော်ဖြေမှုကောင်းလျှင် ထိုအလှပြယာဉ်နောက်သို့ စက်ဘီးဖြင့် တကောက်ကောက် လိုက်ကြည့်ရသည်မှာ မောရမှန်း၊ ပင်ပန်းရမှန်းပင်မသိ။ သင်္ကြန်သီချင်းကောင်းလျှင် လူတိုင်းပါးစပ်ဖျားသို့ ထိုသီချင်း ရောက်တော့သည်။

ထို့ကြောင့်လည်း အကမဏ္ဍပ်များ၊ အလှပြယာဉ်များဖြင့် စည်ကားခဲ့သော သင်္ကြန်ကာလများအတွင်းက မြန်မာ့ရိုးရာသင်္ကြန်သီချင်းကောင်းများ အများဆုံး ထွက်ခဲ့သည်ကို တွေ့ရသည်။ ထိုသီချင်းများမှာ သင်္ကြန်ကာလရောက်တိုင်း လွှမ်းမိုးခဲ့သည်မှာ ယနေ့ထက် တိုင်ပင်ဖြစ်၏။ ထိုစဉ်က ဌာနဆိုင်ရာများ၊ ရပ်ကွက်အလိုက်နှင့် တစ်ဦးချင်း ငွေကြေးတတ်နိုင်သူများက အကမဏ္ဍပ်များ၊ အလှပြယာဉ်များကို ဦးဆောင် လုပ်နိုင်ကြသဖြင့် သင်္ကြန်ကို စည်ကားစွာ ဆင်နွှဲနိုင်ခဲ့ကြသည်။ အပြိုင်အဆိုင်ဟုပင် ဆိုနိုင်သည့်ကာလဖြစ်သည်။ သင်္ကြန်မတိုင်မီကပင် ကြိုတင်ပြင်ဆင်ကြ၏။ သင်္ကြန်ပြီးလျှင်တော့ အတိုးချပင်ပန်းကြတော့၏။ ပင်ပန်းလည်း ခဏသာဖြစ်၏။ နောက်နှစ်သင်္ကြန်ချိန်ရောက်လျှင် သင်္ကြန်ပိုးများ ထလာပြန်ကြသည်။ နောက်ပိုင်းတွင် အကြောင်းအမျိုးမျိုး ကြောင့် သင်္ကြန်ပွဲစည်ကားမှုများ လျော့ကျလာခဲ့သည်။ ထိုသို့သောသင်္ကြန် မြင်ကွင်းများ၊ ဖန်တီးမှုများ၊ ဖျော်ဖြေမှုများ မကြည့်ရ၊ မကြားရတော့သည်မှာ ဆယ်စုနှစ်များပင် တိုင်ခဲ့လေပြီ။ လွမ်းမောတမ်းတစရာ အတိတ်၏ သင်္ကြန်ပုံရိပ်များပင်။

