Skip to main content

စားရေရိက္ခာဖူလုံရေး လူတိုင်းပါဝင်ကြိုးပမ်းပေး

ညွန့်ဝင်း(နတ်တလင်း)

အသက်ရှည်စေသည့် အကြောင်းတရားလေးပါးတွင် ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့ပါဝင်သည်။ ထိုအထဲတွင် အာဟာရသည် အရေးကြီးဆုံးနေရာတွင် ပါဝင်နေသည်။ အာဟာရမှီဝဲစားသောက်ရမှသာ အသက်ရှင်ရပ်တည်နိုင်ပေသည်။ ထိုသို့မှီဝဲ စားသောက်ရာ၌လည်း အာဟာရလုံလောက်မျှတစွာရရှိရန် လိုအပ်သည်။ ထို့ကြောင့် လူ့ဘဝ၏အဓိက လိုအပ်ချက်ကြီးသုံးရပ်တွင် စား၊ ဝတ်၊ နေရေးဟူ၍ စားရေးကို ရှေ့ဆုံးမှ ထားရှိခြင်းဖြစ်သည်။

စားရေရိက္ခာအတွက် မရှိမဖြစ်လုပ်ငန်းများ

ကျွန်ုပ်တို့သည် အသက်ရှင်ရပ်တည်နိုင်ပြီး ကုန်ဆုံးသွားသောစွမ်းအင်များ ပြန်လည်ဖြည့်တင်းရန် အစာအာဟာရကို မုချမှီဝဲရပါသည်။ ကျွန်ုပ်တို့ လူသားများသည် သမိုင်းဦးအစတွင် အာဟာရအတွက် သားကောင်များကို ဖမ်းဆီးပြီး အစိမ်းလိုက်စားခဲ့ကြသည်။ ရာသီဥတုဒဏ်ခံနိုင်ရန်နှင့် သားရဲတိရစ္ဆာန်များဘေးမှကာကွယ်ရန် မီးကိုအသုံးချရာမှ အသားစိမ်းများ မီးထဲသို့ အမှတ်မထင်ကျပြီး ဆယ်ယူစားသောက်ရာတွင် အသားကိုအစိမ်းစားခြင်းထက် ချက်ပြုတ်စားခြင်းက ပို၍အရသာရှိကြောင်း သိခဲ့ကြသည်။ ထို့နောက်ပိုင်းတွင် သီးနှံများကို ရှာဖွေစားသောက်ရာမှ အလွယ်တကူစားသုံးနိုင်ရန် ကိုယ်တိုင်စိုက်ပျိုးလာကြသည်။ ခိုင်းစေရန်နှင့် အသားအတွက် သားကောင်များကို မွေးမြူလာကြသည်။ ထိုသို့ဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးသည် စားရေရိက္ခာအတွက် မရှိမဖြစ်သော လုပ်ငန်းများဖြစ်လာသည်။

အစပိုင်းတွင် စိုက်ပျိုးမွေးမြူ၍ စားရေရိက္ခာထုတ်လုပ်မှုနှင့် လူတို့၏စားသုံးမှု မျှတလုံလောက် ခဲ့သည်။ နောက်ပိုင်းတွင် တိုးချဲ့၍ စိုက်ပျိုးမွေးမြူလျက် စားရေရိက္ခာပိုမိုထုတ်လုပ်သည့်ကြားမှပင် တဖြည်းဖြည်း အဆမတန်တိုးပွားလာသော လူဦးရေအတွက် ရိက္ခာမလုံလောက်မှုများ ဖြစ်လာသည်။ ကမ္ဘာ့လူဦးရေ တိုးပွားနှုန်းကလည်း ဒီရေအလား တရိပ်ရိပ်တိုးတက်လာနေခဲ့သည်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က ကမ္ဘာ့လူဦးရေ သန်း ၈၀၀၀ ပြည့်ပြီဟု ကုလသမဂ္ဂက ထုတ်ပြန် ကြေညာခဲ့သည်။ ထိုလူဦးရေအတွက် စားရေရိက္ခာ လုံလောက်ရေးသည် အရေးတကြီးကြိုးပမ်း ဆောင်ရွက်ရမည့် ကိစ္စဖြစ်လာသည်။

