ဘဝအတွက်အဖိုးတန်ရာတရားနှင့် သာမညဖလအခါမှာ
ဒေါက်တာမြတ်မိုး
လောကကြီးမှာ အယူမမှား၊ အယူမှန်ဖို့က အရေးကြီးလှသည်။ အယူမှန်မှလည်း မှန်ကန်သော အကြံအစည်ဟူ၍ ဖြစ်ပေါ်နိုင်ပါသည်။ ကိလေသာတို့ကို ပယ်သတ်ပြီး နိဗ္ဗာန်သို့ လျှောက်လှမ်းရာမှာ ဒုက္ခကို ဒုက္ခမှန်းသိခြင်း၊ ဒုက္ခ၏အစ၊ ဒုက္ခချုပ်ကြောင်းနှင့် ဒုက္ခငြိမ်းရာ အမှန်လမ်းကို သစ္စာအမှန်အဖြစ်လည်းကောင်း၊ သမ္မာဒိဋ္ဌိဟူသော အယူမှန်ခြင်းကို မဂ္ဂင်ရှစ်ပါးမှာ အရေးအကြီးဆုံးတစ်ပါးအဖြစ်လည်းကောင်း ကျေးဇူးရှင်မြတ်စွာဘုရားက အတိအလင်းဟောတော်မူခဲ့သည်။
ထိုတရားများ၏ ဆန့်ကျင်ဘက်ကား မိစ္ဆာဒိဋ္ဌိအယူမှားခြင်းဖြစ်သည်။ အယူမှားမှုများကြောင့် လူများပျက်စီးရသည်။ လောကကြီးဖျက်ဆီးခံရသည်။ မြတ်စွာဘုရားဟောတော်မူသော၊ မှန်ကန်သော အယူဟူသည် မည်သည့်ဘာသာဖြစ်ရမည်ဟုမဆို၊ သတ္တဝါအားလုံးအတွက်ဖြစ်သည်၊၊ ဟိုအတွက်တော့မှန်သည်၊ ဒီအတွက်တော့ မမှန်မဟုတ်ပါ။ လက်တွေ့လိုက်နာကျင့်ကြံကြည့်ရန် အားပေးသည်။ အထက်ပါ သမ္မာဒိဋ္ဌိ မှန်ကန်သော အယူနှင့် မှန်ကန်သောအမြင်များကြောင့် အချို့ ပညာဉာဏ်ကြီးသူများမှာ သစ္စာလေးပါးအလင်းတရားကို ရှာဖွေလာကြပြီး သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်ရေးအထိ အကြံအစည်များဖြစ်ပေါ်ရသည်။ တစ်ပါးသူကို မပင်ပန်းစေခြင်း၊ စိတ်ဒုက္ခ မရောက်စေခြင်း၊ သတ္တဝါများကို မပျက်စီးစေလိုခြင်းစသည့် စေတနာကောင်းရှိသူများ လောကတွင် အများအပြားရှိပါသည်။ သူတို့အတွက် ဒီလိုအကြအစည်မျိုး ရရှိလာခြင်းသည်ပင် အရင်းစစ် ကြည့်တော့ အယူမှန် အမြင်မှန်ကြသောကြောင့်ဟု ယုံကြည်မိပါသည်။
မှားယွင်းသောအယူနှင့် အစွဲကြီးရာမှသည်
ထို့ကြောင့် ဒုစရိုက်များကင်းရာနှင့် သုစရိုက်တွေများရာ ယုတ်ညံ့မှုများနှင့် ဖြူစင်မှုများရှိရာကို မှန်ကန်သောအယူနှင့် ဆက်စပ်ကြည့်မိသည်။ သာသနာကာလမှာ လူဖြစ်လာရသော်လည်း လောကကြီးတွင် အယူမှားမှုဟူသော အခြေခံဉာဏ်ပညာမဲ့ တရားအစုများကြောင့် မလုံခြုံသလို ခံစားနေကြ ရခြင်းဖြစ်သည်။ အယူမှားမှုနှင့်အတူ အကျင့်မှား၊ ယုံကြည်မှုအမှား၊ သံသယပေါင်းများစွာနှင့် ကျင်လည်နေကြရသည်။ ဘုရား၊ တရား၊ သံဃာဟူသော