Skip to main content

မြန်မာ့ကော်ဖီ ဖွံ့ဖြိုးမှုမှသည် နိုင်ငံ့စီးပွားတိုးပွားစေမည်

နှင်းယု

မွှေးပျံ့သောရနံ့နှင့် ခါးဆိမ့်သောအရသာရှိသည့် ကော်ဖီတစ်ခွက်ကပင်ပန်းမှုကို ပြေလျော့စေသည်။ လန်းဆန်းမှုကိုဖြစ်စေသည်။ လူတန်းစားမရွေး၊ အချိန်အခါမရွေး ကော်ဖီကိုနှစ်သက်စွာ သောက်သုံးကြသည်။ အနံ့၊ အရသာထူးခြားပြည့်စုံသည့် မြန်မာ့ကော်ဖီကို ကာလာစုံ၊ ဒီဇိုင်းစုံ ထုပ်ပိုးမှုပုံစံအမျိုးမျိုးဖြင့် ပြည်တွင်းစားသုံးသူများ ရရှိနိုင်သည့်အပြင် ပြည်ပဈေးကွက်သို့လည်း တင်ပို့လျက်ရှိသည်။ မြန်မာနိုင်ငံကော်ဖီစိုက်ပျိုးထုတ်လုပ်မှု၏ ထက်ဝက်ခန့်ကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိပြီးကော်ဖီကို အမေရိကန်၊ ဥရောပ၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်းနှင့်တရုတ်နိုင်ငံများသို့ အများဆုံးတင်ပို့လျက်ရှိသည်။

ဈေးကွက်ဝင် တန်ဖိုးမြှင့်အရည်အသွေးကောင်း ကော်ဖီမျိုးများ

ကော်ဖီပင်သည် နှစ်ရှည်ပင်ဖြစ်သည့်အတွက် တစ်ခါစိုက်ပျိုးပြီး အပင်ဖြစ်ထွန်းပါက နှစ်ပေါင်းများစွာဝင်ငွေရမည့် သီးနှံပင်မျိုးဖြစ်သည်။ မြန်မာနိုင်ငံတွင် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေကိုမူတည်ပြီး ဒေသ၏ရေမြေရာသီဥတုအခြေအနေကိုမူတည်ကာ ဈေးကွက်ဝင်တန်ဖိုးမြှင့် အရည်အသွေးကောင်း ကော်ဖီမျိုးများကို ရွေးချယ်စိုက်ပျိုးကြသည်။

ကော်ဖီသီးနှံထုတ်လုပ်မှု တန်ဖိုးကွင်းဆက်တစ်လျှောက်လုံး ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ကော်ဖီစိုက်ပျိုး ထုတ်လုပ်လျက်ရှိသည့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၊ မြန်မာနိုင်ငံကော်ဖီအသင်းနှင့် အဖွဲ့အစည်းများပါဝင်သော ကော်ဖီဗဟိုအဖွဲ့ကိုလည်း ဖွဲ့စည်းပြီး ကြိုးပမ်းဖော်ဆောင်လျက်ရှိသည်။

ထို့ပြင် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ကော်ဖီသီးနှံထုတ်လုပ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများကို ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီလျက်ရှိသည်။

ကော်ဖီကဏ္ဍဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်အနေဖြင့် အားပေးကူညီလျက်ရှိပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် မေလအတွင်းသွားရောက်ခဲ့သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ခရီးစဉ်နှင့် စက်တင်ဘာလအတွင်း သွားရောက်ခဲ့သည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ခရီးစဉ်တို့၌ ကော်ဖီလုပ်ငန်းရှင်များအပါအဝင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME)လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့သည်။

“ကော်ဖီသီးနှံက စိုက်ပျိုးတဲ့သူအတွက် အကျိုးကျေးဇူးရှိသလို နိုင်ငံတော်အတွက် ပြည်ပပို့ကုန်တစ်ခုအဖြစ် အလားအလာအများကြီးရှိတဲ့ သီးနှံတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်ကလည်းအားပေးတယ်။ စိုက်ပျိုးတဲ့သူတွေဘက်ကလည်း ကော်ဖီဖွံ့ဖြိုးရေးကိုအားစိုက်ကြတယ်။ ကော်ဖီသီးနှံထုတ်လုပ်တဲ့ MSME လုပ်ငန်းတွေအတွက် လိုအပ်တဲ့ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီး၊ အရင်းအမြစ်စတဲ့ အချက်လေးချက် ပြည့်စုံအားကောင်းရေးကို ကျွန်မတို့ဌာနအနေနဲ့ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါတယ်” ဟု စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ အိရွှေစင်ထွန်းက ပြောကြားသည်။

