Skip to main content

အနာဂတ်အတွက် အရင်းအနှီးကောင်းများဖြစ်သည့် လူငယ်ကဏ္ဍမြှင့်တင်စို့

မေယု-မျိုးအောင် (MANA)

လူငယ်ဟူသည် အနာဂတ်အတွက် အရင်းအနှီး ကောင်းများဖြစ်သည်။ ယနေ့ကာလတွင် လူငယ်များကို အကောင်းဆုံးပြုစုပျိုးထောင်ပေးလျက်ရှိသည်။ ရုပ်ရည်လှပခြင်းထက် ကိုယ်ကျင့်တရား ကောင်းမွန်ခြင်းဟူသော စိတ်အလှကို မွေးမြူထားရမည်ဖြစ်သည်။ နိုင်ငံတော်၏ အနာဂတ်တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းတို့သည် လူငယ်တို့၏ အရည်အချင်းပေါ်တွင် မူတည်သည်။ ပညာတတ်သော်လည်း ကိုယ်ကျင့်တရားချို့ယွင်းသူ၊ ကိုယ်ကျင့်တရားကောင်းမွန်သော်လည်း ပညာရေးတွင် ချို့တဲ့သူမဖြစ်အောင် နိုင်ငံတော်အစိုးရအနေဖြင့် ဘက်စုံပညာရေးကို ကျင့်သုံးလျက်ရှိသည်။

လူငယ်တို့၏ ဘဝအစသည် ကျောင်းစာသင်ခန်းများဖြစ်သည်။ စာသင်ခန်းများက (ဆရာ၊ ဆရာမများက) လူငယ်တို့၏ နှလုံးသားကိုပြုပြင်နိုင်ကြသည်။ လူကောင်းလူတော်ဖြစ်အောင် သင်ကြားပြသဆုံးမနိုင်ကြသည်။ လူငယ်တို့၏ အနာဂတ်သည် ဆရာ၊ ဆရာမတို့လက်ဝယ်တွင်ရှိရာ ဆရာကောင်းတပည့် ပန်းကောင်းပန်ဖြစ်အောင် သင်ပြပေးကြရမည်ဖြစ်သည်။ မိဘများမှာလည်း ဆရာများကဲ့သို့ မိမိ၏သားသမီးကို ပြောဆိုဆုံးမရမည်ဖြစ်သည်။ မိမိသားသမီး လမ်းမှားမရောက်အောင်၊ တွေးခေါ်စဉ်းစားဆင်ခြင်တတ်အောင်၊ အမှား/ အမှန် ချင့်ချိန်တတ်အောင် သင်ကြားပြသရမည်ဖြစ်သည်။

လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူ ပြု ပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်လျက်ရှိသည်။ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ကာလ ဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသည့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။ ကျောင်းများတွင် ဒီမိုကရေစီနှင့် ပတ်သက်သည့် အသိတရားများရှိအောင် သင်ကြားပေးခြင်းဖြင့် လူအချင်းချင်း တစ်ဦးနှင့်တစ်ဦး စုရုံးပေါင်းသင်းဆက်ဆံရာတွင် သိသင့်သိထိုက်သည့်အကြောင်း၊ ပြုသင့်ပြုထိုက်သည့် တာဝန်ဝတ္တရားများကို လေ့လာသင်ကြားလိုက်နာခြင်းဖြင့် လူငယ်တစ်ဦးချင်း၏ ဘဝ၊ လူ့လောကအဆင့်အတန်း တိုးတက်မြင့်မားလာစေမည်ဖြစ်သည်။ ယနေ့လူငယ်များအား ပြည်သူပြည်သားကောင်းတို့၏ ဝတ္တရားဖြစ်သော ဒီမိုကရေစီအသိတရားလေ့ကျင့် သင်ကြားတတ်မြောက်ကြမှသာ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ သားကောင်းသမီးကောင်းများ ဖြစ်လာပေလိမ့်မည်ဖြစ်သည်။

