အလှူဒါန ပြုကြသူငှာ
ခင်သန်းမြင့်
ပြီးခဲ့တဲ့ရက်ပိုင်းက ရပ်ကွက်ဓမ္မာရုံက ဆွမ်းအောင်ပွဲအဖြစ် လှူဒါန်းကျွေးမွေးတဲ့ စတုဒိသာအလှူပွဲလေးတစ်ခုကို ကျွန်မတကူးတကသွားစားဖြစ်တယ်။ တကူးတကဆိုတာကဓမ္မာရုံက ရင်းနှီးတဲ့ဓမ္မမိတ်ဆွေတွေက ဆက်ဆက်ကြွလှမ်းခဲ့ဖို့မှာလို့ပါ။ ညနေပိုင်းကျွန်မရောက်တဲ့အချိန်မှာ အကျွေးအမွေးကစနေပြီ။ စတုဒိသာဆိုတဲ့အတိုင်း အရပ်လေးမျက်နှာက လူကြီး၊ လူငယ်၊ ကလေးတွေကအစ လက်လုပ်လက်စား၊ ဆိုက်ကားဆရာတွေအဆုံး လူတန်းစားမရွေး အားရပါးရစားသောက်နေကြတာတွေ့ရတယ်။
ဟင်းက ဘဲဥ၊ ပဲဟင်း၊ ငံပြာရည်ချက်ဆိုတော့ကာ အစပ်အဟပ်တည့်တော့အများစုက ထမင်းတစ်ပန်းကန်နဲ့ မတင်းတိမ်နိုင်ကြဘူး။ အနည်းဆုံးနှစ်ပန်းကန်၊ သုံးပန်းကန်အထိ စားနိုင်ကြတယ်။ ပဲဟင်းလိုက်ပွဲ လိုက်ထည့်ပေးတဲ့သူတွေလည်း လက်မလည်ရှာဘူး။ ကုန်ကျစရိတ်က ငွေကျပ်ငါးသိန်းကျော် ခြောက်သိန်းနီးပါးရှိတယ်လို့ သိရတယ်။ ကျွန်မဖြင့် ဟိတ်ဟန်မရှိ အားရပါးရသုံးဆောင်နေကြတဲ့ လူတွေကိုကြည့်ပြီး အလှူရှင်တွေကိုယ်စား ဝမ်းမြောက်ပီတိဖြစ်ရတယ်။
ကျေးလက်တောရွာအလှူပွဲ
ကျေးလက်တောရွာဘက်က အလှူပွဲတွေဆိုရင် ပိုပြီးပျော်ရွှင်ကြည်နူးစရာကောင်းတယ်။ ဆိုင်းတို့၊ အငြိမ့်တို့ ပွဲလမ်းသဘင်တွေ၊ ပွဲဈေးတန်းတွေနဲ့ စည်ကားလိုက်တာလွန်ရော။ မှတ်မိသေးတယ်၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ နီးပါး ၁၉၉၄ ခုနှစ်က ကွမ်းခြံကုန်းနဲ့ ဒေးဒရဲအစပ်က ကျေးရွာတစ်ရွာက ရှင်ပြုအလှူတစ်ခုကို ကျွန်မရောက်ဖြစ်တယ်။ အလှူရှင်မိတ်ဆွေမိသားစုက အလှူပွဲရက်မတိုင်မီ ညမှာဆိုင်းပါထည့်ပြီး ဧည့်ခံတော့ ရွာနီးချုပ်စပ်က လာတဲ့လူတွေ၊ ပွဲဈေးတန်းတွေနဲ့ တိုးမပေါက်အောင် စည်ကားလိုက်တဲ့ဖြစ်ခြင်း။ ညသန်းခေါင်ကျော်တဲ့အထိပါပဲ။
မနက်ကျတော့လည်း ထမင်းကျွေးတဲ့ အလှူမဏ္ဍပ်ရုံကြီးမှာ လူတော်တော်နဲ့မစဲဘူး။ တစ်သုတ်ပြီး တစ်သုတ်၊ တစ်ဖွဲ့ပြီးတစ်ဖွဲ့ လာရောက်စားသုံးကြတာ တကယ့်ကိုအားရစရာကြီး။ ဟင်းက ငါးခြောက်ထောင်းကြော်နဲ့ ပဲဟင်း။ တောရွာဓလေ့ထုံးစံအတိုင်း စားလိုက်ကြတာမှ ဝက်ဝက်ကွဲပဲ။ ငါးခြောက်ထောင်းကျော်တွေကို အလှူနေ့မတိုင်မီကတည်းကကြော်ပြီး ရာဝင်အိုးတွေနဲ့ ထည့်လှောင်ထားတာ။
