Skip to main content

မြန်မာစာပေလောကသားတို့၏ အမြတ်တနိုးတန်ဖိုးထားဂုဏ်ယူနေကြရသည့် စာဆိုတော်နေ့

နှစ်စဉ်ကျရောက်လေ့ရှိသော နတ်တော်လဆန်း ၁ ရက်နေ့ကို “အမျိုးသားစာဆိုတော်နေ့အဖြစ် မြန်မာသက္ကရာဇ် ၁၃၀၆ ခုနှစ်မှ စတင်သတ်မှတ်၍ စာပွဲသဘင်များ ဆင်ယင်ကျင်းပလာခဲ့ရာ ယခု မြန်မာ သက္ကရာဇ် ၁၃၈၅ ခုနှစ် (ခရစ်နှစ်၂၀၂၃ ခုနှစ်)တွင် (၇၉)ကြိမ်မြောက်ခရီးသို့ ရောက်ခဲ့လေပြီ။

ရှေးမြန်မာမင်းများလက်ထက်ကပင် နတ်တော်လရောက်တိုင်း ထူးချွန်ထက်မြက်ကြသော စာဆိုတော်ကြီးများကို ဘွဲ့ထူးဂုဏ်ထူးများ ပေးအပ်ချီးမြှင့်ခဲ့ကြကာ ဂုဏ်ပြုအမွှမ်းတင်ခဲ့ကြသည်။ စာပေသည် အမျိုးသားယဉ်ကျေးမှုအမွေဖြစ်သဖြင့် အမျိုးသားယဉ်ကျေးမှုအမွေစာပေကို ပြုစုရေးသား၊ လက်ဆင့်ကမ်းခဲ့ကြသော စာပေပညာရှင်ကြီးများကို စာဆိုတော်နေ့ရောက်တိုင်း အမြဲမပြတ် ဂုဏ်ပြုချီးမြှင့်ခဲ့ကြပါသည်။

တစ်သက်တာစာပေဆု

ယနေ့ခေတ်ကာလ အခါသမယမှာလည်း နှစ်စဉ် နတ်တော်လဆန်း ၁ ရက်နေ့ရောက်တိုင်း စာဆိုတော်နေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတော်၏အမြင့်ဆုံးစာပေဆုဖြစ်သော “တစ်သက်တာစာပေ ဆု ပေးအပ်ချီးမြှင့်ပွဲအပြင် “အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု တို့ကိုပါ ပေးအပ်ချီးမြှင့်လျက်ရှိရာ စာပေလောကသားအားလုံးအတွက် မင်္ဂလာအခါတော် နေ့ထူးနေ့မြတ် ဖြစ်ပါသည်။

စာဆိုတော်နေ့ဝန်းကျင်တွင် ပခုက္ကူဦးအုံးဖေ စာပေဆု၊ ထွန်းဖောင်ဒေးရှင်းစာပေဆု၊ ဆရာဝန် တင်ရွှေစာပေဆု၊ သုတစွယ်စုံစာပေဆု၊ စိမ်းလန်း ရွှေပြည်စာပေဆု၊ ရွှေအမြုတေစာပေဆုများအပြင် ဓမ္မစာပေဆုများ၊ ဌာနဆိုင်ရာများနှင့် ပုဂ္ဂလိကအသင်းအဖွဲ့များ၏ အထိမ်းအမှတ်စာပေဆုများ၊ ဂျပန်ရှန်တီ ကလေးစာပေဆုများကိုလည်း ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

မြန်မာစာပေလောကသားတို့၏ “စာဆိုတော်နေ့သည် သုတ၊ ရသစာပေရေးရာအဖြာဖြာ ရေးသားခဲ့ကြသည့် စာရေးဆရာကြီး၊ စာရေး ဆရာမကြီး၊ စာပေပညာရှင်ကြီးများ အမြတ်တနိုး တန်ဖိုးထား ဂုဏ်ယူနေကြရသည့် နေ့ထူးနေ့မြတ်ကြီး ဖြစ်ပါသည်။

ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်း၏ သမ္မတကြီးများ၊ စစ်ဗိုလ်ချုပ်ကြီးများ၊ သိပ္ပံ၊ ဝိဇ္ဇာပညာရှင်ကြီးများ၊ စွန့်ဦးတီထွင်စွမ်းအားရှင်ကြီးများ ဖြစ်နိုင်ကြသော်လည်း စာရေးဆရာစစ်စစ်၊ သတင်းစာဆရာ စစ်စစ်၊ အယ်ဒီတာချုပ်နှင့် အယ်ဒီတာစစ်စစ် ဖြစ်နိုင်ခြေကား အလွန်ပင် ရှားပါးခက်ခဲလှပေရာ စာရေးဆရာကြီး/ငယ်အပါအဝင် စာပေလောက သားအားလုံးကို အလေးအမြတ် အသိအမှတ်ထား ဂုဏ်ပြုအမွှမ်းတင်ရာ၊ မော်ကွန်းတင်ရာ “စာဆိုတော်နေ့ကိုကား စာပေပညာရှင်စစ်စစ် စာပေလောက သားတိုင်းက ချစ်ခင်နှစ်သက်၊ စွဲမက်အားထား လေးစားဂုဏ်ပြုလျက်ရှိကြပါသည်။

ဤသည်ကို မြန်မာနိုင်ငံ စာရေးဆရာအသင်း ကြီးက မမေ့မလျော့သောအသိ၊ သတိဖြင့် စာပေ တာဝန်များကို ကျေပွန်စွာထမ်းရွက်ခဲ့ကြသော “နှလုံးရည်တပ်သား သူရဲကောင်းသက်ကြီးစာပေပညာရှင်ကြီးများကို နှစ်စဉ်ပူဇော်ကန်တော့နေခဲ့ရာ ယခုနှစ်သည် (၃၆)ကြိမ်မြောက်ပူဇော်ကန်တော့ပွဲဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်တွင် (၃၄)ကြိမ်မြောက် ပူဇော်ကန်တော့ပွဲကျင်းပခဲ့ပြီး ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်ကြောင့် မလွှဲရှောင်သာဘဲ နှစ်နှစ် ရပ်နား ခဲ့ရပါသည်။

ပထမအကြိမ် စတင်ပူဇော်ကန်တော့ခဲ့သည့်အဖွဲ့မှာ “မြန်မာနိုင်ငံစာပေလုပ်သားအဖွဲ့ကြီး ဖြစ်ပါသည်။ မြန်မာနိုင်ငံစာပေလုပ်သားအဖွဲ့ကြီး၏ ဦးဆောင်သူ၊ ရှေးဦးပြုစုပျိုးထောင်သူမှာ “ဆရာကြီး မင်းသုဝဏ် ဖြစ်ပါသည်။ ဆရာကြီးဦးဝန် (မင်းသုဝဏ်)က ဥက္ကဋ္ဌ၊ ဦးထင်ကြီး (တက္ကသိုလ် ထင်ကြီး)က အတွင်းရေးမှူးအဖြစ်ပါဝင်သော “စာပေ လုပ်သားအဖွဲ့ဖြစ်မြောက်ရေးကော်မတီ သည် ၁-၁၂- ၁၉၆၆ ရက်နေ့မှ ၃၁-၅-၁၉၇၆ ရက်နေ့အထိ ၁၀ နှစ်ကျော် လှုပ်ရှားကြိုးစားခဲ့ကြပါသည်။ ထို့နောက် “စာပေလုပ်သားအဖွဲ့ စည်းရုံးရေး ကော်မတီကို ၁-၆-၁၉၇၆ ရက်နေ့တွင် ပြောင်းလဲဖွဲ့စည်းပေးခဲ့ပြီး ၁၉၈၀ ပြည့်နှစ်တွင် “မြန်မာနိုင်ငံစာပေလုပ်သားအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ပါသည်။ ၁၉၈၈ ခုနှစ် အရေးအခင်းကာလနောက်ပိုင်းတွင် “စာပေလုပ်သားအဖွဲ့အစား “စာပေနှင့် စာနယ်ဇင်းအဖွဲ့ဟူ၍ ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ခေတ်စနစ်နှင့်အညီ ၂၀၁၂ ခုနှစ်တွင် “မြန်မာနိုင်ငံစာရေးဆရာ အသင်းအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။

