Skip to main content

အချိန်မီထိန်းသိမ်းကာကွယ်ပေးကြရမည့် ဧရာဝတီလင်းပိုင်လတ်တလောဖြစ်စဉ်များ

လတ်တလောကာလအတွင်း ဧရာဝတီလင်းပိုင်များ စံချိန်တင်သေဆုံးနေသည့် သတင်းများ စဉ်ဆက် မပြတ်ဖတ် နေရပါသည်။ လွန်စွာ စိတ်မကောင်းဖြစ်ရပါ၏။ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး ဆောင်ရွက်နေသူများ၊ တာဝန်သိပြည်သူများကလည်း စိုးရိမ်တကြီး နှိုးဆော်နေကြသည်ကို တွေ့မြင်နေရ၏။ ယင်းနှင့်ပတ်သက်၍လည်း တာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းကူညီကြဖို့ မေတ္တာရပ်ခံနေသည်ကို ဖတ်ရသည်မှာ စိတ်မချမ်းမြေ့လှ။ ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်မှု့များ၊ အသိပညာပေးမှုများ ဆောင်ရွက်နေ သည့်ကြားမှပင် အခုကဲ့သို့ ဧရာဝတီလင်းပိုင်များ သေဆုံးမှု့များပြားလာသည့်အကြောင်းရင်းအား ဝိုင်းဝန်း အဖြေရှာရန် လိုအပ်နေပြီဆိုသည်မှာ ဧရာဝတီလင်းပိုင်များ လတ်တလောအတွင်း သေဆုံးသည့်အကောင်ရေ များပြားလာခြင်းက သက်သေဟု ဆိုရပါမည်။

ဧရာဝတီလင်းပိုင်များသည် ထိခိုက်လွယ်နေသောအန္တရာယ်ဖြင့် ရင်ဆိုင်နေရသောမျိုးစိတ်အဖြစ် International Union for Conservation of Nature (IUCN)က သတ်မှတ်ထားပါသည်။ အရေအတွက် အားဖြင့် ဧရာဝတီလင်းပိုင် အကောင်ရေ ၇၀ ဝန်းကျင်ခန့်သာ ကျန်ရှိတော့ကြောင်းလည်း သိရသည်။ အလွန်ပင်နည်းပါးသည့် အရေအတွက်ဟု ဆိုရပါမည်။ ထို့အပြင် Orcaella brevirostris ဟု သိပ္ပံအမည် ပေးထားသော လင်းပိုင်များသည် ကမ္ဘာပေါ်တွင် ၄ မျိုးသာ ကျန်ရှိတော့သည့် ရေချိုလင်းပိုင်ငါးများအနက်မှ ရှားပါးမျိုးနွယ်ဝင် ဖြစ်သည်ဟုလည်း သိရပါသည်။ သို့သော်လည်း လွန်ခဲ့သည့်ရာစုနှစ်အတွင်း ဧရာဝတီ မြစ်အတွင်း နေထိုင်ကြသည့် ရေချိုလင်းပိုင်ငါးအရေအတွက် ၆၀ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့သည်ဟု ဆိုထားပါသည်။ လတ်တလောကာလအတွင်း ဧရာဝတီလင်းပိုင် ၅ ကောင် သေဆုံးခဲ့သည်မှာ စိုးရိမ်ဘွယ်ပင်။

ဇီဝမျိုးစုံမျိုးကွဲနှင့်ဂေဟစနစ်

မြန်မာနိုင်ငံသည် ဇီဝမျိုးစုံမျိုးကွဲကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံတွင် သာတွေ့ရှိနိုင်သည့် မျိုးစိတ်များလည်း ရှိနေပါသည်။ ယင်းမျိုးစိတ်များအနက် အချို့မှာ မျိုးသုန်းပျောက်ကွယ် မည့်အန္တရာယ်နှင့် ရင်ဆိုင်နေရ၏။ လူတို့ကြောင့်ဖြစ်စေသည့်အကြောင်းရင်းများတွင် တောမီးများ၊ လေထု ရေထု မြေထု ညစ်ညမ်းမှု့များ၊ တောရိုင်းတိရိစ္ဆာန် ရောင်းဝယ်မှု့များ၊ မြို့ပြအခြေချနေထိုင်မှု့များနှင့် စားကျက် မြေအလွန်အကျွံချဲ့ထွင်မှု့ များပါဝင်နေသည်။