သင်္ကြန်ယဉ်ကျေးမှုအစဉ်အလာများ

မြန်မာတို့၏ နှစ်ကူးအတာသင်္ကြန်သည် ရေပက်ဖျန်းသည့် ပွဲတော်ဟုဆိုသော်လည်း တစ်ဦးကိုတစ်ဦး ရေပက်ဖျန်းရုံသက်သက်မဟုတ်။ ရေပက်ကစားသည့် အဓိပ္ပာယ်၊ အနှစ်သာရနှင့် ယဉ်ကျေးမှုအစဉ်အလာများ ရှိကြ၏။ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းရာ တွင် နှစ်ဟောင်းမှ အညစ်အကြေးများ၊ မကောင်းမှုများ ကင်းစင်စေရန်နှင့် ကောင်းသောအတိတ်ကောင်း၊ နိမိတ်ကောင်းများရရှိစေရန်အလို့ငှာ အတာရေပက်ဖျန်းခြင်း၊ ကောင်းမှုကုသိုလ်ပြုခြင်းများဖြင့် နှစ်ကူးကြ၏။ ရှေးယခင်က သင်္ကြန်ချိန်ရောက်လျှင် နန်းမြို့တံခါး ၁၂ ရပ်မှ အခါတော်ကြား အမြောက်သုံးချက်စီဖောက်၍ သင်္ကြန်ကျသည်ကို နိုင်ငံသို့ အသိပေးကြောင်း ဆရာမကြီး လူထုဒေါ်အမာက “အမေ့ရှေးစကားတွင် ရေးသားထားသည်။ ကျွန်တော်တို့ သိတတ်သည့်အရွယ်တွင် သင်္ကြန်အမြောက်ဖောက်သံ မကြားရတော့။ ထိုသင်္ကြန်အမြောက်ဖောက်သံသည် အသံမည်ရန်အတွက်သာ ဖောက်ခြင်း ဖြစ်သဖြင့် ထိခိုက်မှုမရှိကြောင်း၊ ထို့ကြောင့် “ဟန်သာရှိပြီး အဆန်မပါဘူး၊ သင်္ကြန်အမြောက်ပဲဟု တင်စားပြောကြကြောင်း ဆရာမကြီးက မှတ်တမ်းတင်ရေးသားထားသည်ကို တွေ့ရပါသည်။

ပုံမှန်အားဖြင့် အတာသင်္ကြန်ပွဲသည် အကြို၊ အကျ၊ အကြတ်၊ အတက်နေ့ဟူ၍ လေးရက်ကြာမြင့်သည်။ အကြတ်နေ့ နှစ်ရက်ဖြစ်ပါက ငါးရက်ကြာမြင့်သည်။ အကြိုနေ့တွင် ရေပက်ကစားလေ့မရှိသော်လည်း အချို့ကတော့ အကြိုနေ့တွင် ပင် ရေကစားကြသည်လည်း ရှိကြသည်။ အကျ၊ အကြတ်နှင့် အတက်နေ့များတွင် ရေပက်ကစားကြပြီး အတက်နေ့ပြီး နှစ်ဆန်း ၁ ရက်နေ့တွင်မူ ဥပုသ်သီလ ဆောက်တည်ခြင်း၊ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ အလှူဒါနပြုခြင်းနှင့် ကုသိုလ်ကောင်းမှုပြုခြင်းတို့ ပြုကြသည်။ နှစ်ကူးတွင် ပက်ဖျန်းသည့် သင်္ကြန်ရေသည် အန္တရာယ်ကင်းသည်ဟု ရှေးလူကြီးသူမများက ပြောဆိုခဲ့သဖြင့် သင်္ကြန်တွင်း၌ တစ်ကြိမ်တစ်ခါလောက် ဖြစ်ဖြစ် ရေအစိုခံလေ့ရှိကြသည်။ ဆရာဦးဘသိန်း (မန္တလေး) က “ရေပက်ခံမယ် သီချင်းတွင် သင်္ကြန်ရေဆိုတာ အန္တရာယ်ကင်းတယ်၊ ပက်စမ်းခင်ရယ်…” ဟု ဖွဲ့ဆိုသီကုံးခဲ့သည်။ သင်္ကြန်ရေကစားရာတွင် ချစ်ကြည်ခြင်း၊ ကျီစယ်ခြင်း၊ ပျော်ရွှင်စေခြင်း၊ အေးချမ်းစေခြင်း အဓိပ္ပာယ်များစွာဖြင့် တစ်ဦးကိုတစ်ဦး အတာရေပက်ဖျန်းကြ၏။ နှစ်ကာလများပြောင်းလဲလာသည့်အလျောက် ရေပက်ကစားကြသည့် သွင်ပြင်များနှင့် ပုံစံများ ပြောင်းလဲလာသော်လည်း သင်္ကြန်၏အဓိပ္ပာယ်၊ အနှစ်သာရနှင့် ယဉ်ကျေးမှု အစဉ်အလာ ဓလေ့များမှာ မပြောင်းမလဲရှိနေဆဲ ဖြစ်ပါသည်။