၅၇ နှစ်ခန့် ရှည်ကြာခဲ့ပြီ

ပြောင်းလဲဖွဲ့စည်းခဲ့ကြရာတွင် စာပေလုပ်သား အဖွဲ့၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၊ လုပ်ထုံး လုပ်နည်း၊ ဘဏ္ဍာရေးစည်းမျဉ်းများကို အခြေခံကာ ခေတ်စနစ်နှင့်အညီ ပြင်ဆင်ဖြည့်ဆည်းခဲ့ကြပြီးမှ အမည်နာမ ပြောင်းလဲသတ်မှတ်ခဲ့ကြခြင်းဖြစ်ပါသည်။ တကယ်တော့ မြန်မာနိုင်ငံစာရေးဆရာ အသင်း၏အစ မြစ်ဖျားခံရာသည် “မြန်မာနိုင်ငံ စာပေလုပ်သားအဖွဲ့ကြီး ဖြစ်ပါသည်။ တစ်နည်း အားဖြင့် “ဆရာကြီး မင်းသုဝဏ် ပျိုးထောင်ပေးခဲ့သော စာပေလုပ်သားအဖွဲ့ကြီး၏ မျိုးဆက်သစ် မြန်မာနိုင်ငံစာရေးဆရာအသင်းကြီး၏ သက်တမ်း မှာ ၅၇ နှစ်ခန့် ရှည်ကြာခဲ့ပြီဖြစ်ပါသည်။

ဤနေရာတွင် “မြန်မာနိုင်ငံစာရေးဆရာအသင်း၏ သက်တမ်းကို ခွဲခြမ်းစိတ်ဖြာဆန်းစစ် ကြည့်ပါက လွတ်လပ်ရေးမရမီ နယ်ချဲ့လက်အောက် ၁၉၄၀ ပြည့်နှစ်ကတည်းက ဒီးဒုတ် ဦးဘချို ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သော “မြန်မာနိုင်ငံစာရေးဆရာအသင်းကြီး (ပထမပိုင်း) (၁၉၄၀ ပြည့်နှစ်မှ ၁၉၆၂ ခုနှစ်အထိ) ၂၂ နှစ်၊ (ဒုတိယ ပိုင်း) (၁၉၆၆ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ) ၅၇ နှစ် စုစုပေါင်း ၇၉ နှစ်သက်တမ်း၊ စိန်ရတုခရီးကို ကျော်လွန်လာခဲ့သည်အထိ ရှင်သန်ရပ်တည် ရှည်ကြာခဲ့ပြီဖြစ်သည်။ သမိုင်းအစဉ်အလာသည်လည်း ကောင်းသည်ထက် ကောင်းမွန်လာခဲ့ပေ သည်။

မြန်မာနိုင်ငံစာပေလုပ်သားအဖွဲ့ကြီး၏ အစဉ်အလာကောင်းများကို မြန်မာနိုင်ငံစာရေးဆရာ အသင်းကြီးက ဆက်လက်ထိန်းကျောင်းသည့်အနေဖြင့် “အသက် ၈၀ နှင့်အထက် သက်ကြီးစာပေ ပညာရှင်ကြီးများ ပူဇော်ကန်တော့ပွဲကို နှစ်စဉ်မပြတ် ဆက်လက်ကျင်းပလျက်ရှိပါသည်။ မြန်မာ နိုင်ငံစာပေလုပ်သားအဖွဲ့ကြီးက ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သက်ကြီးစာပေပညာရှင် ကြီးများကိုသာ တနိုင်တမ ပူဇော်ကန်တော့ခဲ့ရာ အောက်ပါဇယားအတိုင်း ဖြစ်ပါသည်-

သက်ကြီးစာပေပညာရှင်ကြီးများ ပူဇော်ကန်တော့ပွဲ

ထိုသို့ပူဇော်ကန်တော့နေခဲ့ရာမှ ၁၉၈၈ ခုနှစ် အရေးအခင်းကြောင့် ရပ်တန့်သွားခဲ့ရပါသည်။ မြန်မာ နိုင်ငံစာပေလုပ်သားအဖွဲ့ကြီးကိုလည်း ခေတ်စနစ်နှင့်လျော်ညီစွာ “မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်း အဖွဲ့ကြီးအဖြစ်သို့ ပြောင်းလဲဖွဲ့စည်းခဲ့ရပါသည်။ ထို့ကြောင့် သက်ကြီးစာပေပညာရှင်ကြီးများ ပူဇော် ကန်တော့ပွဲကို ခြောက်နှစ်တိတိ မကျင်းပနိုင်ခဲ့ဘဲ စာပေလုပ်သားများကို စာပေနှင့် စာနယ်ဇင်း အဖွဲ့ဝင်များအဖြစ်သို့ ပြန်လည်စုစည်းရေးကိုသာ အလေးထားဆောင်ရွက်ခဲ့ကြရပါသည်။