မြန်မာနိုင်ငံတွင် မျိုးသုန်းမည့်အန္တရာယ်ရှိနေသည့် မျိုးစိတ်ပေါင်း ၃၃၁ မျိုးရှိနေကြောင်း the International Union for Conservation of Nature (IUCN) ၏ နောက်ဆုံးအစီရင်ခံစာ Larger than Tigers တွင် ဖော်ပြထားပါသည်။ ယင်းမျိုးစိတ်များ တွင် ဌက်များ၊ အော်ရန်ဂူတန်လူဝံများ၊ ဆင်များ၊ သမင်များ၊ ရေချိုလိပ်များ၊ သင်းခွေကျပ်များနှင့်ကျားများ ပါဝင်နေပါသည်။ ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းကွယ်ပျောက် ခြင်းကြောင့် ဂေဟစနစ်ကို တစ်ဖြည်းဖြည်း ပျက်ဆီးစေလျက်ရှိပါသည်။ ဂေဟစနစ် သည် ဇီဝဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် တစ်မျိုးဖြစ်၏။ ဂေဟစနစ်များမှ အစာကွန်ယက်အများအပြားကို ဖြစ်ပေါ်စေသဖြင့် လူသား တို့၏နေ့စဉ်ဘဝများသည် ဇီဝမျိုးစုံမျိုးကွဲများအပေါ်တွင် မှီခိုနေကြရသည်။ တစ်နည်းအားဖြင့် လူသားတို့သည် ဂေဟစနစ်မှရရှိသော ပစ္စည်းများနှင့် ဝန်ဆောင်မှု့များ ( သန့်ရှင်းသောရေ၊ အစားအစာနှင့် လောင်စာ အရင်းအမြစ်) အပေါ် အသက်ရှင်ရပ်တည်နေကြရပါသည်။ သို့ဖြစ်ရာ ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံး ပျောက်ကွယ် နေခြင်းသည် ဂေဟစနစ်ကို ပျက်ဆီးစေခြင်းနှင့်အတူ လူသားတို့၏နေ့စဉ်ဘဝများအပေါ် သက်ရောက်စေလျက် ရှိပါ၏။

ဧရာဝတီလင်းပိုင်

ဧရာဝတီလင်းပိုင်တို့သည် တောင်အာရှနှင့် အရှေ့တောင်အာရှ ကမ်းရိုးတန်းဒေသများ၊ မဲခေါင်မြစ်၊ မြန်မာနိုင်ငံရှိ ဧရာဝတီမြစ်နှင့်၊ အင်ဒိုနီးရှားနိုင်ငံ၊ ဘော်နီယိုကျွန်းရှိ မဟာခမ်မြစ်အတွင်းတွင် ကျက်စားလေ့ရှိသော ရှားပါးမျိုးစိတ် ရေချိုလင်းပိုင် အမျိုးအစားဖြစ်သည်။။ ဧရာဝတီလင်းပိုင်များကို ဧရာဝတီမြစ်အတွင်း၌ စတင်တွေ့ရှိခဲ့၍ ဧရာဝတီလင်းပိုင်ဟု ခေါ်ဆိုခြင်းဖြစ်ကြောင်း သိရပါသည်။ မြန်မာနိုင်ငံတွင်တွေ့ရှိသော ငါးမျိုးစိတ်အသစ် တစ်ခုအနေနှင့် ကမ္ဘာတွင် မှတ်တမ်းပြုခဲ့ခြင်း ဖြစ်၏။

