အနုသုခုမ မဟာဂီတရိုးရာအမွေမို့ ထိန်းသိမ်းကြ
သီဟစည်သူ
မြန်မာ့ယဉ်ကျေးမှုသမိုင်းကို လေ့လာကြည့်လျှင် မြန်မာ့ဂီတသည် လွန်ခဲ့သောနှစ်ပေါင်း ၁၅၀၀ ကျော်ခန့်မှစ၍ ဖြစ်ပေါ်ခဲ့သည်ဟု ယူဆနိုင်သည်။ ခရစ်နှစ် ၈၀၂ ခုခန့်က ရေးခဲ့သည့် တရုတ်လူမျိုးတို့၏ မှတ်တမ်းတစ်စောင်အရ မြန်မာ့တူရိယာနှင့်သီချင်းတို့သည် ထိုခေတ်တွင် ပြေပြစ်ကောင်းမွန်နေပြီ ဖြစ်ကြောင်း သိရသည်။
မြန်မာ့ဂီတတွင် သံစဉ်ခုနစ်ပါးရှိပြီး သံစဉ်တစ်ပါးလျှင် ခုနစ်မျိုးခန့် ခွဲခြားနိုင်သဖြင့် အသံခွဲ ၄၉ မျိုးရှိသည်ကို အကြောင်းပြုကာ မဃဒေဝလင်္ကာသစ်၌ “ပေါင်းရုံးညိုးညံ၊ ခုနစ်သံတွင်၊ အသံခုနစ်မျိုး၊ လေးဆဲ့ကိုးတည့်” ဟု ဖော်ပြထားသည်။ ရှေးဂီတပညာရှင်ကြီးများသည် သံစဉ်တို့၏ပရိယာယ်ကို နောင်လာနောက်သားတို့ နားလည်သဘောပေါက်စေရန် သံစဉ်ခုနစ်မျိုးကို စုံအောင်လည်သော “ဘုန်းတော်တေဇာဝေဖြာမိုးလို့ ထွဋ်ရာဇိန်…” အစချီသည့် ခုနစ်သံလည်ကြိုးဟု တီထွင်စပ်ဆိုခဲ့ကြကြောင်း မြန်မာ့စွယ်စုံကျမ်းအတွဲ(၁၀) တွင် ပြဆိုထားသည်။
မြန်မာ့တူရိယာအမျိုးမျိုးရှိသည့်အနက် မြန်မာ့ဂီတတွင် အမြတ်တနိုးသုံးသောတူရိယာမှာ စောင်းကောက်ဖြစ် သည်။ ရှေးမြန်မာ့ရိုးရာတူရိယာများအနက် စောင်းဖြင့်တီးသော စောင်းတီးကွက်သည် အထင်ရှားဆုံးနှင့် အခံ့ညား ဆုံးဖြစ်သည်။ “ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်” တည်းဟူသော တူရိယာငါးပါးတို့ဖြင့် မြန်မာ့ရိုးရာဂီတကို ဖန်ဆင်းခဲ့ကြရာတွင် မည်သို့သော လျှပ်စစ်အကူကိရိယာအကူအညီတစ်ခုမျှမပါဘဲ တီးမှုတ်နိုင်သည့်ထူးခြားသော မြန်မာ့အနုသုခုမတူရိယာများပင်ဖြစ်သည်။ ထို့အတူ မြန်မာ့ဆိုင်းသည် ရှေးခေတ်ကတည်းက ဇာတ်ပွဲကရာ၌လည်းကောင်း၊ နတ်ပွဲကရာ၌လည်းကောင်း၊ ပျော်မှုရွှင်မှုဆိုင်ရာ အခြားပွဲများ၌လည်းကောင်း မျိုးရိုးစဉ်ဆက်အသုံးပြုခဲ့ကြသည်။ မြန်မာတို့၏ ဓလေ့ဘာသာဂီတတွင် ဒိုးပတ်၊ အိုးစည်၊ ဗုံကြီး၊ ဗြောစသည်တို့လည်း ပါဝင်သည်။ ဗုံကြီးသံသည် ရှေးခေတ်က လယ်တော၌ မင်းမူသောဂီတသံများဖြစ်သည်။