ရတနာသုံးပါးကိုပင် ယုံကြည်အောင် မနည်းကြိုးစားနေရသူများ ရှိနေသေးသည်။ ရတနာသုံးပါးကိုမယုံကြည်၊ ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်မည်၊ မကောင်းတာလုပ်လျှင် မကောင်းတာဖြစ်မည်ကိုလည်းမသိ၊ ကုသိုလ်၊ အကုသိုလ်ဆိုတာရှိသည်ကိုလည်းမသိ၊ ကုသိုလ်၊ အကုသိုလ် အကျိုးပေးကိုလည်း မယုံကြည်မှတော့ ဘဝသံသရာအဆက်ဆက်ဆိုသည်ကိုလည်း ယုံနိုင်တော့မည်မဟုတ်။ ထို့ကြောင့် ရှည်လွန်းလှသည့် သံသရာတွင် နောင်ဘဝဆိုသည်လည်းမရှိ၊ ဒီဘဝမှာပဲပြတ်သည်၊ ကောင်းတာ၊ မကောင်းတာလည်း ဒီဘဝမှာပဲပြီးသည်ဟု အစွဲရှိတတ်ကြသည်။ သံသရာကိုမယုံကြည်သည့်အတွက် တဝဲလည်လည်ဖြင့် လောဘ၊ ဒေါသ၊ မောဟအစုံမှာ ကြီးလေးသော အပြစ်များ ကျူးလွန်မိသလိုဖြစ်နေသည်။ ထို့ကြောင့် လက်တွေ့တွင် အမှားတွေများလာကြပြီး ပစ္စုပ္ပန်မှာ အကျိုးဆုတ်ယုတ်ပျက်ပြားကြရသလို သံသရာမှာလည်း အကျိုးပေးမလှ ဒုဂ္ဂတိဘဝရောက်ကြရသည်။
အယူမမှန်၊ အတွေးမမှန်သည့်အခါ ဆရာအတင်မှားပြီး မိတ်ဆွေအစစ်အမှန်ကို မသိနိုင်လောက်အောင် အမှတ်မှားကုန်ကြခြင်းလည်း ပါမည်ထင်သည်။ မပေါင်းအပ်သူနှင့် ပေါင်းမိခြင်းပါသလို မပြစ်မှားသင့်သူကို ပြစ်မှားမိခြင်းကြောင့်လည်း ဖြစ်သည်။ တကယ်မရှိတာကို အရှိထင်၊ ရှိတာကိုလည်း ယုတ္တိရှိ/မရှိ သဘာဝတရားနှင့်ယှဉ်ပြီး မဆန်းစစ်နိုင်ကြ၊ သူများက ဝေဖန်တော့လည်း အဝေဖန်မခံနိုင်ကြ။ ထိုတရားများကို မသိသည့်အတွက် ဒါဟာလည်း ငါ့ဟာ၊ ဟိုဟာလည်းငါ့ဥစ္စာ၊ ငါ၊ သူတစ်ပါး၊ ယောကျ်ား၊ မိန်းမ ငါ့အတ္တတွေအထိ ဖြစ်တည်လာရ တော့သည်။ နောက်ဆုံး အားလုံးဟာ မမြဲခြင်းသဘောများဆိုသည်ကိုလည်း မမြင်နိုင်ကြတော့ပါ။
အယူမှားတတ်သူများသည် မှန်ကန်ရာကိုမယူတတ်ကြပေမယ့် မမှန်တာကိုမူ စွဲတတ်ကြသည်။ တချို့အစွဲကြီးစွဲ၍ အတ္တကြီးသူများဖြစ်ကုန်သည်။ ကိုယ်စွဲမိစွဲရာကို အမှန်ဟုလည်း ထင်မှတ်မှားတတ်ကြသည်။ ကိုယ့်အယူအဆသာ အမှန်၊ သူ့အယူအဆကတော့ အမှားဟု တရားသေယူဆပြီး ကိုယ့်အယူဝါဒကို မစွန့်လွှတ်နိုင်ဖြစ်ကြရသည်။ တချို့မှားမှန်း သိသည့်တိုင် မချွတ်နိုင်၊ မကျွတ်နိုင်ကြ။ အစွဲကြီးလွန်းတော့ အမှန်ဘက်သို့ မရုန်းထွက်နိုင်ဖြစ်ကြရသည်၊၊ အသိတွေ အမှောင်ဖုံးတော့ အမှားတွေ ကျူးလွန်ကြ တော့သည်၊၊ ထို့ကြောင့် ဒီဘက်ခေတ်တွေမှာ သီလ၊ သမာဓိ၊ ပညာ နည်းသည်ထက်နည်းလာကြပြီး အသက်တွေသတ်ကြ၊ ဖြတ်ကြရမှာ ဝန်မလေး၊ စင်စင်ကြယ်ကြယ် အသက်မွေးခြင်းမရှိ၊ ကိုယ့်ဥစ္စာ မဟုတ်လည်း မတရားယူကြ၊ မှားယွင်းတဲ့ကာမဂုဏ်မှာလည်း လွန်ကျူးပျော်ပါးကြ၊ အကျိုးမရှိ လိမ်ညာကြ၊ ကဲ့ရဲ့ကြ၊ ကုန်းတိုက် သိမ်ဖျင်း ကြမ်းတမ်းအကုန်ပြောပြီး မူးယစ်ရမ်းကား ဒုစရိုက်မှုအကုန် အမှားကြီးမှားမိကြတော့သည်၊၊
ဆရာအတင်မှားမိသည်၏အဖြစ်
ခေတ်သစ်မှာ လူတို့၏မှောက်မှားခြင်းတချို့သည် ယုံကြည်မှုမှား၊ ကိုးကွယ်မှုမှား၊ အယူမှားခြင်းများကြောင့်ဖြစ်ကြရသည်ကို ယခုလို တန်ဆောင်မုန်းလအခါသမယ ကြုံကြိုက်ခိုက်မှာ မြတ်စွာဘုရားရှင်ပွင့်ဆဲလက်ထက် ဘုရင်ဗိမ္ဗိသာရမင်း၏သားတော် အဇာတသတ်မင်းသား၏ အတိတ်အကြောင်းအရာနှင့်ဆက်စပ်၍ ထုတ်နုတ်သုံးသပ်သင်ခန်းစာယူသင့်ကြပါသည်။ အားလုံးကြားဖူး နာယူဖူးကြသည့်အတိုင်း အဇာတသတ်မင်းသားသည် ဘုရားကို အထင်လွဲ၊ သံဃာသင်းခွဲရန်အကြံရှိသည့် ဈာန်အဘိညာဉ်ရပြီးသော ဒေဝဒတ်ကိုမှ အထင်ကြီးပြီး ဆရာအတင်မှားမိသည်။ ငယ်လည်းငယ်၊ ဉာဏ်ပညာကလည်းနည်း၊ မောက်လည်းမောက်မာလွန်းသည့်အခါ ဆရာညွှန်ကြား အယုံသွင်းသည့်အတိုင်း သူ၏ဖခင်ကို သူကိုယ်တိုင်သတ်သည့်အမှုကို ကျူးလွန်မိခဲ့သည်၊၊ သတ်ရသည့်အကြောင်းကို ဆန်းစစ်သော် ဖခင်ဘုရင်၏ စည်းစိမ်နှင့် အာဏာ ကို မက်လွန်းမကမက်သည့် ကိုယ်ကျိုးအတ္တ၊ ဆရာဒေဝဒတ်ကဲ့သို့ ဖန်ဆင်းအစုံ တန်ခိုးအစုံအစုံကို အလိုရှိခြင်း၊ အရွယ်နုပျိုစဉ်မှာ တက်ကြွသော မာန်ယစ်မှု၊ လက်နက်အားကိုးပြီး မူလဗီဇကိုက သတ်ချင်ဖြတ်ချင်သည့်စိတ်၊ ယုံကြည်လွယ်၍မှားသော အယူရှိခြင်းသည်ပင် အရင်းခံအကြောင်းတရားများဖြစ်လာရသည်။ တပ်မက်ခြင်းလောဘကြောင့် လိုချင်တာမရသည့်အခါ ဒေါသကြောင့် အကုသိုလ်အမှုကြီး ကျူးလွန်မိခြင်းပင် ဖြစ်တော့သည်။
ကြီးမားလွန်းသည့် အကုသိုလ်ကံတွေကြောင့်
