Skip to main content

စွမ်းဆောင်ရည်မြင့်မားရေးနှင့် အသိပညာပြန့်ပွားရေးမှသည် လက်တွေ့အသုံးချရေးဆီသို့

ကျေးလက်ညိုညို

ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားရေး

ကျေးလက်နေပြည်သူတို့၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ ထိုသို့ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဟုဆိုရာတွင် နိုင်ငံအတွင်းရှိ ပြည်သူများအားလုံးနှင့် သက်ဆိုင်သဖြင့် အစိုးရဌာနဆိုင်ရာဝန်ထမ်းများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများ၊ ပြည်သူအားလုံးကို လေ့ကျင့်သင်ကြားရမည်ဖြစ်ပါသည်။

သို့ဖြစ်ရာ အစိုးရဌာနဆိုင်ရာဝန်ထမ်းများကို စွမ်းဆောင်ရည်မြှင့်တင်ရေးသည် အခြေခံအကျဆုံးဖြစ်၍ နိုင်ငံတော်အနေဖြင့် ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ အသိပညာပြန့်ပွားရေးကို အခြေခံ၊ အလယ်အလတ်၊ အဆင့်မြင့်၊ ဌာနအကြီးအမှူးများ အဆင့်အထိ အဆင့်ဆင့်လေ့ကျင့်သင်ကြားပေးခြင်းတို့ ဆောင်ရွက်လျက်ရှိပါသည်။

စွမ်းဆောင်ရည်မြှင့်တင်ရေး၊ အသိပညာပြန့်ပွားရေးသင်တန်းများသည် ဌာနဆိုင်ရာဝန်ထမ်းများ စွမ်းဆောင်ရည်အသိပညာ စဉ်းစားတွေးခေါ်ဆုံးဖြတ်မှုတို့ကို မြှင့်တင်ပေးပါသည်။ ထို့ပြင် မိမိဌာနဝန်ထမ်းများအား အသိပညာပြန့်ပွားရေးအတွက် ပြန်လည်မျှဝေနိုင်ရုံသာမက လက်တွေ့အသုံးချခြင်းဖြင့် မိမိဌာနလုပ်ငန်းခွင် ဖွံ့ဖြိုးတိုးတက်စေနိုင်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအထိ စွမ်းဆောင်နိုင်မည်ဖြစ်ပေသည်။

အချို့ဝန်ထမ်းများသည် သင်တန်းတက်ရောက်ရန် ငြင်းဆန်လိုကြသည်။ မိမိမရှိလျှင် လုပ်ငန်းတာဝန်များ အခက်အခဲဖြစ်ပေါ်နိုင်သည်ကို စိုးရိမ်၍လည်းကောင်း၊ အချို့မှာ ဝန်ထမ်းမှ သင်တန်းတက်ရောက်လိုသော်လည်း ဌာနကအကြောင်းကြောင့် စေလွှတ်မှုမရှိ၍လည်းကောင်း သင်တန်းတက်ရောက်ရန် အခွင့်အရေးမရသည်များလည်း ကြားသိရပါသည်။ မည်သည့်ဌာန၊ မည်သည့်လုပ်ငန်းခွင်တွင်မဆို ဝန်ထမ်းတစ်ဦးသည် ရုတ်တရက်ကွယ်လွန်ခြင်း၊ လုပ်ငန်းဆောင်ရွက်နိုင်မှု မရှိသည့်အခြေအနေအထိ ကျန်းမာရေးဆိုးရွားသွားခြင်း၊ ပင်စင်ယူခြင်းတို့ ကြုံတွေ့ရမည်ဖြစ်သဖြင့် ဤသို့သော အခြေအနေများတွင် လုပ်ငန်းခွင်တွင် ကျန်ရှိသူနှင့်သာ အလုပ်ဖြစ်အောင်ဆောင်ရွက်ရမည် ဖြစ်ပါသည်။ သို့ဖြစ်၍ မိမိလုပ်ငန်းတာဝန် ဆောင်ရွက်မှုကို အထောက်အကူဖြစ်စေမည့် သင်တန်းများ တက်ရောက်ခြင်းကို ကိုယ်တိုင်ကျေနပ်စွာ လက်ခံနိုင်ရမည်ဖြစ်သကဲ့သို့ မိမိလက်အောက်လုပ်ဖော်ကိုင်ဖက်၊ မိမိအထက်ဝန်ထမ်းများ သင်တန်းတက်ရောက်ရေးကို အားပေးကူညီရမည်ဖြစ်ပါသည်။ သို့ဖြစ်၍ ကျွန်မ၏ ဝန်ထမ်းဘဝတစ်လျှောက် တက်ရောက်ခဲ့ဖူးသော သင်တန်းများနှင့် လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်ပုံ၊ အကျိုးရှိပုံတို့ကို မျှဝေလို၍ ဤဆောင်းပါးကို ရေးသားတင်ပြခြင်းဖြစ်ပါသည်။

