Skip to main content

ပထမဆုံးရုပ်ရှင်ရုံနှင့် နာမည်ကျော် ခြယ်ရာမင်လမ်း

၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း တရုတ်သံရုံးကဖိတ်ကြားတဲ့ မီဒီယာခရီးစဉ်မှာ ပေကျင်းမြို့မှာရှိတဲ့ တရုတ်လူမျိုးတို့ရဲ့ ပထမဆုံးရုပ်ရှင်ရုံကိုလည်း မထင်မှတ်ဘဲ ကြည့်ရှုလေ့လာခွင့်ရလိုက်ပါသေးတယ်ဗျ။ ဒီရုပ်ရှင်ရုံက ဘယ်မှာလဲဆိုတော့ ပေကျင်းမြို့ရဲ့ ခြယ်ရာမင်လမ်း (Qianmen Street)မှာ ရှိတာပါ။ ခြယ်ရာမင်လမ်းကို မြို့တော်ပေကျင်းရဲ့ ဗဟိုဝင်ရိုးပေါ်မှာရှိတယ်လို့ ဆိုပါတယ်။ အရှည်အားဖြင့်တော့ ၈၄၅ မီတာရှိပြီး လမ်းအကျယ် မီတာ ၂၀ ရှိတယ်လို့ သိရပါတယ်။ ဒီလမ်းကို Zhengyangmen Street လမ်းလို့လည်း ဆိုကြပါသေးတယ်။ ဒီလမ်းကို ၁၉၆၅ ခုနှစ်မှစပြီး တရားဝင် ခြယ်ရာမင်လမ်းအဖြစ် သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။

ခြယ်ရာမင်လမ်းက လေ့လာစရာ၊ စားစရာတွေစုံတော့ ခြေကျင်လျှောက်သွားတဲ့ ခရီးသွားတွေအတွက် နာမည်အကြီးဆုံးလမ်းတဲ့။ ဒီလမ်းက ညနေပိုင်း၊ ညပိုင်းဆို အလွန်စည်ကားတဲ့လမ်းကြီး။ တရုတ်မီးပုံးလေးတွေကို ရှေးဟောင်းအဆောက်အအုံတွေမှာ ချိတ်ဆွဲထားတာ ညဆိုတော့ ကြည့်လို့ကောင်းမှကောင်း။ လှမှလှ။ ကျွန်တော်တို့ဆီက သီတင်း ကျွတ် မီးထွန်းပွဲလိုပေါ့။ လမ်းထဲမှာ ကား၊ ဆိုင်ကယ်ဆိုတာမရှိဘူး။ တရုတ်လူမျိုးတွေရဲ့ ရှေးအလွန်ကျတဲ့ ခေါက်ဆွဲဆိုင်တွေ၊ လမုန့်ဆိုင်တွေ၊ ငွေပန်းထိမ်လုပ်ငန်းတွေ၊ ကြွေထည်မြေထည်လုပ်ငန်းတွေ၊ တိုင်းရင်းဆေး၊ ရှူးဖိနပ်စတဲ့ ဆိုင်တွေဆိုတာ အများကြီးပဲ။ လူတွေလူတွေဆိုတာ ကြိတ်ကြိတ်တိုးလို့။ ဝယ်ကြခြမ်းကြ စားကြသောက်ကြနဲ့ တကယ့် ပွဲလမ်း သဘင်ကြီးလိုပါပဲ။ ဟိုဘက်ဒီဘက် လမ်းထိပ်တွေမှာတော့ ရဲအစောင့်အကြပ်တွေ ရှိတယ်။

ပထမဆုံးရုပ်ရှင်ရုံ

ခုနက ကျွန်တော်ပြောတဲ့ ပထမဆုံး ရုပ်ရှင်ရုံကတော့ လမ်းထိပ်နားလေးမှာ ရှိတာဗျ။ ရုပ်ရှင်ရုံဆိုပေမယ့် အခုရုပ်ရှင် ပြတော့တယ်လို့ မထင်ပါဘူး။ အထဲမှာ စျေးဆိုင်တွေရှိတယ်။ အဆောက်အအုံရဲ့ထိပ်မှာ တရုတ်လိုရော အင်္ဂလိပ်လိုပါ ရေးထားတယ်။ ပထမဆုံးရုပ်ရှင်ရုံဖြစ်တဲ့ အကြောင်းကို ရေးထားတာ။ ကျွန်တော်တို့လို ပြည်ပခရီးသွားတွေ လေ့လာနိုင် အောင်လို့နေမှာပေါ့။ ဒီအဆောက်အအုံကို Daguanlou Cinema လို့ ခေါ်ပါတယ်။ နောက်ဆုံး ကျင်မင်းဆက်လက်ထက်မှာ ဆောက်ခဲ့တဲ့ အဆောက်အအုံတဲ့။

တရုတ်လူမျိုးတွေက ဒီနေရာကို တရုတ်ရုပ်ရှင် စတင်မွေးဖွားရာနေရာလို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်ရုပ်ရှင်ဖခင်ကြီး Mr. Ren Qingtai က ၁၉၀၂ ခုနှစ်မှာ ဒီအဆောက်အအုံကို ဝယ်ယူပြီး သုံးနှစ်အကြာ တရုတ်နိုင်ငံရဲ့ ပထမဆုံး Dingjunshan ရုပ်ရှင်ကို ထုတ်လုပ်ပြသခဲ့တာလို့ ဆိုပါတယ်။ ဒါကြောင့် တရုတ်ရုပ်ရှင် စတင်မွေးဖွားရာ နေရာလို့ သတ်မှတ်ထားတယ်လို့သိရပါတယ်။ တရုတ်နိုင်ငံရဲ့ ပထမဆုံးရုပ်ရှင် ရုံဆိုတာနဲ့ ကျွန်တော်တို့အဖွဲ့လည်း ရောက်တုန်းရောက်ခိုက်မို့ အမှတ်တရ စုပေါင်းဓာတ်ပုံလေး ရိုက်ကြတာပေါ့။ ဒီလိုနေရာမျိုးဆိုတာ ကိုယ်စရိတ်နဲ့ကိုယ် ရောက်ဖြစ်ဖို့ မလွယ်ဘူးမဟုတ်လား။ တရုတ်ရုပ်ရှင် ဖွံ့ဖြိုးလာမှုအတွက် ကမ္ဘာ့ဂင်းနက်စ်စာအုပ် မှတ်တမ်းဝင် အဆောက်အအုံလို့တောင် သတ်မှတ်ထားတာတဲ့။ ဘာပဲပြောပြော ခုလိုအထင်ကရနေရာကို ရောက်ရ လေ့လာခွင့်ရတာ ကျေနပ်တယ်ဗျာ။ အားလုံးကို လည်း ကျေးဇူးတင်ပါတယ်။

 ရှေးအကျဆုံး ရှူးဖိနပ်ဆိုင်

အဲဒီနေရာကနေ လမ်းထဲဆက်လျှောက်လိုက်တော့ တရုတ်လူမျိုးတွေရဲ့ ရှေးအကျဆုံး ရှူးဖိနပ်ဆိုင်ကို တွေ့ရတယ်။ တရုတ်ခေါင်းဆောင်ကြီးတွေဖြစ်တဲ့ မော်စီတုန်း၊ တိန့်ရှောင်ဖိန်၊ ချူအင်လိုင်းတို့စီးခဲ့တဲ့ ရှူးဖိနပ်တွေကို ပုံတွေနဲ့တကွ ပြသထားတာဗျာ။ ပြောရမယ်ဆိုရင် တရုတ်လူမျိုးတွေရဲ့ ရှူးဖိနပ်ပြတိုက်ပါပဲ။ သက်တမ်းအားဖြင့် နှစ် ၂၀၀ ကျော်ရှိပြီလို့ သိရပါတယ်။ထုတ်ကုန်တစ်ခုကို နှစ် ၂၀၀ တိုင်အောင် ထိန်းထားနိုင်တာကိုက အတော် လေးစားဖို့ကောင်း နေပါပြီ။ အရည်အသွေးကောင်းလို့ နေမှာပေါ့ဗျာ။ အဲဒါကြောင့် ဘာထုတ်ကုန်ပစ္စည်း ထုတ်ထုတ် အရည်အသွေးက အရေးကြီးတယ်လို့ ဆိုကြတာပေါ့။

