Skip to main content

လူ့အသက်ထက် အရေးကြီးတာ ဘာမျှမရှိ၊ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေး၊ မူလအခြေအနေထက် သာလွန်ကောင်းမွန်စေရေး လမ်းညွှန်ချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်မှုကြောင့် အကောင်အထည်ပေါ်လာခဲ့သည့် ကျောက်တော်မြို့နယ်

ကောင်းမွန်

ကျောက်တော်မြို့သည် မြန်မာနိုင်ငံ၏ အနောက်ဘက် ရခိုင်ပြည်နယ် မြောက်ဦးခရိုင်တွင် ပါဝင်သည်။ အရှေ့ဘက်တွင် မြောက်ဦးမြို့နယ်၊ အနောက်ဘက်တွင် ဘူးသီးတောင်မြို့နယ်၊ တောင်ဘက်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ မြောက်ဘက်တွင် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မြို့တစ်မြို့ ဖြစ်သည်။

ကျောက်တော်မြို့နယ်တွင် မြစ်ချောင်းများ ပေါများပြီး ကစ္ဆပနဒီမြစ် ခေါ် ကုလားတန်မြစ်သည် ကျောက်တော်မြို့အနီးမှ ဖြတ်သန်းစီးဆင်းကာ ဘင်္ဂလားပင်လယ်အော်အတွင်းသို့ စီးဝင်သည်။ ရေအရင်းအမြစ်အများစုမှာ ရေချိုဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေအတွက် မပူမပင်ရသော မြို့နယ်တစ်ခုဖြစ်သည်။ ကျောက်တော်မြို့သည် ကုန်းလမ်း ရေလမ်းဆုံရာမြို့ဖြစ်သည့်အတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သောမြို့ဟုဆိုနိုင်သည်။ အဓိကထွက်ကုန်မှာ ဆန်စပါးဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများကို အဓိကလုပ်ကိုင်သည်။

သို့သော်လည်း ကျောက်တော်မြို့နယ်သည် ဘင်္ဂလားပင်လယ်အော်နှင့် ဆက်စပ်တည်ရှိသဖြင့် သဘာဝဘေးအန္တရာယ်များ ကျရောက်လေ့ရှိသော မြို့တစ်မြို့ဖြစ်သည်။ မိုးဦးကာလနှင့် မိုးနှောင်းကာလများတွင် သဘာဝဘေးအန္တရာယ်များ အဖြစ်များလေ့ရှိသည်။ ၂၀၂၃ ခုနှစ် မိုးဦးကာလ မေလ ၁၄ ရက် နေ့က တိုက်ခတ်ခဲ့သော အလွန့်အလွန်အင်အားပြင်းထန်သည့် ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်မှုဒဏ်ကို ကျောက်တော်မြို့သည်လည်း ခံစားခဲ့ရသည်။

ရခိုင်ပြည်နယ်သည် မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုအများဆုံးပြည်နယ်ဖြစ်ပြီး ပျက်စီးဆုံးရှုံးမှု ပမာဏ ၉၇ ဒသမ ၇၃ ရာခိုင်နှုန်းရှိသည်။ ထိုအထဲတွင်မှ ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်များဖြစ်သည့် စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနှင့် ကျောက်တော်မြို့နယ်တို့သည် ပျက်စီးဆုံးရှုံးမှုများသော မြို့နယ်များဖြစ်သည်။

 ထိခိုက်ပျက်စီး မြို့နယ်အလိုက် ပျက်စီးဆုံးရှုံးမှုများအနေဖြင့် စစ်တွေမြို့သည် ရခိုင်ပြည်နယ်အတွင်း ပျက်စီး ဆုံးရှုံးမှုအများဆုံးမြို့ဖြစ်ပြီး တန်ဖိုးအားဖြင့် ကျပ် ၂၂၃ ဘီလီယံခန့် ဆုံးရှုံးခဲ့ကြောင်း တွေ့ရသည်။ ရခိုင်ပြည်နယ်အတွင်း မြို့နယ်များအနက် ကျောက်တော်မြို့နယ်တွင် စာသင်ကျောင်း အများဆုံးပျက်စီးခဲ့ပြီး ကျောင်းပေါင်း ၂၁၃ ကျောင်း ပျက်စီးခဲ့သည်။ ဌာနဆိုင်ရာရုံး သုံးရုံးပျက်စီးခဲ့ပြီး ဘာသာရေးအဆောက်အအုံများပျက်စီးမှုမှာ စေတီ ရှစ်ဆူ၊ ဘုန်းတော်ကြီးကျောင်း ၂၅၈ ကျောင်းနှင့် ဘာသာရေးအဆောက်အအုံများ ပျက်စီးခဲ့သည်။

