Skip to main content

ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာစေနိုင်တဲ့ အစ္စရေး - ပါလက်စတိုင်း ပဋိပက္ခ

အစ္စရေး - ပါလက်စတိုင်း ပဋိပက္ခချဲ့ထွင်ခြင်းသည် ဆိုးရွားသောအကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်ကြောင်း ရုရှားနိုင်ငံက သတိပေးပြောကြားလိုက်သည်။ အစ္စရေး - ပါလက်စတိုင်း ပဋိပက္ခကိုချဲ့ထွင်ရန် ခြိမ်းခြောက်မှုရှိနေသေးပြီး ယင်းသည် ဒေသတစ်ခုလုံးအတွက် ဆိုးရွားသောအကျိုးဆက်များ ဖြစ်လာနိုင်သည်ဟု ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ်၏ ပြောကြားချက်ကို ဒေသတွင်းမီဒီယာများက ဖော်ပြထားသည်။

ပဋိပက္ခကို ချဲ့ထွင်ဖို့ ခြိမ်းခြောက်မှု တွေ ရှိနေဆဲပါ။ ဒါက ဒေသတစ်ခုလုံးအတွက် လုံးဝဆိုးရွားတဲ့ အကျိုးဆက်တွေနဲ့ ပြည့်နှက်နေနိုင်တယ်။ ပြီးတော့ ပိုမိုကြီးမားတဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးတစ်ခုကို ရင်ဆိုင်ရတာနဲ့အတူတူပါပဲဟု ပက်စ်ကော့ဗ်က ပြောကြားသည်။

ထို့ကြောင့် ပြင်းထန်သည့် စစ်ပွဲများကို ရပ်တန့်ရန်နှင့် ကြိုးပမ်းမှုအသစ်များဖြင့် ဖြေရှင်းရေးလုပ်ငန်းစဉ်ကို စိတ်ကူးစိတ်သန်းဖြင့် ချဉ်းကပ်ရန် လိုအပ်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။

ငြိမ်းချမ်းရေးနှင့် လုံခြုံရေးသည်အရေးကြီး

လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံဖြစ်ဖို့၊ အစ္စရေးအတွက် လုံခြုံရေးအာမခံချက် ရှိဖို့လိုတယ် ဟု ၎င်းကပြောကြားပြီး နှစ်ဖက်စလုံး၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးသည် ပိုမိုအရေးကြီးကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ဂါဇာတွင် ဖြစ်ပွားနေသော စစ်ပွဲ ၁၅ ရက်မြောက်အတွင်း သေဆုံးသူ စုစုပေါင်း ၄၆၅၁ ဦးထက်မနည်း ရှိလာခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ အလားတူ အစ္စရေးဘက်တွင်လည်း သေဆုံးသူ ဦးရေမှာ ၁၄၀၀ ခန့်ရှိလာပြီး ၎င်းတို့အနက် အများစုမှာ အောက်တိုဘာ ၇ ရက်က အစ္စရေးနိုင်ငံ တောင်ပိုင်းရှိ ကျေးလက်ဒေသတွင် ဟားမားစ်အဖွဲ့၏ ရုတ်တရက် စီးနင်းတိုက်ခိုက်မှုအတွင်း သေဆုံးရသူများဖြစ်သည်။

ကြီးမားသောစစ်ရာဇဝတ်မှု

ဂါဇာစီးတီးအလယ်ပိုင်းရှိ အယ်လ်အလီဘက်ပတစ်ဆေးရုံ အောက်တိုဘာ ၁၇ ရက်က ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် လူရာနှင့်ချီသေဆုံးပြီး လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။ ဂါဇာအခြေစိုက် ကျန်းမာရေးဝန်ကြီးဌာနက အဆိုပါ လေကြောင်းတိုက်ခိုက်မှုကို အစ္စရေးက လုပ်ဆောင်ခဲ့ကြောင်း ပြောဆိုခဲ့ပြီး တစ်ချိန်တည်း၌ပင် အစ္စလာမ္မစ်ဂျီဟတ်အဖွဲ့သည် အစ္စရေးကို ပစ်မှတ်ထားသည့် “မအောင်မြင်သောပစ်ခတ်မှု အတွက် တာဝန်ရှိသည်ဟု အစ္စရေးစစ်ဘက်က တုံ့ပြန်ပြောကြားထားသည်။

