တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူနိုင်ခြင်းမှသည် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးမှုဆီ တက်လှမ်းချီ . . .
နှင်းယု
နွား၊ ကျွဲ၊ ကြက်၊ ဝက်၊ ဘဲ စသည့် တိရစ္ဆာန်များသည် နိုင်ငံအတွင်းမွေးမြူမှုများ၍ စားသုံးမှုလည်းများသော မွေးမြူရေးတိရစ္ဆာန်များဖြစ်သည်။ မွေးမြူရေးလုပ်ငန်းသည် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝအတွက် အခြေခံဝင်ငွေရရှိနိုင်သော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့်အပြင် ပြည်တွင်းစားသုံးမှုဖူလုံရုံမျှမက ပိုလျှံသည်များကို ပြည်ပသို့တင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိနိုင်သော လုပ်ငန်းလည်းဖြစ်သည်။ မွေးမြူရေးလုပ်ငန်းများအတွက် ဈေးကွက်အလားအလာကောင်းများစွာ ရှိနေသော်လည်း မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ တိုးချဲ့လုပ်ကိုင်လာရေးတို့အတွက်လည်း ဆောင်ရွက်ရန်များစွာရှိနေသည်။
မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့်တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံစာရင်းဇယားကိန်းဂဏန်းများ မှန်ကန်စွာသိရှိမှသာ ပြည်တွင်းစားသုံးမှုအတွက် ဘေးကင်းလုံခြုံပြီး အာဟာရပြည့်ဝသော အသားထုတ်လုပ်မှု၊ ဈေးကွက်လိုအပ်ချက်များနှင့်အညီ မွေးမြူထုတ်လုပ်နိုင်မှု၊ မွေးမြူရေးကဏ္ဍစနစ်တကျ ဖွံ့ဖြိုးတိုးတက်မှုတို့ကို ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။
“တိရစ္ဆာန်ကောင်ရေစာရင်းဆိုတာ နိုင်ငံအတွက် အင်မတန်အရေးကြီးပါတယ်။ မွေးမြူရေးကဏ္ဍတိုးတက်ဖို့၊ နိုင်ငံတော်ရဲ့လိုအပ်ချက်၊ ဈေးကွက်လိုအပ်ချက်နဲ့ကိုက်ညီတဲ့ မွေးမြူရေးတိရစ္ဆာန်များ ထုတ်လုပ်နိုင်ဖို့အတွက် စီမံကိန်းတွေရေးဆွဲတဲ့နေရာမှာ မွေးမြူရေးဆိုင်ရာကိန်းဂဏန်းအချက်အလက်တွေ မြေပြင်နဲ့အနီးစပ်ဆုံးရှိမှ ထိရောက်အကျိုးရှိမှာဖြစ်ပါတယ်။ ဒါမှသာဘယ်လို မွေးမြူရေးတိရစ္ဆာန်အမျိုးအစားကို ဘယ်လောက်မွေးမြူထုတ်လုပ်ရမယ်၊ နိုင်ငံခြားကို Export တင်ပို့တဲ့အချိန်မှာ ဘယ်လောက်ခွင့်ပြုနိုင်မယ်ဆိုတာတွေ သိရှိနိုင်မှာပါ”ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းက ပြောကြားသည်။
နှစ်လတာ သတ်မှတ်ကောက်ယူလျက်ရှိ
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းလုပ်ငန်းများကို နိုဝင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ နှစ်လတာသတ်မှတ် ကောက်ယူလျက်ရှိသည်။
“နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၃ ခုက မြို့နယ် ၂၁၅ မြို့နယ်ကကျေးရွာအုပ်စု၊ ရပ်ကွက်တွေရဲ့ ၂၀ ရာခိုင်နှုန်းကို ကွက်ပြည့်ကောက်ယူမယ်။ ပြီးတော့စီးပွားဖြစ် မွေးမြူရေးခြံတွေကို ရာခိုင်နှုန်းပြည့်စာရင်း ကောက်ယူသွားမယ်ဆိုပြီး ကျွန်မတို့ဌာနအနေနဲ့ ကြိုးပမ်းဆောင်ရွက်နေတာပါ။ ဒါပေမယ့် မြို့နယ် ၂၁၅ မြို့နယ်ထဲက တချို့နေရာတွေမှာ အကြောင်းအမျိုးမျိုးကြောင့် မဆောင်ရွက်နိုင်တာလည်းရှိပါတယ်။ လာမယ့် ဒီဇင်ဘာ ၃၁ ရက်ဆိုရင်တော့ အခြေခံစာရင်းကောက်ယူတဲ့လုပ်ငန်း ပြီးစီးတော့မှာဖြစ်ပါတယ်” ဟု မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာနှင်းသီတာမြင့်က ပြောကြားသည်။
မြန်မာနိုင်ငံတွင် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းလုပ်ငန်းကို ၁၉၇၉-၁၉၈၀ ပြည့်နှစ်မှ ၁၉၉၃-၁၉၉၄ ခုနှစ်အထိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက နှစ်စဉ်ဆောင်ရွက်ခဲ့ပြီး ယင်းနောက်ပိုင်းတွင် မြေပြင်ကွင်းဆင်းကောက်ယူခြင်း မပြုတော့ဘဲ စာရင်းကိန်းဂဏန်းတွက်ချက်နည်းဖြင့်သာ ပြုစုဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
အခြေခံကိန်းဂဏန်းများ ပြန်လည်တည့်မတ်နိုင်ရေး
နိုင်ငံအတွင်းရှိ မွေးမြူရေးတိရစ္ဆာန်များ၏ကောင်ရေ အတိုးအလျော့အပြောင်းအလဲများသည် စဉ်ဆက်မပြတ်ဖြစ်ပေါ်နေသဖြင့် မွေးမြူရေးတိရစ္ဆာန်များ၏ ကောင်ရေစာရင်းဇယားများကို မြေပြင်အခြေအနေနှင့် အနီးစပ်ဆုံးမှန်ကန်စွာရရှိနိုင်ရေးနှင့် အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ရောဂါများကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံကိန်းဂဏန်းများ ပြန်လည်တည့်မတ်နိုင်ရေးကို ရည်ရွယ်၍ ၂၀၁၈ ခုနှစ်တွင် ပထမအကြိမ် စာရင်းကောက်ယူခြင်းကို တိုင်းဒေသကြီး၊ ပြည်နယ် ၁၅ ခုရှိ မြို့နယ်ပေါင်း ၂၈၅ မြို့နယ်တွင် စတင်ဆောင်ရွက်ခဲ့သည်။
ထိုသို့ ပထမအကြိမ်ကောက်ယူရာ၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့်အတူ FAO-LIFT စီမံကိန်းမှ ပါဝင်ကူညီကာစီမံချက်ရေးဆွဲခြင်း၊ သင်တန်းများပို့ချခြင်း၊ စာရင်းကောက်နည်းပညာနှင့် အချက်အလက်သုံးသပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
၂၀၁၈ ခုနှစ်တွင် ထုတ်ပြန်ထားသည့် တိရစ္ဆာန်ကောင်ရေစာရင်းအရ မြန်မာနိုင်ငံတွင် ဒေသနွားကောင်ရေ ကိုးသန်းကျော်ရှိပြီး၊ နို့စားနွားကောင်ရေ တစ်သိန်းကျော်၊ ကျွဲကောင်ရေ နှစ်သန်းကျော်၊ နွားနောက်ကောင်ရေ သုံးသိန်းကျော်ရှိကြောင်း သိရသည်။ ထို့ပြင် တိရစ္ဆာန်ငယ်များဖြစ်သည့် ဆိတ်ကောင်ရေ ၁ ဒသမ ၇ သန်း၊ ဝက်ကောင်ရေ ၅ ဒသမ ၇ သန်း၊ ဒေသကြက် ၄၄ သန်းကျော်၊ အသားစားကြက်ကောင်ရေ ၁၆ သန်းကျော်နှင့် ဥစားကြက်ကောင်ရေ ၁၂ သန်းကျော်ရှိကြောင်း သိရသည်။
နိုင်ငံတော်အဆင့် ငါးနှစ်တစ်ကြိမ် ဆောင်ရွက်
“တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းလုပ်ငန်းကိုတော့ နိုင်ငံတော်အဆင့်အနေနဲ့ ငါးနှစ်တစ်ကြိမ် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ကောက်ခဲ့တယ်။ ကြားထဲက လေးနှစ်မှာတော့ နှစ်စဉ်တိရစ္ဆာန်ကောင်ရေပြောင်းလဲမှုကို သိရှိနိုင်ဖို့ ကြားဖြတ်တိရစ္ဆာန်ကောင်ရေစာရင်းကို ကောက်ယူခဲ့ပြီး ကောင်ရေစာရင်းတွေကို နှစ်စဉ်ထုတ်ပြန်ပေးလျက်ရှိပါတယ်။ အခု ငါးနှစ်ပြည့် ၂၀၂၃ ခုနှစ်မှာ ဒုတိယအကြိမ်ကောက်ယူတာဖြစ်ပြီးတော့ ဒီစာရင်းတွေကိုလည်း ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှာ ထုတ်ပြန်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။ မြို့နယ်တွေမှာ ကွင်းဆင်းစာရင်းကောက်ယူရာ CommCare Application ကို အသုံးပြုပြီး Mobile/Tablet တွေနဲ့ စာရင်းကောက်ယူခြင်း၊ စာရင်းရေးသွင်းခြင်းတွေကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီဇင်ဘာမှာ အပြီးသတ်ကောက်ပြီးတဲ့ စာရင်းတွေစိစစ်ခြင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကောင်ရေစာရင်း ခန့်မှန်းတွက်ချက်ခြင်းတွေကို ဗဟိုကော်မတီအတွင်းရေးမှူးရုံးအဖွဲ့ကနေ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ပြီးရင်အစီရင်ခံစာပြုစုပြီး အတည်ပြုထုတ်ပြန်သွားမှာဖြစ်ပါတယ်။ ဒါကိုတော့ ၂၀၂၄ ခုနှစ် ပထမခြောက်လတာကာလမှာ ထုတ်ပြန်သွားနိုင်အောင် ကြိုးပမ်းဆောင်ရွက်နေပါတယ်”ဟု မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ရှင်းပြသည်။
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းလုပ်ငန်းကို ငါးနှစ်တစ်ကြိမ် ကောက်ယူပြုစုသွားနိုင်ရန် မျှော်မှန်းဆောင်ရွက်လျက်ရှိပြီး အဓိကအားဖြင့် မြန်မာနိုင်ငံ၏ တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်း ထုတ်လုပ်မှုစာရင်းဇယားများကို အတည်ပြုထုတ်ပြန်နိုင်ရန်နှင့် တိရစ္ဆာန်ကောင်ရေတိုးပွားမှုဆိုင်ရာ တွက်ချက်မှုစံနှုန်းများကို သုံးသပ်ပြင်ဆင်နိုင်ရန် ရည်ရွယ်သည်။
“ကျွန်တော်တို့လို မွေးမြူရေးလုပ်ငန်းလုပ်တဲ့သူတွေအတွက် လုပ်ငန်းအပေါ်ကနေ အကျိုးအမြတ်ရဖို့ဆိုတာ ဒီလိုစာရင်းဇယားတွေသိရမှလည်း စနစ်တကျလုပ်နိုင်တာပါ။ ဒီလိုတိရစ္ဆာန်ကောင်ရေကောက်ပြီး တိရစ္ဆာန်ရောဂါတွေ မကျရောက်အောင် ကာကွယ်ဆေးလွှမ်းခြုံမှုတွေအစ ဒီအချက်အလက်စာရင်းတွေကို အခြေခံထားဆောင်ရွက်တာမို့ အကျိုးကျေးဇူးက ကျွန်တော်တို့လို မွေးမြူရေးလုပ်ငန်းလုပ်တဲ့သူတွေပဲ ရရှိစေတာပါ။ ဒါကြောင့် ဌာနရဲ့ကောက်ယူရေး လုပ်ငန်းစဉ်မှာလည်း ပူးပေါင်းပါဝင်ပါတယ်” ဟု တပ်ကုန်းမြို့နယ် ဝက်မွေးမြူရေးလုပ်ငန်းရှင် ဒေါက်တာဇော်ထူးမြင့်က ပြောသည်။
အကျိုးကျေးဇူးများ ရရှိ
ဒုတိယအကြိမ် တိရစ္ဆာန်ကောင်ရေစာရင်းကို ကောက်ယူနိုင်ခြင်းမှသည် နှစ်အလိုက် မြန်မာနိုင်ငံရှိ တိရစ္ဆာန်ကောင်ရေစာရင်းကို ခန့်မှန်းအတည်ပြုနိုင်ခြင်း၊ ဒေသအလိုက် စားသုံးမှုခန့်မှန်းတွက်ချက်နိုင်ပြီး ပြည်တွင်း/ပြည်ပ ဈေးကွက်လိုအပ်ချက်နှင့်အညီ မွေးမြူထုတ်လုပ်မှုအစီအမံများချမှတ်နိုင်ခြင်း၊ မွေးမြူမှုဖွံ့ဖြိုးတိုးတက်ရေး၊ တိရစ္ဆာန်ကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးရေးဆိုင်ရာ ပြည်သူပိုင်နှင့် ပုဂ္ဂလိကပိုင်လုပ်ငန်းစီမံကိန်း၊ စီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိမည်ဖြစ်သည့်အတွက် မွေးမြူရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးမှုတိုးတက်ရန် ရှေ့သို့ လှမ်းတက်ချီနိုင်ခြင်းပင်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။