အခြေခံအဆောက်အအုံ ပျက်စီးမှုအနေဖြင့် ဓာတ်တိုင် ၁၁၂၃ တိုင်၊ စက်လှေ ၁၃၉ စင်း၊ ဆန်စက် ၂၇ လုံးတို့ ပျက်စီးခဲ့သည်။ အိမ်ထောင်စုပေါင်း ၄၀၀၀၀ ကျော် (လူဦးရေနှစ်သိန်းကျော်) မိုခါ ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကြောင့် သဘာဝဘေးအန္တရာယ်များ ကြုံခဲ့ရကာ ပျက်စီးဆုံးရှုံးမှုများမှာ လူနေအိမ်ပျက်စီး မှုအနေဖြင့် တစ်စိတ်တစ်ပိုင်း ပျက်စီးအိမ် ၃၃၆၃၃ လုံး၊ အလုံးစုံပျက်စီးမှု ၁၂၀၁၃ လုံးပျက်စီးခဲ့ပြီး လူသေဆုံးမှုမရှိသည်ကို တွေ့ရသည်။ တိရစ္ဆာန်သေဆုံးမှုအနေဖြင့် အများဆုံးဖြစ်ပြီး ကျွဲ ၃၆၈ ကောင်၊ နွား ၉၆၁ ကောင်၊ ဝက် ၃၃၇ ကောင်၊ ကြက် ၅၁၁၄ ကောင်နှင့် အခြား ၂၈ ကောင်ရှိသည်။

ကြိုတင်ပြင်ဆင်မှု

မိုခါမုန်တိုင်းနှင့်ပတ်သက်၍ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းမဖြစ်မီကပင် မေလ ၆ ရက်နေ့က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့သည်။ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန် မေလ ၈ ရက်နေ့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာနကို ဖွင့်လှစ်ခဲ့သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ရှိသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များ ဖွဲ့စည်း၍ မုန်တိုင်းအန္တရာယ်နှင့် ပတ်သက်သည့် ရှေ့ပြေး ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့သည်။ ဆိုင်ကလုန်းမုန်တိုင်းသည် မေလ ၁၄ ရက်နေ့တွင် အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါအဖြစ်ပြောင်းလဲကာ ရခိုင်ကမ်းရိုးတန်းသို့ ဖြတ်သန်း၍ စစ်တွေမြို့အနီးမှ ဖြတ်သန်းဝင်ရောက်မည်ဟု ခန့်မှန်းချက်အရ မေလ ၁၂ ရက်နေ့တွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကြိုတင်စုဖွဲ့ထားသော ယာဉ်အုပ်စုအချို့ကို ရန်ကုန်မြို့မှ ဂွ၊ အမ်းနှင့် ကျောက်တော်မြို့တို့သို့ ကြိုတင်စေလွှတ်ခဲ့သည်။ ကျောက်တော်မြို့နယ် အတွင်းရှိ ဒေသခံပြည်သူများကိုလည်း ဘေးလွတ်ရာနေရာများသို့ ကြိုတင်ရွှေ့ပြောင်းမှုများ ဆောင်ရွက်ထားခဲ့ကြသည်။