စည်ပင်ဦးစီးဌာနဝန်ထမ်းဘဝနှင့် သင်တန်းအတွေ့အကြုံများ ကျွန်မသည် သင်တန်းတက်ရောက်ရခြင်းကို လွန်စွာစိတ်ဝင်စားသူတစ်ဦးဖြစ်ပြီး မိမိဝန်ထမ်း သက်တမ်းတစ်လျှောက် ၃၅ နှစ်နီးပါးတွင် တက်ရောက်ခဲ့ရသည့် သင်တန်းများကို ပြန်လည်စဉ်းစားကြည့်သောအခါ နေရာဒေသ၊ အတွေ့အကြုံနှင့် ဘာသာရပ်များ မတူကွဲပြားသည်ကို အောက်ပါအတိုင်းတွေ့ရှိရပါသည်။

စာရင်းစစ်ချုပ်ရုံး၊ လေ့ကျင့်သင်ကြားရေးနှင့်သုတေသနဌာနတွင် ၂၇-၄-၁၉၉၂ ရက်နေ့မှ ၃၁-၇-၁၉၉၂ ရက်နေ့အထိ ဖွင့်လှစ်ခဲ့သည့် စာရင်းစစ်များ လုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်းအမှတ်စဉ်(၂)၊ ဤသင်တန်းကို တက်ရောက်ခြင်းအားဖြင့် ဦးစီးဌာနများ၊ စီးပွားရေးအဖွဲ့အစည်းများ၏ စာရင်းထားသိုနည်း၊ ဘဏ္ဍာရေးစည်းမျဉ်း၊ ဝန်ထမ်းစည်းမျဉ်းများ၊ အစိုးရဌာန အဖွဲ့အစည်းအသီးသီးအား စာရင်းစစ်ဆေးရမည့် လုပ်ငန်းလမ်းညွှန်များ သိရှိခဲ့ရပြီး စာရင်းစစ်တာဝန် ထမ်းဆောင်စဉ်မှ ယနေ့အထိ အသုံးချလျက်ရှိပါသည်။

ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး)၌ ၃-၅-၁၉၉၆ ရက်နေ့မှ ၃-၆-၁၉၉၆ ရက်နေ့အထိ ဖွင့်လှစ်ခဲ့သည့် အရာရှိကြီးများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၂)၊ စည်ပင်သာယာရေးဦးစီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာနတွင် စီမံခန့်ခွဲမှု၊ ခေါင်းဆောင်မှု စသည့်ဘာသာရပ်များအဖြစ် အခြေခံစစ်ရေးပြ၊ အများနှင့်ပူးပေါင်းဆောင်ရွက်တတ်အောင် လက်တွေ့လေ့ကျင့်ပေးမှုများ လေ့လာခဲ့ရပါသည်။

နယ်စပ်ဒေသနှင့် တိုင်းရင်သားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေးကျောင်း၌ ၁၅-၃-၁၉၉၉ ရက်နေ့မှ ၈-၄-၁၉၉၉ ရက်နေ့အထိ ဖွင့်လှစ်ခဲ့သည့် ဘဏ္ဍာရေးစည်းမျဉ်း အထူးသင်တန်းအမှတ်စဉ်(၈)၊ ဤသင်တန်းတွင် စည်ပင်သာယာရေးအဖွဲ့များ၏ သာမန်စာရင်းရှင်၊ ငွေလုံးငွေရင်းစာရင်းရှင်၊ ငွေရေးကြေးရေးစာရင်းရှင်အရပ်ရပ် အခွင့်အရေးလိုင်စင်စာရင်းရှင်များ ဖွင့်လှစ်ဆောင်ရွက်မှု၊ ပုံစံစည်ပင်များဖြင့် ငွေစာရင်းထိန်းသိမ်းဆောင်ရွက်မှု၊ စည်ပင်သာယာရေးအဖွဲ့များ၏ ရငွေသုံးငွေ ဘတ်ဂျက်ရေးဆွဲဆောင်ရွက်မှုများ လေ့လာသိရှိခဲ့ရပါသည်။

ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး)၌ ၂၂-၆-၁၉၉၉ ရက်နေ့မှ ၂၄-၉-၁၉၉၉ ရက်နေ့အထိဖွင့်လှစ်ခဲ့သည့် အခြေခံဝန်ထမ်းလောင်းသင်တန်းအမှတ်စဉ် (၁၅၀)၊ ဤသင်တန်းတွင် ဝန်ထမ်းစည်းမျဉ်း၊ ဘဏ္ဍာရေးစည်းမျဉ်း၊ စီးပွားရေးဘာသာရပ်၊ စီမံခန့်ခွဲရေးဘာသာရပ်တို့ ပါဝင်ခဲ့ပြီး ထူးခြားချက်မှာ အခြေခံစစ်ရေးပြဘာသာရပ်တွင် စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြုသည်အထိ သင်ကြားလေ့ကျင့်ပေးခဲ့ခြင်းဖြစ်ပါသည်။ သေနတ်ပစ်လေ့ကျင့်မှု ပါဝင်သည့်အပြင် ရိက္ခာပစ္စည်းအပြည့်အစုံဖြင့် ချီတက်ခြင်းတို့လည်း ပါဝင်ပေသည်။ ငယ်စဉ်က ဘင်ခရာသင်တန်း၊ ကြက်ခြေနီသင်တန်းတို့တွင် စစ်ရေးပြလေ့ကျင့်ဖူးသည်ဖြစ်ရာ စစ်ရေးပြသင်ခန်းစာသည် မိမိအတွက် အထူးအဆန်းမဟုတ်သော်လည်း သေနတ်ပစ်နှင့် ရိက္ခာအပြည့်အစုံနှင့် ရည်မှန်းချက်သို့ လက်တွေ့ချီတက်ခြင်းသည် အလွန်စိတ်ဝင်စား ပျော်ရွှင်ဖွယ်ဘာသာရပ်များ ဖြစ်ပေသည်။

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေးကျောင်း၌ ၂-၁၀-၂၀၀၀ ရက်နေ့မှ ၂၄-၁၁-၂၀၀၀ ရက်နေ့အထိ ဖွင့်လှစ်ခဲ့သည့် စီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ်(၇)၊ စည်ပင်သာယာရေးဦးစီးဌာန၏ စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းတာဝန်များကို ကဏ္ဍအလိုက် အသေးစိတ် သင်ကြားပို့ချ၍ အပတ်စဉ်စာမေးပွဲစစ်ကာ သင်ကြားလေ့ကျင့်ပေးခြင်း ဖြစ်ပါသည်။ အရာထမ်းအဆင့်မြင့်ရာထူးများကို ဤသင်တန်းတက်ရောက်ပြီးမှ ဖြေဆိုခွင့်ပေးခဲ့ပါသည်။

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန(ရုံးချုပ်)၊ နေပြည်တော်တွင် ၂၂-၉-၂၀၀၈ ရက်နေ့မှ ၁၂-၁၂-၂၀၀၈ ရက်နေ့အထိ ဖွင့်လှစ်ခဲ့သည့် အဆင့်မြင့်အုပ်ချုပ်မှုသင်တန်း အမှတ်စဉ်(၁၈)၊ ဤသင်တန်းတွင် စည်ပင်သာယာရေးဦးစီးဌာန လုပ်သက်ရင့် အမှုဆောင်အရာရှိများ၊ စီမံခန့်ခွဲရေးဝန်ထမ်းများ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ လုပ်သက်ရင့်ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးအပါအဝင် လူငယ်အရာထမ်းများ ရောနှော၍ အတွေ့အကြုံဖလှယ်ကာ ဆွေးနွေးမှုများ ဦးစားပေးသင်ကြားလေ့ကျင့်ပေးခြင်းဖြင့် ဝါရင့်အစ်ကိုကြီး အစ်မကြီးများ၏ အတွေ့အကြုံများကို တစ်ထိုင်တည်းရရှိခဲ့ပါသည်။