ခေတ်အလိုက် လူမှုပတ်ဝန်းကျင်၏အခြေအနေများကြောင့် ပြောင်းလဲမှုများ ရှိတတ်ကြသော် လည်း မည်သည့်လူမျိုးမဆို မိမိတို့၏ ယဉ်ကျေးမှုဓလေ့ထုံးစံများကို အစဉ်အဆက်လက်ဆင့်ကမ်း ထိန်းသိမ်းကာ နှလုံးသားထဲ၊ ရင်ထဲတွင် မြတ်နိုးစွာ ထိန်းသိမ်းထားလေ့ရှိကြပါသည်။ မြန်မာ့ရိုးရာအတာသင်္ကြန်သည် လည်း ထို့အတူပင် ဖြစ်၏။ သင်္ကြန်ချိန်ရောက်တိုင်း ကျွန်တော်တို့၏အသိတွင် သင်္ကြန်ဝိညာဉ်တို့ နိုးထလာကြစမြဲဖြစ်သည်။ သင်္ကြန်ကာလအတွင်း ရေမကစားသည့်တိုင် သင်္ကြန်၏ အစဉ်အလာများနှင့်အညီ ဖြတ်သန်းကြလေ့ရှိသည်မှာ သင်္ကြန်၏ချစ်စရာဓလေ့ပင်မဟုတ်ပါလား။ သင်္ကြန်ရောက်လျှင် ကုသိုလ်ဒါနပြုရန်၊ ဥပုသ်သီလဆောက်တည်ရန်အတွက် မသိစိတ်တွင် အလိုလို ပေါ်လာတတ်ကြသည်။ မိမိတို့ တတ်နိုင်သလောက် တစ်ဦးတည်းမှဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ၊ အယုတ်အလတ် အမြတ်မရွေး မုန့်လုံးရေပေါ်ကျွေးခြင်း၊ စတုဒိသာကျွေးမွေးခြင်းဖြင့် ကုသိုလ်ပြုကြလေ့ရှိသည်။ သင်္ကြန်ရောက်သည်နှင့် လူကြီးများက ဘုန်းကြီးကျောင်းများသို့ သွား၍ ဥပုဒ်သီလ ဆောက်တည်ကြသည်။ အချို့ကလည်း ရေမကစားဘဲ ဥပုသ်ယူကြသည်။ အချို့က သင်္ကြန်တွင်း တစ်ပတ်၊ ဆယ်ရက် ကိုယ်နိုင်သရွေ့ ဒုလ္လဘရဟန်းဝတ်ကြသည်။

နှစ်ဆန်း ၁ ရက်နေ့ရောက်လျှင် နှစ်သစ်ကို ကောင်းမှုကုသိုလ်များပြုကာ ဖြတ်သန်းကြသည်။ ဥပုသ်သီလ ဆောက်တည်ခြင်း၊ ဇီဝိတငါးလွှတ်ခြင်းများဖြင့် ကုသိုလ်ယူကြသည်။ မိမိ ရပ်ကွက်အတွင်းရှိ သက်ကြီးရွယ်အို အဘိုးအဘွားတို့ကို ခြေသည်းလက်သည်း ညှပ်ပေးကြသည်၊ ခေါင်းလျှော်ပေးကြသည်မှာ မြန်မာတို့၏ ချစ်စရာဓလေ့ များပင်ဖြစ်၏။ အချို့ကလည်း ဘုရား ကျောင်းကန်များသို့သွား၍ ဘုရားရေသပ္ပာယ်ကြသည်၊ ရောင်တော်ဖွင့်ကြသည်။ အချို့ကလည်း မိမိအိမ်ရှိ ဘုရားကို ရောင်တော်ဖွင့်ကြသည်။ လူငယ် လူလတ်တို့က ရပ်ကွက်အတွင်းရှိ ရေတွင်းရေကန်များကို ဆယ်ပေး၍ သန့်ရှင်းပေးကြသည်။ ထိုဓလေ့ကို ယခုအခါ မြို့ကြီးပြကြီးတွင် သိပ်မတွေ့ရတော့။ ရေတွင်းရေကန် အသုံးနည်းသွား ခြင်းကြောင့်လည်းဖြစ်မည်။ နယ်ဘက် များတွင်တော့ ထိုဓလေ့ကို တွေ့ရသေး၏။ နှစ်ဆန်း ၁ ရက်နေ့ ညနေပိုင်းတွင် သံဃာတော်များပင့်၍ ရပ်ကွက် လမ်းထောင့်များ၌ အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်ကြသည်။ ထိုအစဉ်အလာသည် မြန်မာမင်းများလက်ထက်ကပင် ရှိခဲ့သည်ဟု သိရပါသည်။ နှစ်ကူးတွင် အတိတ်ကောင်း နိမိတ်ကောင်းများ ယူကြသကဲ့သို့ အန္တရာယ်ကင်းစေရန်ဖြစ်သည်။ ညပိုင်း၌ မိသားစုအတွင်း အဘိုးအဘွားနှင့် မိဘတို့ကို သားသမီးတို့က ကန်တော့ကြသည်။ မိဘများကလည်း နှစ်သစ်ဆုမွန်ကောင်းများ ဆုတောင်းပေးကြ၏။ ယဉ်ကျေးသိမ်မွေ့သည့် သင်္ကြန်အစဉ်အလာများပင် ဖြစ်ပေ၏။

လွမ်းစရာ့ပုံရိပ်များ

ရှေးမြန်မာမင်းများလက်ထက်မှပင် စတင်ခဲ့သည့် မြန်မာတို့၏နှစ်ကူးသင်္ကြန်ပွဲတော်နှင့် ယဉ်ကျေးမှုအစဉ်အလာများကို ရေးရမည်ဆိုလျှင် ကုန်နိုင်မည်မထင်။ ထိုယဉ်ကျေးမှုအစဉ်အလာတို့အနက် အချို့မှာ အချိန်ကာလအလျောက် ပြောင်းလဲနေသည်များရှိပါ၏။ ပြောင်းလဲသည်ဆိုရာတွင် ခေတ်၏တိုက်စားခြင်း၊ ပြင်ပယဉ်ကျေးမှု့လွှမ်းမိုးခြင်းတို့ကို မဆိုလိုပါ။အစဉ်အလာမပျက်သော၊ တိုးတက်သော ပြောင်းလဲခြင်းများကို ဆိုပါသည်။ ခေတ်ကာလ တိုက်စားမှုများကြောင့် ပြောင်းလဲမှုများရှိသည့်တိုင် ရိုးရာသင်္ကြန်ပွဲတော်၏ အနှစ်သာရများ၊ အစဉ်အလာများနှင့် ချစ်စရာဓလေ့တို့မှာ မိမိတို့အတွက် မည်သည့်အရာနှင့်မျှ အစားထိုး၍ ရနိုင်လိမ့်မည်မထင်။ သင်္ကြန်ချိန်ခါ ရောက်တိုင်း လွမ်းဆွတ်သတိရမိသည်မှာ ယခုနှစ်မှမဟုတ်၊ နှစ်စဉ်နှစ်တိုင်းပင်။ နှစ်များ မည်မျှပြောင်းစေကာမူ ဟောင်းမသွားနိုင်သည်ကိုတော့ မအံ့ဩတော့ပါ။ မြန်မာနှစ်သစ်ကူး၍ တူးပို့သံကြားလျှင်၊ ပန်းပိတောက်များ ရွှေရည်လူးလျှင် ရင်ကိုလှုပ်ခတ်စေသည့် သင်္ကြန်၏ အတိတ်ပုံရိပ်တို့ နှစ်စဉ်ပေါ်နေဦးတော့မည်။ ။