လူငယ်တိုင်းဆောင်ရွက်ရန်ဖြစ်သော တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုထိန်းသိမ်းရေး၊ ပေါင်းသင်းဆက်ဆံရေး၊ လူမှုရေးတို့ကို နိုင်ငံ့သားကောင်းအဖြစ် နိုင်ငံတော်အတွက် တာဝန်ကျေပွန်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ အကျင့်စာရိတ္တကောင်းခြင်းနှင့် အမူအရာယဉ်ကျေးခြင်းသည် မတူညီနိုင်ပေ။ အချို့သောလူငယ်တို့မှာ ခေတ်ပညာတတ်၍ အကျင့်စာရိတ္တကောင်းကြပါလျက် အမူအရာ၊ အပြောအဆိုယဉ်ကျေးမှုမရှိခြင်းကြောင့် အကျိုးရှိသင့်သလောက်မရှိဘဲ တစ်ခါတစ်ရံ အကျိုးယုတ်ခြင်းနှင့်ပင် တွေ့ကြုံရတတ်သည်။ ပညာအရည်အချင်းတူပါလျက် ယဉ်ကျေးစွာဆက်ဆံတတ်သူက ယဉ်ကျေးမှုမရှိသူထက် အဆင့်အတန်းများစွာသာလွန်ကာ အကျိုးခံစားနေရသည်ကို များစွာတွေ့မြင်နိုင်သည်။ ယဉ်ကျေးခြင်းအမူအရာသည် မွေးကတည်းက ပါလာကြသည်မျိုးမဟုတ်။ သင်ကြားပြသအတုယူခြင်းဖြင့် ပြုပြင်၍ရကောင်း သည့်အရာဖြစ်သည်။ ဒီမိုကရေစီနှင့်ပတ်သက်သည့် အသိများကိုလည်း ငယ်စဉ်ကျောင်းသား ကျောင်းသူဘဝကတည်းက စတင်သင်ကြားပေးမည်ဆိုပါက လူငယ်တို့၏ အနာဂတ်၊ တိုင်းပြည်အနာဂတ်လှပနေမည်ဖြစ်သည်။

ပညာရေးခရီးကို ရွေးချယ်နိုင်သည့် အခွင့်အလမ်းများ

လူငယ်များအနေဖြင့် ပညာရေးကဏ္ဍတွင် အတန်းပညာကို ပြီးဆုံးအောင်မဖြစ်မနေသင်ယူ ကြရမည်ဖြစ်သည်။ ယခင်က မိသားစုများဆင်းရဲ၍ သားသမီးများ ကျောင်းထားရန် အခက်အခဲရှိခဲ့သည်။ ယခုပညာရေးစနစ်မှာ အခမဲ့ပညာရေးစနစ်ဖြစ်သည့်အတွက် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ကြရမည်ဖြစ်သည်။ ပညာတတ်သူပေါများလာမှ ဆင်းရဲမှုလည်း လျော့နည်းမည်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် အခြေခံပညာအလယ်တန်းပြီးဆုံးပါက မိမိတို့နှစ်သက်ရာ ပညာရေးခရီးကို ရွေးချယ်နိုင်သည့် အခွင့်အလမ်းများအဖြစ် ခရိုင် ၅၀ ရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုပညာများ သင်ယူနိုင်သည့် အထက်တန်းကျောင်း ၅၁ ကျောင်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ မိမိတို့နှစ်သက်ရာ စိုက်ပျိုးရေးပညာ၊ မွေးမြူရေးပညာ၊ စက်မှုအတတ်ပညာများကို သင်ကြားတတ်မြောက် အောင်သင်ယူပြီး မိမိတို့ဒေသရှိ စိုက်ပျိုး၊ မွေးမြူ၊ စက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ပြီဖြစ်သည်။ လူငယ်မောင်မယ်တိုင်း နိုင်ငံတော်က လမ်းခင်းပေးထားသော ပညာရေးအခွင့်အလမ်းများပေါ်တွင် လျှောက်လှမ်းရင်း မိမိကိုယ်တိုင် ကြီးပွားတိုးတက်ရေးကို ကြိုးပမ်းကြရမည်ဖြစ်သည်။

မိမိကိုယ်ပိုင်အရည်အချင်းရှိသူတစ်ဦးဖြစ်မှသာ မိမိဒေသ၊ မိမိတို့နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံအဖြစ် တည်ဆောက်နိုင်ကြမည်ဖြစ်သည်။

ဉာဏ်ရည်၊ နှလုံးရည်တွေးခေါ်မြော်မြင် ဆင်ခြင်နိုင်မှုစွမ်းအားများသည် ပညာကိုအခြေခံဖြစ်ထွန်းနိုင်သည်။ ပညာသည် လူသားတိုးတက်ရေး၌ အခြေခံအကျဆုံးအချက်ဖြစ်ပြီး ပညာတတ်မှသာ ကောင်းမွန်မြင့်မားသော အရည်အချင်းများဖြင့် အရာရာတွင် ဖန်တီးတည်ဆောက်နိုင်သည်။ ပညာမှထုတ်နုတ်ပေးသော တွေးခေါ်ဆင်ခြင်မှုများမှလည်း စည်းလုံးညီညွတ်မှုနှင့် ဇွဲ၊ လုံ့လ၊ ဝီရိယရှိမှုများကို မွေးဖွားပေးနိုင်သည်။