ရှေးအကျဆုံး ငွေပန်းထိမ်လုပ်ငန်း

တရုတ်လူမျိုးတွေရဲ့ ရှေးအကျဆုံး ငွေပန်းထိမ်လုပ်ငန်းကိုလည်း ဒီလမ်းထဲမှာ တွေ့ရတယ်ဗျာ။ ပန်းထိမ်လုပ်နေတာရော လုပ်ပြီးသားငွေထည်ပစ္စည်းတွေ ရောင်းချနေတာပါ တွေ့ရတယ်။ ငွေထည် လက်ကောက်တွေ၊ ဆွဲကြိုး၊ ဆွဲသီးသေးသေးနုပ်နုပ်လေးတွေကအစ စုံနေတာပဲ။ ဆိုင်းဘုတ်မှာတော့ ၁၈၉၄ ခုနှစ်ကတည်းကတဲ့။ တွက်ကြည့်တော့ ၁၂၉ နှစ်တောင် ရှိပြီကိုး။ ဒါလည်းပဲ ဂုဏ်ယူ စရာကောင်းတယ်ဗျာ။ ကောင်းမွန်တဲ့ အမှတ်တံဆိပ်တစ်ခုကို သားစဉ်မြေးဆက် ဆက်ထိန်းလာတဲ့သဘောပဲ။ နှစ်ပေါင်းရာချီပြီး တည်တံ့အောင်လုပ်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါကြောင့် ဘာပစ္စည်းထုတ်ထုတ် ကောင်းအောင်ထုတ်ဖို့ လိုတယ်ဆိုတာ သင်ခန်းစာယူစရာပါပဲ။

တရုတ်လမုန့်ဆိုင်ကြီး

ပြီးတော့ Chui Tang Bang လို့ခေါ်တဲ့ တရုတ်လမုန့်ဆိုင်ကြီးလည်း ရှိတယ်။ ၁၉၂၈ ခုနှစ်ကတည်းက ထုတ်လုပ်ရောင်းချနေတာတဲ့။ တွက်ကြည့်တော့ ၉၅ နှစ်တောင်ရှိပြီ။ ဆိုင်ရှေ့အဝင်ဝမှာ တရုတ်အဘွားအိုတစ်ဦးက မုန့်ကြိတ်နေပုံကို စက်ရုပ်လုပ်ပြီး ကြိတ်ပြနေတာ တွေ့ရတယ်။ စိတ်ဝင်စားစရာကောင်းပါတယ်။ လမုန့်တွေဆိုတာကလည်း အတော်ကောင်းမယ့်ပုံပဲ။ လူတွေတိုးပြီး ဝယ်နေကြတာ မနည်းပါဘူး။ ဒါကြောင့်လည်း တရုတ်လမုန့်က နာမည်ကြီးတာကိုး။ သူတို့ဆီမှာ လမုန့်ပွဲတော်လို့တောင်ရှိသေး။