ဧရာဝတီလင်းပိုင်များသည် အများအားဖြင့် ဗန်းမော်မြို့နှင့်မန္တလေးမြို့အကြားရှိ ဧရာဝတီမြစ်အတွင်း တွင် ဖြန့်ကြက်သွားလာ ပေါက်ဖွားရှင်သန်လေ့ ရှိကြသည်။ ဧရာဝတီလင်းပိုင်သည် အရှေ့တောင်အာရှ၏ ထင်ရှားသော ပြယုဂ်တစ်ခုလည်း ဖြစ်၏။ ဧရာဝတီလင်းပိုင်များသည် သွေးနွေးနို့တိုက်သတ္တဝါများ ဖြစ်ကြ သည်။ သားပေါက်မှု့အနေဖြင့် တစ်ကြိမ်လျှင် တစ်ကောင်သာ ပေါက်တတ်ကြ၏။ ကိုယ်ဝန်ဆောင် ကာလ အားဖြင့် ၉ လမှ ၁၄ လ အထိ ရှိတတ်ပြီး ဧရာဝတီလင်းပိုင်အမတစ်ကောင်သည် သက်တမ်းတစ်လျောက် အများဆုံး ၇ ကောင်အထိ သားပေါက်တတ်သည်ဟု ဆိုသည်။ သားပေါက်နှုန်းနည်းသည့် မျိုးစိတ်ဟု ဆိုနိုင်ပါသည်။ ကြီးထွားမှု့နှုန်းအနေဖြင့်လည်း အများအားဖြင့် အသက် ၅ နှစ် မှ ၉ နှစ် အတွင်း အရွယ်ရောက်တတ်သည့် မျိုးစိတ်ဖြစ်သည်။ ဧရာဝတီလင်းပိုင်များသည် အုပ်စုဖွဲ့နေကြသည့် မျိုးစိတ်ဖြစ်ပြီး အုပ်စုတစ်ခုလျှင် အကောင်ရေ ၆ ကောင်ခန့် စုစည်းနေတတ်ကြသည့် သဘာဝရှိကြသည်။ သို့ဖြစ်ရာ ဧရာဝတီလင်းပိုင်တစ်ကောင်၏ မွေးဖွားမှု့၊ ကြီးထွားမှု၊ သက်တမ်းတို့အရ ဧရာဝတီလင်းပိုင်ကောင်ရေ တိုးပွားလာရေးမှာ အရေးကြီးသကဲ့သို့ သေဆုံးမှု့ကိုကာကွယ်ရန်မှာလည်း အရေးကြီးကြောင်း တွေ့ရှိရပါသည်။

စိုးရိမ်ဖွယ် ခြိမ်းခြောက်မှုများ

တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးတွင် စိုးရိမ်ဘွယ်ခြိမ်းခြောက်မှု့များ ရှိနေပါသည်။ မြန်မာနိုင်ငံ နယ်စပ်မြို့များတွင် တောရိုင်းတိရစ္ဆာန် တရားမဝင်ဈေးကွက် အခိုင်အမာရှိနေပြီး အခြား နိုင်ငံများသို့ ရောင်းဝယ်နေခြင်းသည် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းကာကွယ်ရေးအတွက် ကြီးမားသော အဟန့်အတားဖြစ်နေဆဲပင်။ တရားမဝင်ဖမ်းဆီးသတ်ဖြတ် နေကြခြင်း၊ အမဲလိုက်ခြင်း၊ မှောင်ခိုကူးသန်း ရောင်းဝယ်ခြင်းများအပြင် မြို့ပြ တိုးချဲ့လာမှု့ကြောင့် တောရိုင်းတိရစ္ဆာန်များအတွက် စားကျက်နှင့်နေထိုင်ရာ နေရာများလျော့နည်းလာခြင်းများ၊ ရေထုလေထုညစ်ညမ်းလာမှု့သည် တောရိုင်းတိရစ္ဆာန်ကောင်ရေကို တစ်ဖြေးဖြေးလျော့နည်းလာ သည်ကို တွေ့မြင်နေကြရပါသည်။

မြို့ပြများ၊ နယ်များရှိ ဈေးများ၊ စားသောက်ဆိုင်များတွင် ရှားပါးတောရိုင်းတိရစ္ဆာန်အသားများကို ဟင်းလျာအဖြစ် ရောင်းချ စားသောက် နေကြသည်မှာလည်း တရားဝင်သဖွယ်ဖြစ်နေပါ၏။ ရောင်းသူများ လည်းရောင်းချနေကြသကဲ့သို့ ဝယ်ယူစားသုံးသူ များသည်လည်း နှစ်ခြိုက်စွာ ဝယ်ယူစားသုံးနေကြသည်မှာ စိုးရိမ်ဘွယ်ဟု မြင်မိပါသည်။ လိုအပ်သောဥပဒေများနှင့် အသိပညာပေးမှု့၊ ကာကွယ်ထိန်းသိမ်းမှု များရှိသည် ဆိုသော်လည်း ယင်းတို့၏ထိရောက်မှုနှင့် အကျိုးသက်ရောက်မှု့မှာလည်း ပြန်လည်သုံးသပ်ရမည့် အခြေ အနေဟု ရှု့မြင်မိပါ၏။

ယခုကာလအတွင်းမှာပင် ဧရာဝတီလင်းပိုင်များသေဆုံးရမှု့များတွင် ရှော့တိုက်ငါးဖမ်းမှု့များနှင့် ငါးဖမ်းပိုက်များတွင် ဖမ်းဆီး ရမှု့ကြောင့် သေဆုံးရခြင်းများ တွေ့ရပါသည်။ အခြားသော အကြောင်းအရာများ ဖြစ်သည့် ရေထုညစ်ညမ်းလာခြင်းသည်လည်း ရေနေသတ္တဝါ တို့အတွက် ကြီးမားသောခြိမ်းခြောက်မှု့တစ်ခု အဖြစ် တွေ့ရပါသည်။

ဧရာဝတီလင်းပိုင်များသေဆုံးရမှုများတွင် လူသားတို့ပယောကကြောင့် ရည်ရွယ်၍ဖြစ်စေ မရည်ရွယ် ဘဲဖြစ်စေ သေဆုံးနေသည် များကို တွေ့ရပါသည်။ တရားမဝင်ငါးဖမ်းနည်းများဖြစ်သည့် ရှော့တိုက်ခြင်း၊ မိုင်းခွဲခြင်း၊ အဆိပ်ချခြင်းများကြောင့်လည်း ဧရာဝတီ လင်းပိုင်များကို သေဆုံးနေပါသည်။ လူတို့ ငါဖမ်းဆီးရာ နေရာနှင့် ဧရာဝတီလင်းပိုင်များ နေထိုင်ကျက်စားရာနေရာတို့ တူညီနေသည့်အခါ မည်သို့ဖြေရှင်းကြမည် ဆိုသည်ကလည်း စဉ်းစားစရာပင်ဖြစ်၏။ ဧရာဝတီလင်းပိုင်များနှင့် ငါးဖမ်းကြသည့် လူသားများအကြား ရေရှည်တွင် ထိပ်တိုက်တွေ့ဆုံရမှုများနှင့် မတော်တဆဖြစ်မှုများ ဖြစ်နိုင်သည့်အလားအလာများ ရှိနေပါ သည်။

ဧရာဝတီလင်းပိုင်များ နေထိုင်ကျက်စားရာနေရာများသည် လူသူဝေးသည့် ပင်လယ်ပြင်အတွင်း၊ သမုဒ္ဒရာအတွင်း နေထိုင် ကျက်စားသည့် ရေနေသတ္တဝါများနှင့်မတူဘဲ လူများနှင့်နီးစပ်စွာနေထိုင်တတ်သည့် သဘာဝသည်လည်း ၎င်းတို့အတွက် အန္တရာယ်တစ်ရပ်အဖြစ် တွေ့ရှိနေရပါ၏။