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးများစွာဖြင့် မတူကွဲပြားမှုများကြားတွင် အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်သောနိုင်ငံဖြစ်သည်။ မတူကွဲပြားမှုများအကြား မယုံကြည်မှုများ၊ သံသယများကြောင့် အခက်အခဲများဖြင့် ရုန်းကန်ရင်ဆိုင်နေရဆဲဖြစ်သည်ကို အားလုံးအသိပင်ဖြစ်သည်။ ယုံမှားသံသယများ ကင်းရှင်းပြီး တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အချင်းချင်းကြားတွင် ယုံကြည်မှု၊ နားလည်မှုများ တည်ဆောက်နိုင်မှသာ ဖော်ဆောင်နေသော ဒီမိုကရေစီနိုင်ငံ၊ မျှော်မှန်းထားသော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာမည်ဖြစ်သည်။ နိုင်ငံကို ပြုပြင်ပြောင်းလဲတည်ဆောက် နေသောကာလတွင် ယင်းအချက်သည် လွန်စွာအရေးကြီးသဖြင့် ပညာပြည့်ဝပြီး အမြင်ကျယ်ကာ သဘောထားကြီးသည့် လူ့အသိုင်းအဝိုင်းဖြစ်ပေါ်လာအောင် ပညာရေးကဏ္ဍတွင် ဦးစားပေးရင်းနှီးမြှုပ်နှံနေခြင်းဖြစ်သည်။ ယင်းတွင် အဆင့်မြင့်ပညာကဏ္ဍသည် အရေးပါပြီး ပညာဆည်းပူးနေကြသော လူငယ်လူရွယ်များ အရည်အသွေးမြင့်မား၍ အမြော်အမြင်ရှိပြီး ဆင်ခြင်တုံတရားပြည့်ဝသည့် လူသားကောင်းများဖြစ်လာရန် ကြိုးပမ်းလျက်ရှိသည်။

လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာအောင် ပြုစုပျိုးထောင်

ရန်ကုန်တက္ကသိုလ်ကြီးနှင့်တကွ မြန်မာပြည်ရှိ အဆင့်မြင့်ပညာဌာနအားလုံး နိုင်ငံတကာအဆင့်မီ အရည်အသွေးမြင့်မားအောင် ကြိုးပမ်းမြှင့်တင်ခြင်းဖြင့် ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ထောင်ရာတွင် အထူးလိုအပ်နေသော နိုင်ငံတော်ကို ကောင်းကျိုးပြုမည့် အရည်အသွေးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာအောင် ပြုစုပျိုးထောင်ပေးနိုင်မည်ဖြစ်သည်။ မျက်မှောက်ကာလတွင် အနာဂတ်နိုင်ငံတော်ကို အကောင်းဆုံးပုံဖော်ထုဆစ်နိုင်ရန်အတွက် အခြေခံကျသည့် ပညာရေးကဏ္ဍကို အားပေးမြှင့်တင်လျက်ရှိသည်။ ကလေးသူငယ် လူငယ်လူရွယ်တိုင်းပညာကို ဆုံးခန်းတိုင်အောင် သင်ကြားနိုင်ရေး၊ ပညာကို ဆုံးခန်းတိုင်အောင်သင်ကြားမည့် အခြေအနေမရှိသည့် လူငယ်လူရွယ်များအား အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားနိုင်ရေးကို ဦးစားပေးဆောင်ရွက် လျက်ရှိသည်။ ကျောင်းသား၊ ကျောင်းသူများ အတန်းပညာကို တတ်မြောက်ပြီးဆုံးရေးသာမက အစဉ်အဆက်ကိုင်စွဲခဲ့သည့် ပညာရေးဆောင်ပုဒ်ဖြစ်သည့် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာဟူသော ဤသုံးခုကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ဤသုံးခုကို ဦးတည် ရှေးရှုသည့် ဗလငါးတန်ဖွံ့ဖြိုးသည့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များဖြစ်လာအောင် အဘက်ဘက်က အားပေးမြှင့်တင် မြေတောင်မြှောက်ပေးနေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။