သတ္တဝါအားလုံးတို့အတွက် မိတ်ဆွေကောင်းသဖွယ်ဖြစ်သော ကလျာဏမိတ္တဘုရားရှင်အား လုပ်ကြံပြစ်မှားခြင်း၊ ကျေးဇူးရှင်ဖခင်အား သတ်မိခြင်းအကုသိုလ်များကား ကြီးမားလွန်းလှသည်။ ဆရာကောင်းသဖွယ်ဟန်ဆောင်၍ မူလကုသိုလ် အမြစ်ကို ဖျက်ဆီးမိသည့် ဒေဝဒတ်၏ အကုသိုလ် ကံကလည်း မသေးလှ။ ထိုအကုသိုလ်ကံအကျိုးပေးကြောင့်ပင် သွေးအန်၊ မြေမျို၊ မလှမပ ဘဝဆုံးရ သည့် ဒေဝဒတ်၏ဘဝ၊ ဆရာအတင်မှား အသုံးချခံဘဝမှာ ဖခင်ဘုရင်ကို သတ်မိသည့် အဇာတသတ်၏ ငရဲပြည်လားရသည့်ဘဝများသည် သံဝေဂယူစရာများပင် ဖြစ်တော့သည်။ သို့သော် အဇာတသတ် တွင် ပြုမိဖူးသည့် ကောင်းမှုကုသိုလ်များကြောင့် မဟာအဝီစိငရဲကျရမည့်အစား ပို၍ပေါ့ပါးသည့် ကုမ္ဘီငရဲသို့သာ လားရသည့်အဖြစ်ကို ကြည့်ခြင်းဖြင့်လည်း ယခုဘဝမှာ ကုသိုလ်ကောင်းမှုတစ်ခုခုကို ကြိုးစားပြုခဲ့လျှင်၊ လုပ်လျှင်လုပ်သလောက် အကျိုးပေးကောင်းပါကြောင်း သုံးသပ်မိပြန်သည်။ သေလွန်ပြီး ငရဲပြည်မသွားခင် ကုသိုလ်ကောင်းမှုပြုဖြစ်ခြင်း အကြောင်းကလည်း မှန်ကန်သောအယူကို ရှာဖွေ နိုင်ခြင်းနှင့် ဆရာကောင်း၊ ဆရာမှန်ကို အချိန်မီ ဆရာတင်ခဲ့ခြင်းက အရင်းခံဟု သုံးသပ်နိုင်ပါသည်။
တကယ်တော့ ဒေဝဒတ်ရော အဇာတသတ်ပါ ချမ်းသာရာကို ရှာခဲ့ကြသော်လည်း ဆင်းရဲခြင်းကိုသာ ရခဲ့ကြခြင်းဖြစ်သည်။ အဇာတသတ်ခမျာ ဖခင်ကိုသတ်မိခဲ့သည့် အကုသိုလ်ကံကြီးကြောင့် သေတာထက်ဆိုးသည့် စိတ်ကျဝေဒနာ၊ တွေတွေဝေဝေသေရမည်ကို ထိတ်လန့်ပြီး ငရဲပြည်ရောက်ရ တော့မည်ဟူသော စိုးရိမ်မှုသောက၊ အိပ်မက်ဆိုးများနှင့် အိပ်မပျော်နိုင်ရှာသော၊ အိပ်ရမည်ကိုပင် ကြောက်နေရရှာသော ဝေဒနာအပူမီး၊ ထိုမီးများကား ငရဲမီးကဲ့သို့ ပူပြင်းလှပါသည်။ အသက်ရှင်နေရသော်လည်း အပြစ်တို့ဖြင့်သာ ပြည့်နှက်နေတော့သည်။
သီလနည်းခဲ့၍ ပရိသတ်အလယ် ကြောက်ရွံ့ခြင်းကင်းကင်းနှင့် စိတ်ကြည်လင်ရွှင်ပျခြင်းအကျိုးကို အဘယ်မှာလျှင် ရနိုင်ပါမည်နည်း။ ဆရာအမှားနှင့် မိတ်ဆွေအတုကို ပေါင်းမိခဲ့သည့် အယူမှားနောင်တကို ဖြေဆည်မဆုံးနိုင်တော့၊ ထိုဝေဒနာကို အမြန်ပျောက်ကင်းလိုလှ၍ ကယ်တင်ရှင်မျိုးစုံကိုသာ ရှာဖွေမိတော့သည်။ သို့သော် မူလတွေ့သမျှ နာယူမိသမျှ တိတ္ထိဆရာအားလုံး၏ အဖြေကား မရေရာဇဝေဇဝါအခြေအနေမှာ လိုချင်သောအဖြေကိုမူ ဘယ်လိုမှ ရှာဖွေမတွေ့နိုင်ခဲ့ပါ။
ကလျာဏမိတ်ဆွေအစစ်ထံမှ
