Skip to main content

သာယာရှုမဆုံး တန်ဆောင်မုန်း

စိန်ဌေးလှိုင်(ဟိုပုံးမြေ)

တန်ဆောင်မုန်းလမှာ မြောက်လေဆော်သွေးလျက်ရှိပြီး ငွေနှင်းမှုန်တို့ရွှဲရွှဲစိုအောင် ကျနေတာကို မြင်ရတဲ့မြင်ကွင်းမှာ နုပျိုလှပနေပါတယ်။ ဗေဒင်အလိုအားဖြင့် တန်ဆောင်မုန်းလရဲ့ စန်းယှဉ်နက္ခတ်မှာ ကြတ္တိကာနက္ခတ်ဖြစ်ပြီး ကျီးတာရာကလည်း ထွန်းလင်းနေပါတယ်။ ရှေးအခါက“တန်ဆောင်မှုန်းလ”လို့ ခေါ်ဝေါ်ကြရာ “တန်ဆောင်”ဆိုသည်မှာ မီးတိုင်ကိုခေါ်ဆိုခြင်းဖြစ်ပြီး “မှုန်း”ဆိုတာက ခြယ်မှုန်းခြင်းကိုဆိုလိုခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် “မီးတိုင်များ ပျံ့နှံ့ထွန်းလင်းသောလ”လို့ အဓိပ္ပာယ်ရရှိပြီး ကာလကြာတဲ့အခါ “တန်ဆောင်မုန်းလ”လို့ ပြောင်းလဲသွားပါတယ်။ အထိမ်းအမှတ် ပန်းမှာ ခဝဲပန်းဖြစ်ပါတယ်။ မုံရွေးဆရာတော်ကြီးရဲ့ ဆယ့်နှစ်လရာသီ မိုးဘွဲ့တွင် တန်ဆောင်မုန်းတွင်း ဆီးနှင်းတစ်ပြိုက် မိုးတစ်ပြိုက်လို့ ဆိုထားခဲ့ရာ ဆီးနှင်းများ ကျလိုက်၊ မိုးများ ရွာလိုက် ဖြစ်နေတတ်ပါတယ်။

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့မှာ တန်ဆောင်မုန်းလလို့ ဆိုလိုက်တာနဲ့ ကထိန်ပွဲကို တွေးမြင်မိကြပါတယ်။ မြို့တိုင်း၊ နယ်တိုင်းမှာကထိန်ပွဲကို ခြိမ့်ခြိမ့်သဲကျင်းပကြပါတယ်။ “ဘုရားမှာစိန်၊ ကျောင်းမှာသိမ်၊ သင်္ကန်းမှာကထိန်” ဆိုတဲ့စကားအရ ကထိန်ခင်းရာမှာ သင်္ကန်းကိုအဓိကထားကြပါတယ်။ ဒါ့ပြင် ငွေ၊ ရဟန်းအသုံးအဆောင်ပစ္စည်းတွေနဲ့ ပဒေသာပင်သီးကာ လှူဒါန်းကြပါတယ်။ ပဒေသာပင်ဆိုတာ ကမ္ဘာဦးလူသားတို့ စားဝတ်နေရေးအတွက် ဖန်တီးပေးတဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဒီအကြောင်းအရာကို အတုယူပြီး လိုတိုင်းတရပါစေဆိုတဲ့ဆန္ဒနဲ့ ကထိန်ပွဲမှာ ပဒေသာပင်တွေ ပြုလုပ်လှူဒါန်းကြခြင်း ဖြစ်ပါတယ်။ ကထိန်ခင်းရာမှာ အလှူရှင်ဟာ တစ်ဦးတည်းဖြစ်နိုင်သလို စုပေါင်းပြီးလည်းလှူဒါန်းကြပါတယ်။ စုပေါင်းလှူဒါန်းခြင်းကို ဘုံကထိန်လို့ခေါ်ဆိုပြီး ဘုံကထိန်လှည့်လည်ခြင်းဟာ မြန်မာလူမျိုးတို့ရဲ့ ကျော်ကြားလှတဲ့ အစဉ်အလာတစ်ရပ် ဖြစ်ပါတယ်။