ထိန်းသိမ်းကာကွယ်ရေး ဆောင်ရွက်မှုများ

ဧရာဝတီလင်းပိုင်နှင့်ပတ်သက်သော လေ့လာမှုများကို ၂၀၀၂ ခုနှစ်မှ စတင်ခဲ့ပြီး မင်းကွန်းနှင့် ကျောက်မြောင်းမြို့အကြားဒေသကို ထိန်းသိမ်းရေးနယ်မြေအဖြစ် ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် သတ်မှတ်ခဲ့ပါသည်။ ဧရာဝတီမြစ်အတွင်းရှိ ဧရာဝတီလင်းပိုင်နှင့် လက်ပစ်ကွန်ရေလုပ်သားများ အကျိုးတူ ပူးပေါင်း ငါးဖမ်းသည့်ဓလေ့ကို ကမ္ဘာ့သဘာဝအမွေအနှစ်ပဏာမ စာရင်းဝင်အဖြစ် ၂၀၁၄ နှစ်ကပင် UNESCO အဖွဲ့က မှတ်တမ်းတင်ထားကြောင်း သိရပါသည်။ ဧရာဝတီလင်းပိုင်ထိန်းသိမ်းကာ ကွယ်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနအပါအဝင် အရပ်ဖက်လူမှု့အဖွဲ့အစည်းများမှလည်း ဆောင်ရွက်လျက်ရှိနေပါသည်။ ထို့အပြင် ဝန်ကြီးဌာနနှင့် အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ကိုလည်း တွေ့မြင်ရပါသည်။ သဘာဝ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအတွက် လိုအပ်သော ဥပဒေ ပြဌာန်းခြင်း၊ အမိန့်၊ ညွန်ကြားချက်များ၊ စီမံချက်များလည်း ချမှတ်ဆောင်ရွက်နေပါသည်။ ကာကွယ်ရေး ဧရိယာများ သတ်မှတ်ထားပြီး ဖြစ်ပါသည်။

ဧရာဝတီလင်းပိုင်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအတွက် ကင်းလှည့်ခြင်း၊ အသိပညာပေးခြင်း၊ သုတေသနပြုခြင်း၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ လူမှု့ကွန်ယက်မှတစ်ဆင့် အသိပညာပေးခြင်းများ၊ လူထုလှုံ့ဆော်မှုများ၊ ပူးပေါင်းလုပ်ဆောင်ရန် ဖိတ်ခေါ်မှု့ များကို အားရဖွယ်တွေ့မြင်ရပါသည်။ ဧရာဝတီလင်းပိုင်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေးသည် ထိန်းသိမ်း ရမည့်ဧရိယာကျယ်ပြန့်ခြင်း၊ လူသားများ၏ လူမှု့စီးပွားဘဝနှင့်ဆက်စပ်နေခြင်းတို့မှာ ကန့်သတ်ချက်များဟု ဆိုရပါမည်။