တစ်နိုင်ငံလုံးအနေဖြင့် ကော်ဖီဆန်ထွက်ရှိမှုသည် တန်ချိန် ၁၀၀၀၀ ခန့်ရှိ

မြန်မာနိုင်ငံ၌ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ကော်ဖီစိုက်ပျိုးပြီး ဧရိယာစုစုပေါင်း ၂၀၂၄၂ ဟက်တာ (ဧက ၅၀၀၀၀ ခန့်)ရှိပြီး အသီးခူးဧရိယာမှာ ၁၄၁၇၀ ဟက်တာ(ဧက ၃၅၀၀၀ ခန့်)ရှိသည်။ တစ်နိုင်ငံလုံးအနေဖြင့် ကော်ဖီဆန်ထွက်ရှိမှုသည် တန်ချိန် ၁၀၀၀၀ ခန့်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။

“နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေကနေ ကော်ဖီလုပ်ငန်းဖွံ့ဖြိုးရေး ဆောင်ရွက်ဖို့ ငွေကျပ်သိန်း ၂၀၀ ချေးငွေရရှိခဲ့ပါတယ်။ ဒီလိုရရှိခဲ့တဲ့အတွက် ကိုယ့်လုပ်ငန်း ပိုပြီးတိုးတက်အောင် လုပ်ဆောင်နိုင်တဲ့အတွက် နိုင်ငံတော်အစိုးရကို ကျေးဇူးတင်ပါတယ်။ ကော်ဖီလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ထောက်ပံ့ကူညီမှုတွေ ပေးစေချင်ပါတယ်။ ကော်ဖီကဏ္ဍဖွံ့ဖြိုးရေးအတွက် ပြည်ပဈေးကွက်တင်ပို့တဲ့ လုပ်ငန်းစဉ်ပိုပြီးလွယ်ကူအောင်လည်း ကူညီပေးစေချင်ပါတယ်။ ကျွန်တော်တို့ ကော်ဖီလုပ်ငန်းက စနစ်တကျသေချာလုပ်မယ်ဆိုရင် လုပ်ငန်းရှင်အတွက်၊ နိုင်ငံအတွက် ပြည်ပဝင်ငွေရရှိနိုင်တဲ့လုပ်ငန်းတစ်ခုပါ။ စိုက်ပျိုးရေးလုပ်ငန်းဆိုပေမယ့် အနုစိတ်တယ်။ စိုက်ပျိုးတဲ့နေရာကနေစပြီး ထုတ်လုပ်တဲ့အဆင့်ဆင့် ကိုလည်းဂရုစိုက်ရတယ်။ ထုတ်လုပ်ပြီးတော့ ဝယ်သူလက်ထဲ ရောက်တဲ့အထိ အနံ့၊ အရသာပြည့်စုံတဲ့ မြန်မာ့ကော်ဖီအမှတ်တံဆိပ်ဖြစ်အောင် စနစ်တကျလုပ်ရပါတယ်” ဟု Light House အမှတ်တံဆိပ် ကော်ဖီလုပ်ငန်းရှင် ဦးဇေယျာမင်းက ပြောပြသည်။

ကော်ဖီသည် ကမ္ဘာ့ဈေးကွက်တွင် ရေနံပြီးလျှင် ကုန်သွယ်မှုအများဆုံးဖြစ်သည်။ အနံ့နှင့်အရသာကောင်းမွန်လျှင် ဈေးကောင်းရသည့်အတွက် မြန်မာ့ကော်ဖီဖွံ့ဖြိုးရေးအတွက် နေရာဒေသနှင့်ကိုက်ညီသည့် မျိုးရွေးချယ်မှုမှန်ကန်ရေးကို စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် အားစိုက်ကူညီပေးလျက်ရှိသည်။

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ကော်ဖီစိုက်တောင်သူများအတွက် ပညာပေးရေးလုပ်ငန်းများ၊ ကွင်းဆင်းကြီးကြပ်ခြင်းလုပ်ငန်းများကို လအလိုက်တစ်နှစ်ပတ်လုံး အချိန်ဇယားများ ရေးဆွဲပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ကော်ဖီသီးနှံကို အဓိကထားစိုက်ပျိုးသော ဒေသများအနက် နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးပြုစုသော ပြင်ဦးလွင်ဒေသ၌ပင် ၂၀၂၁ ခုနှစ်မှစ၍ ကော်ဖီပင်စည်ထိုးပိုး ကျရောက်ဖျက်ဆီးခြင်းခံရသောကြောင့် ပြင်ဦးလွင်ဒေသရှိ ကော်ဖီ-ရာသီသီးနှံဌာနခွဲမှ ဝန်ထမ်းများဦးဆောင်၍ ကော်ဖီစိုက်တောင်သူများအား TOT သင်တန်းပေးခြင်း ငါးကြိမ်အပါအဝင် နည်းပညာပေးသင်တန်းများပြုလုပ်ခြင်း၊ ဆင့်ပွားသင်တန်းများပြုလုပ်ခြင်း၊ ကွင်းသရုပ်ပြပွဲများပြုလုပ်ခြင်း၊ ကော်ဖီစိုက် တောင်သူများ၏ စိုက်ခင်းများအရောက် ကွင်းဆင်း၍ နည်းပညာများပေးခြင်း၊ လက်တွေ့နှိမ်နင်းမှု သရုပ်ပြခြင်းများဆောင်ရွက်ခြင်း၊ ကော်ဖီပင်စည်ထိုးပိုးအန္တရာယ်ကာကွယ်နှိမ်နင်းရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ဖေ့စ်ဘွတ်နှင့် သတင်းမီဒီယာများမှ သတင်းဆောင်းပါးများ ဖော်ပြခြင်းတို့ကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။

