လူငယ်များအတွက် စကားလက်ဆောင်
ဝင်းထွဋ်ဦး
အောက်တိုဘာလက စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ရဲ့ စာဖတ်ဝိုင်းမှာ ဆောင်းပါးအတိုလေးတစ်ပုဒ် ဆွေးနွေးဖြစ်ခဲ့ပါတယ်။
ဆရာကြီး မောင်ခင်မင် (ဓနုဖြူ) ရေးတဲ့ ဆောင်းပါးပါ။ ဆရာကြီးရဲ့ ‘အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ’ဆိုတဲ့ စာအုပ်အထူကြီး (စာမျက်နှာ ၃၅၅၊ ဆောင်းပါး ၄၅ ပုဒ်ပါ) ထဲက အတိုဆုံးတစ်ပုဒ်စာရင်းဝင် “အမိတက္ကသိုလ်က ပေးသောလက်ဆောင်” ဆောင်းပါးလေးကို ပြောပြဆွေးနွေးပါတယ်။ ၂၀၁၀-၂၀၁၁ ခုနှစ်တုန်းက ပြည်တက္ကသိုလ်နှစ်လည်မဂ္ဂဇင်းမှာ ဆရာကြီး ရေးသားခဲ့တာပါ။
ဆရာကြီးက လူငယ်တွေအကြောင်းကို အဓိကထားရေးတာပဲဖြစ်ပါတယ်။ လူငယ်နဲ့ တက္ကသိုလ်အကြောင်းကို ဆက်စပ်ရေးသားတဲ့ ဆောင်းပါးကောင်းတစ်ပုဒ်ဖြစ်တယ်။ ဆရာကြီးရဲ့ ဆောင်းပါးမှာ ပါဝင်တဲ့ အဓိကအကြောင်းအရာအချက်အလက်တွေဟာ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်တဲ့ လူငယ်လူရွယ်တွေနဲ့ တက္ကသိုလ်ရောက်လူငယ်တွေကို အသိပညာပေးဆုံးမထားတာ ဖြစ်ပါတယ်။ လိုက်နာပြုမူဆောင်ရွက်နိုင်စေဖို့အတွက်ပါ။
အမိတက္ကသိုလ်ကပေးသော လက်ဆောင်
တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်တဲ့ လူငယ်လူရွယ်တွေအနေနဲ့ တက်ရောက်သင်ကြားခွင့်ရတဲ့ တက္ကသိုလ်၊ စိတ်ကြိုက်ရွေးချယ်ပြီးတက်ရောက်တဲ့ တက္ကသိုလ်တွေရဲ့ရင်ခွင်မှာ ခိုလှုံပြီး ပညာသင်ကြားကြတယ်။ သတ်မှတ်စာသင်နှစ်တွေ ပြီးပြည့်အောင် သင်ကြားပြီးရင် အမိတက္ကသိုလ်ကပေးသောလက်ဆောင်ကို ရင်မှာပိုက်ကာ ဘဝခရီးကို ဆက်လက်ဖြတ်သန်းကြ ရပါတယ်။ အမိတက္ကသိုလ်က ဘာလက်ဆောင်တွေ ပေးလိုက်တာလဲ၊ “ အမိတက္ကသိုလ်ကပေးတဲ့ အဓိကလက်ဆောင်” က ပညာလက်ဆောင်ပါပဲ။ ပညာလက်ဆောင်ကလွဲလို့ တခြားလည်းရှိမှာမဟုတ်ပါဘူး။ ကိုယ်တက်ရောက်သင်ကြားခဲ့တဲ့ ပညာရပ်၊ ဘာသာရပ်လက်ဆောင်ပဲ ဖြစ်ပါတယ်။
တက္ကသိုလ်ကျောင်းသားတစ်ယောက်ဟာ တက္ကသိုလ်အသီးသီးက ပညာရပ်တွေ၊ ဘာသာရပ်တွေ အများကြီးရှိတဲ့အထဲကမှ တစ်ခုကိုပဲ အထူးပြုသင်ယူရတာဖြစ်ပါတယ်။
ပညာရပ်၊ဘာသာရပ်တိုင်းဟာ တန်းတူတန်ဖိုးရှိကြပါတယ်။ ဘယ်ပညာရပ်က မြင့်တယ်၊ ဘယ်ဘာသာရပ်က အရေးကြီးတယ်လို့မရှိပါဘူး။ ဒီလိုသတ်မှတ်ရင်လည်း ပညာရပ်အမြင်နဲ့ သတ်မှတ်တာမျိုးမဟုတ်ဘူး။ လူမှုရေးလိုအပ်ချက်အရ သတ်မှတ်တာပဲဖြစ်ပါလိမ့်မယ်။
ဘယ်ဘာသာရပ်၊ ဘယ်ပညာရပ်ကိုပဲ သင်ယူယူ တကယ်တတ်မြောက်အောင် သင်ယူမယ်ဆိုရင် မိမိကို အကျိုးပြုတဲ့ ဗဟုသုတအသိအမြင်အတွေးအခေါ်ကိုရမှာဖြစ်တယ်။
အမိတက္ကသိုလ်ကပေးသောလက်ဆောင်ကို တချို့က နည်းနည်းပဲရကြတယ်။ တချို့ကတော့ အများကြီးကို ရသွားကြတယ်။ ဘာကွာလို့လဲဆိုတော့ “ခံယူချက်”အတိုင်းအတာချင်း ကွာခြား ချက်ကြောင့်ပဲ ဖြစ်ပါတယ်။
တက္ကသိုလ်စတက်တဲ့နှစ် ပထမနှစ်ကတည်းက အောင်ရင်တော်ပါပြီဆိုပြီး ခံယူထားကြတယ်။ သင်ရတဲ့ဘာသာရပ်၊ ပညာရပ်ကို အပေါ်ယံသဘောသာထားပြီး သင်ယူကြတယ်။ ထဲထဲဝင်ဝင်သင်ယူမှုမရှိတဲ့သူတွေက အမိတက္ကသိုလ်ကပေးသောလက်ဆောင်ကို နည်းနည်းပဲယူသွားရတယ်။
တကယ်တတ်မြောက်လိုတဲ့ ရည်ရွယ်ချက်နဲ့ ထဲထဲဝင်ဝင် အပတ်တကုတ်လေ့လာဆည်းပူးတဲ့သူတွေကတော့ အများကြီးကို ရယူသွားကြတယ်။ အမိတက္ကသိုလ်မှာ ထူးချွန်စွာအောင်မြင်ပြီး နောက်ထပ်အဆင့်မြင့်တဲ့ဘွဲ့အတွက် တစ်ဆင့်တက်လှမ်းကာ သင်ယူခွင့်ရကြတယ်။ အမြင့်ဆုံးဘွဲ့ တွေအထိ ရယူသွားတာရှိတယ်။ နိုင်ငံရပ်ခြားက တက္ကသိုလ်အထိ တက်ရောက်ပညာဆည်းပူးခွင့် ကိုတောင် ရယူနိုင်ကြတယ်။ အမိတက္ကသိုလ်က ပေးသောလက်ဆောင်ကို အပြည့်အဝ ယူဆောင်သွားကြတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
ဘွဲ့ရပညာရှင်ဘဝလက်ဆောင်
အဲဒီပညာလက်ဆောင်နဲ့အတူ “ဘွဲ့ရပညာရှင် ဘဝလက်ဆောင်”ကို အမိတက္ကသိုလ်က ပေးပါသေးတယ်။ သက်ဆိုင်ရာပညာရပ်ကို ကောင်းစွာ ပေါက်မြောက်အောင်မြင်ပြီးတဲ့ ကျောင်းသားကို တက္ကသိုလ်က ဘွဲ့ချီးမြှင့်ပါတယ်။ ဘွဲ့နှင်းသဘင်ကို ဘွဲ့ဝတ်စုံတွေ ဝတ်ဆင်စေပြီး ခမ်းခမ်းနားနား ကျင်းပပေးတာဟာ ပညာရဲ့လေးနက်မှုကို ဖော်ပြတဲ့ သင်္ကေတတစ်ခုပါပဲ။
တချို့က ဘွဲ့ရဖြစ်ပေမယ့် အထင်မကြီးနိုင်သူတွေရှိတယ်။ သူတို့ကို ဆရာကြီးရွှေဥဒေါင်းရဲ့ ပြောစကားလေးကို ပြောပြချင်ပါတယ်။ “သူဟာနိုင်ငံကျော်စာရေးဆရာကြီးဖြစ်ပေမယ့် တက္ကသိုလ် မတက်လိုက်ရလို့ ဘဝမှာ အားနည်းချက်ကြီးဖြစ်ခဲ့ရတယ်”ဆိုပြီး ထုတ်ပြောတာရှိခဲ့ပါတယ်။ အဲဒါကြောင့် ပညာသင်ကြားမှုပြီးဆုံးလို့ ဘွဲ့ချီးမြှင့်တာကို လက်ခံယူရင်း တက္ကသိုလ်ကပေးတဲ့ “ဘွဲ့ရ ပညာရှင်ဘဝလက်ဆောင်”ကို လေးလေးစားစား တန်ဖိုးထားရယူကြပါလို့ ဆိုထားပါတယ်။
ဝါသနာပြုစုပျိုးထောင်ခွင့်လက်ဆောင်
နောက်တစ်ခုက “ဝါသနာပြုစုပျိုးထောင်ခွင့်လက်ဆောင်”ပါ။ တက္ကသိုလ်မှာ ပညာသင်ရင်း ကိုယ်ဝါသနာပါရာကို ရွေးချယ်ဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းကောင်းတွေရှိပါတယ်။ ဘာဝါသနာ ပါတာလဲ။ အားကစားလား၊ တေးဂီတလား၊ စာရေးတာလား ရွေးချယ်ပြီး ပြုစုပျိုးထောင်နိုင်တဲ့ အနေအထားပါ။ ဆိုင်ရာအသင်းအဖွဲ့တွေမှာ ပါဝင်လှုပ်ရှားဆောင်ရွက်နိုင်ပါတယ်။ ဒီ “ဝါသနာပြုစုပျိုးထောင်ခွင့် လက်ဆောင်” ကိုလည်း တက္ကသိုလ်ပညာသင်ရင်း ရယူနိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။
ပညာသင်ယူမှုမှာ စုပေါင်းသင်ယူတာ၊ ပူးပေါင်းဆောင်ရွက်တာ၊ ဖြေရှင်းတာ၊ ညှိနှိုင်းအဖြေရှာတာ စတဲ့အတွေ့အကြုံတွေဟာ ဘဝခရီးလူမှုနယ်ပယ်မှာ အထောက်အကူပြုမှာဖြစ်တယ်။ ဒါဟာ အမိတက္ကသိုလ်က ကြိုတင်ပြင်ဆင်ပေးလိုက်တဲ့ “လူမှုရေးလက်ဆောင်” ဖြစ်ပါတယ်။ ဒါတွေအပြင် ကိုယ်ကာယကျန်းမာမှုအင်အားဆိုတဲ့ ကာယဗလ၊ ဉာဏ်ပညာအင်အားဆိုတဲ့ ဉာဏဗလ၊ ပေါင်းသင်း ဆက်ဆံမှုအင်အားဆိုတဲ့ မိတ္တဗလ၊ ကိုယ်ကျင့်တရားအင်အားဆိုတဲ့ စာရိတ္တဗလ၊ အဲဒီဗလလေးတန်ကို အခြေပြုတဲ့ လက်ဆောင်တွေကိုလည်း ပေးအပ်လိုက်တယ်။ ဘဝခရီးမှာ ပစ္စည်းဥစ္စာအင်အား (ဘောဂဗလ) နဲ့ ပြည့်စုံဖို့ ကာယ၊ ဉာဏ၊ မိတ္တ၊ စာရိတ္တ ဗလလေးတန်ကိုအခြေပြုတဲ့ လက်ဆောင်တွေကို လမ်းခင်းပေးလိုက်တယ်။
အမိတက္ကသိုလ်က ပညာလက်ဆောင်ကို အဓိကထားပေးသလို တခြားလက်ဆောင်တွေ ဖြစ်တဲ့ “ဘွဲ့ရပညာရှင်ဘဝလက်ဆောင်”၊ “ဝါသနာပြုစုပျိုးထောင်ခွင့်လက်ဆောင်”၊ “လူမှုရေးလက်ဆောင်”၊ “ဗလလေးတန်ကို အခြေပြုတဲ့လက်ဆောင်” တွေကိုလည်း သတ်မှတ်စာသင်နှစ်တွေအတွင်းမှာပဲ တစ်ခါတည်း တစ်ဆက်တည်းကို ပေးလိုက်တယ်။ ဒါကြောင့် တက္ကသိုလ်တက်ရောက်ပညာသင်ကြားကြတဲ့ လူငယ်လူရွယ်တွေအနေနဲ့ “အမိတက္ကသိုလ်ကပေးသော လက်ဆောင်တွေကို ပေးသလောက်ယူနိုင်စွမ်းရှိအောင် အားထုတ်နိုင်ကြပါစေ”လို့ ဆရာကြီးက ဆန္ဒပြုရေးသားထား ပါတယ်။
ဆုံးခန်းတိုင်အောင် ခံယူချက်အပြည့်နဲ့ ထဲထဲဝင်ဝင်သင်ယူ
စာရေးသူလည်း အဲဒီစာဖတ်ဝိုင်းမှာ ပါဝင်တက်ရောက်ဆွေးနွေးကြတဲ့ ညီငယ် ညီမငယ်၊ အစ်ကို အစ်မတွေ၊ ဆရာသမားတွေကတစ်ဆင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်တဲ့ လူငယ်လူရွယ်တွေ နိုင်ငံတွင်းရော နိုင်ငံရပ်ခြားတက္ကသိုလ်တွေ ကောလိပ်တွေမှာပါ တက္ကသိုလ်ပညာ၊ အဆင့်မြင့်ပညာ စပြီးသင်ယူတော့မယ့် လူငယ်တွေနဲ့ တက္ကသိုလ်မှာ ပညာသင်ကြားဆဲ လူငယ်တွေအားလုံးကို စကားလက်ဆောင်ပါးလိုက်ပါတယ်။ ဒီစကားလက်ဆောင်လေးအတိုင်း တိုက်တွန်းပြောဆိုဆုံးမပေး ကြပါလို့။
“ဘယ်တက္ကသိုလ်၊ ကောလိပ်မှာတက်ရပါစေ၊ ဘယ်ပညာရပ်နဲ့ ဘယ်လိုဘာသာရပ်ကိုပဲ သင်ယူ ရပါစေ အစကနေ ဆုံးခန်းတိုင်အောင် ခံယူချက်အပြည့်နဲ့ ထဲထဲဝင်ဝင် သင်ယူမှုပြုကြပါ။ တန်းတူ တန်ဖိုးရှိကြတဲ့ ပညာရပ်၊ ဘာသာရပ်တွေကို တကယ်တတ်လိုတဲ့ ရည်ရွယ်ချက်နဲ့ ကြိုးစား သင်ယူကြပါ။ အမိတက္ကသိုလ်ကပေးတဲ့ ပညာရပ်၊ ဘာသာရပ်လက်ဆောင်ကို ပြည့်ပြည့်ဝဝရယူနိုင်တဲ့အထိ လေ့လာဆည်းပူးကြပါ။ အမိတက္ကသိုလ်က အဓိကပေးသော လက်ဆောင်၊ ပညာလက်ဆောင်နဲ့ တခြားလက်ဆောင်ကောင်း လက်ဆောင်မွန်တွေကို အနည်းဆုံးမဟုတ်ဘဲ အများဆုံးယူနိုင်စွမ်းရှိအောင် မလျှော့သောဇွဲလုံ့လနဲ့ ကြိုးစားအားထုတ်ကြပါ” လို့ လူငယ်တွေကို “စကားလက်ဆောင်” ပေးလိုက်ချင်ပါတယ်။ ။