Skip to main content

စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတွင် တီထွင်မှုက များစွာအရေးပါ

မူပိုင်ခွင့်ဦးစီးဌာန

တီထွင်မှုမူပိုင်ခွင့်ဌာနခွဲ

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် စိုက်ပျိုးရေးကဏ္ဍသည် အရေးပါသောကဏ္ဍတစ်ရပ်ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေး၊ မွေးမြူရေးကို အဓိကထားသောစိုက်ပျိုးရေးနိုင်ငံဖြစ်ပါသည်။ အဓိကအကြောင်းရင်းများအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု နည်းပါးခြင်း၊ ခေတ်မီနည်းပညာများရရှိမှုနည်းပါးခြင်း၊ ကူညီပံ့ပိုးမှုစနစ်များအားနည်းခြင်းစသည်တို့ကြောင့်ဖြစ်ကြောင်း လေ့လာတွေ့ရှိချက်များအရ သုတေသီများက ပြောကြားကြပါသည်။

တီထွင်ဖန်တီးမှုများ မြှင့်တင်

တီထွင်ဖန်တီးမှုများသည် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ စက်မှုလက်မှုနှင့် လူနေမှုအဆင့်အတန်းကဏ္ဍအားလုံးနှင့် ဆက်စပ်လျက်ရှိပါသည်။ အသိပညာအချက်အလက်နှင့် နည်းပညာများသည် တစ်နေရာတည်းစီးဆင်းသွားမြဲမရှိဘဲ တစ်ဦးတစ်ယောက်တီထွင်ဖန်တီးမှု၏ အကျိုးရလဒ်သည် အားလုံးအပေါ် သက်ရောက်မှုရှိနေသည်မှာ အမှန်ပင်ဖြစ်သည်။ ယနေ့ခေတ်ကဲ့သို့ ပြောင်းလဲတိုးတက်မှုမြန်ဆန်သည့်ခေတ်တွင် မိမိတို့တီထွင်ဖန်တီးထားသည့် ဖန်တီးမှုနှင့်ဆိုင်သည့် အသိပညာနှင့် နည်းပညာများပျံ့နှံ့မှုကို ထိန်းချုပ်ရန် ခက်ခဲသကဲ့သို့ပင် မိမိတို့ဖန်တီးမှုနှင့်သက်ဆိုင်သည့် အခြားသူများ၏ တီထွင်မှုဆိုင်ရာ အချက်အလက်နှင့် နည်းပညာကိုလေ့လာရန် လွယ်ကူလာသည်။ မူပိုင်ခွင့်အကာအကွယ်ပေးခြင်းဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်သက်ဆိုင်သည့် တီထွင်ဖန်တီးမှုများ မြှင့်တင်နိုင်ရန် နှစ်ပေါင်းများစွာကပင် ဆောင်ရွက်ခဲ့ကြပါသည်။

မြန်မာနိုင်ငံတွင်လည်း တီထွင်မှုများကို အကာအကွယ်ပေးမည့် တီထွင်မှုမူပိုင်ခွင့်ဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် တီထွင်သူများနှင့် တီထွင်မှုကို အသုံးပြုသူများအကြား နည်းပညာ ဗဟုသုတနှင့် လူနေမှုစီးပွားဘဝ သာယာဝပြောရေးများကို အပြန်အလှန်အကျိုးပြုစေရန်၊ နည်းပညာ ဆိုင်ရာ ဆန်းသစ်တီထွင်မှုများနှင့် နည်းပညာဖြန့်ဖြူးလွှဲပြောင်းရေးတို့ကို မြှင့်တင်နိုင်ခြင်း အားဖြင့် နိုင်ငံတော်၏ကုန်ထုတ်လုပ်မှုကို ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တီထွင်ဖန်တီးသောလူနေမှု ပတ်ဝန်းကျင်ဖြစ်ပေါ်စေရေးအတွက် အားပေးရန် ရည်ရွယ်၍ ပြဋ္ဌာန်းခဲ့ပါသည်။

တီထွင်မှုမူပိုင်ခွင့် အကာအကွယ်ရရှိပြီးသော တီထွင်မှုများမှာလည်း လူသားတို့အတွက် အရေး ပါသောကဏ္ဍအတော်များများတွင် အမှန်တကယ် အကျိုးပြုနေပါသည်။ ဥပမာအားဖြင့် စိုက်ပျိုးရေး လုပ်ငန်းသုံးပစ္စည်းများ တီထွင်ခြင်း၊ မွေးမြူရေး လုပ်ငန်းသုံးပစ္စည်းများ တီထွင်ခြင်းဖြင့် အချိန်ကုန် လူပင်ပန်းသက်သာပြီး ပြည်သူလူထုတွင်လည်း အကျိုးသက်ရောက်မှုများရရှိလာမည်ဖြစ်ပါသည်။