သို့သော် အဇာတသတ်မင်းကြီးမှာ နောက်ဆုံး၌ အမှန်ကိုရှာတွေ့လိုသည့် ကုသိုလ်ဇောအရှိန်ကြောင့် အမှန်လမ်းစအကြံပေးစွမ်းသော သမားတော်ကြီးဆရာဇီဝကမှတစ်ဆင့် ကလျာဏမိတ်ဆွေ ဘုရားရှင်ကို တွေ့ထိဖူးမြော်နာယူခွင့်ရလိုက်ပါပြီ။ သူတစ်ပါးကို နက်နဲသောတရားစကားဖြင့် ဆုံးမ တတ်သော ဆရာကောင်း၊ ဆရာမြတ်နှင့် တွေ့ရပြီဆိုမှတော့ အဆုံးအမကို ကောင်းစွာခံယူနိုင်သော တပည့်ကောင်းတစ်ဦးလည်း ဖြစ်ခဲ့ရပါပြီ။ ရာဂနှင့် သဒ္ဓါသည် ဂုဏ်ချင်းနီးပြီး သဘောသဘာဝချင်း တူညီကြသည်ဟု မှတ်သားဖူးသည်ဖြစ်ရာ မင်းကြီးအဇာတသတ်အဖို့ ရာဂစရိုက်ဖြင့် အကုသိုလ်များကို သိမ်မွေ့နူးညံ့ မကြမ်းတမ်းလွန်းဘဲ ကျူးလွန်ခဲ့၍ ထင်သည်၊ သဒ္ဓါအားကြီးလာတော့လည်း ကုသိုလ်အားက သာလွန်သွားခြင်းဖြစ်မည်ဟု သုံးသပ်မိပါသည်။ ရာဂစရိုက်ဖြင့် အကျိုးစီးပွားကို မစွန့်နိုင်ခဲ့သော်လည်း အားကြီးသောသဒ္ဓါဖြင့် သီလဂုဏ်ကို ရှာနိုင်ခဲ့ခြင်းလည်း ဖြစ်ပါသည်။
ဘုရားရှင်ထံတွင် အဇာတသတ်မင်းကြီး လျှောက်ထားမေးမြန်းခြင်း၊ မှတ်သားနာယူခြင်း အကျိုးရလဒ်ကား ကြီးမားလှပါသည်။ ယခုလို တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့တွင် အေးချမ်းလှပလပြည့်ညတစ်ည၏အရသာကို “သာမည”- ရဟန်းပြုခြင်း၏ “ဖလ”-အကျိုးကျေးဇူး မည်သော သာမညဖလသုတ်တော်နှင့်အတူ ဘုရားရှင်ထံတွင် ရဟန္တာဖြစ်လာပုံ၊ တရားကို ပြည့်ပြည့်စုံစုံ နာယူခွင့်ရခဲ့ပါပြီ။ ဘုရားရှင်ကြောင့် ငြိမ်းချမ်းမှုနှင့်အတူ မိမိ၏ကြီးလေးသောအပြစ်များကို ကုစားနိုင်ခဲ့ပါပြီ။ ဖခင်ကိုမသတ်မိလျှင် သောတာပန်ဟူသော အရိယာ၊ သတ်မိတော့လည်း ငရဲဘဝ၊ ဘုရားရှင်နှင့်တွေ့ပြီး ဝိဇိတာဝီပစ္စေကဗုဒ္ဓါအဖြစ် ရောက်ရမည် ဆိုတော့လည်း သံဝေဂယူဆင်ခြင်စရာတွေအပြည့်၊၊ တရားနာခွင့်ရခြင်း၊ ရတနာသုံးပါးကို အလေးအနက် ယုံကြည်သွားခြင်း၊ ဖခင်သတ်မိသော အကုသိုလ်ကြောင့် မိမိမှာ ရဟန်းပြုခွင့်မရခဲ့သော်လည်း သားဖြစ်သူအား သာသနာ့ဘောင်သို့ သွတ်သွင်း နိုင်ခဲ့ခြင်း၊ ဘုရားဒါယကာခံယူ၍ ကိုယ်တိုင်ပထမ သင်္ဂါယနာတင်ခွင့်ရခြင်း၊ ဓာတ်တော်မွေတော် များကို စုဆောင်းလက်ဆင့်ကမ်း အမွေပေးနိုင်ခြင်း၊ ဗုဒ္ဓသာသနာနှစ်ကိုအတိအကျသတ်မှတ်နိုင်ခဲ့ခြင်း၊ ဘုရားဟော ပိဋကတ်တော်များအား မပျောက်ပျက်မပျက်စီးနိုင်ရန် နောင်လာနောက်သား ဗုဒ္ဓဘာသာဝင်များ အစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ကျေးဇူးပြုခဲ့ခြင်း ဂုဏ်ကျေးဇူးများကား ကြီးမားလွန်းသဖြင့် ကျေးဇူးအထူးတင်မိပါသည်။ အဇာတသတ် မင်းကြီး၏ကျေးဇူးကြောင့် ဗုဒ္ဓဘာသာကို အသိအမှတ်ပြုခွင့်ရ၊ စောင့်ရှောက်ခွင့်ရခြင်းသည်ပင် ကျွန်တော်တို့အားလုံးမှာ ကုသိုလ်ဧကန်ဖြစ်ခဲ့ရပါပြီ။
အချုပ်အားဖြင့်တော့ ဘဝမှာယူတတ်လျှင် အမှားကိုပယ်၊ အမှန်ကိုယူနိုင်မည့် အဖိုးတန်ရာ တရားများစွာရှိပါသည်။ လောကမှာ လောဘကြီးတာလည်း မကောင်း၊ ဒေါသကြီးလွန်းတာလည်း မကောင်းပါ။ လောဘကို လောဘဖြစ်မှန်းမသိ၊ ဒေါသကိုဒေါသဖြစ်မှန်းမသိဖြစ်ရသော မောဟကြောင့်ဆိုလျှင် ပိုပြီးဆိုးရွားမှုများ တွေ့ကြုံနိုင်သည်ကို နားလည်ပြီးလည်း ဖြစ်ကြပါသည်။ လောဘ၊ ဒေါသ၊ မောဟအခြေခံ အကုသိုလ်ခြံရံ၍ တစ်ဦးအပေါ်တစ်ဦး အနိုင်မယူချင်ကြစေဘဲ တရားမျှတမှုကို အခြေခံ၍သာ အနိုင်ယူစေချင်ပါသည်။
သဒ္ဓါ၊ သတိ၊ ဟီရိ ဩတ္တပ္ပ၊ အကြားအမြင်များခြင်း၊ ဗာဟုသစ္စ၊ ဝီရိယ၊ ပညာတို့ဖြင့်ပြီးစေမည့် သီလ များကို ဆောက်တည်လျက် တန်ဆောင်မုန်းလ အခါသမယဝယ် ကြည်နူးဖွယ်ရာ လပြည့်ညများကို အေးအေးချမ်းချမ်းခံစားနိုင်ကြပါစေဟု ဆုတောင်းပေးချင်သည်။ တစ်ဦးနှင့်တစ်ဦး မှန်ကန်သော ဉာဏ်အမြင်ဖြင့် ယုံမှားသံသယများကင်းပျောက်ပြီး မြင့်မြတ်သော အသက်မွေးမှုဖြင့်လည်း အရာရာ ကို စင်ကြယ်စေလိုပါသည်။
ပါရမီရင့်သန်သူများအတွက် ကိလေသာအရှုပ်အထွေးကို ရှင်းထုတ်နိုင်မည့်သီလဖြင့် အပါယ်လေးဘုံ၊ စိတ်ကိုညွှန်ပြသည့်သမာဓိဖြင့် ကာမဆယ့်တစ်ဘုံ၊ ကမ္ဗဇပညာဝိပဿနာပညာ ပါရိဟာရိကဆိုသည့် ထက်ဝန်းကျင်အလုံးစုံစင်ကြယ်သည့် ပညာအားလုံးပါစုံလျှင် အလုံးစုံသော သုံးဆယ့်တစ်ဘုံ အထိ လွန်မြောက်နိုင်သည်ဟုလည်း ဘုရားရှင်က ဆိုထားပြီးဖြစ်လေရာ အားထုတ်မှုဟူသော ဝီရိယပါ စိုက်လိုက်လျှင် အပါယ်ဆင်းရဲမှ လွတ်ကြမှာ သေချာပါသည်၊၊ သို့မှသာ လက်ရှိပစ္စုပ္ပန်မှာပင် မိမိအတွက် ရော အများအတွက်ပါ အမှန်အေးချမ်း သာယာလာမှာဖြစ်သလို တည်ငြိမ်သည့် ပတ်ဝန်းကျင်ကောင်းတစ်ခုအဖြစ်ကိုလည်း ရမည်မလွဲ ငြိမ်းချမ်းမှုသည် ဧကန်သေချာ ဖြစ်လာပါတော့မည်။ ။