တရုတ်ခေါက်ဆွဲဆိုင် တစ်ဆိုင်ဖြစ်တဲ့ Zha jiang Mian ကတော့ ၁၉၅၆ ခုနှစ်ကတည်းက ထုတ်လုပ်ရောင်းချ နေတာဆိုပဲ။ ခေါက်ဆွဲလုပ်နေတဲ့ပုံကို စက်ရုပ်နဲ့ လုပ်ပြနေတာ။ တရုတ်တွေက ခေါက်ဆွဲကြိုက်တယ်။ ရှေးကတည်းက ခေါက်ဆွဲစားတဲ့လူမျိုးဆိုတာ သိသာထင်ရှားပါတယ်။ ခေါက်ဆွဲကို အရသာ ရှိရှိ လုပ်စားတတ်ကြတာပါ။ အခုလည်း ခေါက်ဆွဲကို ဂျုံကနေ အစအဆုံး လုပ်ပြနေတာပါ။ တော်တော်အရသာရှိမယ့်ပုံပဲ။ ပြောရင်းဆိုရင်း ခေါက်ဆွဲတောင်စားချင် ပြီ။ အခု ဒီလမ်းထဲမှာ စားစရာတွေ၊ ကြည့်စရာတွေကတော့ အများကြီးပါပဲ။ ထုတ်ကုန်တွေကတော့ တော်တော် ရှေးကျတဲ့ထုတ်ကုန်တွေပါ။ အရည်အသွေးကောင်းကောင်း ထုတ်လုပ်တော့ Brand တွေကတာရှည်ခံတယ်။ လူကြိုက်များတယ်။ စျေးကွက်ကို ဆွဲဆန့်နိုင်တယ်ဆိုတဲ့ အသိလေးတွေတော့ ရပါတယ်။

ပြည်ပကလာတဲ့သူတွေကို ဖိတ်ခေါ်ပြနိုင်တဲ့နေရာတစ်ခု

ပြီးတော့ ခုလိုရှေးဟောင်းထုတ်ကုန်တွေကို တစ်နေရာတည်းမှာ လေ့လာနိုင်တယ်၊ ကြည့်ရှုနိုင်တယ်ဆိုတာကိုက Tourism Site ဖြစ်နေပြီ။ ပြည်ပကလာတဲ့ သူတွေကို ဖိတ်ခေါ်ပြနိုင်တဲ့နေရာတစ်ခု ဖြစ်လာပါတယ်။ သူတို့ရဲ့ လုပ်ပုံကိုင်ပုံတွေဟာ အတုယူအားကျစရာကောင်းတယ်။ တရုတ်နိုင်ငံ ပေကျင်းမြို့မှာရှိတဲ့ ဒီ Qianmen လမ်းကို လေ့လာခွင့်ရတဲ့အကျိုးကျေးဇူးကတော့ ရှေးဟောင်းအမွေအနှစ်တွေကို သေသေချာချာ ထိန်းသိမ်းသင့်တယ်။ အစားအသောက်ပဲဖြစ်ဖြစ်၊ အဝတ်အထည်ပဲဖြစ်ဖြစ် အရည် အသွေးကောင်းကောင်း ထုတ်လုပ်ပြီး စျေးကွက်တစ်ခုခိုင်မာအောင် အရှည် ထိန်းသိမ်းသင့်တယ်ဆိုတဲ့ အတွေးအခေါ် အယူအဆတွေရပါတယ်။ ထုတ်ကုန်ပစ္စည်းတစ်ခုကို စျေးကွက်ထိုးဖောက် အောင်မြင်ပြီးသွားပြီဆိုရင် ဒီထုတ်ကုန်ရဲ့အရည်အသွေးကို ကျဆင်းမသွား အောင် သားစဉ်မြေးဆက်ထိန်းသိမ်း သွားဖို့လိုတယ်ဆိုတဲ့ အယူအဆလေးတွေ ရရှိပါတယ်။

ပြီးတော့ ကျွန်တော်တို့နိုင်ငံမှာရော ဒီလိုလုပ်လို့မရဘူးလားဆိုတဲ့ အတွေးက ရောက်လာပြန်ရောဗျာ။ ဒါကတော့ ကျွန်တော်တို့လို စာနယ်သမားတွေ နိုင်ငံခြားရောက်ရင် ဖြစ်တတ်တဲ့စိတ်။ သူတို့အောင်မြင်သလို ကျွန်တော်တို့လည်း အောင်မြင်ချင်တယ်။ သူတို့ တိုးတက်သလို ကျွန်တော်တို့လည်း တိုးတက်ချင်တယ်ဆိုတဲ့စိတ်က ဖြစ်တတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြင်သမျှ၊ သိသမျှ၊ ကြားသမျှလေးတွေ ပြန်လည်ဖောက်သည်ချရလို့ ကျေနပ်ပါတယ်ဗျာ။     ။

မြင့်မောင်စိုး