ကထိန်ပွဲပေါ်ပေါက်လာပုံ

“ကထိန်” ဆိုသည်မှာ “ကထိန”ဆိုတဲ့ ပါဠိကို မြန်မာဝေါဟာရသို့ ပြောင်းလဲထားခြင်းဖြစ်ပါတယ်။ “ကထိန”ဆိုတဲ့စကားဟာ အရောင်ဆိုးခြင်း၊ ဖြတ်ခြင်း၊ ချုပ်ခြင်း၊ လှူဒါန်းခြင်း၊ ခင်းကျင်းခြင်းစတဲ့ သင်္ကန်းနဲ့စပ်သမျှ လုပ်ဆောင်မှုအားလုံးကို ခြုံငုံခေါ်ဝေါ်ခြင်းဖြစ်ပါတယ်။ “ရဟန်းတော်များ သင်္ကန်းရှားပါးခြင်းမှ ကင်းကြပါစေ”ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကထိန်သင်္ကန်းကပ်လှူခြင်းဟာ ထူးခြားတဲ့ဝိနည်းကံ အလှူတစ်ခုဖြစ်ပါတယ်။

ကထိန်ပွဲပေါ်ပေါက်လာပုံမှာ ဗုဒ္ဓဘုရားရှင်သက်တော်ထင်ရှားရှိစဉ်အခါက ဘဒ္ဒဝဂ္ဂီညီနောင် သုံးကျိပ်တို့ဟာ ပုထုဇဉ်များပီပီ မိဂဒါဝုန်တောမှာ ဇနီးမယားတို့နဲ့ ပျော်ပါးနေကြရာ အမျိုးသမီးတစ်ဦးဟာ လက်ဝတ်ရတနာတွေကို ခိုးယူထွက်ပြေးပါတယ်။ မင်းသားတို့က လိုက်လံရှာဖွေရာ ဥရုဝေလတောရဲ့ သစ်ပင်အောက်တွင် သီတင်းသုံးနေတော်မူတဲ့ ဘုရားရှင်ကိုတွေ့မြင်ခဲ့ပါတယ်။ မင်းသားတို့က “အရှင်ဘုရား၊ ဤအနီးအနားတွင် မိန်းမတစ်ဦးကို တွေ့မိပါသလား”လို့ မေးမြန်းတဲ့အခါ မြတ်စွာဘုရားက “မင်းသားတို့၊ မည်သည့်အကြောင်းကြောင့် မိန်းမတစ်ဦးကို လိုက်လံရှာဖွေနေသနည်း”ဟု ပြန်လည်မေးမြန်းတော်မူပါတယ်။ ရှာဖွေရခြင်းရဲ့အကြောင်းစုံကို လျှောက်တင်လိုက်ရာ မြတ်စွာဘုရားက “ပျောက်နေသောမိန်းမကိုရှာဖွေခြင်းနှင့် မိမိကိုယ်ကိုရှာဖွေခြင်းဟူသော ရှာဖွေခြင်းနှစ်မျိုးတွင် မည်သည့်အရာက သင်တို့အတွက်ပို၍ မြတ်သနည်း”လို့ မိန့်ကြားတော်မူပါတယ်။ မင်းသားတို့ဟာ ပါရမီရင့်သန်သူများဖြစ်ကြတာကြောင့် အမှန်တရားကိုချက်ချင်းသိမြင်ကြရာ “မိမိကိုယ်ကိုရှာဖွေခြင်းက ပို၍မြတ်ကြောင်း” လျှောက်တင်ပါတယ်။ မြတ်စွာဘုရားက မင်းသားတို့ကို အနုပုဗ္ဗိကထာတရားလေးပါးနဲ့ သစ္စာလေးပါးတရားတို့ကို ဟောကြားတော်မူတဲ့အခါ အချို့သောမင်းသားတို့မှာ သောတပတ္တိမဂ်ဖိုလ်နဲ့ သကဒါမိမဂ်ဖိုလ်တို့ကို ရရှိကြပါတယ်။ မင်းသားတို့က ရဟန်းဝတ်ခွင့်ပြုဖို့ လျှောက်ထားတဲ့အခါ မြတ်စွာဘုရားက ရဟန်းဝတ်ပေးတော်မူပါတယ်။ ဆက်လက်ပြီး ရဟန်းတို့ဟာ အရညကင် ဓုတင်၊ ပိဏ္ဍိပါတ်ဓုတင်၊ ပံသုကူဓုတင်နဲ့ တိစီဝရိတ်ဓုတင်တွေ ကျင့်ကြံကြပါတယ်။ တစ်နေ့ သောအခါ ရဟန်းတို့မှာသာဝတ္ထိပြည်ရှိ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံးနေတော်မူတဲ့ မြတ်စွာဘုရားကို ဖူးမြော်ဖို့ခြေကျင်ခရီးနဲ့ လာရောက်ကြပါတယ်။ ဝါဆိုဝါကပ်ရမယ့်အချိန်ဖြစ်တဲ့ ဝါဆိုလပြည့်ကျော် ၁ ရက်နေ့မှာနီးကပ်လာပါတယ်။ သာဝတ္ထိမြို့နဲ့ သာကေတမြို့တို့မှာ ခြောက်ယူဇနာ သာကွာဝေးပေမယ့် ဝါတွင်းကာလမှာ ရဟန်းများခရီးမထွက်ရဆိုတဲ့ ပညတ်ချက်ကြောင့် ဆက်လက်မသွားရောက်နိုင်ဘဲ သာကေတမြို့မှာ ဝါဆိုဝါကပ်ရပါတယ်။ ရဟန်းတို့ဟာ သီတင်းကျွတ်လပြည့်ညမှာ ပဝါရဏာပြုပြီး သာဝတ္ထိသို့ ခရီးဆက်ကြပါတယ်။ ဓုတင်ဆောင်ရဟန်းများဖြစ်တာကြောင့် သပိတ်၊ နှစ်ထပ်သင်္ကန်းစတဲ့ ဝန်စည်စလယ်တွေကို ပခုံးထက်မှာလွယ်ကာ ပင်ပင်ပန်းပန်းခရီးဆက်ခဲ့ရပါတယ်။ ဘုရားရှင်ထံရောက်တဲ့အခါ မိုးရေစို သင်္ကန်းနဲ့ပင် ကန်တော့ကြရပါတယ်။ နှစ်ထပ်သင်္ကန်းကိုထားခဲ့ပြီး သင်းပိုင်၊ ဧကသီတို့နဲ့လာမယ်ဆိုပါက ယခုလိုပင်ပန်းမှာမဟုတ်ကြောင်းကို ဘုရားရှင်က သုံးသပ်တော်မူပါတယ်။ ဒါကြောင့် ခရီးသည်ရဟန်းတို့ကို အကြောင်းပြုပြီး ပုရိမဝါ(ပထမဝါ)ကပ်ခြင်းနဲ့ ပြည့်စုံတဲ့ ရဟန်းတို့ကို သင်္ကန်းကပ်လှူခွင့် ဒါမှမဟုတ် ကထိန်ခင်းခွင့်ပြုကြောင်း ဘုရားရှင်က ပညတ်တော်မူလိုက်ပါတယ်။ အဲဒီအချိန်ကစပြီး ကထိန်သင်္ကန်းကပ်လှူတာ ပေါ်ပေါက်လာပါတယ်။