လိုအပ်နေဆဲ ပူးပေါင်းဆောင်ရွက်မှု

ဧရာဝတီလင်းပိုင်များအပါအဝင် မျိုးသုန်းပျောက်ကွယ်မည့် အန္တရာယ်နှင့်ရင်ဆိုင်နေရသော တောရိုင်း တိရိစ္ဆာန်များ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ မူဝါဒ၊ ဥပဒေ၊ စီမံချက်များ ချမှတ်ထားရှိမှု၊ လက်တွေ့အကောင်အထည်ဖော်နိုင်မှု၊ ပူးပေါင်းဆောင်ရွက်နိုင်မှု့၊ ထိရောက်မှု့များကို ပြန်လည်သုံးသပ်ရန် လိုအပ်နေပါသည်။ ဧရာဝတီလင်းပိုင်ကာကွယ်စောင့် ရှောက်ရေး ကဲ့သို့သော လုပ်ငန်းသည် ဝန်ကြီးဌာနတစ်ခု တည်းဆောင်ရွက်ရန် ခက်ခဲသကဲ့သို့ ပြည်သူများချည်းသက်သက်၊ အရပ်ဖက်အဖွဲ့အစည်းများ သက်သက်ဖြင့် လည်း ဆောင်ရွက်ရန် ခက်ခဲနိုင်ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဋ္ဌာနတစ်ခုတည်းဖြင့်လည်း ထိရောက်စွာ အကောင်အထည်ဖော်ရန် အခက်အခဲများရှိနေနိုင်ပါသည်။ သို့ဖြစ်ရာ ဆက်စပ်သည့် ပြည်ထောင်စုဝန်ကြီး ဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၊ ဒေသခံအာဏာပိုင်များ ပူးပေါင်းပါဝင်ခြင်းဖြင့် ထိထိရောက် ရောက် ကာကွယ်ထိန်းသိမ်းနိုင်ပါမည်။ ဌာနဆိုင်ရာအချင်းချင်း ချိတ်ဆက်မှု့၊ အထက်အောက်ပူးပေါင်း ဆောင်ရွက်မှု့၊ ဘေးတိုက်ပူးပေါင်းလုပ်ဆောင်မှု့၊ အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်း ပါဝင်စေမှုနှင့် ပြည်သူ လူထု၏ ပူးပေါင်းမှုများရရှိစေရန်မှာ ကျယ်ပြန့်သောလုပ်ငန်းစဉ်ဖြစ်သဖြင့် နိုင်ငံတော်၏ဦးဆောင်မှု့ကဏ္ဍ လိုအပ်လာပါသည်။

ထို့အပြင် လက်တွေ့အကောင်အထည်ဖော်ရာတွင် လူသားရင်းမြစ်၊ ဘဏ္ဍာငွေ၊ နည်းပညာ၊ အထောက်အကူပစ္စည်းလိုအပ်သကဲ့သို့ ဧရာဝတီလင်းပိုင်ထိန်သိမ်းကာကွယ်ရေးသည် ယင်းကာကွယ်ရေး ဧရိယာအတွင်းရှိ ဒေသခံများ၏ နေ့စဉ်လူမှု့စီးပွားဘဝများနှင့် ဆက်စပ်နေသည်ဖြစ်ရာ ဒေသခံလူထု၏ လူမှု့ စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်ကိုလည်း ထည့်သွင်းစဉ်းစားကြရပါလိမ့်မည်။ ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သဖြင့် ပြည်တွင်းပူးပေါင်းဆောင်ရွက်မှုသာမက နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ကျယ်ကျယ် ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပိုမိုထိရောက်စေနိုင်ပါသည်။

အချိန်မီထိန်းသိမ်းပေးစေလို

ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးသည် ယခင်ကပင် ဆောင်ရွက်ဆဲလုပ်ငန်းဆိုသည်မှာ အားလုံးသိပြီး ဖြစ်ပါသည်။ သို့သော်လည်း ယင်းသို့ဆောင်ရွက်နေသည့်ကြားမှပင် ဧရာဝတီလင်းပိုင်များ အကောင်ရေ များများသေဆုံးနေရသည့် အကြောင်းရင်းကို ဆန်းစစ် စေလိုပါသည်။ သို့မှလည်း လက်ရှိဆောင်ရွက်ဆဲ ကာကွယ်စောင့်ရှောက်မှု့များ ပိုမိုထိရောက်စေနိုင်မည်ဟု ယူဆမိပါသည်။ ဧရာဝတီလင်းပိုင်တို့၏ မွေးဖွား နှုန်း၊ ကြီးပြင်းမှု့၊ သက်တမ်းနှင့် လက်ရှိအကောင်အရေအတွက်တို့အရ အချိန်မီထိန်းသိမ်း ကာကွယ်စောင့် ရှောက်မှု့များ လိုအပ်လျက်ရှိပါကြောင်း တိုက်တွန်းလိုပါသည်။

သိန်းထွန်း (IR)