ကမ္ဘာ့လူဦးရေတိုးပွားမှုကြောင့် နေစရာများ တိုးချဲ့ခြင်း၊ စိုက်ပျိုးမြေများ တိုးချဲ့ရင်းနှင့်ပင် နောက်ထပ်တိုးချဲ့ရန် နေရာရှားပါးလာသည်။ ကမ္ဘာမြေကလည်း ထပ်မံမကျယ်ပြန့်နိုင်တော့ပေ။ ထို့ကြောင့် နယ်မြေတိုးချဲ့ရန် မဖြစ်နိုင်တော့ဘဲ စိုက်ပျိုးမွေးမြူစနစ်များကို ပိုမိုတိုးတက်အောင် နည်းပညာအကူအညီဖြင့် တီထွင်ကြိုးပမ်းလာကြရလေသည်။ သို့သော် ကမ္ဘာတွင် စားရေရိက္ခာပြတ်လပ် မှု၊ အာဟာရချို့တဲ့မှုများကို တွေ့ကြုံရင်ဆိုင်နေရသည်။ ထို့ကြောင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးသည် ကမ္ဘာ့စားနပ်ရိက္ခာပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် ၁၉၄၅ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် ကနေဒါနိုင်ငံ ကွီဘက်မြို့၌ ကွီဘက်ညီလာခံကြီးကို ကျင်းပခဲ့သည်။ ထိုညီလာခံတွင် “ကမ္ဘာတစ်လွှားရှိ လူသားထုတစ်ရပ်လုံး မတောင့်မတ၊ မကြောင့်မကြနှင့် ငြိမ်းချမ်းစွာစားသောက်နေထိုင် နိုင်ရန်”ဟူသော ဦးတည်ချက်ဖြင့် ကမ္ဘာ့စားနပ်ရိက္ခာ နှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ကို ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့ကြီး၏ ရည်မှန်းချက်မှာ “မည်သည့်ကလေးငယ်မျှ ထမင်းမစားရဘဲ အိပ်ရာဝင်သည်မရှိစေရ။ မည်သည့်လူကြီးတစ်ယောက်မျှ နောက်တစ်နေ့ ထမင်းအတွက် ပူပန်ကြောင့်ကြမှုမရှိစေရ” ဟူ၍ ဖြစ်သည်။ ထိုဦးတည်ချက်၊ ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ကြီး စတင်ဖွဲ့စည်းခဲ့သော အောက်တိုဘာလ ၁၆ ရက်နေ့ကို ကမ္ဘာ့စားနပ်ရိက္ခာ နေ့အဖြစ် သတ်မှတ်ပေးခဲ့သည်။ ၎င်းသတ်မှတ်ချက်အရ နှစ်စဉ်အောက်တိုဘာလ ၁၆ ရက်နေ့ရောက်တိုင်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများတွင် ကမ္ဘာ့စားနပ်ရိက္ခာနေ့အခမ်းအနားများ ကျင်းပလာခဲ့သည်။ ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့သည် အသေးစိတ်ရည်ရွယ်ချက် (၄) ရပ်ထားရှိဆောင်ရွက် လျက်ရှိသည်။ ယင်းတို့မှာ-

(၁) အာဟာရပြည့်ဝမှုနှင့် လူနေမှုအဆင့်အတန်း မြှင့်တင်ပေးရန်၊

(၂) လယ်ယာ၊ သစ်တော၊ ရေလုပ်ငန်းတို့မှ စားသောက်ကုန်ပစ္စည်းနှင့် စိုက်ပျိုးထွက်ကုန်များ ပိုမိုတိုးတက်လာစေရန်၊

(၃) ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ကျေးလက်လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးရန်၊

(၄) ကမ္ဘာ့စီးပွားရေးတိုးတက်မှုကို အားပေးကူညီပြီး ငတ်မွတ်ခေါင်းပါးမှုကို ဖယ်ရှားရန်တို့ဖြစ်ပါ သည်။