ကထိန်ခင်းခြင်းအကျိုး

ကထိန်သင်္ကန်း ကပ်လှူခြင်းကြောင့်ရရှိနိုင်တဲ့ အကျိုးခြောက်ပါးမှာ “အရပ်လေးမျက်နှာသို့ ဘေးမသီရန်မခဘဲ အတားအဆီးမရှိသွားလာနိုင်ခြင်း၊ သူတစ်ပါးတို့မှ မိမိစည်းစိမ်ဥစ္စာများကို နိုင်ထက်စီးနင်း လုယက်ယူငင်မှုမပြုနိုင်ခြင်း၊ ဥစ္စာများရှာဖွေရာတွင် သူတကာတို့ထက် ထူးကဲကာ အစုလိုက်အပုံလိုက်ရရှိခြင်း၊ စားကောင်းသောက် ဖွယ်အထူးပေါများပြီး အစားအစာအတွက် ဘေးမဖြစ်နိုင်ခြင်း၊ မိမိပိုင်ပစ္စည်းများကို ကာလကြာမြင့်စွာ မေ့လျော့နေသော်လည်း မဆုံးရှုံးနိုင်ခြင်းနဲ့ ရုပ်ရည်ချောမောလှပခြင်း”တို့ ဖြစ်ကြပါတယ်။

ကထိန်ခင်းခြင်း ဒါမှမဟုတ် ကထိန်သင်္ကန်းကပ်လှူခြင်းကို သီတင်းကျွတ်လပြည့်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လတာအတွင်းသာ လှူဒါန်းခွင့်ရှိပါတယ်။ ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ တစ်ကြိမ်သာခင်းခွင့်ရှိတာကြောင့် ထူးခြားလေးနက်မှုရှိတဲ့ အလှူအတန်းတစ်ခုဖြစ်ပါတယ်။ ကထိန်ခင်းပေးမယ့်ပုဂ္ဂိုလ်ဟာ ဝါမကျိုးမပေါက်တဲ့ သီလဝန္တရဟန်းဖြစ်ရပါမယ်။ ပစ္ဆိမဝါ (ဒုတိယဝါ)မှာ ဝါဆိုကြတဲ့ ရဟန်းတွေမှာ ကထိန်ခင်းခွင့်မရှိပါဘူး။ ကထိန်ခင်းပေးမယ့် ရဟန်းဟာသိမ်တော်အတွင်းမှာ ကပ်လှူမယ့်သင်္ကန်းကို ကိုင်ဆောင်ကာ ကမ္မဝါစာရွတ်ဖတ်ရပါတယ်။ သင်္ကန်းကိုအလှူခံပြီးရင် ကံဆောင်ခြင်းနဲ့ ကထိန်ခင်းခြင်းကိစ္စတို့ကို တစ်နေ့တည်းအပြီး ဆောင်ရွက်ရပါတယ်။ ကထိန်ခင်းရာမှာ တိုက်တွန်း မှုတစ်ခုခုမပါဝင်ဘဲ မိမိသဒ္ဓါတရားစိတ်နဲ့ သံဃိကဒါနအဖြစ် ကပ်လှူရပါမယ်။ ကထိန်ဒါယကာ ဒါယိကာမများက “ကထိနစီဝရံ၊ သံဃဿဒေမ”လို့ နှုတ်ကရွတ်ဆိုကာ ကပ်လှူရပါမယ်။ “ကထိနစီဝရံ- ဤကထိန်သင်္ကန်းကို၊ သံဃဿ-သံဃာအားလုံး အားရည်စူး၍၊ ဒေမ-သဒ္ဓါကြည်ဖြူစွာဖြင့် ဆက်ကပ်လှူဒါန်းပါ၏ အရှင်ဘုရား”လို့ အဓိပ္ပာယ်ရရှိပါတယ်။ အပေါ်ဝတ်ရုံသင်္ကန်း(ဧကသီ)၊ ခါးဝတ်သင်္ကန်း(သင်းပိုင်)၊ နှစ်ထပ်သင်္ကန်း(ဒုကုဋ်)ဆိုတဲ့ သင်္ကန်းသုံးမျိုးအနက် တစ်မျိုးမျိုးကို ကပ်လှူနိုင်ကြောင်း လေ့လာသိရှိရပါတယ်။

ကထိန်ခင်းရာမှာ လှူဒါန်းသူသာ ကုသိုလ်ရရုံတင်မကဘဲ ကပ်လှူခံရတဲ့ ရဟန်းမှာလည်း ကောင်းကျိုးငါးမျိုးကို ခံစားရပါတယ်။ ဒီအကျိုးတွေကတော့ “ထင်ရှားရှိသော ရဟန်းတို့ကိုမပန်ကြားဘဲ မြို့တွင်းရွာတွင်း ဆွမ်းဖိတ်ရာအိမ်သို့သွားလာနိုင်ခြင်း၊ အဓိဋ္ဌာန်တင်ဆောင်ပြီးသော သင်္ကန်းကိုမယူဘဲ သွားနိုင်နေနိုင်ခြင်း၊ အလိုရှိတိုင်းသင်္ကန်းကို အဓိဋ္ဌာန်ဝိကပ္ပနာမပြုမူ၍ ထားနိုင်ခြင်း၊ ထမင်းစားကြွပါစသည်ဖြင့် မအပ်သောဖိတ်ကြားခြင်းရှိသည့် ဂဏဘောဇဉ်ကို ဘုဉ်းပေးနိုင်ခြင်း၊ ကထိန်ခင်းသောကျောင်းတိုက်၌ တပေါင်းလပြည့်နေ့အတွင်း ရရှိသောသင်္ကန်းကို ကထိန်အနုမောဒနာ ပြုသော ရဟန်းတို့သာရနိုင်ခြင်း”တို့ ဖြစ်ကြပါတယ်။

မသိုးသင်္ကန်းကပ်လှူပွဲ

တန်ဆောင်မုန်းလတွင် ထူးခြားတဲ့ နောက်ထပ်အလှူပွဲတစ်ခုကတော့ မသိုးသင်္ကန်းကပ်လှူပွဲဖြစ်ပါတယ်။ မသိုးသင်္ကန်းမှာကထိန်သင်္ကန်းမှ ဆင်းသက်လာဟန်တူပါတယ်။ အကြောင်းမှာ ကထိန်ပြီးမြောက်ကြောင်း အင်္ဂါရပ်များအနက်မှ “အသန္နိဓိကတေန-မသိုးသောသင်္ကန်းဖြင့်၊ ကထိနံ-ကထိန်သည်၊ အတ္တတံ- အခင်းမည်သည်၊ ဟောတိ-ဖြစ်၏”လို့ မြတ်စွာဘုရားက ဟောကြားတော်မူခဲ့ပါတယ်။ မသိုးသင်္ကန်းဆိုတာက နောက်တစ်နေ့မကူးစေဘဲ အရုဏ်မတက်မီနေ့ချင်းပြီး ရက်လုပ်တဲ့သင်္ကန်းကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။ မသိုးသင်္ကန်းရက်လုပ် ကပ်လှူပုံအဆင့်ဆင့်မှာ တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့ ညနေခင်းအချိန်တွင် မသိုးသင်္ကန်းကပ်လှူပွဲလာရောက်ဖို့ လူအများကို ဖိတ်ကြားလိုက်ပါတယ်။ ကမကထပြုလုပ်သူတွေက ဝါစေ့တွေကို မြေတလင်းမှာ စတိသဘောကြဲပက်လိုက်ပါတယ်။ ပြီးလျှင် ဝါကောက်ခြင်း၊ ဝါဖန်ခြင်း၊ ဝါဖတ်ခြင်း၊ ဗိုင်းတောင့်ပြုလုပ်ခြင်း၊ ဗိုင်းငင်ခြင်း၊ ချည်ချခြင်း၊ ချည်စာနှယ်ခြင်း၊ ချည်သေ့ခြင်း၊ ရက်ကန်းတိုင်ခြင်း၊ နှပ်သွင်းခြင်း၊ ရက်ကန်းရက်ခြင်းနဲ့ ချုပ်လုပ်ခြင်းတို့ကို ညတွင်းချင်းပြီးစီးအောင် ပြုလုပ်ကြရပါတယ်။ နံနက်အချိန်မှာ မြတ်စွာဘုရားကိုရည်စူးပြီး စေတီပုထိုးများသို့ သွားရောက်ကပ်လှူကြပါတယ်။ မြတ်စွာဘုရားလက်ထက်မှာ မိထွေးတော်ဂေါတမီက နန်းတွင်းသူများနဲ့အတူ တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့ ညမှာ၊ ညတွင်းချင်း အပြီးပြုလုပ်တဲ့သင်္ကန်းနဲ့ ဘုရားရှင်ကို ဆက်ကပ်ခဲ့ဖူးကြောင်း မှတ်သားရပါတယ်။

တန်ဆောင်တိုင်မီးထွန်းပွဲတော်

တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့မှ လပြည့်ကျော် ၁ ရက်နေ့အထိ ကျင်းပကြရာ ဘုရားကျောင်းကန်တွေနဲ့ နေအိမ်တွေမှာ ရောင်စုံအလှမီးတွေကို ထွန်းညှိကာ မီးပုံးပျံများကိုလည်း လွှတ်တင်ကြပါတယ်။ ဒီပွဲဟာဘာသာရေးဆိုင်ရာ ပွဲတော်တစ်ရပ်မဟုတ်ပါ။ ဗုဒ္ဓဘာသာမထွန်းကားမီကပင် မဟာဝိနာယက နတ်မင်းမီးပူဇော်ပွဲကို တန်ဆောင်မုန်းလပြည့်နေ့တိုင်း ကျင်းပလေ့ရှိရာမှ တန်ဆောင်တိုင်ပွဲတော် ပေါ်ပေါက်လာခြင်းဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒါ့အပြင် ဘုရားရှင်လက်ထက်က တန်ဆောင်မုန်းလပြည့်ညမှာ နက္ခတ်စုံလင်တာကြောင့် ကြိတ္တိကာ နက္ခတ်ပွဲသဘင်ကို ကျင်းပခဲ့ပါတယ်။ တန်ဆောင်မုန်းလပြည့်ညမှာ ကြယ်တာရာတို့စုံလင်တာကြောင့် ဆေးပေါင်းခတယ်လို့ ယုံကြည်ပြီးမဲဇလီဖူးသုပ်ကို စားသုံးကြပါတယ်။ တန်ဆောင်မုန်းလကို နတ်နိုးတဲ့လလို့လည်း ခေါ်ဆိုကြပါတယ်။ ဗိဿနိုးနတ်မင်းကြီးမှာ ဝါဆိုလဆန်း ၁၂ ရက်နေ့မှစတင်ပြီး အိပ်ပျော်လေ့ရှိရာ တန်ဆောင်မုန်းလဆန်း ၁၂ ရက် နေ့ရောက်မှသာ နိုးတာကြောင့် ဖြစ်ပါတယ်။