ကျေးလက်ဦးစီးဌာန ဝန်ထမ်းဘဝ

သင်တန်းအတွေ့အကြုံ

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ၌ ၂၇-၆-၂၀၂၂ ရက်နေ့မှ ၁၉-၈-၂၀၂၂ ရက်နေ့အထိ ဖွင့်လှစ်ခဲ့သည့် ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူးစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၁၀)၊ ဤသင်တန်းမှာ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အဆင့်တူများမှ အရာရှိကြီး ၂၁ ဦး တက်ရောက်ခဲ့သော သင်တန်းဖြစ်ပြီး အထက်မြန်မာပြည်ဇီးပင်ကြီး၌ တက်ရောက်ခဲ့ခြင်းဖြစ်ပါသည်။

လုပ်ငန်းခွင်တွင် စဉ်ဆက်မပြတ် လုပ်ကိုင်နေရာမှ သင်တန်းတွင် သင်တန်းသူအဖြစ် သက်ဆိုင်ရာဘာသာရပ်များ လေ့လာခဲ့ရပြီး ဌာနအသီးသီးမှ သင်တန်းတက်ရောက်လာသူများ၊ သင်တန်းမှ ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများအားလုံးနှင့်လည်း ရင်းနှီးကျွမ်းဝင်ခွင့်ရခဲ့ပြီး မောင်နှမအရင်းအချာပမာအသိမိတ်ဆွေများ တိုးပွားခဲ့ပါသည်။ အပြန်အလှန်ဆွေးနွေးမှုများကြောင့် ဌာနအသီးသီး၏ လုပ်ငန်းစဉ်များ၊ မိမိဌာနနှင့် ဆက်စပ်သည့် အသိပညာဗဟုသုတများ များစွာရရှိခဲ့ပါသည်။ သင်ကြားခဲ့သည့် ဘာသာရပ်များကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လက်တွေ့လုပ်ငန်းခွင်နှင့် ဌာနတွင်းသင်တန်းများ ပို့ချရာတွင် အသုံးပြုလျက်ရှိပါသည်။

ဥပဒေအသိပညာပြန့်ပွားရေး

ယခုနောက်ဆုံးတက်ခဲ့သော သင်တန်းမှာ ဥပဒေရေးရာဝန်ကြီးဌာန၌ ၈-၆-၂၀၂၃ ရက်နေ့မှ ၁၉-၈-၂၀၂၃ ရက်နေ့အထိ ဖွင့်လှစ်ခဲ့သည့် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ်(၃) ဖြစ်ပါသည်။ ဤသင်တန်းတွင် ဥပဒေရေးရာဝန်ကြီးဌာန၏ သမိုင်းကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုစနစ်နှင့် ဖက်ဒရယ်စနစ်အကြောင်း၊ မြန်မာနိုင်ငံဥပဒေများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့၏ ဆက်နွှယ်မှုများ၊ နိုင်ငံ၊ အချုပ်အခြာအာဏာ၊ တရားဝင်မှုနှင့် တရားစီရင်ပိုင်ခွင့်အပေါ်အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးနှင့် ဥပဒေရှုထောင့်တို့မှ လေ့လာခြင်း၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်း၊ အာဆီယံပဋိညာဉ်စာတမ်း၊ နိုင်ငံဖြတ်ကျော်မှုခင်းများအကြောင်း၊ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာကိစ္စများ၊ စီးပွားရေးဆိုင်ရာ စာချုပ်စာတမ်းများနှင့် မမျှော်မှန်းနိုင်သည့် ဖြစ်ရပ်ဆိုင်ရာ စည်းကမ်းချက်များ၊ အထွေထွေဥပဒေအကြံဉာဏ်ပေးရေး ဘာသာရပ်၊ ဥပဒေပြုအဖွဲ့အစည်းနှင့် ဥပဒေပြုအာဏာ၊ ဥပဒေမူကြမ်း စိစစ်ရေးဆွဲရေးနည်းလမ်းများ၊ တစ်ဆင့်ခံဥပဒေ ရေးဆွဲရေးနည်းလမ်းများ၊ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများ ရေးဆွဲခြင်းနှင့် ပြင်ဆင်ခြင်း နည်းလမ်းများ၊ စာဖတ်နည်း၊ စဉ်းစားတွေးခေါ်နည်း၊ စာရေးနည်းနှင့် ဥပဒေရေးဆွဲနည်း အနုပညာ၊ ပြစ်မှုဆိုင်ရာဥပဒေများအကြောင်း၊ ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများ၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ ပြည်တွင်းဥပဒေပြဋ္ဌာန်းချက်များ၊ ဥပဒေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍ၊ ရှေ့တော်သွင်း စာချွန်တော်အမိန့်၊ တားမြစ်စေ စာချွန်တော်အမိန့်စသည့် စာချွန်တော်အမိန့်များအကြောင်း၊ အစိုးရ သို့မဟုတ် ရာထူးအလျောက် ဆောင်ရွက်ရသည့် ပြည်သူ့အရာထမ်းများက စွဲဆိုသည့် တရားမမှုများနှင့် ဥပဒေဆိုင်ရာ အထွေထွေကိစ္စရပ်များကို သင်ကြားခဲ့ရပါသည်။ ဘာသာရပ်ပါ အကြောင်းအရာများသည် တက်ရောက်သည့် သင်တန်းသားများ၏ လိုအပ်ချက်နှင့် ကိုက်ညီမှုရှိပြီး လုပ်ငန်းခွင်တွင် အသုံးပြုရမည့် ဥပဒေပိုင်းဆိုင်ရာ အတွေးသစ်များ၊ အမြင်သစ်များ ရရှိစေခဲ့ပါသည်။