တပ်ဖွဲ့ဝင်များပါဝင်

အဆိုပါယာဉ်အုပ်စုတွင် ယာဉ်အစီး ရေ ၁၁၂ စီးပါရှိကာ အုပ်စု ၁၀ စုခွဲပြီး အုပ်စုတစ်စုတွင် ကွပ်ကဲရန် တပ်မတော်မှ အရာရှိကြီးတစ်ဦး ပါရှိသည်။ အင်ဂျင်နီယာတပ်ဖွဲ့ဝင်များ၊ ထောက်ပံ့နှင့် ပို့ဆောင်ရေး ညွှန်ကြားရေးမှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ၊ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာတပ်ဖွဲ့ဝင်များ၊ ဆက်သွယ်ရေးတပ်ဖွဲ့ဝင်များ၊ စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံးမှတပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေး လုပ်ငန်းများ ဆောင်ရွက်ရန် တပ်ဖွဲ့ဝင်များပါဝင်ပြီး မော်တော်ယာဉ်များ၊ ပဲ့ချိတ်စက်များ၊ ဖိုက်ဘာလှေများ၊ ချိန်းဆောနှင့် လက်သုံးကိရိယာများ၊ အသက်ကယ်အင်္ကျီ၊ အသက်ကယ်ဗောကွင်း၊ မိုးကာတဲများ၊ တာပေါ်လင်စများ၊ ပစ္စည်း ၁၄ မျိုးပါ အရေးပေါ်သေတ္တာများ၊ မြွေဆိပ်ဖြေဆေးအပါအဝင် ဆေးမျိုးစုံ၊ ဆက်သွယ်ရေးစက်မျိုးစုံနှင့် အခြားလိုအပ်သော ဆက်စပ်ပစ္စည်းများလည်း ပါဝင်သည်။

အဆိုပါ သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးယာဉ်အုပ်စုများအနက် တစ်နာရီလျှင် သောက်ရေ ဂါလန် ၄၀၀ သန့်စင်ပေးနိုင်သည့် ရေသန့်စင်ယာဉ်အပါအဝင် ယာဉ် ၁၈ စီးပါဝင်သည့် ယာဉ်အုပ်စု (၁) သည် စစ်တွေမြို့သို့ မေလ ၁၅ ရက်နေ့တွင် ရောက်ရှိအခြေပြု၍ ရန်ကုန် - စစ်တွေကားလမ်း တစ်လျှောက် သဘာဝဘေးဒဏ်ကြောင့် ကျိုးကျပိတ်ဆို့လျက်ရှိသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းဖယ်ရှားခြင်း၊ သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေသောနေရာများသို့ ရေပေးဝေခြင်း၊ မိုးကာတဲများနှင့် တာပေါ်လင်များ ဖြန့်ဝေခြင်းနှင့် နယ်မြေခံတပ်မှ တပ်မတော်သားများ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးကြပြီး ဆေးဝန်ထမ်းတပ်ဖွဲ့များကလည်း ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြသည်။ ကျောက်တော်မြို့သို့ ရောက်ရှိနေသည့် ယာဉ်အုပ်စုသည် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ရေသန့်ယာဉ်၊ ရေသယ်ယာဉ်များဖြင့် သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေသည့်နေရာများသို့ သောက်သုံးရေပေးဝေခြင်း၊ ကူညီကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့ ကြသည်။

သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများ

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူမြို့နယ်၊ မာန်အောင်မြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ အမ်းမြို့နယ်၊ စစ်တွေမြို့နယ်၊ ပေါက်တောမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ဂွမြို့နယ်၊ တောင်ကုတ်မြို့နယ်၊ သံတွဲမြို့နယ်၊ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်၊ မြောက်ဦးမြို့နယ်၊ မြေပုံမြို့နယ်တို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများအဖြစ် သတ်မှတ်ကြေညာခဲ့ပြီး တပ်မတော်အရာရှိကြီးများကို မြို့နယ်အလိုက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အနီးကပ်ကြီးကြပ်နိုင်ရန် တာဝန်ပေးအပ်ခဲ့ရာ ဗိုလ်မှူးချုပ် အောင်သူဦးအား ကျောက်တော်မြို့နယ်တွင် ကြီးကြပ်ရန် တာဝန်ပေးခဲ့သည်။

တာဝန်ပေးအပ်ခံရသော တပ်မတော်အရာရှိကြီးများအနေဖြင့် မိမိတာဝန်ကျရာ မြို့နယ်သို့ ရောက်ရှိပါက မုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှုများကို ဦးစားပေးရှင်းလင်းပြီး လျှပ်စစ်မီးရရှိရေး၊ ဆက်သွယ်မှုကောင်းမွန်ရေး၊ သောက်ရေသန့်ရရှိရေး၊ အခြေခံပညာကျောင်းများကို ကျောင်းဖွင့်ချိန်အမီ ပြုပြင်ပေးနိုင်ရေး၊ ဆေးရုံများ၊ ဘုန်းတော်ကြီးကျောင်းများကို ဦးစားပေးပြုပြင်ရေး၊ နိုင်ငံတော်မှ ပေးပို့နေသည့် ရိက္ခာ၊ ဆေးဝါးနှင့် ဆေးပစ္စည်းများ၊ ဆောက်လုပ်ရေးပစ္စည်းများကို မုန်တိုင်းဒဏ်ခံခဲ့ရသော ပြည်သူများထံသို့ စနစ်တကျနှင့် မြန်မြန်ဆန်ဆန် ထောက်ပံ့ရေး၊ စာရင်းဇယားများ မှန်ကန်ရေးစသည်ဖြင့် မိမိတို့တာဝန်ယူကြီးကြပ်ရမည့်အပိုင်းများကို အစီအမံကောင်းကောင်းဖြင့် တိတိကျကျ လိုက်နာဆောင်ရွက်ခဲ့ခြင်းကြောင့် အချိန်တိုအတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အောင်မြင်ပြီးမြောက်ခဲ့သည်ကို တွေ့မြင်ရသည်။

အချိန်မဆိုင်းဘဲဆောင်ရွက်ခဲ့

မိုခါမုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီးချိန်တွင် နိုင်ငံတော်အစိုးရအနေဖြင့် ထိခိုက်ပျက်စီးမှုအခြေအနေများနှင့် လိုအပ်ချက်များကို သုံးသပ်တွက်ချက်ပြီး အသင့်စီမံထားသည့် ထောက်ပံ့ရေးပစ္စည်းများကို တပ်မတော်မှစစ်ရေယာဉ်များ၊ လေယာဉ်များ၊ ရဟတ်ယာဉ်များ ဖြင့် ပို့ဆောင်ပေးခြင်း၊ ဒေသအလိုက် ကြိုတင်စုဖွဲ့ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များကလည်း အပျက်အစီးများ ဖယ်ရှားရှင်းလင်းခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း အချိန်မဆိုင်းဘဲ ဆောင်ရွက်ပေးခဲ့သည်ကို တွေ့ရသည်။

မေလ ၁၆ ရက်နေ့တွင် ကျောက်တော်မြို့သို့ တာဝန်ရှိသူများ ရောက်ရှိလာပြီး ပြည်သူများ ကြုံတွေ့နေရသည့် အခက်အခဲများ၊ လိုအပ်ချက်များကို ကူညီဖြည့်ဆည်းပေးကြသည်။ မကြာမီ ကျောင်းဖွင့်ရာသီ ရောက်ရှိလာတော့မည်ဖြစ်သည့်အတွက် စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေးအဆောက်အအုံများကို ဦးစားပေးပြုပြင်ရန်နှင့် သယ်ယူပို့ဆောင်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးတို့ကို အလေးထားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ကျောက်တော်မြို့တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ်အောင်သူဦးသည် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံကာ ကူညီကယ်ဆယ်ရေး ပစ္စည်းများ ပြည်သူလူထုလက်ဝယ်အရောက် ထိထိရောက်ရောက်ဖြန့်ဝေနိုင်ရေး ကော်မတီများဖွဲ့စည်းထားရှိပြီး စနစ်တကျဆောင်ရွက်ရန်၊ ပြည်သူများ ဝမ်းစာဖူလုံရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေး၊ အနာရောဂါကင်းရှင်းရေး အလေးထားဆောင်ရွက်ရန် အကြံပြုဆွေးနွေးခဲ့ပြီး စာသင်ကျောင်းများ၊ ဆေးရုံများ၊ နေအိမ်များ ပြိုလဲပျက်စီးမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

စိုက်ပျိုးရေးသိပ္ပံ (ကျောက်တော်) ကို ဇွန်လ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး အဆိုပါကျောင်းတွင် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် ကျောင်းသား ကျောင်းသူ ၃၇၈ ဦး ပညာသင်ကြားလျက်ရှိသည်။

ဗိုလ်မှူးချုပ် အောင်သူဦးက ကျောင်းသား ကျောင်းသူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် အရေးပါသည့်အတွက် စိုက်ပျိုးရေးပညာရပ်များကို ကျွမ်းကျင် တတ်မြောက်အောင် ကြိုးစားသင်ယူကြရန် ပြောကြားခဲ့ပြီး ကျောင်းသား ကျောင်းသူများအတွက် သောက်သုံးရေများ ဖြန့်ဝေပေးခဲ့သည်။

ကျောက်တော်မြို့တွင် ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ဆေးကုသရေးအဖွဲ့တို့ ပူးပေါင်း၍ ခေါင်းတုတ်ကျေးရွာနှင့်အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ဒေသခံများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

ထို့အတူ အရေးပေါ်တုံ့ပြန်ရေးဆေးအဖွဲ့များသည် မေလ ၂၀ ရက်တွင် ကျောက်တော်မြို့နယ် သရက်တပင်၊ စဖိုသားနှင့် အတွင်းရွာ သုံးရွာရှိ ရေတွင်း ရေကန်များကို ရေသန့်ဆေးများ ခတ်ပေးခြင်း၊ ရေသန့်စင်ဆေးပြား ၇၀၀ ဖြန့်ဝေပေးခြင်း၊ ပြည်သူများအား ကျန်းမာရေး ပညာပေးခြင်းများ ဆောင်ရွက်ပေး ခဲ့သည်။

မုန်တိုင်းအလွန်ကာလ ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ဒေသများတွင် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပေါက်တောမြို့နယ်တွင် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ နှစ်ဖွဲ့၊ ရသေ့တောင်မြို့နယ်တွင် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ နှစ်ဖွဲ့၊ ကျောက်တော်မြို့နယ်တွင် အထူးကုဆေးအဖွဲ့တစ်ဖွဲ့၊ မင်းပြားမြို့နယ်တွင် အရေးပေါ်တုံ့ပြန်ရေး အဖွဲ့တစ်ဖွဲ့နှင့် အထူးကုဆေးအဖွဲ့တစ်ဖွဲ့၊ မောင်တောမြို့နယ်တွင် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ တစ်ဖွဲ့၊ ဘူးသီးတောင်မြို့နယ်တွင် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ တစ်ဖွဲ့နှင့် မြေပုံမြို့နယ်တွင် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ တစ်ဖွဲ့တို့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

သန့်ရှင်းသောသောက်သုံးရေရရှိရေးအတွက် ရေကန်များ၌ ရေသန့်ဆေးများခတ်ခဲ့ပြီး ကူးစက်ရောဂါမဖြစ်ပွားစေရေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားစေရေးအတွက် ရေတွင်းရေကန်များအား ကလိုရင်းဆေးခတ်ပေးခြင်းနှင့် ကျန်းမာရေး ပညာပေးခြင်းတို့ကို ဆောင်ရွက် ပေးခဲ့သည်။

ပြန်လည်ထူထောင်ရေး

မုန်တိုင်းဝင်ရောက်ပြီးနောက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တပ်မတော်နှင့် နိုင်ငံတော်က ပြင်းပြင်းထန်ထန် ကြိုးပမ်းဆောင်ရွက်ပေးခဲ့သည်ကိုတွေ့ရသည်။ ထိုသို့ဆောင်ရွက်ရာတွင်လည်း ဦးစားပေးအလိုက် ကျောင်းဖွင့်ရာသီဖြစ်သည်နှင့်အညီ ကျောင်းသား ကျောင်းသူများ အချိန်မီ စာသင်ကြားနိုင်ရန် စာသင်ကျောင်းများကို အမြန်ဆုံး ပြုပြင်ပေးခဲ့သည်။ ပုံမှန်ကျောင်းဖွင့်ရက်ဖြစ်သော ဇွန်လ ၁ ရက်နေ့တွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။ ပျက်စီးမှု ဆိုးရွားသော ကျောင်းများအား ကျောင်း ဖွင့်ပြီး ၁၇ ရက်အကြာတွင် ရခိုင်ပြည်နယ်အတွင်းရှိ ကျောင်းများအားလုံး ဖွင့်လှစ်နိုင်ခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရခိုင်ပြည်နယ်တွင် ကျောင်းအပ်နှံမှုအများဆုံး ပြည်နယ်အဆင့်အထိ ရောက်ရှိခဲ့သည်။