တီထွင်မှုမူပိုင်ခွင့်လျှောက်ထားသူက ၎င်း၏ တီထွင်ဖန်တီးမှုဆိုင်ရာ သတင်းအချက်အလက်များ ကို ထုတ်ဖော်ပြသပေးခြင်းမှာ နည်းပညာ စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်ရန်အတွက် အလွန်အရေးကြီးပါသည်။ ပြည်သူလူထုအနေဖြင့်လည်း မိမိတိုသိရှိ နားလည်ထားသော စိုက်ပျိုးရေး၊ မွေးမြူရေးတို့ အတွက် တီထွင်မှုမူပိုင်ခွင့်နှင့်သက်ဆိုင်သည့် အသိပညာဗဟုသုတများကို အခြားသူများသို့ ပြန်လည်ဖြန့်ဝေခြင်းဖြင့် မိမိတစ်ဦးတစ်ယောက်၏အကျိုးစီးပွားအတွက်သာမက နိုင်ငံတော်၏အကျိုးစီးပွား များကိုလည်း များစွာအထောက်အကူပြုစေပါသည်။

စိုက်ပျိုးမွေးမြူရေးနှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံတော်အတွက် စားရေရိက္ခာ ဖူလုံရေး၊ တောင်သူလယ်သမားများအတွက် ဝင်ငွေတိုးတက်ရရှိရေး၊ ၎င်းတို့၏ လူနေမှုစီးပွားဘဝများ မြင့်မားလာရေးနှင့် မြန်မာ့စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ ပြည်ပဈေးကွက်သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးတို့အတွက် မဖြစ်မနေဆောင်ရွက် ရမည့်လုပ်ငန်းများဖြစ်ရာ အောင်မြင်မှုရရှိနိုင်ရန်မှာ သက်ဆိုင်ရာဝန်ကြီးဌာနများသာမက စိုက်ပျိုး မွေးမြူရေးတောင်သူများ၊ လုပ်ငန်းရှင်များနှင့် အခြားဆက်စပ်ကဏ္ဍများကပါ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။

တီထွင်မှုများကို ဖန်တီးခြင်းဖြင့် ထုတ်လုပ်မှုနှင့် စားသုံးမှုမျှတ

နိုင်ငံတကာတွင် အသုံးပြုလျက်ရှိသည့် ခေတ်မီစိုက်ပျိုး၊ မွေးမြူရေးနည်းစနစ်များကို လေ့လာနှိုင်းယှဉ်၍ မိမိတို့နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတိုးတက်စေရေး လုပ်ဆောင်ကြရန် လည်း လိုအပ်မည်ဖြစ်ပါသည်။ ထိုကဲ့သို့ တီထွင်ကြံဆမှုများကို ကိုယ်တိုင်လည်းတီထွင်နိုင်ရမည်၊ အခြားသူများကိုလည်း တီထွင်နိုင်ရန် တိုက်တွန်းအားပေးရမည်။ မိမိတို့နိုင်ငံ၌ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့်ဆိုင်သည့် တီထွင်မှုများကို ဖန်တီးခြင်းဖြင့် ထုတ်လုပ်မှုနှင့် စားသုံးမှုမျှတပြီး ကုန်ဈေးနှုန်းများ သင့်တင့်လာမည်ဖြစ်ပါသည်။ စားသုံးမှုနှင့် ထုတ်လုပ်မှုမျှခြေရှိမည်ဆိုပါက ထိုက်သင့်သည့် ဈေးနှုန်းများဖြင့် ရောင်းချနိုင်မည်ဖြစ်ပါသည်။

မြန်မာ့စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍတွင် ခေတ်မီနည်းစနစ်များကို တီထွင်ကြံဆဖန်တီးခြင်းဖြင့် အစိုးရ၊ တောင်သူ၊ ပုဂ္ဂလိကပိုင်းတို့က စဉ်ဆက်မပြတ် ဝိုင်းဝန်းဆောင်ရွက်ကြိုးပမ်းရန် လိုအပ်သလို မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့်လည်း စိုက်ပျိုး၊ မွေးမြူရေးကုန်ထုတ်စွမ်းအားများ တိုးတက်မြင့်မားလာ အောင် တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးမှုများနှင့် တီထွင်ဖန်တီးမှုများကို မူပိုင်ခွင့်အကာ အကွယ်ရရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ။