Skip to main content

ဆယ်စုနှစ် ခုနစ်စုအလွန် နှစ်ပေါင်း ၇၀ ကျော်ကြာပြီးနောက်

မောင်ကမ္ဘာ

ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် မြန်မာအပါအဝင် နိုင်ငံအများအပြားသည် ကိုလိုနီနယ်ချဲ့လက်အောက်မှ လွတ်မြောက်ပြီး ထွန်းသစ်စနိုင်ငံများအဖြစ် ပေါ်ထွန်းလာခဲ့ကြသည်။

၁၉၄၇ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့အကုန် ဩဂုတ်လ ၁၅ ရက်နေ့အကူး သန်းခေါင်ယံအချိန်တွင် အိန္ဒိယအမျိုးသားခေါင်းဆောင်ကြီး ဂျဝါဟာလာ နေရူးကနယူးဒေလီမြို့တော်ရှိ ပါလီမန်လွှတ်တော် အဆောက်အအုံ ဗဟိုခန်းမကြီးမှတစ်ဆင့် ပြောကြားခဲ့သည့် “သန်းခေါင်အချိန် လူ့လောကတစ်ခွင်လုံး အိပ်မောကျနေစဉ် အိန္ဒိယပြည်သည် အသက်ဝင်လှုပ်ရှားကာ လွတ်လပ်ရေးပန်းတိုင်အရောက် ချီတက်ပေတော့မည်။ အဟောင်းမှအသစ်သို့လည်းကောင်း၊ အဖိနှိပ်ခံဘဝမှ လွတ်လပ်ခြင်းသို့လည်းကောင်း ကူးပြောင်းပေတော့မည်။ ကျွန်ုပ်တို့သည် နှစ်ပေါင်းများစွာ လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြရာ ယခုကျွန်ုပ်တို့ကြိုးပမ်းချက်မှာ အကောင်အထည်ပေါ်လာပြီဖြစ်သည်” ဟူသည့် ဥဒါန်းတွင်ရစ်စေမည့် လွတ်လပ်ရေးမိန့်ခွန်းနှင့်အတူ အိန္ဒိယသည် လွတ်လပ်သော နိုင်ငံတစ်နိုင်ငံအဖြစ် မွေးဖွားလာသည်။

အိန္ဒိယခေါင်းဆောင်ကြီးနေရူးက အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို အိန္ဒိယက မြန်မာထက်စောစွာ လွတ်လပ်ရေးရမည်ဟူသည့် သုံးသပ်ပြောကြားချက်အတိုင်း အိန္ဒိယသည် မြန်မာထက်စောစီးစွာ လွတ်လပ်ရေးအောင်ပန်းကို ဆွတ်ယူသွားနိုင်ခဲ့ခြင်းဖြစ်သည်။

လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်

မြန်မာက ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်၊ နံနက် ၄ နာရီ မိနစ် ၂၀ တွင် ရန်ကုန်မြို့အတွင်းဝန်ရုံးရှိ တိုင်းပြုပြည်ပြုလွှတ်တော်၌ ကျင်းပသည့် လွတ်လပ်ရေးအောင်ပွဲအခမ်းအနား၊ အလံတင်အခမ်းအနား၊ လွတ်သဘင်အခမ်းအနားတို့နှင့်အတူ ဝန်ကြီးချုပ်ဦးနု၏ လွတ်လပ်ရေးကြေညာစာတမ်းဖြင့် လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအဖြစ် ပေါ်ထွန်းလာခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီက ဂျပန်နှင့်ပြိုင်ဘက် ကူမင်တန်တပ်များကို တိုက်ထုတ်အောင်ပွဲခံပြီးနောက် ၁၉၄၉ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် ဥက္ကဋ္ဌကြီးမော်စီတုန်းက ထျန်းအန်းမင်ရင်ပြင်ထက်မှ သိန်းနှင့်ချီသော ပြည်သူများအား “တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်ကြီး၏ ဗဟိုအစိုးရကို ယခုတည်ထောင်လိုက်ပါပြီ။ ကျွန်တော်တို့ တရုတ်ပြည်သူတွေ ကိုယ့်ခြေထောက်ပေါ်ကိုယ် မတ်မတ်ရပ်နိုင်ခဲ့ပြီ”စသည်ဖြင့် မြွက်ကြားကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသစ်ကို စတင်ထူထောင်ခဲ့သည်။

ယနေ့မျက်မှောက်ကာလဆိုလျှင် အိန္ဒိယသမ္မတ နိုင်ငံ၏လွတ်လပ်ရေးသည် ၇၆ နှစ်ကျော် ၇၇ နှစ်အတွင်း ရောက်ရှိလာခဲ့ပြီး မြန်မာကယခု ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် (၇၆)နှစ်ပြည့်မြောက်ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကြီးက လာမည့် အောက်တိုဘာလ ၁ ရက်နေ့တွင် စိန်ရတု(၇၅)နှစ်ပြည့်မြောက်မည်ဖြစ်သည်။

အခက်အခဲ အကျပ်အတည်းပေါင်းစုံ ရင်ဆိုင်ကြုံတွေ့ခဲ့ကြရ

အင်္ဂလိပ်၊ ပြင်သစ်၊ ပေါ်တူဂီ၊ ဒတ်ချ်၊ စပိန်စသည့် ကိုလိုနီနယ်ချဲ့တို့၏ လက်အောက်မှလွတ်မြောက်စ ထွန်းသစ်စနိုင်ငံများနည်းတူ မြန်မာ၊ တရုတ်၊ အိန္ဒိယနိုင်ငံတို့သည်လည်း လွတ်လပ်ရေးရပြီးနောက် အခက်အခဲအကျပ်အတည်းပေါင်းစုံဖြင့် ရင်ဆိုင်ကြုံတွေ့ခဲ့ကြရပါသည်။

မားသားအိန္ဒိယမှ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများနှင့်အတူ အိန္ဒိယ-ပါကစ္စတန်ဟူ၍ နှစ်ပိုင်းကွဲသွားခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံကြီးက လက်ဝဲစွန်း၊ လက်ယာစွန်းဂိုဏ်းဂဏပဋိပက္ခများ၊ ခုန်ပျံကျော်လွှား စီးပွားရေးအမှားများ၊ ယဉ်ကျေးမှုတော်လှန်ရေးလှုပ်ရှားမှုများဖြင့် လုံးလည်ချာလည်လိုက်ကာ ဆင်းရဲမွဲတေမှုများ၊ ငတ်မွတ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ကြရသည်။

သို့ရာတွင် တရုတ်နှင့် အိန္ဒိယတို့သည် ကိုလိုနီနယ်ချဲ့တို့၏ဆိုးမွေများ၊ ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့်ဟု အတိတ်ကိုလက်ညှိုးမထိုးခဲ့ကြပါ။ တရုတ်ပြည် ပြုပြင်ပြောင်းလဲရေးခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်က “မော်စီတုန်းရဲ့ စွမ်းဆောင်အောင်မြင်ချက်တွေဟာ ပထမနေရာမှာရှိပြီးသူရဲ့ အမှားတွေဟာ ဒုတိယနေရာမှာသာထားရမှာပါ။ သူဟာတရုတ်ကွန်မြူနစ်ပါတီ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ကို အဓိကထူထောင်ခဲ့သူဖြစ်တယ်။ တရုတ်ပြည်သူတွေအတွက် သူလုပ်ဆောင်ခဲ့တဲ့ကိစ္စတွေကို ချေဖျက်ပစ်လို့မဖြစ်နိုင်ပါဘူး။ သူဟာပါတီနဲ့ နိုင်ငံတော်ကိုအကျပ်အတည်းများအတွင်းမှာ အကြိမ်ပေါင်းများစွာ ကယ်တင်ခဲ့ပါတယ်။ ဥက္ကဋ္ဌမော်သာမရှိရင် ကျွန်တော်တို့ တရုတ်ပြည်သူတွေဟာ အမှောင်ထုအတွင်း အချိန်ကြာကြာစမ်းတဝါးဝါးနဲ့ လျှောက်လှမ်းနေရဦးမှာပါ” ဟု ၁၉၈၀ ပြည့်နှစ် နှစ်လယ်ကာလတွင် အီတလီသတင်းထောက်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ပါသည်။

အမှားများကို သင်ခန်းစာရယူခဲ့

ထို့အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် လျှောက်လှမ်းခဲ့သည့် ခရီးလမ်းအတွင်းမှ အမှားများကိုအမှန်၏ ရှေ့တော်ပြေးအဖြစ် သင်ခန်းစာရယူခဲ့ပြန်ပါသည်။ တိန့်ရှောင်ဖိန်က မဟာယဉ်ကျေးမှုတော်လှန်ရေးနှင့် ပတ်သက်၍လည်း “ဆန့်ကျင်ဘက် သင်ခန်းစာပေးခဲ့ပါသေးတယ်။ မဟာယဉ်ကျေးမှုတော်လှန်ရေးရဲ့ သင်ခန်းစာမရှိခဲ့ရင် (၁၁)ကြိမ် ဗဟိုကော်မတီ၊ တတိယစုံညီအစည်းအဝေးအတွင်းမှာ အတွေးအခေါ်၊ နိုင်ငံရေး၊ စည်းရုံးရေးလမ်းစဉ်နဲ့ တသီတတန်းကြီးသော ပေါ်လစီတွေရေးဆွဲချမှတ်နိုင်မှာ မဟုတ်ပါဘူး။ မဟာယဉ်ကျေးမှုတော်လှန်ရေးဟာ ကျွန်တော်တို့ရဲ့ ဥစ္စာဓနတွေဖြစ်လာခဲ့တယ်” ဟု ဆိုခဲ့သည်။

ထို့နောက် မော်ခေတ်(၁၉၄၉-၁၉၇၆)အလွန်မှစ၍ တိန့်ရှောင်ဖိန်သည် အနောက်ပုံစံဒီမိုကရေစီကသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်သည်မဟုတ်၊ ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုဖြင့် တရုတ်ပြည်ကြီးကလည်း ဖွံ့ဖြိုးတိုးတက်အောင်လုပ်နိုင်ကြောင်းကို အလုပ်ဖြင့်သက်သေပြခဲ့သည်။

မဟာယဉ်ကျေးမှုတော်လှန်ရေး အဆုံးသတ်သွားပြီးနောက် နှစ်ပေါင်းများစွာ တံခါးပိတ်ထားခဲ့သော နိုင်ငံတော်ကိုတံခါးဖွင့်လိုက်သည်။ ပင်လယ်ရပ်ခြားရောက် တရုတ်အမျိုးသားများ၏ ရင်းနှီးမြှုပ်နှံမှုများ၊ နိုင်ငံခြားအရင်းအနှီးများကို ဆွဲဆောင်ရေးအတွက် အမျိုးမျိုးသောဦးစားပေးမှု ပေါ်လစီများကို ရေးဆွဲချမှတ်ခဲ့သည်။ တံခါးဖွင့်ပြုပြင် ပြောင်းလဲရေးနှင့်အတူ ခေတ်မီရေးလေးရပ်ကို အကောင်အထည်ဖော်ခဲ့သည်။ ပညာရေးနှင့်စီးပွားရေးကဏ္ဍတွင် အစွဲကင်းကင်းနှင့် ခြေလှမ်းကျယ်ကျယ် လှမ်းခဲ့သည်။ ပညာရေးကဏ္ဍတွင် ကြီးစွာသော ရင်းနှီးမြှုပ်နှံမှုများကို ဆောင်ရွက်ခဲ့သည်။ တရုတ်ပညာတော်သင်ကျောင်းသား အများအပြားကို အမေရိကန်ပြည်ထောင်စုရှိ တက္ကသိုလ်များသို့ စေလွှတ်သင်ယူစေခဲ့သည်။ ဤသို့ဖြင့် တိန့်ခေတ် (၁၉၇၆-၁၉၉၀) ကာလတွင် တရုတ်ပြည်ကြီးသည် တစ်မုဟုတ်ချင်း များစွာပြောင်းလဲတိုးတက်လာခဲ့သည်။

မျက်မှောက်ကာလတွင်လည်း သမ္မတကြီးရှီကျင့်ဖျင်၏ ဦးဆောင်မှုဖြင့် လူဦးရေ ၁ ဒသမ ၄ ဘီလီယံကျော်ရှိသော တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ချမ်းသာကြွယ်ဝသော လမ်းကြောင်းဆီသို့ ဦးတည်လျှောက်လှမ်းလျက်ရှိသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံနည်းတူ အိမ်နီးချင်းအိန္ဒိယသမ္မတနိုင်ငံသည်လည်း ကြုံတွေ့ခဲ့ရသော ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများကို ကမ္ဘာ့သက်တမ်းရင့် ဒီမိုကရေစီနိုင်ငံကြီးပီပီ မတူကွဲပြားခြားနားမှုများထဲမှ တူညီမှုများကို ရှာဖွေဖော်ထုတ်ကာ အင်အားကြီးနိုင်ငံကြီးအဖြစ် တည်ဆောက်ရယူနိုင်ခဲ့သည်။

ပညာရေးကဏ္ဍတွင် ပုံအောရင်းနှီးမြှုပ်နှံ

တရုတ်ပြည်နည်းတူ အိန္ဒိယတို့သည်လည်း ပညာရေးကဏ္ဍတွင် ပုံအောရင်းနှီးမြှုပ်နှံမှုပြုခဲ့ကြသည်။ ၁၉၉၀ ကျော်လွန် ၂၀၀၀ ပြည့်နှစ်များအတွင်း အမေရိကန်တက္ကသိုလ်များရှိ နိုင်ငံခြား ကျောင်းသားအရေအတွက်တွင် အိန္ဒိယက ထိပ်ဆုံးမှာရှိပြီး တရုတ်က ဒုတိယလိုက်သည်။

ရလဒ်အားဖြင့် အိန္ဒိယနိုင်ငံ မြို့ကြီးတော်တော်များရှိ ယခင်က ဖုန်တထောင်းထောင်းထနေသော ဆင်ခြေဖုံးများတွင် အိုင်တီပတ်(I.T Park)များ၊ အိုင်တီကုမ္ပဏီကြီးများ အပြိုင်းအရိုင်း ထွက်ပေါ်လာသည်။ အမေရိကန်ဘဏ်လုပ်ငန်းများတွင် အိန္ဒိယအိုင်တီကျွမ်းကျင်သူများ အစားထိုးဝင်ရောက်လာသည်။ အမေရိကန်အိုင်တီကျွမ်းကျင်သူတစ်ဦး၏ တစ်နာရီလုပ်ခမှာ ဒေါ်လာ ၁၀၀ နှုန်းဖြစ်ပြီး အိန္ဒိယအိုင်တီကျွမ်းကျင်သူတစ်ဦး၏ တစ်နာရီလုပ်ခမှာ ဒေါ်လာ ၂၀ မျှဖြစ်၍ အိန္ဒိယမှအိုင်တီ ကျွမ်းကျင်သူများကို တွင်တွင်ကျယ်ကျယ် ငှားရမ်းအသုံးပြုလာခြင်းဖြစ်သည်။ အိန္ဒိယ၏ ဆော့ဖ်ဝဲလုပ်ငန်းများလည်း အံ့မခန်းတိုးတက်လာသည်။ အဝေးရောက်အိန္ဒိယပညာရှင်များ၊ နိုင်ငံရပ်ခြားမှ အိန္ဒိယအမျိုးသားစွန့်ဦးတီထွင်သူများ၏ ကျေးဇူးမကင်းဟုဆိုကြသည်။ အိန္ဒိယနှင့် တရုတ်တို့၏ အားသာချက်မှာ ပညာရေးရင်းနှီးမြှုပ်နှံမှုဟု ဆိုနိုင်ပါသည်။

ယနေ့တိုင် ရုန်းကန်နေရဆဲ

အိန္ဒိယ၊ တရုတ်နိုင်ငံတို့နှင့် မရှေးမနှောင်း ရှေ့ဆင့်နောက်ဆင့် လွတ်လပ်ရေးရယူခဲ့သည့် မြန်မာနိုင်ငံအနေဖြင့်မူ နှစ်ပေါင်း ၇၀ ကျော်ကြာ စွဲကပ်လာခဲ့သော ပဋိပက္ခများနှင့်အတူ ယနေ့တိုင် ရုန်းကန်နေရဆဲပင်။

“လူငယ်နိုင်ငံရေးသမားတွေဟာ လွတ်လပ်ပြီးတဲ့ ဗမာပြည်မှာသိပ်မမိုက်ဘဲ တစ်ဦးနှင့်တစ်ဦး ညီညီညွတ်ညွတ်လုပ်ကြဖို့တော့ လိုတယ်။ ဒီလိုမှမလုပ်ရင် လွတ်လပ်တဲ့ ဗမာပြည်ဟာလွတ်လပ်တဲ့ အရသာကို ကျပ်ပြည့်တင်းပြည့် ခံစားရမှာမဟုတ်ဘူး” ဟူသည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း သတိပေးခဲ့သည့်အတိုင်း လက်နက်ကိုင်ပဋိပက္ခများကြားတွင်သာ ချာချာလည်ကာ အိန္ဒိယ၊ တရုတ်နိုင်ငံကြီးများကို မဆိုထားဘိ ဒေသတွင်းနိုင်ငံများကြားတွင်ပါ ဖွံ့ဖြိုးတိုးတက်မှုအတော့်ကို နောက်ကျကျန်ရစ်ခဲ့သည်။

မြန်မာနိုင်ငံထက် ဆိုးရွားစွာ စစ်ဘေးဒဏ်ခံခဲ့ရသည့် ဗီယက်နမ်နိုင်ငံသည်ပင်လျှင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် အာရှ၏ စီးပွားရေးစွမ်းဆောင်ရည် အကောင်းဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံရသည်အထိ ဖွံ့ဖြိုးတိုးတက်လာသည်။ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ လုပ်အားခဈေးချိုခြင်း၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားစသည့် နိုင်ငံ၏အခြေခံအဆောက်အအုံ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ခဲ့ခြင်းတို့ကြောင့် ယခုနှစ်ပိုင်းအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI)များလည်း အလုံးအရင်း စီးဝင်ဝင်ရောက်လျက်ရှိသည်။

ဗီယက်နမ်နည်းတူ စစ်မီးဟုန်းဟုန်းတောက်လောင်၍ ပြာကျခဲ့သော ကိုရီးယားသမ္မတနိုင်ငံသည်လည်း ၁၉၆၁ ခုနှစ်တွင် သမ္မတဖြစ်လာသော ပတ်ချုံဟီး၏ အာဏာရှင်ဆန်ဆန် အုပ်ချုပ်မှုအောက်တွင် စီးပွားရေးစွမ်းဆောင်ရည်များ အရှိန်အဟုန်ဖြင့် စတင်တိုးတက်လာခဲ့သည်။ ပတ်ချုံဟီးသည် သမ္မတအဖြစ် အုပ်ချုပ်ခဲ့သည့် ၁၈ နှစ်ကာလတစ်လျှောက်လုံး ကိုရီးယားနိုင်ငံကို စီးပွားရေးအရတောင့်တင်းခိုင်မာသော နိုင်ငံတစ်နိုင်ငံဖြစ်လာရေးဟူသည့် ရည်မှန်းချက်တစ်ခုသာ ထားရှိခဲ့သည်။

ထိုရည်မှန်းချက်ဖြင့် နိုင်ငံ၏ ပညာရေး၊ နည်းပညာနှင့်ကျွမ်းကျင် လုပ်သားများပေါ်ထွန်းလာရေးအတွက် နိုင်ငံတော်ဘဏ္ဍာကိုပုံအော၍ သုံးစွဲခဲ့သည်။ သမ္မတပတ်ချုံဟီးနှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်သူများသည် အနာဂတ်မျိုးဆက်သစ်များ ကောင်းစားရေးအတွက် စွန့်လွှတ်ပေးဆပ်ခဲ့ကြသည်။ ကြိုးပမ်းအားထုတ်ခဲ့ကြသည်။ ဤသို့ဖြင့် ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းတွင် ကိုရီးယားသမ္မတနိုင်ငံသည်လည်း ကမ္ဘာနှင့် ရင်ပေါင်တန်းဖွံ့ဖြိုး တိုးတက်လာခဲ့သည်။

လွတ်လပ်ရေးဟူသည် ပြီးပြည့်စုံသော ပန်းတိုင်မဟုတ်

တကယ်တော့လွတ်လပ်ရေးဟူသည် ပြီးပြည့်စုံသော ပန်းတိုင်မဟုတ်ပါ၊ မိမိတို့ တိုင်းပြည်အကျိုးရှိရာ ရှိကြောင်းအတွက် ဆောင်ရွက်နိုင်စေရန် အခြေအနေကောင်းတစ်ခုသာဖြစ်ပေသည်။ ဆိုခဲ့ပါနိုင်ငံများသည် လွတ်လပ်ရေးတည်းဟူသော ထိုအခြေအနေကောင်းမှတစ်ဆင့် အမျိုးသားအကျိုးစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းပေါ်သို့ မမှိတ်မသုန်ဆက်လက် လျှောက်လမ်းခဲ့ကြသည်။ အတိတ်မှာပင် ရပ်မနေခဲ့ကြ၊ အတိတ်၏ အကျဉ်းသားအဖြစ်မှ ရုန်းထွက်ခဲ့ကြသည်။ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းရာတွင်လည်း ကြုံတွေ့ရသည့် အခက်အခဲအတားအဆီးများအပေါ် ကိုလိုနီနယ်ချဲ့ကြောင့်၊ ဘယ်သူကြောင့် ဘယ်ဝါကြောင့်ဟူ၍ အတိတ်ကို ပြန်ပြောင်းလက်ညှိုးထိုး၍ တရားခံမရှာခဲ့ကြပါ။ အတိတ်ကအမှားအယွင်းများကို သင်ခန်းစာအဖြစ်သာရယူကာ ပြင်ဆင်လျှောက်လှမ်းခဲ့ကြပါသည်။

မြန်မာနိုင်ငံအနေဖြင့်လည်း အတိတ်ကအမှားအယွင်းများကို သမိုင်းသင်ခန်းစာအဖြစ် ရယူကာ ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်(၅)ရပ်နှင့်အညီ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် တစ်မျိုးသားလုံးစုစည်းညီညွတ်မှုအားမာန်ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အလေးအနက်တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ။