Skip to main content

မေတ္တာလွှမ်းသော မိသားစုထမင်းဝိုင်း

သိန်းထွန်း (IR)

အခုလည်း ရန်ကုန်မှာ အလုပ်လုပ်ရပြီဆိုတော့ မိသားစုနဲ့ ခွဲရပြန်ပြီပေါ့။ ဘာလိုလိုနဲ့ ရန်ကုန်ရောက်တာ သုံးလကျော်ပြီ။ နေထိုင်ရေးအတွက် ပူစရာမလိုဘူး။ ရုံးက နေစရာအခန်းပေးတယ်။ ကျွန်တော်နေတဲ့အဆောက်အအုံမှာ ရုံးကဧည့်သည်တွေ တည်းဖို့အတွက် အိပ်ခန်းတွေအများကြီး ရှိတယ်။ ကျွန်တော့်လို မိသားစုမပါတဲ့ဝန်ထမ်းတွေနေဖို့အတွက် အဲဒီမှာ စီစဉ်ပေးထားတယ်။ လတ်တလောအဆောင်မှာနေတာက ကျွန်တော်နဲ့ တခြားတစ်ယောက်ပဲရှိတယ်။ ကျန်တဲ့သူတွေက တော့ ရုံးကိစ္စအတွက် နယ်ကနေ ရန်ကုန်ကိုလာတဲ့ ဧည့်သည်တွေပဲရှိတယ်။ သူတို့က ခဏတည်းလိုက်၊ ပြန်သွားလိုက်နဲ့။ အမြဲရှိမနေကြဘူး။ အဆောင်မှာ ကျွန်တော့်လို အမြဲနေနေတဲ့ တခြားတစ်ယောက်က အလုပ်များတဲ့သူဆိုတော့ အဆောင်မှာမရှိတာက များတယ်။ ဒီတော့အဆောင်မှာ ကျွန်တော်တစ်ယောက်တည်းပဲ နေတာများပါတယ်။

ကျွန်တော့်အလုပ်က မနက် ၈ နာရီအရောက် ရုံးသွားရတော့ ၅ နာရီခွဲရင် အိပ်ရာထ၊ ထမင်းအိုး တည်၊ ပြီးရင် ရေချိုး၊ ဘုရားရှိခိုး။ ပြီးရင် ရုံးသွားဖို့ ပြင်စရာရှိတာပြင်ပေါ့။ ရုံးမသွားခင် မနက်စောစာ ကို မနက်ကချက်တဲ့ထမင်းကို အိမ်ကယူလာတဲ့ ဟင်းနဲ့ စားလိုက်တယ်။ ရုံးကို ထမင်းချိုင့်ထည့်ရင် လည်း အိမ်ကယူလာတဲ့ အခြောက်အခြမ်းဟင်းကိုပဲ ထည့်ယူသွားတယ်။ ညနေရုံးက ပြန်ရောက်ရင် ဟင်းထပ်မချက်ဖြစ်တာများတယ်။ ပုံမှန်ကတော့ ရှိတဲ့ဟင်းနဲ့ပဲ စားလိုက်တာပဲ။ တစ်ခါတလေမှ အပြင်ကဟင်း ဝယ်စားဖြစ်တယ်။ ဟင်းရည်သောက်ကိုတော့ စွန်တန်ခြောက်ကို ရေနွေးနဲ့ ချဉ်စပ်ဟင်းရည်လုပ်လိုက်ရင်ရပြီ။ ချဉ်စပ်ဟင်းရည်က ကိုယ်ပဲကြိုက်လို့ပဲလားမသိဘူး၊ စားလို့ အဆင်ပြေ တယ်။ အဲဒီလိုနေလာတာ သုံးလကျော်ပြီ။

ထမင်းဝိုင်းရဲ့ အရသာ

အခုနောက်ပိုင်း ဒီလိုချည်း နေ့တိုင်းစားနေရတော့ ထမင်းစားချိန်ဆို စိတ်ကထွေလာတယ်။ ထမင်းစားချင်စိတ်ကိုမရှိဘူး။ ကိုယ့်မှာရှိတာလေးတွေ မစားချင်လို့ရှိရင် အဆောင်နားက ထမင်းဆိုင် လေးတွေမှာ သွားစားလည်းရတယ်။ ပါဆယ်ဝယ်လည်း ရတယ်။ အသား၊ ငါး၊ အသီးအရွက်အတော် ဖွယ်ဖွယ်ရာရာ တွေ့ရတယ်။ ရောက်ခါစကတော့ ဝယ်စားဖြစ်သေးတယ်။ အပြောင်းအလဲဖြစ်အောင် စားချင်တဲ့ဟင်းအမယ်တွေဝယ်စားပေါ့။ နောက်ပိုင်းအဲဒီဟင်းတွေလည်း မစားချင်တော့ဘူး။ ကြာတော့ ထမင်းစားချိန်ဆို စိတ်ညစ်လာတယ်။ ဟင်းကောင်းတာ မကောင်းတာနဲ့ မဆိုင်ဘူး။ ထမင်းစားချင်စိတ်ကို မရှိဘူးဖြစ်နေတာ။ ထမင်းစားလို့မြိန်တယ်ဆိုတာက ဟင်းကောင်းတွေချည်း နေ့တိုင်းစားနေရမှ မဟုတ်ဘူး။ ဟင်းအစပ်အဟပ်တည့်ရင် စားလို့မြိန်တယ်။ ထမင်းသိပ်ဆာနေတဲ့အချိန် ဘာဟင်းနဲ့ဖြစ်ဖြစ် စားလိုက် စားလို့ကောင်းပြန်ရော။ မြိန်ရာ ဟင်းကောင်း ခင်ရာဆွေမျိုးလိုပဲ။ နောက်ပြီး တစ်ယောက်တည်း ထမင်းစားရတာက မိသားစုနဲ့ ထမင်းလက်ဆုံစားရသလို စိုစိုပြည်ပြည်မဟုတ်ဘူး။ ထမင်းဝိုင်းက တိတ်ဆိတ်ခြောက်သွေ့နေတယ်။ ဗိုက်ဆာလို့သာ စားလိုက်ရတယ်။ တာဝန်အရ စားရသလိုပဲ။ ဗိုက်ပြည့်ပြီးရော။ ဘာအရသာမှ မရှိဘူး။ အဲဒီတော့ ဟင်းတွေပြောင်းပြီးစားလည်း ထမင်းဝိုင်းရဲ့ အရသာကတော့ ပြောင်းမသွားဘူး။

ကျွန်တော်တို့ ငယ်ငယ်ကဆို မေမေက ဟင်းချက်ရင် သေချာစီစဉ်ချက်ပေးတယ်။ သေချာစီစဉ် ချက်ပေးတယ်ဆိုတာက ဟင်းကောင်းတွေပဲ ချက်ပေးတယ်လို့ ပြောတာမဟုတ်ဘူး။ မေမေက ဟင်းကို ပတ်ပတ်နပ်နပ်လေးနဲ့ အစပ်အဟပ်တည့်အောင် စီစဉ်ချက်ပေးတာကို ပြောတာပါ။ အဲဒီတော့ မောင်နှမတစ်တွေ ခေါင်းမဖော်နိုင်အောင် လွေးကြပြီပေါ့။ အသားဟင်းမပါလည်း တောဓလေ့အတိုင်းရှိတဲ့ ဟင်းလေးနဲ့ မိသားစုဝိုင်းစားကြတာ မြိန်လည်းမြိန်၊ ပျော်စရာလည်းကောင်း။ ဘယ်အချိန် ပြန်တွေးတွေး လွမ်းစရာထမင်းဝိုင်းလေးပါ။

မိသားစုထမင်းဝိုင်း

အိမ်မှာက ဖေဖေ၊ မေမေနဲ့ မောင်နှမ ခြောက်ယောက်ရှိတယ်။ ထမင်းဝိုင်းစားရင် တပျော်တပါးကြီး။ ဟင်းချက်ရင် မေမေပဲ စီစဉ်တာများပါတယ်။ အိမ်ရှင်မဆိုတော့ စီးတဲ့ရေဆယ်တဲ့ကန်သင်း၊ မကုန်သင့်တာမကုန်အောင်၊ အဖိတ်အစဉ်အလေအလွင့်မရှိအောင်၊ ဟင်းအစပ်အဟပ် တည့်အောင် ချက်ပေးတယ်။ လူရှစ်ယောက်စာအတွက် ဆန်နို့ဆီဘူး ဘယ်နှဘူးချက်ရမယ်၊ အသားဟင်းဆိုရင် တစ်ယောက်ကို ဘယ်နှတုံးရမယ်ဆိုတာကအစ တွက်ပြီးမှချက်တာ။ အသားတုံးရင်လည်း အားလုံးအညီအမျှပဲ။ အသားတုံးမညီရင် မောင်နှမတွေ လုနေကြမှာလေ။ ဒီတော့ ချိန်ခွင်နဲ့မချိန်ရုံတစ်မယ် ပိုင်းထားလိုက်တာများ ငြင်းစရာကိုမလိုတာ။ အဲဒီလိုချက်မှလည်း မောင်နှမများတဲ့ထမင်းဝိုင်းမှာ အဆင်ပြေမှာမဟုတ်လား။ ထမင်းစားမယ်ဆိုရင် ဟင်းလောက်င အောင်လို့ အားလုံးစုပြီး စားခိုင်းတယ်။ တစ်ယောက်တစ်ပေါက် စားနေရင် ဟင်းက မလောက်မငဖြစ်မှာ။ ဖေဖေနဲ့အစ်ကိုကြီးအတွက်ကို မေမေက ဟင်းခွက်နဲ့ သီးသန့်ခပ်ထားပေးထားတယ်။ ဖေဖေနဲ့ အစ်ကိုကြီးက အိမ်ရဲ့အိမ်ဦးနတ် မဟုတ်လား။ ဒီတော့ ဟင်းကို ဦးဦးဖျားဖျား ခပ်ပေးထားတယ်။

နေ့ခင်းထမင်းစားချိန်မှာ ဖေဖေနဲ့အစ်ကိုကြီးက အလုပ်ကြောင့် မအားတာကလွဲရင် ကျန်တဲ့မိသားစုတွေ ဝိုင်းစားကြတယ်။ ညနေပိုင်းထမင်းစားရင်တော့ မိသားစုအကုန်ပါတယ်။ မိသားစုအားလုံး ထမင်းဝိုင်းစားအောင် မေမေက ပြောထားပြီးသား။ တစ်ယောက်ယောက်က ထမင်းစားမယ်ဆို ကျန်တဲ့သူတွေပါ တစ်ခါတည်းစားဖို့ မေမေက ပြောတယ်။ မဖြစ်မနေ တစ်ယောက်ချင်းစားရမယ်ဆိုရင် တစ်ယောက်ကို ဟင်းဘယ်နှတုံးထည့်စားလို့ မေမေက တစ်ခါတည်းပြောလိုက်တယ်။ ပုံမှန်ကတော့ နှစ်တုံးပဲ။ မေမေအားရင် သူကိုယ်တိုင် ဟင်းထည့်ပေးတယ်။ ဟင်းထည့်ပေးရင်း ပြောလိုက်သေးတယ်။ အသားတုံးထပ်မတောင်းနဲ့၊ ဟင်းအနှစ်လိုချင်ရင် ထပ်ယူတဲ့။ အပြတ်ပဲ။ အဲဒီတော့ အားလုံး အညီအမျှစားရတယ်၊ ထမင်းစားပြီးရင်လည်း ပိုလို့ကျန်နေတာ၊ မကုန်လို့ လွှင့်ပစ်လိုက်ရတာ မရှိဘူး။ မိသားစုအားလုံး အတူတူစားရင် ဖေဖေနဲ့ အစ်ကိုကြီးဟင်းလည်း ပေါင်းပြီးစားတယ်။ အဲဒါဆို ကျွန်တော်တို့အကြိုက်ပဲ။ ဖေဖေနဲ့အစ်ကိုကြီးက သူတို့ဟင်းကို ကျွန်တော်တို့ကို ထည့်ပေးတာကိုး။ ကျွန်တော်တို့ရတဲ့ဟင်းတုံးရော ဖေဖေတို့ပေးတဲ့ ဟင်းတုံးရောဆိုတော့ ကျွန်တော်တို့မောင်နှမ အချင်းချင်းမျက်စပစ်ပြီး စားတော့တာပဲ။ အဲဒါဆို ဖေဖေနဲ့မေမေက သဘောကျပြီး ပြုံးပြုံးကြီး ကြည့်နေတာ။ ကျွန်တော်တို့ သိတတ်စအရွယ်ကတည်းက မိသားစုနဲ့ ထမင်းဝိုင်းစားနေကျဆို တော့ ကျွန်တော်တို့တစ်တွေ အရွယ်ရောက်လာတော့လည်း မိသားစုနဲ့ဝိုင်းစားတာက အိမ်ရဲ့ဓလေ့ တစ်ခုလို ဖြစ်နေတယ်။ ထမင်းဝိုင်းမှာ မိသားစုဝင်တစ်ယောက်ယောက်များမပါရင် တစ်ခုခုလိုနေသလိုပဲ။ ဟာတာတာနဲ့။         

အဖိုးဖြတ်မရတဲ့ ဟင်းတစ်ခွက်

ကျွန်တော်တို့အိမ်မှာ မိသားစုထမင်းဝိုင်းစားရင် အတော်ပျော်စရာကောင်းတယ်။ မောင်နှမတစ်တွေ စလိုက်ပြောင်လိုက်နဲ့။ အဲဒီအချိန်မှာ ဖေဖေ၊ မေမေတို့က အမြင်မတော်တာရှိရင် ဆုံးမကြ၊ သင်ပေးကြ။ အစ်ကိုကြီးကလည်း ပြောစရာရှိတာပြော။ ကျွန်တော်တို့အစ်ကိုကြီးဆိုတာက မောင်နှမ ခြောက်ယောက်မှာ အကြီးဆုံး။ ဖေဖေ၊ မေမေပြီးရင် အကြောက်ရဆုံး။ အကြီးဆုံးလည်း ပီသတယ်၊ ညီငယ်ညီမငယ်တွေကိုလည်း ချစ်လိုက်တာ၊ အလိုလည်း လိုက်ရဲ့၊ အမြင်မတော်လည်းရိုက်ရဲ့။ အဲဒီ တော့ ချစ်ကြောက်ရိုသေပေါ့။ ထမင်းဝိုင်းလူစုံရင် မိသားစုကိစ္စ၊ ကျွန်တော်တို့ ကျောင်းကိစ္စတွေ ပြောကြပေါ့။ အခုနေ ပြန်တွေးကြည့်တော့ အော် မိသားစုထမင်းဝိုင်းမှာ မိသားစုသံယောဇဉ်၊ မောင်နှမသံယောဇဉ်တွေ အများကြီးရခဲ့တာပါလားလို့လေ။ မိသားစုသံယောဇဉ်က ထမင်းဝိုင်းရဲ့ အဖိုး ဖြတ်မရတဲ့ ဟင်းတစ်ခွက်ဆိုရင်လည်း မမှားပေဘူး။

အရွယ်ရောက်လာတော့ မောင်နှမတစ်တွေလည်း ကိုယ့်အိုးကိုယ့်အိမ်၊ သူ့အိုးသူ့အိမ် သူ့မိသားစုနဲ့ ဖြစ်သွားကြတော့ ကျွန်တော်တို့မိသားစုထမင်းဝိုင်းမှာ လူမစုံတော့ဘူး။

ကျွန်တော်တို့မိသားစုထမင်းဝိုင်းလေးဟာ ကျွန်တော်တက္ကသိုလ်ပြီးတဲ့အချိန်အထိ မိသားစု စုံစုံလင်လင်ပါပဲ။ မိသားစုထမင်းဝိုင်း မပျက်ခဲ့ဘူး။ ကျွန်တော်တက္ကသိုလ်ပြီးလို့ လုပ်ငန်းခွင်ဝင်လိုက် တဲ့အချိန်မှာ အလုပ်က တစ်နယ်တစ်ကျေးအဝေးမို့ မိသားစုနဲ့ ကျွန်တော်စတင်ခွဲခွာခဲ့ရပါတယ်။ အဲဒီ အချိန်ကစလို့ မိသားစုထမင်းဝိုင်းနဲ့ ကျွန်တော်စတင်ဝေးကွာသွားခဲ့တာပါ။ ဖေဖေ၊ မေမေနဲ့ ကျန်တဲ့မောင်နှမတစ်တွေကတော့ အရင်အတိုင်းပဲပေါ့။ မိသားစုတစ်တွေ ထမင်းလက်ဆုံစားနေကျစမြဲ။ နွေးထွေးနေကျဆဲပဲ။ မိသားစုထမင်းဝိုင်းနဲ့ ဝေးကွာနေတဲ့ ကျွန်တော့်ရဲ့ လက်တစ်စုံကတော့ မီးဝေးချိပ်လို အေးစက်နေခဲ့ပါတယ်။

အမှတ်ရစရာ မိသားစုပုံရိပ်တွေ

အဲဒီအချိန်ကတည်းက မိသားစုထမင်းဝိုင်းနဲ့ ဝေးကွာခဲ့တဲ့ ကျွန်တော်ဟာ ရံဖန်ရံခါ အိမ်ပြန်ရောက်မှ ထမင်းဝိုင်းထဲ ဝင်နိုင်ပါတော့တယ်။ ဒါပေမယ့် မိသားစုမစုံတော့ပါဘူး။ ဖေဖေ၊ မေမေနဲ့ အစ်ကိုကြီး တို့က ဘဝသံသရာရထားကြီးပေါ်ကနေ ထာဝရဆင်းသွားခဲ့ကြပါပြီ။ အိမ်ထောင်ကျတဲ့ မောင်နှမ တွေကလည်း သူ့အိုး သူ့အိမ် သူ့မိသားစုနဲ့ မိသားစု ထမင်းဝိုင်းဖြစ်နေပါပြီ။ တွေ့ကြုံ၊ ဆုံကွဲဆိုတာက လူတိုင်းကြုံတွေ့ကြရတဲ့ လောကဓမ္မတာပါ။ ရှောင်ကွင်းလို့ မရပါဘူး။

ဒါပေမယ့်တွေ့ဆုံကြုံကြိုက်လို့ အတူနေကြရတဲ့ အချိန်ခဏလေးမှာ ဘယ်လောက်ချစ်ခင်ခဲ့ကြတယ်၊ နွေးထွေးခဲ့ရတယ်၊ ကြည်နူးခဲ့ရတယ်၊ ပျော်ရွှင်ခဲ့ရတယ်၊ မေတ္တာတွေ မျှဝေပေးနိုင်ခဲ့ကြတယ် ဆိုတာက အမှတ်ရစရာ မိသားစုပုံရိပ်တွေနဲ့ ချစ်စရာဓလေ့တွေပဲ မဟုတ်လား။

အခုဆို ကျွန်တော့်ရဲ့မိသားစုမှာ စုစုပေါင်း လေးယောက်ရှိပါတယ်။ ဒါပေမယ့် လေးယောက်လုံး ထမင်းလက်ဆုံစားဖို့ မနည်းလုပ်ယူနေရတယ်။ ဇနီးဖြစ်သူက အိမ်မှာအမြဲရှိပေမယ့် ကျွန်တော်က အလုပ်ကိစ္စနဲ့ ထမင်းစားချိန် အိမ်မှာမရှိ၊ သမီးနှစ်ယောက်ကလည်း ကျောင်းသွား၊ ကျူရှင်သွားနဲ့ အိမ်မှာဧည့်သည်လိုပဲ။ ကျောင်းနဲ့ ကျူရှင်ပြီးလို့ အိမ်ပြန်ရောက်တော့ ည ၉ နာရီကျော်နေပြီ။ မိသားစုအကုန်လုံး မျက်နှာချင်းဆိုင်တဲ့အချိန်က ခဏပဲ။ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်တွေမှာ မိသားစုအားလုံးစုံလားဆိုတော့ ဒီလိုပဲမထူးပါဘူး။ ခေတ်က အရင်လိုမဟုတ်တော့ဘူး။ မိသားစု စားဝတ်နေရေးက အိမ်ထောင်ဦးစီးလုပ်စာတစ်ခုတည်းနဲ့ မလုံလောက်နိုင်တော့ဘူး။ လက်လှုပ်မှ ပါးစပ်လှုပ်ရမယ့်အခြေအနေ။

သားသမီးတွေကလည်း မိုးလင်းကတည်းက ထမင်းချိုင့်နဲ့ ကျောင်းသွားလိုက်ကြတာ အိပ်ချိန်မှ အိမ်ပြန်ရောက်တော့တယ်။ ခေတ်အခြေအနေတွေက အဲဒီလိုပြောင်းသွားပြီ။ မိသားစုအားလုံး လက်ဆုံ ထမင်းစားဖို့မပြောနဲ့၊ မျက်နှာချင်းဆိုင်ဖို့တောင် မနည်းအချိန်လုနေရတယ်။ ဒါတောင် အမေလုပ်တဲ့ သူက စီးပွားရှာရင် ပိုဆိုးသေး။ သူဝင်ကိုယ်ထွက်နဲ့ အိမ်မှာ မိသားစု စုံကိုမစုံနိုင်ဘူး။

အဲဒီလိုအခြေအနေအောက်မှာ ကျွန်တော်ဟာ သမုဒ္ဒရာဝမ်းတစ်ထွာအတွက် မိသားစုနဲ့ဝေးရာမှာ အခုချိန်ထိ ကျင်လည်နေရဆဲပဲ။ ဒီတော့ ကျွန်တော်တို့မိသားစုရဲ့ ထမင်းဝိုင်းလေးဟာ လူစုံလိုက်၊ မစုံလိုက်နဲ့ပဲ ရှိသေးတယ်၊ ကျွန်တော်ကသပ်သပ်၊ မိသားစုသုံးယောက်က သပ်သပ်နဲ့။ အခု ရန်ကုန်မှာ အလုပ်လုပ်တော့လည်း ထိုနည်းလည်းကောင်းပဲပေါ့။ မိသားစုမစုံတဲ့ ထမင်းဝိုင်းက ကျွန်တော့်အတွက် တိတ်ဆိတ်လွန်း၊ ခြောက်သွေ့လွန်း၊ အရသာကင်းမဲ့လွန်းလှပါတယ်။ နေ့လယ် ရုံးမှာထမင်းစား ရင် နည်းနည်းတော်သေးတယ်ပြောရမယ်။ ထမင်းစားချိန်ဆို ဝိုင်းဖွဲ့ပြီးစားကြတယ်။ ဝိုင်းဖွဲ့စားကြတော့ ထမင်းဝိုင်းလေးက စိုစိုပြည်ပြည်နဲ့။ တစ်ယောက်နဲ့တစ်ယောက် ပြောလိုက်ဆိုလိုက်၊ နောက်လိုက်စလိုက်နဲ့ ရင်းရင်းနှီးနှီးစားဖြစ်ကြတယ်။ နွေးထွေးတဲ့ အသိုက်အဝန်းလေးတစ်ခုလို ခံစားရတယ်။ ရုံးမှာ ထမင်းစုစားရင်းနဲ့တောင် ပြောဖြစ်ခဲ့သေးတယ်။ ကျွန်တော်တို့အိမ်က မိသားစု ထမင်းဝိုင်းကို သတိရလိုက်တာလို့။