အဆိုပါဆေးရုံသည် ဂါဇာကမ်းမြောင် မြောက်ပိုင်းရှိ ဆေးရုံ ၂၀ အနက်မှ တစ်ခုဖြစ်ပြီး ထိုနေရာတွင် လူနာများ၊ ကျန်းမာရေးနှင့် စောင့်ရှောက်ပေးသူများ၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ခိုလှုံနေ ကြကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သေဘေးနှင့် ရင်ဆိုင်နေရ

ဂါဇာကမ်းမြောင်ဒေသတွင် အကြမ်းဖျင်းအားဖြင့် လူဦးရေ ၂ သန်းခန့်ရှိပြီး အကျပ်အတည်းကြောင့် လူပေါင်းခြောက်သိန်းကျော် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရပြီး အများစုမှာ သေဘေးနှင့် ရင်ဆိုင်နေရသည့်အတွက် ဘေးကင်းရန် ဆေးရုံများတွင် ခိုလှုံခဲ့ကြသည်။ ဂါဇာကမ်းမြောင်ဒေသတွင် စားနပ်ရိက္ခာ၊ ရေနှင့် အရေးကြီးသော ကျန်းမာရေးဆေးဝါးများကဲ့သို့ မရှိမဖြစ်လိုအပ်သော အထောက်အပံ့များ လျော့နည်းလာကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။ ဆေးရုံ ၃၅ ရုံအနက် လေးခုသည် သိသိသာသာပျက်စီးခြင်းနှင့် တိုက်ရိုက်ပစ်မှတ်ထားခံရခြင်းကြောင့် လည်ပတ် နိုင်ခြင်းမရှိတော့ပေ။

ရုရှားလုံခြုံရေးကောင်စီ၏ လက်ထောက်ဥက္ကဋ္ဌ ဒီမီထရီမက်ဗီဒက်ကမူ ဂါဇာကမ်းမြောင်ရှိ ဆေးရုံ အား တိုက်ခိုက်မှုသည် အမေရိကန်ပြည်ထောင်စုတွင် တာဝန်ရှိသည့် “ကြီးမားသော စစ်ရာဇဝတ်မှုဖြစ်ကြောင်း ရှုတ်ချပြောဆိုလိုက်သည်။

ဂါဇာကမ်းမြောင်ရှိ ဆေးရုံတစ်ရုံကို ပြင်းထန်စွာ လုပ်ကြံခြင်းသည် စစ်ရာဇဝတ်မှုတစ်ခုဖြစ်ကြောင်းသံသယ ဖြစ်ဖွယ်မရှိ ဟု မက်ဗီဒက်က ၎င်း၏ လူမှုမီဒီယာချန်နယ်တွင် ရေးသားခဲ့သည်။

ဒီလိုမျိုး မတူညီတဲ့နိုင်ငံတွေနဲ့ တိုက်ကြီးအသီးသီးရှိ စစ်ပွဲတွေကနေ အကျိုးအမြတ်တွေရအောင် လိမ်ညာ လှည့်စားနေသူတွေရဲ့ တာဝန်ပါ။ အမေရိကန်တွေဟာ စစ်လက်နက်တွေအတွက် ငွေကြေးအမြောက်အမြား ထုတ်ပေးနေသူတွေ၊ စစ်လက်နက်ပစ္စည်းတွေကို ဖြန့်ဝေနေပြီး ရှုပ်ထွေး အောင် လုပ်ဆောင်နေသူတွေ၊ ဒီမိုကရေစီ စံနှုန်းတွေကို ကာကွယ်ဖို့ဆိုပြီး ၎င်းတို့ရဲ့ ကမ္ဘာလုံးဆိုင်ရာ မစ်ရှင်တွေအကြောင်း လိမ်လည်ထုတ်လွှင့်နေသူတွေသာ ဖြစ်ပါတယ်ဟု ၎င်းက ပြောဆို လိုက်သည်။