မြန်မာ့ဂီတတွင် မဟာဂီတဟူသည် ရှေးသီချင်းကြီးများသည် ဒိုးပတ်၊ အိုးစည်၊ ဗုံကြီး၊ ဗြောစသည့် ဓလေ့ ဘာသာဂီတထက်ပို၍ ဆန်းကြယ်သည်။ မဟာဂီတတွင် ယေဘုယျအားဖြင့် ကြိုး၊ ဘွဲ့၊ သီချင်းခံ၊ ပတ်ပျိုး၊ ယိုးဒယား၊ မွန် ဟူ၍ ခြောက်မျိုးခွဲထားလေ့ရှိသည်။ အချို့သီချင်းကြီးများသည် မယ်ဘွဲ့၊ မောင်ဘွဲ့၊ အလွမ်းဘွဲ့များ ဖြစ်သည်။ အချို့သည် တောဘွဲ့တောင်ဘွဲ့၊ ရာသီဘွဲ့များဖြစ်သည်။ အချို့သည် ဘုန်းတော်ဘွဲ့၊ မင်းခမ်းမင်းနားဘွဲ့၊ မြို့ဘွဲ့၊ ကန်ဘွဲ့များ ဖြစ်ကြသည်။
“နိုင်ငံတော်မူ” အဖြစ် သတ်မှတ်
ရှည်လျားလှသည့် သမိုင်းကြောင်းတစ်လျှောက် အဓွန့်ရှည်တည်တံ့ခဲ့သည့် မိမိတို့၏ အနုသုခုမပညာရပ်များကို “မဟာ” ဟူသည့် ကြီးကျယ်မြင့်မြတ်သော ဂုဏ်ထူးဝိသေသနှင့် မဟာဂီတဟု ခေတ်အဆက်ဆက်တွင် တန်ဖိုးထားခဲ့ကြသည်။ ထိုသို့တန်ဖိုးထားခဲ့ကြသည့် စာသားတေးသွားများကို ၁၉၅၃ ခုနှစ်တွင် ဝိဝါဒကွဲပြားမှုမရှိစေရန် “နိုင်ငံတော်မူ”အဖြစ် သတ်မှတ်နိုင်ရေးအတွက် ပညာရှင် ကြီးများပါဝင်သည့်အဖွဲ့ကို ဖွဲ့စည်းပြီး “စာသား၊ သံကျ၊ စည်းဝါး၊ အတော၊ အပိုဒ် ပြန်၊ အဆို” ဟု အပိုင်း ၆ ပိုင်းခွဲခြားပြီး မဟာဂီတဝင်တေးသီချင်း ၁၆၉ ပုဒ်ကို နိုင်ငံတော်မူအဖြစ် တိကျစွာသတ်မှတ်နိုင်ခဲ့ပြီးဖြစ်သည်။
“အဆို”နှင့်ပတ်သက်၍ အသံ၏ ပေါ်ထွန်းရာဖြစ်သည့် “လည်၊ လျှာ၊ နှာ၊ အာ၊ သွား” ဆိုသည့် “ဌာန်” ငါးပါးကို ပေါင်းစည်းကာ အသံတို၊ အသံရှည်များနှင့် ဖွဲ့သီထားသည့် မဟာဂီတဆိုဟန်၊ ခေတ်ဟောင်း တေးဆိုဟန်၊ ကာလပေါ် တေးသီချင်းဆိုဟန်များဟုလည်း ကွဲကွဲ ပြားပြားရှိထားပြီးဖြစ်ကြောင်း သိရှိရသည်။
မြန်မာ့မဟာဂီတတွင် အထက်တန်းအကျဆုံး သီချင်းကြီးများမှာ မြဝတီမင်းကြီးဦးစ၏ (၁) ဘုံပျံနေနန်း၊ (၂) မှိုင်းပြာမှုန်ဝေ၊ (၃) ကုန်းဘောင်ပရမေ၊ (၄) အထူးထူးငယ်နှင့် ဟူသည့်ပတ်ပျိုးကြီးလေးပုဒ်ဖြစ်ပြီး မဟာဂီတကို စောင်းတူရိယာဖြင့် တောက်ပြောင်အောင် အကွက်ဖော်တင်ဆက်ခဲ့ကြသည်။
“စင်စစ်တော့ မြန်မာတို့ရဲ့ ဂီတကို အပန်းဖြေဖို့၊ သာယာနာပျော်ဖွယ်ရှိဖို့၊ နားထောင်ပြီး စိတ်ကို ပျော်ရွှင်စေဖို့၊ ကြည်နူးသွားဖို့ဆိုတဲ့ တိုတောင်းတဲ့ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတာမဟုတ်ဘူး။ ဂီတမှာ (၁) သာယာမှုကို အဓိက ထားတဲ့ဂီတ၊ (၂) ယဉ်ကျေးမှုကို အဓိကထားတဲ့ ဂီတရယ်လို့ ခွဲတမ်းရှိတယ်။ ဒီခွဲတမ်းကို ဂီတပညာချစ်မြတ်နိုးသူတိုင်းက မျက်ခြည်မပြတ်သင့်ဘူး။ မဟာဂီတရဲ့ အဓိကရည်ရွယ်ချက်က သာယာမှု မဟုတ်ဘူး။ ယဉ်ကျေးမှုဖြစ်တယ်” ဟု စာရေးဆရာမကြီး လူထုဒေါ်အမာ၏ မြန်မာ့မဟာဂီတစာအုပ်တွင် ဖော်ပြထားသည်။
မြန်မာ့ဂီတသမိုင်းတွင် ထင်ရှားသော မှတ်တိုင်တစ်ခု
“မြန်မာတို့၏ ဂီတသမိုင်းတွင် ထင်ရှားသော မှတ်တိုင်တစ်ခု ရှိခဲ့လေသည်။ ထိုမှတ်တိုင်သည် ခရစ်နှစ် ၁၇၆၇ ခုတွင် ယိုးဒယားကို အင်းဝဆင်ဖြူရှင် အောင်မြင်ခြင်းဖြစ်လေသည်။ ယိုးဒယားကို အောင်မြင်၍ နေပြည်တော်သို့ပြန်လာသောအခါ သုံ့ပန်းများတွင် ယိုးဒယားအတွင်းတော်သဘင်သည်တို့လည်း ပါလာကြသည်။ ထိုသဘင်ပညာသည်တို့ကြောင့် မြန်မာသဘင်ပညာသည် ရှေးကထက် ပို၍ကြွယ်ဝလာရလေသည်။ ရှေးဟောင်းမြန်မာသဘင်ပညာတွင် အကသစ်၊ အဆိုသစ်၊ အတီးသစ်တို့ တိုးတက် လာကြသည်။ ရာမ၊ အီနောင်၊ သင်္ခပတ္တ စသော ဇာတ်သစ်များ တိုးလာကြသည်။ မြန်မာတို့သည် ယိုးဒယားတို့ကို လက်နက်လက်ရုံးဖြင့် အောင်မြင်သည်မှန်သော်လည်း ယိုးဒယားတို့သည် မြန်မာတို့ကို သဘင်ပညာဖြင့် အောင်မြင်လေသည်ဟု ဆိုနိုင်ပေသည်။” ဟူ၍ မြန်မာ့စွယ်စုံကျမ်းတွင် ဖော်ပြထားသည်။ ထို့ကြောင့်ပင် တောင်းတော့ငွေ၊ ပေးတော့ရွှေဆိုသလို မြန်မာ့အနုသုခုမသဘင်တစ်ခေတ် ဆန်းသစ်ရန် အကြောင်းဖန်လာခဲ့သည်ဟုပင် ဆိုနိုင်သည်။
ယိုးဒယားသံသီချင်းများ၏အစ
ဆင်ဖြူရှင်မင်းတရားလက်ထက် ထိုသို့တိုးတက်လာသော သဘင်ပညာနှင့်အတူ ယိုးဒယားသီချင်းကို မြဝတီ မင်းကြီးဦးစ၊ ပြင်စည်မင်းသားကြီး၊ လှိုင်ထိပ်ထား၊ အနောက်နန်းမတော် မမြကလေး၊ မင်းကြီးကတော် ခင်ဆုံတို့ကဲ့သို့သော မြန်မာပညာရှင်များက မြန်မာသံဂီတသံစဉ်များအဖြစ် ဖန်တီးကာ ဂီတ အမွေပေးခဲ့ကြသည်။ ပြင်စည်မင်းသားက ယိုးဒယားပုလဲပိုင်းတွင် ရွေတညာ၊ နှင်းယွန်းခါ ဟေမန်၊ တောတောင်စွယ်၊ တောမြိုင်ခြေ၊ ပန်းမြိုင်လယ်၊ ခိုင်ပန်းစုံ၊ မှော်ရုံဟေဝန်၊ မှိုင်းမှုံပြာညို အစချီသော ယိုးဒယားသီချင်းပိုင်း ရှစ်ပုဒ်ကို အစပြုတီထွင်ခဲ့သဖြင့် “ရွှေနှင်းတောမြိုင်၊ ပန်းခိုင်မှော်မှိုင်း၊ ခြားပိုင်းရှစ်သံ၊ ဖရုံတင် (ညွန့်)၊ ခက်မွန့်ခမိန်၊ ထနောက် ချိန်သား၊ ဖရင်းချားထပ်တွန့်၊ ချွတ်ချံ ငုငစ်၊ အသံ ရှစ်၊ မှတ်လစ်စဉ်ကမ္ဘာ” ဟု မှတ်သားရန် ကဗျာလင်္ကာစပ်ဆို မှတ်တမ်းတင်ထားကြရသည်။ ယင်းလင်္ကာကို အကျယ်ဖွင့်ပြရသော် —(နှင်း) – နှင်းယွန်းခါဟေမန် (ခက်မွန်)၊ (ရွေ)− ရွေတညာ (ဖရံတင်)၊ (တော) တောတောင်စွယ် (ခမိန်)၊ (မြိုင်) – တောမြိုင်ခြေလမ်း (ထနောက်)၊ (ပန်း) - ပန်းမြိုင်လယ် (ဖရင်းချား)၊ (ခိုင်) - ခိုင်ပန်းစုံ (ထပ်တွန့်)၊ (မှော်) – မှော်ရုံ ဟေဝန် (ချွတ်ချံ)၊ (မှိုင်း) - မှိုင်းမှုံပြာညို (ငုငစ်)ဟူ၍ ဖြစ်သည်။ ပြင်စည်မင်းသား ကြီးသည် ဤရှစ်ပုဒ်ဖြင့် ယိုးဒယားသံမြန်မာသီချင်းများ၏ အုတ်မြစ်ကို ချခဲ့သည်ဟု ဆိုကြသည်။
ယိုးဒယားသံပိုင်းတွင် ယင်းရှစ်ပုဒ်သည် အဓိကတေးများပင်ဖြစ်၍ ပြင်စည်မင်းသား၏ ထူးခြားသောအနုပညာဉာဏ် မည်မျှနက်နဲသိမ်မွေ့ကြောင်း အလိုအလျောက်ဖော်ပြထားပြီး ဖြစ်ပေသည်။ သို့ရာတွင် ထိုသီချင်း ရှစ်ပုဒ်တွင် - (၁)(လွမ်း) - လွမ်းပိုအောင် (ချူခြား)၊ (၂) (ဆန်း) – ဆန်းနွေဦး (ကပီ)၊ (၃) (စိန်) – စိန်ခြယ်ညီးလင်း (အလေ့မေ့)၊ (၄) (ဝေ) - ဝေဇယန္တာ (မဟိုရ်သီ) တို့ကို ဖြည့်စွက်၍ ယိုးဒယား ၁၂ ခန်းဟု မှတ်သားထားကြသည်လည်း ရှိသည်။ ယင်းနောက် တလိုင်းခေါ်မွန်သံပိုင်းတွင်လည်း တောင်ယံတောကလေး၊ တောင်ယံ တောကြီး၊ နှင်းယွန်းဂိမှာန်၊ ကောင်းကြီး သင်္ခါ၊ ညှင်းညှင်း၊ စိန်မြရံခြယ်၊ သောင်း ကျေးဒီပါဘွေ တေးပေါင်း ခုနစ်ပုဒ် စပ်ဆိုခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့သော ရှေးမြန်မာ့ဂီတပညာများသည် အိန္ဒိယပြည်သားတို့၏ ရှေးဟောင်း ဂူဂျာရတ် ပန်းချီလက်ရာ များကဲ့သို့ လည်းကောင်း၊ ကမ္ဘောဒီးယား ခမာလူမျိုးတို့၏ ရှေးဟောင်းအန်ကောဝပ် ဗိသုကာလက်ရာများ ကဲ့သို့လည်းကောင်း၊ တရုတ်လူမျိုးများ၏ ရှေးဟောင်းကြွေထည်လက်ရာများကဲ့သို့လည်းကောင်း ထိန်းသိမ်းအပ်သော အနုပညာပင်ဖြစ်သည်။ ထို့ကြောင့် ခေတ်ပေါ်တေးဂီတသံစဉ်များကို နှစ်သက်မြတ်နိုး ကြသကဲ့သို့ အရိုးမှန်အမျိုးမှန်ဖြစ်သော မိမိတို့၏ မြန်မာ့ဂီတအနုသုခုမ ရှေးဟောင်းအနုပညာများကို ယခု (၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲမှသည် နောင်မျိုးဆက်များစွာတိုင်အောင် ပြန်လည်ပြန့်ပွား လက်ဆင့်ကမ်း ထိန်းသိမ်းသမှု ပြုကြရမည်ဖြစ်ပါကြောင်း။ ။