နီးလျက်နဲ့ဝေးရတဲ့ ထမင်းဝိုင်း

အဲဒါနဲ့ဆက်စပ်ပြီး ခေတ်ရဲ့ပုံရိပ်တစ်ခုလို့ဆိုရမယ့် မကြုံစဖူး ကြုံမိတာလေးတွေ့မိသေးတယ်။ မိတ်ဆွေမိသားစုရဲ့ ထမင်းဝိုင်းလေးမှာပါ။ မိသားစု လေးယောက်သား ထမင်းဝိုင်းမှာ အတူတူစားနေ ကြပါတယ်။ ကိုယ်စီက ထမင်းစားရင်း ဖုန်းကြည့်နေကြပါတယ်။ ထမင်းစားလိုက် ဖုန်းကြည့်လိုက်နဲ့။ ထမင်းဝိုင်းက တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဖုန်းကြည့်မပျက်ကြဘူး။ စကားကလည်း တစ်ယောက်နဲ့ တစ်ယောက် မေးထူးပြန်ဖြေ တစ်ခွန်းစနှစ်ခွန်းစ လောက်ပဲ။ နီးလျက်နဲ့ဝေးရတဲ့ ထမင်းဝိုင်းလိုပါပဲ။ ခေတ်ရေစီးထဲက ဓလေ့တစ်ခုလား မပြောတတ်ဘူး။

အဲဒီလိုဆိုပြန်တော့ ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ မိသားစုထမင်းဝိုင်းဆိုတာလေးကို ပြန်စဉ်းစား ကြည့်မိတယ်။ ကြည်နူးစရာကောင်းလိုက်တာ၊ နွေးထွေးတဲ့ မိသားစုဘဝအချိန်တစ်ခုဆိုရင်လည်း မမှားပေဘူး။ မိဘနဲ့သားသမီး၊ ညီအစ်ကိုမောင်နှမတွေအကြား မိသားစုစိတ်ဓာတ်ဖြစ်ဖို့ဆိုတာ တည်ဆောက်ယူရတာတွေရှိပါတယ်။ မိသားစုဆိုတာက ဘဝသံသရာရထားကြီးပေါ်က ခရီးသည် တွေဆိုပေမယ့် အရင်းနှီးဆုံးခရီးသည်တွေပါ။ ဒါပေမယ့် မိသားစု၊ မောင်နှမသားချင်း ဘယ်လောက်ပဲ ရင်းပါတယ်ပြောပြော၊ အနေဝေးရင် စိမ်းသွားတတ်တာ၊ အေးသွားတတ်တာ သဘာဝပဲလေ။ အဲဒီတော့ မိသားစုစိတ်၊ မောင်နှမသားချင်းစိတ်ဖြစ်ဖို့က အနေနီးတာ၊ ဝေးတာအပြင် မေတ္တာနှောင်ဖွဲ့တာတွေနဲ့ တည်ဆောက်ယူရတာလို့ ထင်တာပဲ။

အဲဒီလို မေတ္တာအနွေးဓာတ်တွေပါဝင်တဲ့ မိသားစုထမင်းဝိုင်းကနေ ခွဲခွာနေရဆဲ ကျွန်တော့်ရဲ့ လက်တစ်စုံဟာ အဲဒီထမင်းဝိုင်းဆီ ပြန်မရောက်နိုင်သေးဘူး။ ငယ်စဉ်က မိသားစုထမင်းဝိုင်းမှာ မိဘတွေ ပေးအပ်ခဲ့တဲ့ နွေးထွေးမှုမျိုးကို ကျွန်တော့်မိသားစု ကို ကျွန်တော်မပေးအပ်နိုင်သေးပါဘူး။ မိသားစု အတွက် ကျွန်တော့်ရဲ့ လက်တစ်စုံဟာ အေးစက်လို့ နေဆဲပါ။ ။