ဥပဒေမူကြမ်းရေးဆွဲခြင်းဘာသာရပ်ကို ပို့ချသောအခါ မိမိတို့ဌာန ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဥပဒေရေးဆွဲချိန်ကို အထူးသတိရမိပါသည်။ အဆိုပါဥပဒေရေးဆွဲစဉ်က ဤပညာရပ်ကို သိခဲ့လျှင် ပိုမိုလွယ်ကူ ထိရောက်မြန်ဆန်မည်ဟု သုံးသပ်မိပါသည်။ မိမိတို့ဌာနအနေဖြင့် ခိုင်မာသည့် ဌာနတစ်ခုအဖြစ် ရပ်တည်နိုင်အောင် ဥပဒေရေးဆွဲရေးအလုပ်သည် မဖြစ်မနေဆောင်ရွက်ရမည့်အလုပ်ဟု တစ်ဌာနလုံးအနေဖြင့်ခံယူ၍ အားသွန်ခွန်စိုက် တစိုက်မတ်မတ် ရေးဆွဲခဲ့ခြင်းဖြစ်ပါသည်။

ဥပဒေနှင့်ပတ်သက်၍ ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ပညာသင်ယူစဉ်က ကူးသန်းရောင်းဝယ်မှုဆိုင်ရာဥပဒေ၊ ပဋိညာဉ်စာချုပ်စာတမ်းတို့သင်ယူခဲ့ရပြီး ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာနမှ ဖွင့်လှစ်သည့် Diploma Of Business Law တွင် စီးပွားရေးဆိုင်ရာဥပဒေများ၊ စာချုပ်စာတမ်းများ သင်ယူခဲ့ရပါသည်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေ ရေးဆွဲခဲ့စဉ်က ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာနနှင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့မှ သက်ဆိုင်ရာကော်မတီများနှင့် ဥပဒေကြမ်းကော်မတီများ၊ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ အသီးသီးတို့တွင် ဆွေးနွေးညှိနှိုင်းမှုများ အကြိမ်ကြိမ်ပြုလုပ်ပြီး ငါးနှစ်ခန့်အကြာတွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဥပဒေကို အတည်ပြုထုတ်ပြန်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ဥပဒေမူကြမ်းရေးဆွဲရေးနှင့် ပတ်သက်၍ လက်တွေ့ဆွေးနွေးအကြံပြုချက်များကိုOn Job Training အနေဖြင့် သင်ယူလေ့လာပြီး ဆောင်ရွက်ခဲ့ ရခြင်းဖြစ်ပါသည်။ ထိုစဉ်က ဥပဒေပညာရှင်များ၏ ဥပဒေရှုထောင့်မှ စကားရပ်အသုံးအနှုန်း၊ စာလုံး တစ်လုံးချင်း ထောက်ပြမှုများကို ယခုသင်တန်းတက်ရောက်ချိန်၌ ပိုမိုနားလည်လာခဲ့ပါသည်။ဥပဒေမူကြမ်းရေးဆွဲရေးဌာနမှ စာချုပ်စာတမ်းကိစ္စများ၊ ရာဇဝတ်မှု၊ တရားမမှုဆိုင်ရာ တရားစွဲဆိုရေးကိစ္စများလည်း များစွာလေ့လာသိရှိခဲ့ရပြီး မိမိအနေဖြင့် ဌာနတွင်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းများတွင် ဤဥပဒေဆိုင်ရာ ဘာသာရပ်များကို ပြန်လည်ပို့ချ မျှဝေပေးလျက်ရှိပါသည်။