မကြာမီ ကော်ဖီအသီးခူးရာသီသို့ ရောက်ရှိလာတော့မည်ဖြစ်ပါသောကြောင့် ကော်ဖီပင်စည်ထိုးပိုးကို ဌာနမှပညာပေးသည့်အတိုင်း စနစ်တကျဆောင်ရွက်မှုမရှိပါက ထိရောက်စွာမကာကွယ်နိုင်ဘဲ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပျံ့နှံ့သွားပြီး တောင်သူများ၏ အကျိုးစီးပွားသာမက နိုင်ငံတော်၏အကျိုးစီးပွားကို ထိခိုက်နိုင်သောကြောင့် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်သည်။

ကော်ဖီသီးနှံက ရေရှည်အကျိုးပြုတဲ့ နှစ်ရှည်သီးနှံဖြစ်

“ကော်ဖီသီးနှံက စနစ်တကျတစ်ခါစိုက်ပြီးရင် ရေရှည်အကျိုးပြုတဲ့ နှစ်ရှည်သီးနှံဖြစ်တယ်။ ဒါကြောင့် စိုက်ပျိုးချင်ကြတယ်။ အခုလက်ရှိမှာ နိုင်ငံတော်ကလည်း ကော်ဖီဖွံ့ဖြိုးရေးအတွက် အားပေးနေတယ်။ ကျွန်တော်တို့ဌာနအနေနဲ့လည်း ကော်ဖီစိုက်ပျိုးတဲ့သူတွေအတွက်လိုအပ်တဲ့ စိုက်ပျိုးနည်းစနစ်တွေ စဉ်ဆက်မပြတ်ပေးနေပါတယ်။ ပြီးတော့အရည်အသွေးကောင်း ကော်ဖီထုတ်လုပ်ရာမှာအသုံးပြုတဲ့ ကော်ဖီသီးမှည့်အခွံချွတ်စက်၊ အကျိအချွဲဖယ်စက်၊ ကော်ဖီလှန်းစင်၊ ကော်ဖီသီးအချိုဓာတ်တိုင်းကိရိယာ၊ ကော်ဖီဆန်အစို ဓာတ်တိုင်းကိရိယာ၊ ကျင်းတူးစက်၊ နေရောင်ခြည်သုံး အခြောက်ခံကိရိယာ၊ ကော်ဖီပင်ကိုင်းဖြတ် ပုံသွင်းကိရိယာစတဲ့ လုပ်ငန်းသုံးစက်ပစ္စည်းကိရိယာတွေကို ထောက်ပံ့ကူညီပေးနေတာလည်းရှိပါတယ်” ဟု စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီ-ရာသီသီးနှံ ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးမြင့်ဆွေက ရှင်းပြသည်။

မြန်မာ့ကော်ဖီအရည်အသွေးပိုမိုမြင့်မားလာ၍ ထုတ်လုပ်မှုပမာဏတိုးတက်လာပြီး ကမ္ဘာ့ဈေးကွက်သို့ ပိုမိုထိုးဖောက်နိုင်ရန်၊ ကော်ဖီကို မြန်မာနိုင်ငံ၏ အဓိကပို့ကုန်ဖြစ်လာစေရန်အတွက် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ၊ ပညာပေးသင်တန်းများ၊ မျိုးစေ့ပျိုးပင်ပျိုးထောင်ဖြန့်ဖြူးခြင်းလုပ်ငန်းများ၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာနကော်ဖီ - ရာသီသီးနှံဌာနခွဲမှ ဆောင်ရွက်လျက်ရှိသည်။

“ကော်ဖီသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ဖို့ တောင်သူပညာပေးစံပြကွက်တွေ ကျွန်တော်တို့ဌာနက စိုက်ပျိုးပြတာလည်းရှိပါတယ်။ ပြီးတော့ အသုံးချသုတေသန စမ်းသပ်ကွက်တွေလည်း စိုက်ပြပါတယ်။ စိုက်ပျိုးထုတ်လုပ်တဲ့ ကော်ဖီစိုက်ခင်းတွေ၊ ကော်ဖီ GAP အသိမှတ်ပြုလက်မှတ်တွေ ရရှိရေးကိုလည်း ကူညီပေးနေပါတယ်”ဟု ကော်ဖီ-ရာသီသီးနှံဌာနခွဲမှ ညွှန်ကြားရေးမှူးက ပြောသည်။