စာပေနှင့် စာနယ်ဇင်းအဖွဲ့ကြီးအဖြစ်သို့ ပြောင်းလဲဖွဲ့စည်းစဉ် ၁၉၉၄ ခုနှစ်နှင့် ၁၉၉၅ ခုနှစ်တို့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ သက်ကြီးစာပေပညာရှင်ကြီးများကိုသာ ပူဇော်ကန်တော့နိုင် ခဲ့ပါသည်။ ၁၉၉၆ ခုနှစ်မှစ၍ တစ်နိုင်ငံလုံးရှိ အဖွဲ့ဝင် သက်ကြီးစာပေပညာရှင်ကြီးများနှင့် ထင်ရှား ကျော်ကြားသော သက်ကြီးစာပေပညာရှင်ကြီးများကို ပူဇော်ကန်တော့ခဲ့ရာ ယနေ့အထိ နှစ်စဉ်မပြတ် ဆက်တိုက် ဦးခိုက်လျက်ရှိပါသည်။

သက်ကြီးစာပေပညာရှင်ကြီးများ ပူဇော်ပွဲ စတင်စဉ်က ၁၀ ဦးသာရှိခဲ့သော်လည်း တစ်နှစ် ထက်တစ်နှစ် တိုးပွားများပြားလာခဲ့ရာ ၁၉၉၉ ခုနှစ် တွင် ၁၀၈ ဦးအထိ ရှိလာခဲ့ပါသည်။ နှစ်စဉ် ၂၀ ကျော် တိုးပွားလာခဲ့ရာမှ ၂၀၁၁ ခုနှစ်တွင် ၃၀ ကျော်အထိ တိုးပွားလာခဲ့ပါသည်။ ၂၀၁၆ ခုနှစ်တွင် ပူဇော်ကန်တော့ခံ သက်ကြီးစာပေပညာရှင်ကြီးများ ၂၀၀ အထိ ရှိလာခဲ့ပါသည်။ ပူဇော်ကန်တော့ခံသက်ကြီးစာပေပညာရှင်ကြီးများထဲမှ နှစ်စဉ် ၂၀ ခန့် ကွယ်လွန် သွားကြသော်လည်း အသက် ၈၀ ထဲ ဝင်ရောက်လာကြသူများက ၂၀ ကျော်ရှိနေခဲ့ရာ တစ်နှစ်ထက် တစ်နှစ် အရေအတွက်များလာသည်မှာ အသေအချာ ပင်ဖြစ်သည်။ ၂၀၁၆ ခုနှစ်က ၁၈ ဦး ကွယ်လွန်ခဲ့ပြီး ၃၄ ဦး တိုးလာခဲ့ပါသည်။ ၂၀၁၇ ခုနှစ်တွင် ၁၃ ဦး ကွယ်လွန်သွားခဲ့ပြီး ၂၇ ဦး တိုးလာခဲ့ပါသည်။ ၂၀၁၈ ခုနှစ်တွင် ၂၄ ဦး ကွယ်လွန်ခဲ့ကြပြီး ၅၃ ဦးတိုးလာခဲ့ ရာ သက်ကြီးကန်တော့ခံ ၂၄၅ ဦးအထိ ရှိလာခဲ့ပါသည်။

၂၀၁၉ ခုနှစ်တွင် ၁၃ ဦး ကွယ်လွန်သွားခဲ့ပြီး ၄၆ ဦး တိုးလာခဲ့ရာ ကန်တော့ခံစာပေပညာရှင်ကြီး ၂၇၆ ဦးအထိရှိလာခဲ့ပါသည်။ သို့သော် ၂၀၂၀ ပြည့်နှစ် နှင့် ၂၀၂၁ ခုနှစ် နှစ်နှစ်နှင့် ၂၀၂၂ ခုနှစ်အတွင်းတွင် ကန်တော့ခံစာပေပညာရှင်ကြီး ၉၄ ဦး ကွယ်လွန် သွားခဲ့ကြပါသည်။ ၂၀၂၂ ခုနှစ်တွင် ကန်တော့ခံ သက်ကြီးစာပေပညာရှင် ၂၄၆ ဦးခန့် ရှိခဲ့ပါသည်။ ယခု ၂၀၂၃ ခုနှစ်တွင် ကန်တော့ခံသက်ကြီးစာပေ ပညာရှင်၂၅ ဦး ကွယ်လွန်သွားခဲ့ပြီး ၅၇ ဦး တိုးပွား လာခဲ့ရာ ကန်တော့ခံသက်ကြီးစာပေပညာရှင် ၂၇၈ ဦးအထိ ရှိနေပါသည်။

စာပေနှင့် စာနယ်ဇင်းအဖွဲ့ကြီးနှင့် မြန်မာနိုင်ငံစာရေးဆရာအသင်းတို့ နှစ်စဉ်မပြတ် သက်ကြီး ပူဇော်ပွဲကျင်းပခဲ့ကြသည်မှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါသည်-

 ၂၀၁၁ ခုနှစ်အထိ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့က ပူဇော်ကန်တော့ခဲ့ပြီး ၂၀၁၂ ခုနှစ်မှစတင်၍ ယခုနှစ်အထိ မြန်မာနိုင်ငံ စာရေးဆရာအသင်းက စဉ်ဆက်မပြတ် ဆက်လက် ၍ ပူဇော်ကန်တော့ခဲ့ပါသည်။ စာပေလုပ်သား အဖွဲ့ကြီးက ရှစ်ကြိမ်၊ စာပေနှင့် စာနယ်ဇင်းအဖွဲ့ကြီး က ၁၈ ကြိမ်၊ စာရေးဆရာအသင်းကြီးက ယခုနှစ်အပါအဝင် ၁၀ ကြိမ် စုစုပေါင်း ၃၆ ကြိမ် ရှိပေ တော့မည်။ စာပေလုပ်သားအဖွဲ့၊ စာပေနှင့် စာနယ်ဇင်းအဖွဲ့၊ စာရေးဆရာအသင်းဟူ၍ အဖွဲ့ အစည်းအမည်များကို ခေတ်စနစ်အခြေအနေအရ ပြောင်းလဲလာခဲ့ရသော်လည်း အသွင်သဏ္ဌာန်နှင့် အနှစ်သာရရော ရည်ရွယ်ချက်နှင့်လုပ်ငန်းစဉ်များပါ အတူတူပင်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ ဘဏ္ဍာရေးစည်းမျဉ်းကအစ စာပေလုပ်သားအဖွဲ့၏အမွေကို လက်ဆင့်ကမ်း သယ်ယူလာခဲ့ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ စာပေ လုပ်သားအဖွဲ့၊ စာပေနှင့် စာနယ်ဇင်းအဖွဲ့၊ စာရေး ဆရာအသင်းသည် တစ်ဖွဲ့တစ်သင်းတည်း ဖြစ်ကြောင်းပင်တည်း။

ယခုနှစ်ကန်တော့ခံကြမည့် သက်ကြီးစာပေပညာရှင်ကြီးများထဲတွင် အသက်အကြီးဆုံး ကန်တော့ခံစာပေပညာရှင်ကြီးမှာ တစ်သက်တာ စာပေဆုရ စည်သူဦးလေးမြိုင်(လေးမြိုင်) ၁၀၀ နှစ် ဖြစ်ပါသည်။ ကန်တော့ခံများထဲမှ အသက်အကြီးဆုံး ကန်တော့ခံစာပေပညာရှင်ကြီး ဦးအောင်သူ (သံမဏိမောင်မောင်) ၁၀၃ နှစ်နှင့် စည်သူဗိုလ်ကလေးတင့်အောင် ၁၀၁ နှစ်တို့သည် ကွယ်လွန်သွားခဲ့ကြပါသည်။

စာပေဖြင့် တာဝန်ကျေပွန်စွာ ထမ်းဆောင် ခဲ့ကြသော နှလုံးရည်တပ်သားကောင်းများ

မြန်မာနိုင်ငံ စာရေးဆရာအသင်းအနေဖြင့် သက်ကြီးစာပေပညာရှင်ကြီးများကို အစဉ်အလာမပြတ် နှစ်စဉ် ဆက်လက်ပူဇော်ကန်တော့နေရာ အသင်းကြီးမှာ ရန်ပုံငွေ၊ တစ်နည်းအားဖြင့် ဘဏ္ဍာငွေ တောင့်တင်းနေသောကြောင့်မဟုတ်ပါ။ သက်ကြီးစာပေပညာရှင်ကြီးများသည် နိုင်ငံနှင့် လူမျိုးအကျိုးကို တတ်ကျွမ်းသည့် စာပေဖြင့်တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသော နှလုံး ရည်တပ်သားကောင်းများ ဖြစ်ခဲ့ကြသည့်အပြင် ဂုဏ်နှင့် အသက်အရွယ်အားဖြင့် ကြီးမြတ်သူများ အဖြစ် ရည်မျှော်ကော်ရော်ကာ ပူဇော်ကန်တော့နေ ကြခြင်းဖြစ်သည်။

စီးပွားရေးအသင်းအဖွဲ့ မဟုတ်သောကြောင့် ဘဏ္ဍာငွေအင်အားနည်းနေသည်ဖြစ်ရာ ပူဇော် ကန်တော့ရန်အတွက် ငွေသားအလှူရှင်များနှင့် ပစ္စည်းအလှူရှင်များထံမှ နှစ်စဉ် မေတ္တာရပ်ခံပြီး ဖြည့်ဆည်းကန်တော့နေကြရပါသည်။ နိုင်ငံတော် သမ္မတရုံးအဆင့်မှသည် ဝန်ကြီးဌာနများ၊ ပြည်သူ့ လွှတ်တော်၊ နိုင်ငံရေးပါတီများ၊ ပုဂ္ဂလိကစာပေဆု ချီးမြှင့်ရေးကော်မတီများ၊ မြန်မာနိုင်ငံစာကြည့်တိုက် ဖောင်ဒေးရှင်း၊ သတင်းမီဒီယာကောင်စီ၊ ညီနောင် အသင်းအဖွဲ့များ၊ မြို့နယ်စာရေးဆရာအသင်းများ၊ ကုမ္ပဏီများ၊ စာပေတိုက်များ၊ တစ်ဦးချင်း စေတနာရှင်များ၏ လှူဒါန်းငွေများ၊ လှူဖွယ်ပစ္စည်း များဖြင့် ပူဇော်ကန်တော့နေခဲ့ရာ၌ စာရေးဆရာ အသင်းက လိုအပ်ငွေ လေးပုံတစ်ပုံခန့်ကို နှစ်စဉ် စိုက်ထုတ်သုံးစွဲကုန်ကျခံလျက်ရှိပါသည်။ စေတနာရှင် အလှူရှင်များ၏ လှူဒါန်းငွေကို အခြေခံပြီး စာရေး ဆရာအသင်းက ဖြည့်ဆည်းနိုင်သည့် ငွေပမာဏကို တွက်ဆကာ ကန်တော့ခံသက်ကြီးစာပေပညာရှင်ကြီးများကို ထိုက်သင့်အားလျော်စွာ ကန်တော့နိုင်ရန် စီမံခန့်ခွဲကြရပါသည်။ ထို့ကြောင့် အသက် ၈၀ နှင့်အထက် အသင်းဝင်တိုင်းကို စေတနာထားကာ ပူဇော်ကန်တော့ချင်ပါသော်လည်း ဝန်နှင့်အားက မမျှသောကြောင့် အားမသန်၍မာန်လျှော့နေခဲ့ကြ ရပါသည်။

မြန်မာနိုင်ငံစာရေးဆရာအသင်းက သက်ကြီးစာပေပညာရှင်ကြီးများကို နှစ်စဉ်ပူဇော်ကန်တော့ နေခဲ့ရာ “သက်ကြီးစာပေပညာရှင်ဟူသော စာပေစံ၊ အခြေခံမူများ ကို သတ်မှတ်ကာ စာပေ အစဉ်အလာ၊ စာပေဝါ၊ သမ္ဘာ၊ စာပေဂုဏ်သိက္ခာရှိကြ သူများကို မူဘောင်နှင့်အညီ စိစစ်ရွေးချယ်ပူဇော် ကန်တော့နေခြင်းဖြစ်ပါသည်။

စာပေပညာရှင်ကြီးများ၏အတ္ထုပ္ပတ္တိစာအုပ်များ

ထိုသို့ စိစစ်ရွေးချယ် ပူဇော်ကန်တော့ခဲ့ရာတွင် ပါတီစွဲ၊ ဂိုဏ်းစွဲ၊ အဖွဲ့စွဲများနှင့် နိုင်ငံရေးအယူအဆ အမျိုးမျိုးကို ဥပေက္ခာပြုလျစ်လျူရှုကာ စာပေ လောကသားအားလုံး၏ အကျိုးအတွက် စွမ်းဆောင် နိုင်သမျှ အကျိုးပြု ပူဇော်ကန်တော့နေခြင်းဖြစ်ပါ သည်။ ဤသည်ကို နှစ်စဉ် ကန်တော့ခံခဲ့ကြသည့် စာပေပညာရှင်ကြီးများ၏ အတ္ထုပ္ပတ္တိစာအုပ်များက ခိုင်မာစွာ သက်သေခံလျက်ရှိပါသည်။ မြန်မာနိုင်ငံ စာရေးဆရာအသင်းအနေဖြင့် ကန်တော့ခံစာပေပညာရှင်ကြီးများစာရင်းကို မြို့နယ်အသင်းများသို့ နှစ်စဉ်တောင်းခံပြုစုခဲ့ရာတွင် “သက်ကြီးစာပေ ပညာရှင်ဟူသော စာပေစံအခြေခံမူများနှင့် ကိုက်ညီ သူများကိုသာ ပေးပို့ကြရန်နှင့် “အသင်းဝင်သက်ကြီး ရွယ်အိုများကို ပူဇော်ကန်တော့နေခြင်းမဟုတ် ကြောင်း အမြဲတမ်း ကြိုတင်ရှင်းလင်းလျက်ရှိပါသည်။

အများအကျိုး၊ ရွက်သယ်ပိုးက၊ ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း၊ မရွဲ့မစောင်း၊ ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနှင့်ယှဉ်၊ ရှေးရှုနှင်လော့ ဟူသော “စစ်ကိုင်းရွှေဟင်္သာဆရာတော်ဘုရားကြီး၏ သြဝါဒကို ဦးထိပ်ပန်ဆင်ကာ နှစ်စဉ်မပြတ် ဆက်လက်ပူဇော်ကန်တော့ခဲ့ရာ အောင်မြင်တိုးတက်မှုရှိခဲ့ ပြီး (၃၆)ကြိမ်မြောက်ခရီးသို့ ရောက်ခဲ့ပြီဖြစ်ပါသည်။

ယခု (၃၆)ကြိမ်မြောက် သက်ကြီးစာပေပညာ ရှင်ကြီးများ ပူဇော်ကန်တော့ပွဲကို ဒီဇင်ဘာလ စတုတ္ထပတ်ထဲတွင် ရန်ကုန်မြို့တော်ခန်းမ၌ ယခင် နှစ်များကဲ့သို့ စာပေလောကသားများစုံညီစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ ကန်တော့ခံသက်ကြီးစာပေပညာရှင်၂၇၈ ဦး (အမျိုး သား ၂၄၃၊ အမျိုးသမီး ၃၅)အတွက် ထက်သန်သော စေတနာမွန်ဖြင့် အလှူငွေများနှင့် ကန်တော့ဖွယ်ရာ ပစ္စည်းများကို မြန်မာနိုင်ငံ စာရေးဆရာအသင်းကြီးသို့ ဆက်သွယ်လှူဒါန်းကြပါရန်နှင့် ကန်တော့ပွဲ အခမ်းအနားသို့ ဝမ်းပန်းတသာ သဒ္ဓါကြည်ညိုစွာဖြင့် တက်ရောက်ကုသိုလ်ယူကြပါရန် ဆန္ဒမွန်ပြုလိုက်ရပါသည်။     ။

မောင်ငြိမ်းသူ(ကြို့ပင်ကောက်)