ကျန်းမာရေးကဏ္ဍတွင်လည်း ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာန၊ ဝန်ထမ်းအိမ်ရာ၊ ဆေးရုံသုံးစက်ကိရိယာ၊ ဆေးဝါးနှင့် ပရိဘောဂပျက်စီးမှုများကို ပြန်လည်ပြုပြင် ဖြည့်ဆည်ပေးခဲ့ပြီး ထိခိုက်ခံစားလွယ်သူများအတွက် ရွေ့လျားဆေးခန်းများ၊ ယာယီကျန်းမာရေး ဝန်ဆောင်မှုပေးခြင်းများ၊ ကလေးသူငယ်များအား ကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့် ထိုးနှံခြင်းများ၊ အာဟာရကျွေးမွေး ခြင်းများကို ဆောင်ရွက်ခဲ့သည်။ ကူးစက်ရောဂါများ မဖြစ်ပွားစေရန် သောက်သုံးရေပြတ်လပ်မှုမရှိစေရေးနှင့် မိလ္လာစနစ် ကောင်းမွန်စေရေး ဆောင်ရွက်ပေးခဲ့သည်။

အခြေခံ အဆောက်အအုံများဖြစ်သည့် လမ်း၊ တံတားများ ပြန်လည်ပြုပြင်ခြင်း၊ ရေငန်တားတမံများ ပြန်လည်ပြုပြင်ခြင်း၊ လျှပ်စစ်မီးတိုင်များ ပြန်လည်စိုက်ထူခြင်း၊ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးခြင်း၊ ဆက်သွယ်ရေးလိုင်းများ ပြန်လည်ကောင်းမွန်ရေးစသည်ဖြင့် အခြေခံလိုအပ်ချက်များကို အချိန်တိုအတွင်း ပြန်လည်ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း လူ့အသက်ထက် အရေးကြီးတာ ဘာမျှမရှိ၊ မည်သူတစ်ဦးတစ်ယောက်မျှမကျန် ရှိစေရေး၊ မူလအခြေအနေထက် သာလွန်ကောင်းမွန်စေရေး စသည့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များကို မူဝါဒအဖြစ် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်အတွက် မုန်တိုင်းဖြစ်ပွားပြီး ခြောက်လအကြာတွင် မူလအခြေအနေထက် ပိုမိုကောင်း မွန်သည့် အဆင့်အထိရောက်ရှိခဲ့သည်။

ထိခိုက်သေဆုံးမှုနည်းပါး

ကြိုတင်ပြင်ဆင်ဆောင်ရွက်မှု ကောင်းမွန်ခဲ့သည့်အတွက် မုန်တိုင်းကြောင့် ထိခိုက်သေဆုံးရသည့် အရေအတွက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၁၄၈ ဦးသာရှိခဲ့သည်။ မုန်တိုင်းအဆင့်နှင့် နှိုင်းယှဉ်ပါက သေဆုံးမှု အလွန်နည်းပါးသည်ကို တွေ့ရသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် နိုင်ငံတစ်ဝန်း မည်သည့်ဒေသတွင်မဆို မိမိတို့သွေးချင်းများ မည်ကဲ့သို့သော ဘေးအန္တရာယ်များ ကျရောက်စေကာမူ ကူညီကယ်ဆယ်စောင့်ရှောက်ပေးရမည်မှာ နိုင်ငံတော်၏ တာဝန်ဟုခံယူကာ လက်ရှိနိုင်ငံတာဝန် ကိုယူထားသော အစိုးရက စိတ်စေတနာအပြည့်ဖြင့် ကြိုးပမ်းဆောင်ရွက်ပေးခဲ့သည်။

မုန်တိုင်းပြီးလျှင် လေပြည်လေညင်း ရောက်လာမည်ဟု ထင်ထားသော်လည်း မိုခါမုန်တိုင်းဝင်ရောက်ပြီး ခုနစ်လအကြာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ မူလအခြေအနေထက် သာလွန်ကောင်းမွန်ချိန်တွင် မိမိတို့သွေးချင်းညီအစ်ကိုများ မိမိတို့အိုးအိမ်တိုက်တာများကို စွန့်ခွာနေရခြင်းကို စိတ်မကောင်းဖြစ်ရသည်မှတစ်ပါး ပြောစရာစကား မရှိတော့ပြီ။ ။