စီးပွားရေးတိုးတက်ကောင်းမွန်သည့် ရော်ဘာကဏ္ဍ
မွန်ပြည်နယ်သည် မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု အများဆုံးပြည်နယ်ဖြစ်ပြီး တစ်နိုင်ငံလုံးစိုက်ပျိုးမှု၏ (၄၀%) ဖြစ်သည်။ ထွက်ရှိမှုမှာ တစ်နိုင်ငံလုံး၏ (၈၀%)ရှိပါသည်။
နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်(၃)ရပ်မှာ (၁)တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့်အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူ ရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး၊ (၂) တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင် ရေး ၊(၃) ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင်ဆောင်ရွက်၍ နိုင်ငံအတွင်းဖူလုံမှသည် ပြည်ပသို့ တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရေးတို့ဖြစ်ပါသည်။ အဆိုပါစီးပွားရေးဦးတည်ချက် (၃)ရပ်နှင့်အညီ ရော်ဘာ လုပ်ငန်းသည် နိုင်ငံတော်အတွက် စက်မှုကုန်ကြမ်းများ တိုးတက်ရရှိခြင်း၊ အသေးစား စီးပွားရေးနှင့် MSME စီးပွားရေးလုပ်ငန်းများအတွက် စက်မှုကုန်ကြမ်းရရှိစေသည့်အတွက် နိုင်ငံတော်က အလေး ထားနေရသော လုပ်ငန်းတစ်ခုဖြစ်သည်။
ရော်ဘာစိုက်ပျိုးသူများမှာ မြန်မာ့နှစ်ရှည်ပင်လုပ်ငန်းမှ စိုက်ပျိုးထောက်ခံသော မျိုးများကို စိုက် ပျိုးလျက်ရှိပြီး မျိုးသစ်များဖြစ်သော RRIM 2000 Series (Cones) များကိုလည်း တိုးချဲ့စိုက်ပျိုးလာ ကြောင်းတွေ့ရှိရပါသည်။ သုတေသနတွေ့ရှိချက်များအရ ၎င်းစိုက်ခင်းများမှ လက်တွေ့သိရှိရသော ထွက်ရှိမှု၊ ကြီးထွားမှု၊ ရောဂါဒဏ်ခံနိုင်မှုစသည့် အချက်အလက်များနှင့် မွန်ပြည်နယ်နှင့် ရေမြေ သဘာဝရာသီဥတုနှင့်ကိုက်ညီသော မျိုးစိတ်များကိုသာစိုက်ပျိုးသည်။
မွန်ပြည်နယ်တွင် ထုတ်လုပ်ရောင်းဝယ်နေသော ရော်ဘာအမျိုးအစားများမှာ RSS (Ribbed smoke sheets)နှင့် TSR (Technically Specified Rubber) များဖြစ်ကြသည်။ မှိုင်းခံရော်ဘာအတန်း အစား (၅)မျိုးရှိရာ RSS 1, RSS 2, RSS 3, RSS 4, RSS 5 ဟူ၍ ခွဲခြားသတ်မှတ်ထားသည်။ မွန်ပြည်နယ်ရှိ ရော်ဘာခြံအများစုမှာ မှိုင်းခံရုံမရှိ၍ ရော်ဘာကို နေလှမ်းအစိမ်းပြားအနေဖြင့်သာ ရောင်းချမှု များပြားသည်။
မှိုင်းခံရုံရှိသော ခြံအနည်းအကျဉ်းသာရော်ဘာကိုမှိုင်းခံ၍ မှိုင်းခံရော်ဘာအဖြစ်ရောင်းချသည်။ ပြည်နယ်တွင်းသုံးစွဲမှုအနေဖြင့် တာယာစက်ရုံ၊ ခရမ့်ရာဘာစက်ရုံ၊ သရေကွင်း၊ ပူဖောင်း၊ ဘောလုံး၊ ဖိနပ်လုပ်ငန်းများမှ တန်ချိန်(၁၂၀၀၀)ခန့်သုံးစွဲပါသည်။ စီးဆင်းမှုအနေဖြင့် ပြည်တွင်းသုံးစွဲမှုမှ ပိုလျှံ သောရော်ဘာများကို ပုဂ္ဂလိကဝယ်လက်များမှတစ်ဆင့် ရော်ဘာအဝယ်ဒိုင်၊ ကုမ္ပဏီများတွင် စုစည်း ကာ ရန်ကုန်နှင့်မန္တလေးရှိ ကုမ္ပဏီကြီးများသို့ တင်ပို့ပြီး ထိုမှတစ်ဆင့် ပြည်ပသို့ တင်ပို့ပါသည်။
မွန်ပြည်နယ်အတွင်းရှိ ရော်ဘာအဝယ်ဒိုင်များအနေဖြင့် အပတ်စဉ် အရောင်းအဝယ် ပုံမှန်ရှိနေ ပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် ရော်ဘောဈေးနှုန်းမှာ အဖွင့်ရာသီတွင် RSS 3 တစ်ပေါင်လျှင် (၁၀၈၀) ကျပ် ဈေးနှုန်းရှိပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ရော်ဘာဈေးနှုန်းမှာ RSS 3 တစ်ပေါင်လျှင် (၁၆၂၀) ကျပ်ထိ ဈေးနှုန်းမြှင့်တက်လာခဲ့သည်။ မော်လမြိုင်မှ ရန်ကုန်မြို့သို့ မော်တော်ယာဉ်ဖြင့် သယ်ယူနှုန်းမှာ (50kg)ပါတစ်ထုပ်လျှင် (၁၅၀၀)ကျပ်၊ ရော်ဘာတစ်တန်လျှင် (၃၀၀၀၀)ကျပ်ဖြင့် လည်းကောင်း၊ မော်လမြိုင်မှ မန္တလေးမြို့ (50kg)ပါ တစ်ထုပ်လျှင် (၂၅၀၀) ကျပ်၊ ရော်ဘာတစ်တန် လျှင် (၅၀၀၀၀) ကျပ်လည်းကောင်း သယ်ယူပို့ဆောင်ခဖြစ်၍ သယ်ယူပို့ဆောင်ခမှာ ဒေသအလိုက် အနည်းအများကွာခြားမှုရှိသည်။
ပြည်နယ်အတွင်းအရောင်းအဝယ်ဖြစ်သည့် ရော်ဘာထွက်ကုန်ပစ္စည်းအမျိုးအစားအများစုမှာ TSR, Crump Rubber များအား ပြုပြင်ထုပ်လုပ်၍ ပြည်ပသို့တင်ပို့ခြင်းဆောင်ရွက်ပြီး RSS 3 အား ပြည်တွင်းရောင်းဝယ်မှုနှင့် ပြည်ပတင်ပို့မှုပုံစံဖြင့်လည်းကောင်း၊ အထူပြားများ၊ ခွက်ကပ်၊ ဆွဲဖတ်များ ကို လုပ်သားစရိတ်လျှော့ချနိုင်ရေးအတွက် TSR စက်ရုံများသို့ပေးပို့ ရောင်းဝယ်မှုများရှိသည်။ ပြည် တွင်း၌ ရော်ဘာကုန်ကြမ်းအသုံးပြုပြီး ထုတ်လုပ်သည့် အဆင့်မြင့်စက်ရုံများ နည်းပါးခြင်းကြောင့် ပြည် တွင်း၌ ရော်ဘာထုတ်ကုန် အနည်းငယ်သာရှိပြီး နှစ်စဉ်ထုတ်လုပ်မှု၏ (၉၀%)သည် ပိုလျှံနေမှုများရှိ နေသည်။ ပိုလျှံထုတ်ကုန်များကို ပုံမှန်အားဖြင့် တရုတ်ဈေးကွက်တစ်ခုထဲကိုသာ မှီခိုနေရသောကြောင့် ဈေးကွက်ရွေးချယ် ဝယ်ယူနိုင်မှုနည်းပါးခြင်း၊ ဈေးနှိမ်ခံရခြင်းနှင့် ဈေးကွက်အာမခံမှုမရှိခြင်းတို့ တွေ့ရှိရသည်။
မွန်ပြည်နယ်တွင် ရော်ဘာစိုက်ဧက ငါးသိန်းကျော်ရှိပြီး တစ်နိုင်ငံလုံးစိုက်ဧက၏ ၃၅ ရာခိုင်နှုန်း ခန့်ရှိသည်။ မွန်ပြည်နယ်တွင် မှိုင်းခံရော်ဘာအစုအဖွဲ့ကိုလည်း ဖွဲ့စည်းထားရှိပြီးဖြစ်ရာ SME ချေးငွေ ကျပ်သိန်းတစ်သောင်းခွဲဖြင့် မှိုင်းခံစက်ရုံ ၁၅ ရုံတည်ဆောက် လည်ပတ်လျက်ရှိသည်။ ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးကြိုတင်စီစဉ်မှု (Business Plan) ကိုလည်း ရေးဆွဲခြင်းများ ပြု လုပ်လျက်ရှိနေပြီဖြစ်သည်။
ယခင်နှစ်၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ (၁၂၄၀) ကျပ်၊ ယခုနှစ် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၆၁၀) ကျပ် ကွာခြားမှု (၄၃၀)ကျပ် ဈေးနှုန်းတက်လာခဲ့ပါသည်။ ၂၀၂၄ ခုနှစ်တွင် မွန်ပြည်နယ်သည် ရော်ဘာ ကဏ္ဍဖြင့် ဒေသစီးပွားရေးဖွံဖြိုး တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
DOCA (မွန်)