မျှဝေခြင်းနှင့် လက်တွေ့အသုံးချခြင်း

အထက်ဖော်ပြပါ တက်ရောက်ခဲ့သော သင်တန်းများမှ စာတွေ့လက်တွေ့သင်ကြားမှုများသည် အလုပ်စတင်ဝင်ရောက်သည့် စာရင်းစစ်ရာထူးမှ အဆင့်ဆင့်ပြောင်းလဲတိုးတက်မှုများ ရရှိသည်အထိ အသုံးပြုခဲ့ရသည့် အဖိုးမဖြတ်နိုင်သော သင်ယူရရှိမှုများဖြစ်ပါသည်။ မိမိသင်ယူခဲ့သော သင်တန်းအတွေ့အကြုံများကို လက်တွေ့လုပ်ငန်းဆောင်ရွက်မှု များနှင့်ပေါင်းစပ်၍ ဌာနတွင်းသင်တန်းများတွင် သင်ကြားပို့ချခြင်း၊ ဆွေးနွေးခြင်း၊ လက်တွေ့လုပ်ငန်း ခွင်တွင် အသုံးချခြင်းဖြင့် အတူပူးတွဲဆောင်ရွက် နေသူများအား မျှဝေပေးလျက်ရှိပါသည်။ မိမိ၏ ဆရာတစ်ဦး လမ်းညွှန်မှာကြားသည်ကတော့ “ကိုယ်ကိုယ်တိုင် သင်တန်းတက်သလို ကိုယ်လိုလူတွေ အများကြီးဖြစ်အောင် မွေးထုတ်ပေးဖို့လိုသည်”ဟူ၍ ဖြစ်ပါသည်။ တစ်ဦးနှင့်တစ်ဦး အခြေခံပညာအရည်အချင်း၊ တက်ရောက်ခဲ့သည့် သင်တန်းများ၊ လက်တွေ့ဆောင်ရွက်ဖူးသည့် လုပ်ငန်းနယ်ပယ်များ မတူညီကြ၍ စွမ်းဆောင်ရည်မြှင့်တင်ရေးကဏ္ဍတွင် တစ်ဦးနှင့်တစ်ဦး တူညီနိုင်မည်မဟုတ်ပေ။ သို့သော် မိမိထက်သာလွန်စွမ်းဆောင်ရည်မြင့်မားသော ဝန်ထမ်းများပေါ်ထွက်လာအောင် မိမိတို့တာဝန် ထမ်းဆောင်ခွင့်ရခိုက် အချိန်မီလေ့ကျင့်ပေးရင်း လက်တွဲခေါ်ယူ ပူးပေါင်းဆောင်ရွက်ခြင်းသည် မိမိတို့၏ တာဝန်ဖြစ်သည်ဟုခံယူကာ စွမ်းဆောင်ရည်မြှင့်တင်ရေးကို ဆောင်ရွက်လျက်ရှိပါသည်။

စာရေးသူ၏ ဆန္ဒမွန်

ယနေ့လူငယ်များသည် နည်းပညာဘာသာရပ်ပိုင်း၌ နိုင်ငံတကာနှင့်အမီ လေ့လာနိုင်စွမ်းရှိသော အခြေအနေကောင်းများတွင် ကြီးပြင်းလာရသဖြင့် ထူးချွန်ထက်မြက်သူများပြားလှပေသည်။ နောင်တစ်ခေတ်ဝယ် နိုင်ငံ၏အားကိုးအားထားပြုရသော လူကောင်းလူတော်များဖြစ်အောင် စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊ အသိပညာများ မျှဝေပေးခြင်းတို့အပြင် လက်တွေ့ဆောင်ရွက်ခွင့်ရအောင်လည်း အခွင့်အလမ်းများ ဖန်တီးပေးခြင်းဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားပါမည်ဟု ဆန္ဒပြုရေးသား ဖော်ပြလိုက်ပါသည်။ ။