ထို့အပြင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အဖွဲ့ (WFA) ကိုလည်း ဖွဲ့စည်း၍ အထူးအစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိသည်။ အရေးပေါ်အခြေအနေအရ လိုအပ်သလိုဆောင်ရွက်နိုင်ရန် စီစဉ်ထားပြီး ရိက္ခာပြတ်တောက်သည်နှင့် အလှူရှင်နိုင်ငံများက ဝိုင်းဝန်းကူညီဆောင်ရွက်ရန်ဖြစ် သည်။ အဖွဲ့ဝင်နိုင်ငံများ၏ညီလာခံကို တစ်နှစ်ခြားကျင်းပသည်။

အာဟာရမပြည့်ဝသူဦးရေ တိုးတက်လျက်သာရှိ

ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးအတွက် ပြီးခဲ့သော ဆယ်စုနှစ်ကာလအတွင်း ကြိုးပမ်းဆောင်ရွက် နေသည့်ကြားမှပင် စားရေရိက္ခာလိုအပ်မှု လျော့ကျခြင်းမရှိဘဲ အာဟာရမပြည့်ဝသူဦးရေ တိုးတက်လျက်သာရှိခဲ့သည်။ ကမ္ဘာ့လူဦးရေ သန်း ၆၀၀၀ ကျော်အနက် အာဟာရမပြည့်ဝသူဦးရေမှာ သန်း ၈၀၀ ကျော်ရှိကြောင်း ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ထုတ်ပြန်ချက်အရ သိရှိရသည်။ ယင်းထုတ်ပြန်ချက်အရ ယေဘုယျအားဖြင့် ကမ္ဘာ့လူဦးရေ ကိုးဦးလျှင် တစ်ဦးသည် အာဟာရပြည့်ဝမှုမရှိဘဲ ငတ်မွတ်နေကြောင်း တွေ့ရသည်။ ဤသို့ဖြစ်ရသည်မှာ ကမ္ဘာ့လူဦးရေအတွက် စားရေရိက္ခာထုတ်လုပ်နိုင်မှုပမာဏ မပြည့်စုံမှုကြောင့်သာမက စားရေရိက္ခာတို့၏ အရည်အသွေးမပြည့်ဝမှု ကြောင့်လည်းဖြစ်သည်ဟု သိရသည်။ လူတို့၏ စားသောက်မှုပုံစံများမှာလည်း ကျန်းမာရေးနှင့် ညီညွတ်စွာ မစားသောက်နိုင်မှုသည် ကမ္ဘာ့ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုများ၏အဓိကအကြောင်းရင်း တစ်ရပ်ဖြစ်လာသည်။ ထို့ကြောင့် ကျန်းမာရေးနှင့် ညီညွတ်ပြီး ရေရှည်တည်တံ့သော စားရေရိက္ခာများကို လူတိုင်းရရှိစားသုံးနိုင်ရေးသည် ချက်ချင်းလုပ်ဆောင်ရမည့် အရေးကြီးကိစ္စဖြစ်လာပေသည်။ လူတို့သည် သဘာဝအသီးအနှံထက် ပြုပြင်ပြီးသား အသင့်စားသုံးနိုင်သော အစားအစာများကိုသာ အလွယ်တကူစားသုံးလာကြသည်။ ၎င်းသည် အာဟာရမပြည့်ဝခြင်း၊ ရောဂါထူပြောခြင်း၏ အကြောင်းများဖြစ်လာသည်။ စားရေရိက္ခာ ထုတ်လုပ်မှုနှင့်ပတ်သက်၍ FAO ၏ တင်ပြချက်တွင် ယခင်က ကမ္ဘာတွင် စားရေရိက္ခာအတွက် အပင် အမျိုးပေါင်း ၆၀၀ ကျော် စိုက်ပျိုးခဲ့ကြသော်လည်း ယခုအခါ အပင်ကိုးမျိုးကိုသာ အထူးဦးစားပေး စိုက်ပျိုးလာခဲ့ကြသည်။ ထိုအထဲမှ အဓိကစိုက်ပျိုး သီးနှံဖြစ်သည့် ဂျုံ၊ ပြောင်း၊ ဆန်စပါးတို့ကို ခေတ်မီအထွက်တိုးနည်းလမ်းများဖြင့် စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ကမ္ဘာ့စားနပ်ရိက္ခာ၏ ၅၀ ရာခိုင်နှုန်းကျော်ကို ဖြည့်ဆည်းပေးလျက်ရှိသည်။

မဟာဗျူဟာသုံးရပ်နှင့်အညီ ကြိုးပမ်းဆောင်ရွက်

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည်နှင့်အညီ စိုက်ပျိုးသီးနှံ ၆၀ ကျော်ကို ရာသီအလိုက် ကြိုးစားစိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။ နိုင်ငံတော်အစိုးရအနေဖြင့် အားလုံးဘေး အန္တရာယ်ကင်းရှင်းပြီး အာဟာရဓာတ်ပြည့်ဝဖူလုံစေရန် ချမှတ်ပြီးဖြစ်သော စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက် မှုမဟာဗျူဟာများဖြစ်သည့် ကောင်းမွန်သော စီမံအုပ်ချုပ်မှု၊ ကုန်ထုတ်စွမ်းအားတိုးတက်စေမှု၊ ဈေးကွက်ချိတ်ဆက်နိုင်မှု၊ ယှဉ်ပြိုင်နိုင်စွမ်းရှိမှုဟူသော မဟာဗျူဟာသုံးရပ်နှင့်အညီ ကြိုးပမ်းဆောင်ရွက်လာခဲ့သည်။ လက်ရှိဆန်နှင့် အခြားပြည်တွင်းထွက်သီးနှံများ၊ သားငါးများသည် ပြည်တွင်းစားသုံးမှု ဖူလုံရုံသာမက ပိုလျှံထွက်ကုန်များကို နိုင်ငံခြားသို့ပင် တင်ပို့ရောင်းချနိုင်ပါသည်။ သို့သော် မြန်မာနိုင်ငံ၏ စားရေရိက္ခာထုတ်လုပ်မှု ဖြစ်စဉ်ကိုကြည့်လျှင် အခြားဖွံ့ဖြိုးဆဲနိုင်ငံများနည်းတူ သမားရိုးကျလုပ်ငန်းအတွေ့အကြုံနှင့် နည်းနာများအပေါ် အခြေခံ၍ လုပ်ကိုင်နေရဆဲဖြစ်သည်။ ထို့ကြောင့် သမားရိုးကျနည်းလမ်းများဖြင့် ရိက္ခာထုတ်လုပ်မှုအဆင့်မှ နည်းပညာဆန်းသစ်မှုဖြင့် ပိုမိုတိုးတက်ထုတ်လုပ်နိုင်သောအဆင့်ရောက်အောင် ဆက်လက်ကြိုးပမ်းကြရပါမည်။