ကော်ဖီ-ရာသီသီးနှံဌာနခွဲသည် စိုက်ပျိုးရေးထုတ်ကုန်များကို ဘေးအန္တရာယ်ကင်းရှင်းစွာထုတ်လုပ်နိုင်ရေးနှင့် စားသောက်ကုန်များတွင် ဓာတုဓာတ်ကြွင်းများ မကျန်ရှိစေရေးတို့အတွက် ကောင်းမွန်သော စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် သက်ဆိုင်သည့်သင်တန်းများကိုလည်း ကော်ဖီစိုက်ပျိုးသူများထံ စဉ်ဆက်မပြတ် ပို့ချပေးလျက်ရှိကြောင်း သိရသည်။

“စိုက်ပျိုးရေးဦးစီးဌာနကနေ ထောက်ပံ့ပေးခဲ့တဲ့ လုပ်ငန်းသုံးစက်ပစ္စည်းကိရိယာတွေက ကျွန်တော် တို့ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်း လုပ်ဆောင်ရာမှာ အများကြီးအသုံးဝင်ပါတယ်။ ကျွန်တော်တို့ ဒေသနဲ့လည်းကိုက်ညီတဲ့ ပစ္စည်းတွေဖြစ်တဲ့အတွက် ဒေသတွင်းကော်ဖီစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးရေးကိုလည်း အကျိုးပြုတယ်။ ပြီးတော့ ကျွန်တော်တို့လို ကော်ဖီစိုက်တောင်သူတွေအတွက် နည်းပညာသင်တန်းတွေပေးတာ၊ ပစ္စည်းကိရိယာတွေ ထောက်ပံ့ပေးတာတွေကို ဆက်လက်ပြီးတော့ လုပ်ပေးစေချင်ပါတယ်”ဟု သံတောင်ကြီးကော်ဖီအစုအဖွဲ့မှ အဖွဲ့ဝင်တောင်သူတစ်ဦးဖြစ်သည့် ဦးစောပီတာက ပြောသည်။

မြန်မာနိုင်ငံတွင် ကုန်းမြင့်ကော်ဖီမျိုးများကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ (တောင်ပိုင်း)နှင့် (မြောက်ပိုင်း) ဒေသများ၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးမှ မိုးကုတ်နှင့် ပြင်ဦးလွင်၊ မကွေးတိုင်းဒေသကြီး အနောက်ခြမ်းရှိ နတ်ရေကန်တောင်တန်း စသည့်ဒေသများတွင် စိုက်ပျိုးမှုများပြီး မြေနိမ့်ကော်ဖီမျိုးများကို ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးကြသည်။

ထိုသို့ နိုင်ငံအတွင်းကော်ဖီစိုက်ပျိုးရာတွင် ကော်ဖီမျိုးစိတ်(Species)များစွာရှိသော်လည်း အနံ့နှင့်အရသာကောင်းမွန်ပြီး ဈေးကောင်းရရှိသည့် ကုန်းမြင့်ကော်ဖီမျိုး အာရေးဗီးကားနှင့် မြေနိမ့်ကော်ဖီမျိုးဖြစ်သည့် ရိုဘတ်စတာ၊ လိုက်ဘရီကာ၊ အိတ်ဆယ်စာ စသည့် ကော်ဖီမျိုးစိတ်လေးခုကိုသာ စီးပွားဖြစ်စိုက်ပျိုးမှုများကြောင်း သိရသည်။

ကမ္ဘာ့ကော်ဖီ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချနေသည့် နိုင်ငံပေါင်း ၇၅ နိုင်ငံတွင် မြန်မာနိုင်ငံသည် ပါဝင်နေပြီး စိုက်ပျိုးထွက်ရှိနေသည့် ကော်ဖီသည် ကမ္ဘာ့ဈေးကွက်ဝင် အရည်အသွေးကောင်းကော်ဖီမျိုးများဖြစ်သည့်အတွက် ကော်ဖီကဏ္ဍသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးကို အထောက်အပံ့ကောင်းများစွာ ဖော်ဆောင်ပေးနိုင်သည့် သီးနှံတစ်မျိုးဖြစ်သည်။

သို့ဖြစ်ရာ ကော်ဖီသီးနှံကွင်းဆက်တစ်ခုလုံး ဖွံ့ဖြိုးမှုရရှိရေးကို ကော်ဖီထုတ်လုပ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းရှင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၊ မြန်မာနိုင်ငံကော်ဖီအသင်းနှင့် အဖွဲ့အစည်းများက လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။