ပံ့သကူပစ်ပွဲ

တန်ဆောင်မုန်းလပြည့်ညမှာ ပံ့သကူပစ်ပွဲကိုလည်း ပြုလုပ်ကြပါတယ်။ ပံ့သကူပစ်ပွဲမှာ ရဟန်းတို့ရဲ့ ကျင့်စဉ်ဓမ္မများဖြစ်တဲ့ ဓုတင် ၁၃ ပါး အနက်ပံသုကူဓုတင်ကို အကြောင်းပြုပြီး ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။ ဒီကျင့်စဉ်မှာ လူတို့ စွန့်ပစ်ထားတဲ့အဝတ်များကို ကောက်ယူစုဆောင်းပါတယ်။ ပြီးနောက် အရောင်ဆိုးပြီးချုပ်စပ်ကာ သင်္ကန်းအဖြစ်ဝတ်ရုံပါတယ်။ သင်္ကန်းအဖြစ် အဝတ်ကိုသာအဓိကထားပြီး ပစ်လှူကြပေမယ့် နောက်ပိုင်းမှာမုန့်ပဲသရေစာနဲ့ ငွေအချို့တို့ကိုထုပ်ကာစွန့်ကြပါတယ်။ မည်သူ့ထံတွင် ငွေမည်မျှလာရောက် ယူဆောင်ဖို့ရေးသားထားတဲ့ မဲလိပ်ချနည်းလည်းရှိပါတယ်။ ပံ့သကူအလှူရဲ့ အကျိုးကျေးဇူးတွေက ဉာဏ်ပညာကြီးခြင်း၊ ဘုန်းတန်ခိုးကြီးခြင်း၊ ခွန်အားကြီးခြင်း၊ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ဧဟိဘိက္ခုရဟန္တာဖြစ်နိုင်ခြင်း စတဲ့အကျိုးကျေးဇူးတို့ရရှိနိုင်ကြောင်း ဘုရားရှင်က ဟောကြားခဲ့ပါတယ်။

ရှေးမြန်မာမင်းများလက်ထက်က တန်ဆောင်မုန်းလပြည့်ညမှာ ရှင်မာလဲပွဲကိုကျင်းပခဲ့ရာ “မဟာဒသဒိသအတုလပွဲ” လို့လည်း ခေါ်ဆိုကြပါတယ်။ အရိမေတ္တယျဘုရားလောင်းနတ်သားက ရှင်မာလဲမထေရ်ကို ဝေဿန္တရာဇာတ်တော်ဟောပြောဖို့ တောင်းဆိုခဲ့ရာ ဂါထာတစ်ထောင်နဲ့ ဟောကြားခဲ့ပါတယ်။ ဒီအကြောင်းအရာကို အကြောင်းပြုကာ လှေကားအထက်မှာ သစ်သီးတစ်ထောင်၊ ပန်းတစ်ထောင်၊ ထမင်းဆုပ်တစ်ထောင်၊ ဆီမီးတစ်ထောင်တို့ကိုတင်တဲ့ ရှင်မာလဲပွဲကို ဆင်ယင်ကျင်းပခဲ့ကြကြောင်း မှတ်သားရပါတယ်။

သာမညဖလ အခါတော်နေ့

တန်ဆောင်မုန်းလပြည့်နေ့ဟာ သာမညဖလအခါတော်နေ့လည်းဖြစ်ပါတယ်။ ဒီလိုခေါ်ဆိုရတဲ့ အကြောင်းရင်းကတော့ ထီးနန်းစည်းစိမ်ကို ရယူပိုင်ဆိုင်လိုတာကြောင့် ဒေဝဒတ်ရဲ့တိုက်တွန်းမှုနဲ့ ဖခင်ရင်းကိုသတ်မိမှားသူ အဇာတသတ်မင်းရဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ အဇာတသတ်ဟာအမှားကို သိမြင်ပြီး နောင်တကြီးစွာရကာ စားမဝင်အိပ်မပျော်ဖြစ်နေပါတယ်။ ဒီလိုဖြစ်နေစဉ် တန်ဆောင်မုန်း လပြည့်နေ့ညတစ်ညမှာ “အဘယ်သို့သော ရဟန်းသာမဏေ၊ အဘယ်သို့သော ဗြဟ္မဏတို့ထံ ဆည်းကပ်ရလျှင် ကောင်းမည်နည်း”လို့မင်းချင်းတို့ကို မေးမြန်းပါတယ်။ မင်းချင်းတို့က သူတို့ကိုးကွယ်တဲ့ မိစ္ဆာဒိဋ္ဌိဆရာကြီး ခြောက်ဦးတို့ကို ညွှန်ပြခဲ့ရာ အဇာတသတ်မင်းကသဘောမကျခဲ့ပါ။ ဒီအချိန်မှာ ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ ဆေးဆရာဇီဝကက မည်သို့မျှ မလျှောက်တင်သည်ကို အဇာတသတ်ဘုရင်က “ဆရာဇီဝက အဘယ်ကြောင့်ဆိတ်ဆိတ်နေသနည်း”လို့ မေးမြန်းပါတယ်။ အခွင့်ကောင်းကို စောင့်မျှော်နေသူ ဇီဝကဟာ မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို ချီးမွမ်းပြောဆိုပါတယ်။ ပြီးနောက် “ဂုဏ်တော်ကိုးပါးနှင့် ပြည့်စုံတော်မူသော အကျွန်ုပ်၏ဆရာ ဗုဒ္ဓဘုရားရှင်သည် ကျွန်တော်မျိုး၏ သရက်ဥယျာဉ်တွင် သီတင်းသုံးလျက်ရှိပါကြောင်း၊ ဘုရားရှင်ကို ဆည်းကပ်ပါမူ အသင်မင်းကြီး၏ စိတ်နှလုံးသည် ကြည်လင်အေးချမ်း လာပါလိမ့်မည်”လို့ လျှောက်တင်ပါတယ်။ အဇာတသတ်မင်းကြီးမှာ ညတွင်းချင်းပင် သရက်ဥယျာဉ်ကိုသွားပါတယ်။ ရဟန်းအပေါင်းခြံရံလျက် သီတင်းသုံးနေတဲ့ မြတ်စွာဘုရားကိုဖူးတွေ့ရတဲ့အခါ အကြောင်းစုံကိုလျှောက်ထားလိုက်ပါတယ်။ ဘုရားရှင်က “သာမညဖလသုတ်တော်”ကို ဟောကြားတော်မူပါတယ်။ ဒါကိုအကြောင်းပြုပြီး တန်ဆောင်မုန်းလပြည့်နေ့ကို “သာမညဖလ အခါတော်နေ့”လို့ ခေါ်ဝေါ်သတ်မှတ်ခဲ့ပါတယ်။

အချုပ်အားဖြင့် တန်ဆောင်မုန်းလဟာ မိုးရာသီကုန်ဆုံးကာ ခြေခင်းလက်ခင်းသာယာပါတယ်။ တောင်သူလယ်သမားတို့မှာ ကောက်ပဲသီးနှံများ ရိတ်သိမ်းချိန်ဖြစ်ပြီး ဝင်ငွေကောင်းတဲ့အချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာ ကထိန်ပွဲနဲ့တိုက်ဆိုင်လျက်ရှိရာ ဗုဒ္ဓဘာသာမြန်မာလူမျိုးတိုရဲ့ အလှူရေစက်လက်နဲ့မကွာ လှူဒါန်းမှု၊ ဘာသာသာသနာကို ချစ်ခင်မြတ်နိုးမှု၊ စည်းလုံးညီညွတ်မှုတို့ကို ဖော်ညွှန်းနေပါတယ်။ တန်ဆောင်မုန်းလပြည့်ညဟာ လတကာတို့ရဲ့ လပြည့်ညအပေါင်းမှာ အကြည်လင်ဆုံးဖြစ်ပါတယ်။ ဒါ့အပြင် တန်ဆောင်တိုင်ပွဲတော်၊ မသိုးသင်္ကန်းကပ်လှူပွဲနဲ့ သာမညဖလအခါတော်နေ့ ကျင်းပတာတို့ကြောင့် “သာယာရှုမဆုံး တန်ဆောင် မုန်း”လို့ တင်စားလိုက်ရပါတော့တယ်။ ။

ကျမ်းကိုး-ဓမ္မပီယဆရာတော် အရှင်သံဝရာ လင်္ကာရရေးသားသော ဗုဒ္ဓဘာသာ မြန်မာ့ဓလေ့ဆယ့်နှစ်လရာသီပွဲတော် များ၊ ၂၀၀၈ ခုနှစ်၊ အောက်တိုဘာလ။