နိုင်ငံတော် အစိုးရသည် စိုက်ပျိုးရေးကိုအခြေခံ၍ အခြားစီးပွားရေးကဏ္ဍများကို ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဦးတည်ချက်များ ချမှတ်ဆောင်ရွက်နေပါသည်။ စိုက်ပျိုးရေးလုပ်ငန်းတွင် နည်းကောင်း၊ လမ်းကောင်း၊ မျိုးကောင်းများ အသုံးပြု၍ စက်မှုလယ်ယာစနစ်ကို ဦးတည်အကောင်အထည်ဖော်ခဲ့သည်။ အဓိကစိုက်ပျိုးသီးနှံဖြစ်သည့် စပါးနှင့်ပဲအမျိုးမျိုးကို အရည်အသွေးပြည့်မီ၍ ပိုမိုအထွက်တိုးရန် ဘက်ပေါင်းစုံစီမံပေးလျက် စိုက်ပျိုးစရိတ်ချေးငွေများကို ရာသီအလိုက်ထုတ်ချေးပေးလျက်ရှိသည်။ သား၊ ငါးကဏ္ဍတွင်လည်း စီမံကိန်းများ ချမှတ်ဆောင်ရွက်နေပါသည်။ မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းသည် မိုင်ပေါင်း ၁၃၀၀ ကျော်ရှည်လျားရာ ငါးလုပ်ငန်းနှင့် ရေသယံဇာတလုပ်ငန်းများကို တွင်တွင်ကျယ်ကျယ်ပြုလုပ်နိုင်သည်။ သား၊ ငါး ကဏ္ဍရေရှည်တိုးတက်စေရေးအတွက် ငါး၊ ပုစွန်မျိုး မပြုန်းတီးရေး၊ ဇီဝဆိုင်ရာဂေဟစနစ် မပျက်စီးစေရေးတို့ကို နိုင်ငံတော်က စနစ်တကျကြီးကြပ် ထိန်းသိမ်းဆောင်ရွက်လာခဲ့သည်။ ဆက်လက်ထိန်းသိမ်းလျက် ငါးနှင့် ရေသယံဇာတများ ရေရှည်တည်တံ့တိုးပွားစေရေး ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သားငါးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်၍ အရည်အသွေးမီ စားသောက်ကုန်များ ထုတ်လုပ်နိုင်ရန် ပြဋ္ဌာန်းထားသော မြေသြဇာဥပဒေ၊ ပိုးသတ်ဆေးဥပဒေများနှင့်အညီ နိုင်ငံတော်က အသိပညာပေးဆောင်ရွက်လျက်ရှိသည်။ မွေးမြူရေးတွင် အရည်အသွေးကောင်း မျိုးကောင်းမျိုးသန့်များကို မွေးမြူနိုင်ရေး ဆောင်ရွက်လျက်ရှိသကဲ့သို့ စိုက်ပျိုးရေးတွင်လည်း ရာသီဥတုကြောင့် သီးနှံများ ပျက်စီးမှုမှ ကာကွယ်ရေး၊ အရည်အသွေးကောင်း စိုက်ပျိုးသီးနှံများ ပြည့်ဝစွာထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ ပံ့ပိုးကူညီမှု၊ အစိုးရနှင့် ပြည်သူလူထုတို့ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ဟန်ချက်ညီညီကြိုးပမ်းနိုင်မှသာ ကမ္ဘာတစ်ဝန်း ငတ်မွတ်ခေါင်းပါးမှုများ ကင်းဝေးလျက် အာဟာရပြည့်ဝရေး၊ ကျန်းမာကြံ့ခိုင်ရေး၊ ပညာရည်မြင့်မားရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ ပြည့်စုံလာမည်ဖြစ်သည်။

ကမ္ဘာတွင် ဆက်လက်တိုးပွားလာမည့် လူဦးရေကို ရပ်တန့်အောင် တားဆီးနိုင်မည်မဟုတ်ချေ။ ထို့ကြောင့် တိုးပွားလာသောလူဦးရေကို ကုန်ထုတ်လုပ်မှုစွမ်းအားစုအဖြစ် အကောင်းဆုံးဖန်တီး အသုံးချသွားရမည်သာဖြစ်သည်။ ထိုသို့ဖန်တီးအသုံးချလျက် တစ်ဦးချင်း၊ တစ်နိုင်ငံချင်းစီတို့က ခေတ်မီနည်းပညာများကို ရယူလျက် စားရေရိက္ခာ ဖူလုံရေးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ လုံ့လစိုက်ထုတ်ဆောင်ရွက်ကြမည်ဆိုလျှင် ကမ္ဘာသူ ကမ္ဘာသားတို့သည် ဒုဗ္ဘိက္ခန္တရကပ်တည်းဟူသော ငတ်မွတ်ခေါင်းပါးမှုဘေးမှ ကင်းလွတ်ကာ သာယာဝပြောစွာ အသက်ရှင်ရပ်တည်နေနိုင်ကြမည်ဖြစ်ပါသည်။          ။