အစ္စရေး အမျိုးသားအကျိုးစီးပွားထိခိုက်

ထို့အတူ အစ္စရေး - ဟားမားစ် စစ်ပွဲကြောင့် ရက်သတ္တတစ်ပတ်အတွင်း အစ္စရေး၏ စီးပွားရေးထွက်ကုန်ကျဆင်းမှုကြောင့် ရှီကယ် ၄ ဒသမ ၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၅ ဘီလီယံခန့်) ဆုံးရှုံးခဲ့ပြီး အလုပ်သမားအများအပြား မရှိတော့ကြောင်း အစ္စရေး ကုန်ထုတ်လုပ်သူများအသင်း (အမ်အေအိုင်)က အောက်တိုဘာ ၁၇ ရက်တွင် ခန့်မှန်းချက်တစ်ရပ် ထုတ်ပြန်သည်။

အစ္စရေးနိုင်ငံ၏ လုပ်သားအင်အား ၏ ၃၀ ရာခိုင်နှုန်းနီးပါး သို့မဟုတ် လူ ၁ ဒသမ ၃ သန်းခန့်သည် ပြီးခဲ့သည့်အပတ် တနင်္ဂနွေနေ့မှ ကြာသပတေးနေ့အထိ လုပ်ငန်းဆောင်တာများ ရပ်နားခဲ့ရကြောင်း အမ်အေအိုင်က ခန့်မှန်းထားသည်။ ၎င်းတို့အနက် အရန်တပ်သားများ၊ ကျောင်းများ ပိတ်ထားရသည့်အတွက် သားသမီးများကို ပြုစုစောင့်ရှောက်ပေးရသည့် မိဘများနှင့် လမ်းပိတ်ဆို့မှုကြောင့် လုပ်ငန်းခွင်များသို့ မရောက်ရှိနိုင်သူများလည်း ပါဝင်သည်။

အဆိုပါ ခန့်မှန်းချက်တွင် စစ်ပွဲအပြီးတွင် အကဲဖြတ်ရမည့် အခြားသောများပြားလှသည့် ဆုံးရှုံးမှုများ မပါဝင်ကြောင်း အဆိုပါအဖွဲ့က ပြောကြားသည်။

စစ်ပွဲဟာ အစ္စရေးစီးပွားရေးကို ပြင်းထန်သည့် ထိုးနှက်ချက်တစ်ခုဖြစ်ပြီး အကျပ်အတည်းကို ကျော်ဖြတ်နိုင်ဖို့ ခိုင်ခိုင်မာမာစည်းစည်းလုံးလုံးရှိဖို့ လိုအပ်ပါတယ်ဟု အစ္စရေးကုန်ထုတ်လုပ် သူများအသင်းဥက္ကဋ္ဌ ရွန်တိုမာက ပြောကြားသည်။

အစ္စရေးစစ်တပ်သည် အောက်တိုဘာ ၇ ရက်က ဟားမားစ်စစ်သွေးကြွများ၏ သောင်းကျန်းမှုအပြီး ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်း အစ္စလာမ္မစ်ခုခံရေးလှုပ်ရှားမှု (ဟားမားစ်) အဖွဲ့ကို ဆက်လက်တိုက်ခိုက်မှုပြုလုပ်ရန်အတွက် ပြင်ဆင်မှုများ တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။

ကိုးကား - ဆင်ဟွာ

နွယ်နီလင်း