ပြောရမယ်ဆိုရင် ဒီလိုအလှူမျိုးဟာ အလှူရေစက်လက်နဲ့မကွာ လှူဒါန်းလေ့ရှိကြတဲ့ ကျွန်မတို့ ဗုဒ္ဓဘာသာမြန်မာနိုင်ငံမှာ အဆန်းတကြယ်မဟုတ်ပေမယ့် ရေခြားမြေခြား နိုင်ငံရပ်ခြားမှာတော့ ဒီလိုမီးခိုးတိတ် ရွာလုံးကျွတ်လှူဒါန်းဖို့ အင်မတန်ခက်ခဲမှာပေါ့။ လှူဒါန်းသည့်တိုင် ဒါနကုသိုလ်နဲ့ပတ်သက်ပြီး ဘယ်လိုရည်ရွယ်ချက်နဲ့ လှူဒါန်းဖို့၊ ဘယ်လိုစိတ်ထားမျိုး မွေးမြူလှူဒါန်းဖို့ သိဖို့ခက်တာပေါ့။
ဘယ်လိုစိတ်ထားနဲ့ လှူရမယ်
ကျွန်မတို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေကတော့ သံဃာတော်အရှင်သူမြတ်တို့ရဲ့ ဟောဖော်ညွှန်ပြဆိုဆုံးမမှုကြောင့် ဘယ်လိုရည်ရွယ်ချက်၊ ဘယ်လိုစိတ်ထားနဲ့ လှူရမယ်ဆိုတာသိကြတယ်။ ပါမောက္ခ ချုပ်ဆရာတော်ကြီး အရှင်နန္ဒမာလာဘိဝံသက “မဟာဒါန”ဆိုတဲ့တရားတော်မှာ “လှူကတည်းက အများအတွက်လှူရမယ်။ အလှူခံပုဂ္ဂိုလ်ရဲ့ အကျိုးကို ဦးတည်ရမယ်။ အလှူခံပုဂ္ဂိုလ်ရဲ့အကျိုးကို ကြည့်ပြီးတော့လှူတာဟာ အင်မတန်မွန်မြတ်တယ် လို့ပြောရမယ်။ အလှူခံပုဂ္ဂိုလ်အပေါ် မေတ္တာထားမယ်။ စေတနာ၊ ကရုဏာထားမယ်။ မျှော်တွေးရင် အရောင်းအဝယ်ဖြစ်သွားမယ်။ ဆုမတောင်းရဘူးလို့ ပြောတာတော့မဟုတ်ဘူး။ အလှူခံပုဂ္ဂိုလ်ရဲ့ အကျိုးကိုကြည့်ပြီးတော့ လှူလိုက်တယ်။ လှူပြီးတဲ့ အခါကျတော့မှ ကိုယ့်ဆန္ဒထုတ်ဖော်တာ။ ဒီလိုလှူရတဲ့ကုသိုလ်ဟာ သူ့ဟာသူအကျိုးပေးမှာပဲ။ တောင်းသည်ဖြစ်စေ၊ မတောင်းသည်ဖြစ်စေ ကိုယ်ကဘာကိုရချင်သလဲ၊ ဒီကုသိုလ်ကောင်းမှုဟာ ဘာကိုဦးတည် အကျိုးပေးစေချင်သလဲဆိုတာ ကိုယ်လိုချင်တဲ့ဆန္ဒကိုထုတ်ဖော်တာ။ ဒါဆုတောင်းတယ် ခေါ်တာနော်။
လှူတယ်ဆိုတာ အပြန်အလှန်မျိုးမဖြစ်စေရဘူး။ ပူဇော်တယ်၊ ချီးမြှောက်တယ်လို့ နှစ်မျိုးရှိတယ်။ ကိုယ့်ထက်မြင့်တဲ့ပုဂ္ဂိုလ်၊ သီလသမာဓိရှိတဲ့ပုဂ္ဂိုလ်တွေကို ကျောင်းဆောက်ပြီးတော့ ပူဇော်တယ် သို့မဟုတ် သင်္ကန်းနဲ့ပူဇော်တယ်။ သူ့ရဲ့သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တွေကို ပူဇော်တယ်။ ဒါပူဇော်တာ။ အေး၊ လိုအပ်နေတဲ့ ပုဂ္ဂိုလ်တွေကိုတော့ချီးမြှောက်တယ်။ ဘာနဲ့ချီးမြှောက်လဲ။ အေး၊ သူစားစရာမရှိဘူး၊ စားစရာပေးလိုက်တယ်။ နေစရာမရှိဘူး၊ နေစရာပေးလိုက်တယ်။ ဝတ်စရာမရှိဘူး၊ ဝတ်စရာပေးလိုက်တယ်။ ဒါချီးမြှောက်တာ။ အဲဒီ ချီးမြှောက်မှုတွေဟာ လှူသူအတွက်မဖြစ်စေရဘူး။ ယူသူအတွက်ဖြစ်စေရမယ်။ အလှူခံပုဂ္ဂိုလ်မှာ ရရှိတဲ့အတိုင်းအတာကိုကြည့်ပြီး အလှူဒါနရဲ့ ကောင်းမြတ်မှုကို ဆုံးဖြတ်ရမယ်”တဲ့။ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေအဖို့ အင်မတန်မှတ်သားနာယူစရာပါ။
ဆရာမကြီး လူထုဒေါ်အမာရေးတဲ့ အညာဒေသမှ အလှူပွဲ
ကျွန်မကိုယ်တိုင်ကိုယ်ကျ မျက်ဝါးထင်ထင်မမြင်တွေ့ရပါဘဲနဲ့ ဆောင်းပါးစာပေထဲကတစ်ဆင့် ယခုတိုင်မှတ်မှတ်ရရကြည်နူးပီတိဖြစ်ခဲ့တဲ့ အထက်အညာဒေသက ရှင်ပြုအလှူပွဲလေးတစ်ပွဲလည်း ရှိပါသေးတယ်။
ဒီအလှူပွဲကတော့ မုံရွာတစ်ဖက်ကမ်း ဆားလင်းကြီးမြို့နယ် တောင်ပလူရွာနားက ကန်ကြီးအောင် ရိပ်သာမှာပြုလုပ်ခဲ့တဲ့ အလှူပွဲလေးကို မန္တလေးက ဆရာမကြီး လူထုဒေါ်အမာက တက်ရောက်ရင်း ရေးဖွဲ့ခဲ့တာပါ။ အလှူဒကာက အလှူနေ့မှာ သူ့အလှူလာသူတွေကို “ဝက်သားပြောင်”ကျွေးတာတဲ့။ ဝက်သား “ပြောင်ကျွေး” ဆိုတာ ဝက်သားနီဟင်းအိုးကြီးချက်ကို ဘာနဲ့မှမရောဘဲ အရောအနှောမရှိ ကျွေးတာကို “ပြောင်ကျွေး”လို့ ဒေသကသုံးကြတယ်။ ဝက်သားနီချက်အပြင် ကုလားပဲဟင်းချို၊ ပုစွန် ခြောက်နဲ့ ငရုတ်သီးကြော်၊ ပဲတီချဉ်နဲ့ပါ တွဲဖက်ပြင်ဆင်ထားတော့ တောင်ပလူရွာနဲ့ သာယာကုန်းနှစ်ရွာက ရွာရှိလူကုန်အိမ်လုံးကျွတ် လူ ၁၂၀၀ အပြင် ရွာနီးချုပ်စပ်ကျေးရွာတွေကလည်း သတင်းကြားလို့လာစားကြတာနဲ့ အားလုံး လူ ၁၈၀၀ လောက် ကျွေးမွေးလှူဒါန်းရတယ်လို့ ဆိုပါတယ်။
ဆန်က အလှူနေ့ကချည်း ၁၈ တင်း၊ ဝက်သား က ၁၈၃ ပိဿာကုန်တယ်လို့ဆိုတယ်။ အလှူမတိုင်ခင် တစ်ရက်၊ နှစ်ရက်အကြိုကျွေးတာတင်ဝက် ၂၅ ပိဿာလောက်ကုန်သတဲ့။ အကျွေးအမွေးချည်း နှစ်သိန်းကုန်သတဲ့။ အလှူရှင်က မန္တလေးက။ ရတနာပုံထီဆိုင်ကထီပေါက်လို့တဲ့။ ဆရာမကြီး လူထုဒေါ်အမာက ဒီဆောင်းပါးစာစုလေးကို ၁၉၉၃ ခုနှစ် ဖေဖော်ဝါရီလထုတ် မိုးဂျာနယ်မှာရေးဖွဲ့ခဲ့တာ ဖြစ်ပါတယ်။ ဆောင်းပါးစာစုကလေးက ဘယ်အချိန် ပြန်ဖတ်ဖတ်မရိုးနိုင်သလို ကြည်နူးစရာကောင်းနေ ဆဲပါ။ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ က ငွေကျပ်နှစ်သိန်းနဲ့ လူပေါင်းထောင်ချီကျွေးမွေးလှူဒါန်းခဲ့တာကို ဖတ်ရတော့ ယခုခေတ် ကုန်ဈေးနှုန်းနဲ့ နှိုင်းယှဉ်ကြည့်ပြီး တကယ့်အံ့ဩဘနန်းလည်းဖြစ်ရတယ်။
ဒါပေမယ့် ခေတ်တွေဘယ်လိုပဲပြောင်းပြောင်း၊ မြန်မာလူမျိုးတွေကတော့ အလှူရေစက်လက်နဲ့မကွာ တတ်စွမ်းသမျှ လှူကြတန်းကြဆဲပါပဲ။ လက်ရှိကထိန်ရာသီကာလမှာလည်း လမ်းထောင့်က ဆိုက်ကားဂိတ်ကအစ ကထိန်ခင်းဖို့ပဒေသာပင်တွေ သီးနေကြပါပြီ။ အလှူဒါနဆိုတာကလည်း လှူစရာပစ္စည်းဝတ္ထုရယ်၊ လှူချင်တဲ့၊ လှူတတ်တဲ့စေတနာရယ် ဒီနှစ်ခုပေါင်းစပ်လိုက်တဲ့အခါမှ အလှူအထမြောက်ခြင်းဆိုတာ ဖြစ်လာတာပါ။ စေတနာက အကျိုးပေးတယ်ဆိုပေမယ့် စေတနာချည်း သက်သက် ပစ္စည်းမပါဘဲနဲ့တော့ အလှူအထမမြောက်နိုင်သလို ဝတ္ထုပစ္စည်းရှိပေမယ့်လည်း လှူချင်တဲ့ စေတနာမပါပြန်ရင်လည်း အထမမြောက်နိုင်ပါဘူး။
မြန်မာလူမျိုးတွေအဖို့ကတော့ များသောအားဖြင့် အလှူအတန်းမှာလက်မနှေးတဲ့ စိတ်စေတနာကောင်းတွေက ကိုယ်စီရှိနှင့်ပြီးသားပါ။ လှူစရာပစ္စည်းပေါပေါများများရှိဖို့ပါပဲ။ လက်ရှိမှာ အထက်အညာဒေသအချို့မှာ မငြိမ်းချမ်းတော့ အရင်က ဗြောသံ၊ စည်သံတညံညံနဲ့ အလှူရေစက်လက်နဲ့ မကွာနေထိုင်လာကြတဲ့ ဒေသခံပြည်သူအချို့ဟာ လှူဖို့တန်းဖို့နေနေသာသာ အိုးပစ်အိမ်ပစ်ထွက်ပြေး တိမ်းရှောင်နေကြရတယ်။ အင်မတန်ဝမ်းနည်း ကြေကွဲစရာပါ။
မြန်မာကျေးလက်ဒေသတို့ရဲ့ ကျက်သရေမင်္ဂလာ
တကယ်တော့ မြန်မာကျေးလက်ဒေသတောရွာတို့ရဲ့ သက်ဝင်ခမ်းနားမှုနဲ့ ရွာရဲ့ကျက်သရေမင်္ဂလာဟာ ဗြောသံစည်သံတညံညံနဲ့ ရှင်ပြုနားသအလှူ မင်္ဂလာပွဲတွေ၊ ၁၂ လရာသီ ဘုရားပွဲတော်တွေပဲဖြစ်ပါတယ်။ ကိုယ့်ရပ်ကိုယ့်ဒေသ ငြိမ်းချမ်းသာယာဖို့၊ စည်ပင်ဝပြောဖို့ဆိုတာ ဒေသခံတွေကိုယ်တိုင် ပူးပေါင်းတည်ဆောက်ကြရမှာပဲ ဖြစ်ပါတယ်။ ။