လူငယ်လူရွယ်များသည် ငယ်စဉ်အခါ ပညာရှာရာတွင် တစ်နှစ်တစ်တန်းအောင်ပြီး အတန်းပညာကို ပြီးဆုံးအောင်သင်ကြားရေးသာမက လူငယ်တစ်ဦးချင်းစီ၏ ပင်ကိုအရည် အသွေးများ၊ ကိုယ်ပိုင်အရည်အသွေး အရည်အချင်းများ ပြည့်ဝလာအောင် ဆောင်ရွက်ပေးရန်လိုသည်။ ပညာပြည့်ဝရုံသာမက ကျန်းမာသန်စွမ်းရန်၊ အကျင့်စာရိတ္တကောင်းမွန်ရန်၊ မိတ်ကောင်းဆွေကောင်းများနှင့် ပေါင်းသင်းဆက်ဆံတတ်ရန်၊ စီးပွားဥစ္စာတို့ကို ရှာဖွေစုဆောင်းတတ်ရန်၊ တီထွင်ဖန်တီးနိုင်သည့် အစွမ်းအစများရှိရန်စသည့် အရည်အချင်းများနှင့်ပြည့်စုံမှသာ ပိုမိုကောင်းမွန်သော လူမှုဘဝနှင့်ထွန်းတောက်သည့် အနာဂတ်နိုင်ငံတော်ကြီး ပေါ်ထွန်းလာမည်ဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များသည် တောက်ပသည့်ကြယ်ပွင့်လေးများဖြစ်သည်။ နိုင်ငံ့အနာဂတ်တာဝန်များကို လက်ဆင့်ကမ်း ပခုံးပြောင်းတာဝန်ယူကြမည့်သူများဖြစ်သည်။ ထွန်းတောက်သည့် နိုင်ငံတော်ကြီး ထည်ထည်ဝါဝါပေါ်ထွန်းလာစေရန်နှင့် အေးချမ်းသာယာဝပြောသည့် လူ့ဘောင်လောကသစ်ကို တည်ဆောက်နိုင်ရန်အတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် လူငယ်လူရွယ်များဖြစ်လာအောင် စဉ်ဆက်မပြတ် ဆက်လက်ဝိုင်းဝန်း မြှင့်တင်အားပေးနေရမည် ဖြစ်သည်။

စိတ်နှလုံးစောင့်ထိန်းခြင်း

စိတ်နှလုံးစောင့်ထိန်းခြင်းသည် ကိုယ်ကျင့်တရားကောင်းမွန်ရေးအတွက် အဓိကလက္ခဏာ တစ်ရပ်ဖြစ်သည်။ စိတ်သည် မကောင်းမှုတွင် မွေ့လျော်သည့်သဘောရှိသည့်အတွက် စိတ်ကိုထိန်းနိုင်ရန် လိုအပ်သည်။ အချို့သောလူငယ်များမှာ ငယ်ငယ်ရွယ်ရွယ်နှင့် အရက်၊ ကွမ်းယာ၊ ဆေးလိပ်မှသည် မူးယစ်ဆေးဝါးအထိ သုံးစွဲမှုပြုလာသောအခါ ပတ်ဝန်းကျင်အတွက် ကောင်းကျိုးမပြုသည့် လူဆိုးအဖြစ် အများဖယ်ကြဉ်ခြင်းခံရပေမည်။ ယင်းအပြင် ရောဂါဆိုးများဝင်ရောက်လာကာ လူ့ဘဝတွင် သက်တမ်းစေ့မနေရဘဲ စောစီးစွာကျောခိုင်းထွက်ခွာသွားကြရမည်။ မိဘများအတွက် ယူကျုံးမရဖြစ်ရသလို နိုင်ငံတော်အတွက်လည်း လူသားအရင်းအမြစ် ဆုံးရှုံးခြင်းဖြစ်သည်။ “ဟုတ်သောအကြံ၊ မှန်သောအကျင့်၊ သင့်သော အယူ၊ ဖြူသောနှလုံး၊ သူတော်ထုံးကို၊ စွဲသုံးသောထွေ၊ မှန်လှစေဟူသော ရှင်မဟာရဋ္ဌသာရ၏ ဆုံးမစာသကဲ့သို့ ကိုယ်အမူအရာ၊ စိတ်ထားတို့အပြင် အတွေးအခေါ်အကြံအစည်တို့ မှန်ကန်ရမည်ဖြစ်ပေသည်။ အနှစ်ချုပ်ဆိုရသော် ကိုယ်ကျင့်တရားကောင်းမွန်သည့် လူငယ်များဖြစ်မှသာ အနာဂတ်နိုင်ငံတော်အတွက် အားကိုးအားထားရမည့် လူငယ်များ ပေါ်ထွန်းလာမည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။ ။